အခန်း ၂၉
Vol. 2 Ch. 29
အခန်း (၂၉)
ထို့နောက်တွင်မူ ကွမ်ရှီးလင်းသည် ဖုန်းကျို့၏ ဘေးနားတွင် ကပ်၍သာ နေရင်း လူစုကြီး ရှိရာသို့ တိတ်တဆိတ် ချဉ်းကပ် သွားကြလေသည်။ ရှေးဦးစွာ သူတို့သည် သစ်ပင်များ အနောက်တွင် ပုန်းကွယ်လျက် ခပ်လှမ်းလှမ်း မှနေ၍ ထိုလူများအား အတန်ကြာ အကဲခတ်နေခဲ့ကြသည်။ ထို့နောက်မှ သူမသည် သူ့အား ခေါ်ဆောင်ကာ ရဲရဲဝင့်ဝင့်ပင် အရှေ့သို့ လျှောက်သွားခဲ့တော့သည်။
သူတောင်းစားလေးသည် ထိုလူများမှ သူတို့နှစ်ဦးအား ခေါ်ဆောင် သွားစေရန် တစ်စုံတစ်ရာ အကြံအစည်များ ထုတ်နေမည်ဟု သူ ထင်မှတ် ထားခဲ့သော်လည်း ဤကလေးငယ်သည် ထိုလူစုကြီး၏ ဘေးမှနေ၍ ဖြတ်လျှောက် သွားရန် ခေါ်ဆောင် သွားလိမ့်မည်ဟု လုံးဝ မျှော်လင့် မထားခဲ့မိချေ။ သူတောင်းစားလေးသည် စကားတစ်ခွန်းမျှ မဟခဲ့သလို ထိုလူများဆီသို့ မျက်လုံးတစ်ချက်မျှပင် စောင်းငဲ့မကြည့်ခဲ့ချေ။
သို့သော် ရုတ်တရက် ပေါ်ပေါက်လာသော လူနှစ်ယောက်အား မြင်လိုက်ရချိန်တွင် ထိုလူများသည် ချက်ချင်းပင် သတိအနေအထားဖြင့် အသင့် ဖြစ်သွားကြသည်။ ခေါင်းဆောင် ဖြစ်သူမှ သူတို့နှစ်ဦးအား တိတ်တဆိတ် အကဲခတ်လိုက် ပြီးနောက်မှသာ သူ၏ သတိထားနေမှုအား လျှော့ချလိုက်တော့သည်။
အဘယ်ကြောင့်ဆိုသော် ထိုလူနှစ်ဦး၏ ကျင့်စဉ်အဆင့်မှာ မြင့်မားခြင်း မရှိလှသဖြင့် သူတို့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ ဖြစ်လာနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ထိုအချိန်မှာပင် သူ၏ အဖွဲ့သား တစ်ဦးထံမှ အလန့်တကြား အော်ဟစ်လိုက်သံအား ကြားလိုက်ရသည်။
"တတိယသခင်ကြီး ဝံပုလွေအုပ်ကြီးဗျ"
ထိုသို့ အော်ဟစ် လိုက်မှုကြောင့် အနားယူရန် ထိုင်နေကြသော လူသုံးလေးဆယ်ခန့်သည် လျင်မြန်စွာပင် မတ်တတ် ထရပ်လိုက်ကြပြီး သတိကြီးစွာ ထားလိုက်ကြတော့သည်။ ထိုအချိန်မှာပင် အရှေ့သို့ ခပ်လှမ်းလှမ်း ရောက်နေပြီဖြစ်သော ဖုန်းကျို့သည် ထိုအမျိုးသား၏ အော်သံအား ကြားပြီးနောက် ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
"ဘာ ဝံပုလွေအုပ်ကြီး ဟုတ်လား ဘယ်မှာလဲ ဘယ်မှာလဲ"
သူမသည် ထိတ်လန့်တကြား အော်ဟစ်ရင်း ကွမ်ရှီးလင်းအား ဆွဲကာ ထိုလူစုကြီး၏ ဘေးနားသို့ နောက်ပြန်ဆုတ်၍ သွားလိုက်လေသည်။
"မင်းတို့နှစ်ယောက်က ဘယ်သူတွေလဲ မင်းတို့နှစ်ယောက်က အဲဒီ ဝံပုလွေအုပ်ကို ဒီရောက်အောင် မျှားခေါ်လာတာလား"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှ သူတို့အား ဒေါသတကြီး စိုက်ကြည့်ရင်း အော်ဟောက် လိုက်လေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူမမှ သူတို့အား ပြန်လည် စိုက်ကြည့်ရင်း ဤသို့ပြောလိုက်လေသည်။
"အဲဒါတွေက ဝံပုလွေတွေလေ ကြောင်ပေါက်လေးတွေမှ မဟုတ်တာ ကျုပ်တို့က သူတို့ကို ဒီရောက်အောင် ဘယ်လိုလုပ် ခေါ်လာနိုင်မှာလဲ ဒါ့အပြင် အနောက်မှာ ဝံပုလွေတွေ လိုက်လာတယ်ဆိုတာကို ကျုပ်တို့သာ ကြိုသိခဲ့မယ်ဆိုရင် အသက်လုပြီး ပြေးနေလောက်ပြီပေါ့ ဘာကိစ္စ ဒီလောက် သက်တောင့်သက်သာနဲ့ လမ်းလျှောက်နေဦးမှာလဲ"
"ဆဋ္ဌမညီလေး အရမ်း မလောစမ်းပါနဲ့ အခုအချိန်မှာ သတိဝီရိယရှိရှိ နေဖို့က ငါတို့ရဲ့ ပထမဦးစားပေးပဲ"
ခေါင်းဆောင်ဖြစ်သူမှ တင်းမာပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
"ဟိုမှာက ရက်စက်ကြမ်းကြုတ်တဲ့ မီးခိုးရောင် ဝံပုလွေအုပ်ကြီးပဲ ပြီးတော့ သူတို့က အရမ်းကို မြန်ဆန်သွက်လက်ကြတယ် အားလုံး သတိထားကြ"
ထိုလူစုကြီး တစ်ခုလုံးသည် အလယ်ဗဟိုတွင် အသက်ငယ်ရွယ်ပြီး အားနည်းသော လူငယ် မိန်းကလေးနှင့် ယောက်ျားလေးများအား ထားရှိကာ ကာကွယ်ရေး ခံစစ်စက်ဝိုင်း တစ်ခုအား စနစ်တကျ ဖွဲ့စည်းလိုက်ကြသည်အား ဖုန်းကျို့ မြင်တွေ့လိုက်ရသည်။
သူမသည် ကွမ်ရှီးလင်းအား ဆွဲခေါ်ကာ ထိုလူစုကြီးနှင့် ပိုမို နီးကပ်စွာ သွားလိုက်သော်လည်း သူတို့သည် အပြင်ဘက် အစွန်အဖျားတွင်သာ နေခဲ့ကြပြီး ခံစစ်စက်ဝိုင်း အတွင်းသို့ ဝင်ရောက်ခြင်း မပြုခဲ့ပေ။ သို့တိုင်အောင် ခံစစ်စက်ဝိုင်း အတွင်းမှ မိန်းမငယ်လေး တစ်ဦး၏ ပြင်းထန်စူးရှသော အကြည့်ဖြင့် စိုက်ကြည့်ခြင်းကို ခံလိုက်ရသည်။
"ဟဲ့ ညစ်ပတ်စုတ်ပြတ်နေတဲ့ သူတောင်းစားလေး နင် ငါ့အနားကနေ ဝေးဝေးမှာနေတာ ကောင်းမယ်နော်"
"ညီမလေး မရိုင်းစမ်းနဲ့"
လူငယ်လေး တစ်ဦးမှ ထိုမိန်းကလေး၏ ဆိုးသွမ်းပြီး ရိုင်းစိုင်းသော အမူအကျင့်ကြောင့် အနည်းငယ် မနှစ်မြို့ဟန်ဖြင့် သူမအား ကြိမ်းမောင်းလိုက်သည်။ သူသည် ဖုန်းကျို့နှင့် ကွမ်ရှီးလင်းတို့ဘက်သို့ လှည့်ကြည့်ကာ ယဉ်ကျေးပျူငှာစွာဖြင့် ဤသို့ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်လုံးမှာ မြင့်မားတဲ့ ကျင့်စဉ်စွမ်းအားတွေ ရှိမနေတာကို တွေ့ရလို့ မင်းတို့တွေ ခံစစ်စက်ဝိုင်းထဲမှာ နေတာ ပိုကောင်းမယ် ငါ့ရဲ့ ဦးလေးတွေ မိသားစုထဲက လူကြီးတွေနဲ့ သက်တော်စောင့်တွေက စွမ်းရည် အရမ်းမြင့်ကြပါတယ် ဒီ ဝံပုလွေ ဆယ်ကောင်ကျော်လောက်က ငါတို့အတွက် သိပ်ပြီး ကြီးမားတဲ့ အန္တရာယ်မျိုး မပေးနိုင်ပါဘူး"
"ဟားဟားဟား မှန်လိုက်လေ ဒီဝံပုလွေ နည်းနည်းလေးက ငါတို့ သွေးပူလေ့ကျင့်ခန်း လုပ်ဖို့လောက်ပဲ အသုံးဝင်မှာပါ"
ထိုလူငယ်၏ စကားကို ကြားပြီးနောက် ရင်အုပ်ကျယ်ကျယ်နှင့် တောင့်တင်းခိုင်မာသော ယောက်ျားကြီး တစ်ဦးမှ သူ၏ လက်ထဲမှ ဧရာမပုဆိန်ကြီးအား ဝှေ့ယမ်းရင်း အသံကျယ်ကြီးဖြင့် ဟားတိုက် ရယ်မောလိုက်သည်။
"ဒီပုဆိန်ကြီး တစ်ချက်လွှဲလိုက်ရုံနဲ့ အဲဒီကောင်တွေထဲက တစ်ကောင်ကို အသေခုတ်ပိုင်းနိုင်တယ်ကွ"
ထိုစကားများကို ကြားသောအခါ ခေါင်းဆောင် ဖြစ်သူမှ သူ့ဘာသာသူ ခေါင်းခါရမ်းလိုက်ပြီး ပြောလိုက်သည်။
"သံမဏိနွားရိုင်း ငါတို့ အချိန်တိုင်းမှာ ပေါ့ဆလို့ မရဘူး ရန်သူကိုလည်း အထင်မသေးသင့်ဘူး သတိထားနေပါ ဝံပုလွေတွေ ငါတို့ဆီ ခုန်အုပ်လာရင် ငါတို့ တိုက်ခိုက်ကြမယ်"
"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ"
တောင့်တင်း ခိုင်မာသော အမျိုးသားကြီးမှ ခပ်လှမ်းလှမ်းရှိ ဝံပုလွေများအား စိုက်ကြည့်ရင်း ရယ်မောကာ ဝန်ခံလိုက်သည်။ ထိုသို့ စိုက်ကြည့်ရင်းဖြင့် သူသည် ထပ်မံ ဟားတိုက် ရယ်မောလိုက်ပြန်ကာ ပြောလိုက်သည်။
"တတိယသခင်ကြီး ဟိုဝံပုလွေတွေကို ကြည့်စမ်းပါအုန်း သူတို့ ငါတို့ အနားကိုတောင် မကပ်ရဲကြဘူး ဟားဟားဟား ငါ့ကိုမြင်ပြီး သူတို့ ကြောက်လန့် သွားကြတာ နေမှာပေါ့"
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော ထိုစကားများအား ကြားလိုက်ရသဖြင့် ဖုန်းကျို့သည် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ နှုတ်ခမ်းဖျားမှ ခိုး၍ ရယ်မောသံလေး တစ်ချက် ထွက်ပေါ်သွားခဲ့ ပြီးနောက် ထိုလူငယ်အား ဤသို့ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး ကျုပ်တို့ ဒီမှာပဲ ရပ်နေရတာ အဆင်ပြေပါတယ်"
"ဟေ့ ကလေး မင်းက ဘာကို ရယ်တာလဲ အဲဒီ ခွေးအုပ်ကို ငါက ခြောက်လှန့်နိုင်စွမ်း မရှိဘူးလို့ ထင်နေတာလား"
တောင့်တင်းသော ယောက်ျားကြီး၏ မျက်ခုံးများ ထိတ်လန့်ဖွယ် ကွေးတက်သွားပြီး သူ၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ ပြည့်နှက်နေခဲ့ကာ ဖုန်းကျို့အား စိုက်ကြည့်လိုက်လေသည်။
ဖုန်းကျို့မှာ စကားတစ်ခွန်းမျှ ပြန်လည် မပြောဆို ရသေးမီမှာပင် သူမ၏ ဘေးရှိ ကွမ်ရှီးလင်းမှ ရုတ်တရက် သူမအား ဆွဲယူကာ သူ၏ အနောက်တွင် ရပ်စေလိုက်သည်။ ထို့နောက် သူသည် သူမ၏ အရှေ့တွင် ရင်ကော့ကာ ရပ်လိုက်ပြီးနောက် တောင့်တင်းသော ယောက်ျားကြီးအား ပြန်လည် စူးရဲစွာ စိုက်ကြည့်လျက် ဤသို့ ပြောလိုက်လေတော့သည်။
"ခင်ဗျားက ကျုပ် ညီလေးကို ဘာကိစ္စ စိုက်ကြည့်နေရတာလဲ"