← Chapters

အခန်း ၃၀

Vol. 2 Ch. 30

အခန်း ၃၀

Vol. 2 Ch. 30

အခန်း (၃၀)

ဖုန်းကျို့သည် သူမ၏ အရှေ့တွင် ရပ်နေသော အရပ်ရှည်ရှည်နှင့် အမျိုးသားအား စိုက်ကြည့်ရင်း တစ်ခဏမျှ အံ့အားသင့် သွားခဲ့ကာ သူမသည် အနည်းငယ် ထူးဆန်းနေသော အကြည့်များဖြင့် သူ့အား လှမ်းကြည့် လိုက်မိသည်။

သံမဏိနွားရိုင်း ဟု အမည်ရသော တောင့်တင်းသည့် ယောက်ျားကြီးသည် သူ၏ အရှေ့တွင် ရင်ကော့ကာ ရပ်နေသော အမျိုးသားအား ကြည့်လိုက်ကာ တစ်ခဏမျှ တွေဝေသွားကာ နောက်ထပ် အသံကျယ်ကြီးဖြင့် ဟားတိုက် ရယ်မောလိုက်ပြန်သည်။

"ဟားဟားဟား ကောင်းတယ် ကောင်းတယ် ကောင်းတယ် ဒီကောင်လေးမှာ သတ္တိနည်းနည်းတော့ ရှိသားပဲ မင်းက ငါ သံမဏိနွားရိုင်းကို ဒီလို စိုက်ကြည့်ရဲတယ်ဆိုတော့ ချီးကျူးစရာပဲကွ"

ထိုသို့ပြောနေရင်းဖြင့် သူသည် ကွမ်ရှီးလင်း၏ ပခုံးအား သူ၏ လက်ဝါးကြီးဖြင့် အကြိမ်ကြိမ် ဆက်တိုက် ပျော်ရွှင်စွာဖြင့် ရိုက်ပုတ်နေခဲ့ရာ အနောက်မှ ကြည့်နေသော ဖုန်းကျို့မှာ မျက်မှောင်ကြုတ် သွားခဲ့တော့သည်။ ထိုသို့ ပခုံးကို ရိုက်ပုတ်လိုက်မှုများသည် အနည်းငယ်မျှ ပေါ့ပါးခြင်း မရှိခဲ့ချေ။

"အင့်"

ပခုံးအား အကြိမ်အနည်းငယ် "ရိုက်ပုတ်" ခံလိုက်ရ ပြီးနောက် သူ၏ ဝမ်းဗိုက်ရှိ ဒဏ်ရာအား ဆွဲဆောင့်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ကာ ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ မျက်နှာပေါ်တွင် ချွေးအေးများ စီးကျလာခဲ့လေသည်။

"ခင်ဗျား သူ့ကို အရမ်း ပြင်းပြင်းထန်ထန် ရိုက်လိုက်တာပဲ သူ့မှာ ဒဏ်ရာတွေ ရှိနေတယ်ဗျ"

ဖုန်းကျို့သည် အရှေ့သို့ ထွက်လာလိုက်ကာ ညည်းညူ ပြောဆိုလိုက်ပြီးနောက် သူ၏ ဝမ်းဗိုက်ပေါ်တွင် ဖိအုပ်ထားသော လက်အား ဖယ်ရှား ကြည့်လိုက်တော့သည်။ ထင်ထားသည့် အတိုင်းပင် သူ၏ ဒဏ်ရာမှ သွေးများ စိမ့်ထွက်နေသည်အား မြင်တွေ့လိုက်ရလေသည်။

"ဟင်"

တောင့်တင်းသော အမျိုးသားကြီးသည် အနည်းငယ် တောင်းပန်ချင်ဟန်ဖြင့် သူ၏ လက်အား ပြန်လည် ရုပ်သိမ်းလိုက်တော့သည်။

"ကြည့်စမ်း ဝံပုလွေတွေ ဆုတ်သွားကြပြီ"

ဝံပုလွေများသည် တိုတောင်းသော အူသံ အနည်းငယ် ပြုလုပ်ပြီးနောက် နောက်ကြောင်း လှည့်၍ ထွက်ခွာသွားကြသည်အား မြင်တွေ့လိုက်ရသဖြင့် လူတစ်ဦးမှ ဝမ်းသာအားရ အော်ဟစ် လိုက်တော့သည်။

တိုက်ခိုက်ရန် မလိုအပ်ဘဲ အကျပ်အတည်းကြီး ပြေလည်သွားခဲ့သဖြင့် ထိုလူစုကြီးသည် ဝမ်းမြောက်ဝမ်းသာဖြင့် အော်ဟစ် ကြွေးကြော် လိုက်ကြသည်။

တကယ်တမ်းတွင်မူ ဖုန်းကျို့နှင့် အရပ်ရှည်ရှည် အမျိုးသားတို့ ထိုလူအုပ်စုနှင့် ပူးပေါင်းသွားသည်အား မြင်တွေ့ လိုက်ရသဖြင့်သာ ဝံပုလွေများသည် စိတ်မပါ့တပါဖြင့် ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူတို့ နှစ်ဦးတည်း ရှိနေစဉ်၌ပင် ဝံပုလွေများအား အနိုင်မယူနိုင်ခဲ့သည်ဖြစ်ရာ ယခုအခါတွင် နောက်ထပ် လူသုံးလေးဆယ်ခန့် ထပ်မံ ပေါင်းထည့်လိုက်ပါမူ ၎င်းတို့အတွက် အခွင့်အရေး လုံးဝ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ဝံပုလွေများသည် သဘာဝကျကျပင် လက်လျှော့ကာ ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် အစောပိုင်း၌ စကားပြောခဲ့သော လူငယ်လေးသည် ဖုန်းကျို့အား ကြည့်ကာ ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။

"သူ့ရဲ့ ဒဏ်ရာက သွေးပြန်ထွက်နေပြီ မင်းရဲ့ အစ်ကိုကြီး ဒဏ်ရာကို အရင် ကြည့်လိုက်ပါဦး"

ထိုသို့ပြောရင်း သူသည် ဆေးပုလင်း တစ်လုံးအား ကမ်းပေးလိုက်လေသည်။

"ရော့ ငါ့ဆီမှာ ဒဏ်ရာတွေအတွက် အရမ်းကောင်းတဲ့ ဆေးရှိတယ်"

"အစ်ကို အဲဒီလူတွေကို ဘာလို့ အဲဒီလောက်တောင် ဂရုစိုက်ပေးနေရတာလဲ"

ရုတ်တရက် ပေါ်လာသော သူစိမ်း နှစ်ဦးအား ထိုလူငယ်လေးမှ ဤမျှ သဘောကောင်း ပြနေသည်အား မနှစ်မြို့သဖြင့် မိန်းမငယ်လေးသည် ခြေဆောင့်ကာ ညည်းညူ ပြောဆိုလိုက်သည်။

"ရပါတယ်။ ကျုပ်ဆီမှာလည်း ဆေးပါပါတယ်"

ဖုန်းကျို့မှ ပြောလိုက်ရင်း ကွမ်ရှီးလင်းအား ဘေးဘက်ရှိ သစ်ပင် တစ်ပင်အောက်တွင် ဖြည်းညင်းစွာ ထိုင်စေရန် ကူညီပေးလိုက် ပြီးနောက် သူ၏ ဝမ်းဗိုက်မှ ပတ်တီးများအား ဖယ်ရှားကာ ဆေးပြန်လည် သုတ်လိမ်းပေးလိုက်တော့သည်။

"သွားကြစို့"

ပတ်တီးများအား သေချာစွာ ပြန်လည် စည်းနှောင်ပေး ပြီးနောက် သူမသည် သူ့အား တွဲထူပေးရင်း ပြောလိုက်သည်။ ကွမ်ရှီးလင်းသည် ခေတ္တမျှ တွေဝေသွား ပြီးနောက် ခေါင်းညိတ်လိုက်ကာ ပြောလိုက်ပြီး သူတို့၏ ခရီးလမ်းကို ဆက်လက် လျှောက်လှမ်းရန် ဖုန်းကျို့၏ နောက်သို့ လိုက်ပါသွားခဲ့သည်။

"ကောင်းပြီ"

စကားတစ်ခွန်းမျှ ထပ်မပြောဘဲ ထွက်ခွာသွားကြသော လူနှစ်ဦးအား မြင်တွေ့ရသောအခါ သတိကြီးစွာ ထားနေဆဲ ဖြစ်သော လူလတ်ပိုင်းအရွယ် အမျိုးသားသည် နောက်ဆုံးတွင် သူတို့အပေါ် သတိထားနေမှုအား လျှော့ချလိုက်တော့သည်။ သို့သော် သူတို့အား နေခဲ့ရန်မူ တားဆီးခြင်း မပြုခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ဤခရီးစဉ်တွင် သူတို့ လုပ်ဆောင်မည့် ကိစ္စရပ်များ၌ ပြင်ပလူများ လုံးဝ ရှိနေ၍ မဖြစ်သောကြောင့်ပင်တည်း။ ခရီးတစ်ထောက် လျှောက်လာ ပြီးနောက် ကွမ်ရှီးလင်းသည် ဝေခွဲမရဖြစ်နေဆဲ ဖြစ်ကာ မေးလိုက်သည်။

"ကလေးလေး ငါတို့က သူတို့နဲ့အတူ ခရီးသွားခွင့် ပြုမပြု မေးမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား ဘာလို့ မမေးဘဲ ထွက်လာခဲ့ရတာလဲ"

ဖုန်းကျို့သည် သူမ၏ ပါးစပ်တွင် မြေခွေးမြီး ပေါင်းပင် တစ်ပင်အား ကိုက်ထားပြီး သူမ၏ ခြေလှမ်းများသည် လွတ်လပ် ပေါ့ပါးကာ အပူအပင်ကင်းမဲ့နေလျှက် ရှိကာ လက်ထဲရှိ သစ်ကိုင်းငယ်လေး တစ်ခုအား ဝှေ့ယမ်းရင်း ဤသို့ ပြောလိုက်လေသည်။

"ကျုပ်တို့က ဘာကိစ္စ သူတို့နဲ့အတူ ခရီးသွားရမှာလဲ"

"အန္တရာယ်ကြုံလာတဲ့အခါ သူတို့က ငါတို့ကို ကူညီပေးဖို့ပေါ့"

"မှားတယ်"

သူမသည် ခေါင်းခါလိုက်ပြီး အကြောင်းပြချက် ပေးလိုက်တော့သည်။

"လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ် တစ်ပါးသူကို အားကိုးဖို့ချည်း တွေးနေတဲ့သူဟာ ဘယ်တော့မှ သက်တမ်းရှည်မှာ မဟုတ်ဘူး ဒါ့အပြင် အဲဒီလူစုနားကို ကျုပ်တို့ ချဉ်းကပ်ခဲ့တဲ့ အကြောင်းရင်းက ဝံပုလွေတွေကို ဖယ်ရှားပစ်ချင်လို့ပဲ အခု ဝံပုလွေတွေ ကျုပ်တို့နောက် မလိုက်တော့ဘူး ဆိုမှတော့ ဘာကိစ္စ သူတို့အနားမှာ ဆက်ကပ်ပြီး နေရဦးမှာလဲ"

ကွမ်ရှီးလင်းသည် ဆွံ့အသွားပြီးနောက် သူ၏ ခေါင်းအား ကုတ်လျှက် ပြောလိုက်သည်။

"ဒါက အတော်လေး အဓိပ္ပာယ်ရှိတယ်လို့ ငါ ထင်ပါတယ်"

ထိုသို့ ပြောနေရင်း သူ၏ မျက်ဝန်းများထဲတွင် သူတောင်းစားလေး အပေါ် အံ့သြ လေးစားမှုများ ပြည့်နှက်လာခဲ့ကာ ဆက်ပြောလိုက် ပြန်သည်။

"ကလေးလေး မင်းက ငါ့ထက် အများကြီး ပိုငယ်ပေမယ့် ငါ့ထက် အများကြီး ပိုတော်ပြီး စွမ်းရည်လည်း ပိုမြင့်တယ်"

"ဒါပေါ့ ကျုပ်က ခင်ဗျားလိုလို့ ထင်နေတာလား ကိုယ့်ကျောကို ဓားနဲ့ အထိုးခံထား ရတာတောင် မသိတဲ့လူ"

"ဘာ ကျောကို ဓားနဲ့ ထိုးခံရတာလဲ"

သူမ ပြောနေသည်များအား နားမလည်နိုင်စွာဖြင့် သူ မေးလိုက်သည်။ ဖုန်းကျို့သည် မျက်လုံးများအား လှန်လိုက်ပြီးနောက် သူ့အား တစ်ခဏမျှ စူးရဲစွာ စိုက်ကြည့်လိုက်ကာ စိတ်ရှည်လက်ရှည်ဖြင့် ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

"ခင်ဗျားရဲ့ ဒဏ်ရာက အနီးကပ် ဓားနဲ့ ထိုးခံရလို့ ဖြစ်လာတဲ့ ဒဏ်ရာပဲ ပြီးတော့ အဲဒါက ခင်ဗျား သတိမထား မိတဲ့အချိန် အနောက်ကနေ အထိုးခံရတာ ခင်ဗျားကို သတ်ချင်တဲ့သူဟာ ခင်ဗျား သိတဲ့သူဆိုတာ ရှင်းနေတာပဲ အဲဒါကိုတောင် ခင်ဗျားက တုံးတယ်လို့ ကျုပ် ပြောရင် ခင်ဗျား ယုံမှာမဟုတ်ဘူး"

All Chapters