အခန်း ၃၁
Vol. 3 Ch. 31
အခန်း (၃၁)
ဖုန်းကျို့၏ စကားအား ကြားလိုက်ရသောအခါ ကွမ်ရှီးလင်းမှာ တစ်ခဏမျှ ကြက်သေသေသွား ပြီးနောက် စကားတစ်ခွန်းမျှပင် မဟနိုင်တော့ချေ။ သူသည် ခေါင်းငိုက် စိုက်ချကာ တိတ်ဆိတ် ညှိုးငယ်စွာဖြင့်သာ လမ်းဆက်လျှောက် လာခဲ့တော့သည်။
သူတို့နှစ်ဦးမှာ ရပ်တန့်ခြင်းမရှိဘဲ ဆက်တိုက် လျှောက်လှမ်း နေခဲ့ကြသည်တော့ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဤတောအုပ်ထဲသို့ ဝင်ရောက်လာရသည့် ဖုန်းကျို့၏ အဓိက ရည်ရွယ်ချက်မှာ ဆေးပင်များ ရှာဖွေ ခူးဆွတ်ရန် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် သူတို့ လျှောက်လှမ်းလာသော လမ်းခရီး တစ်လျှောက်တွင် ကွေ့ကောက် လှည့်ပတ်ကာ သွားလာခဲ့ကြရသည်။
အထူးသဖြင့် နောက်မှ လိုက်လံ နှောင့်ယှက်နေသော ဝံပုလွေအုပ်ကြီးအား ဖြတ်ချနိုင်ခဲ့ ပြီးနောက်တွင်မူ သူတို့သည် ပေါင်းပင်များနှင့် တောရိုင်းပင်များ ထူထပ်စွာ ပေါက်ရောက်နေသော နေရာများသို့ မကြာခဏ ဖြတ်သန်း သွားလာခဲ့ကြလေသည်။
လမ်းတစ်လျှောက်လုံးတွင် တွေ့သမျှ ဆေးပင်များအား ခူးဆွတ်လာခဲ့လေရာ အသုံးဝင်မည့် ဝိဉာဉ်ဆေးပင် အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့တော့သည်။ သို့သော်လည်း ဤနယ်မြေ အတွင်း သူမ ရှာဖွေတွေ့ရှိခဲ့သော ဆေးပင်များ၏ အဆင့်အတန်းအား အကဲဖြတ် ကြည့်လိုက်သောအခါ ထိုအရာ အားလုံးမှာ အလွန်တရာ အဖိုးတန် ရှားပါးလှသော အမျိုးအစားများ မဟုတ်ဘဲ သာမန် ဆေးပင်များသာ ဖြစ်နေကြောင်း တွေ့လိုက်ရတော့သည်။
မည်သို့ပင်ဆိုစေကာမူ ကိုးဆင့် အဆင့်သာရှိသော ဤကဲ့သို့ နိုင်ငံငယ်လေး တစ်ခု အတွင်းတွင် အလွန်တရာ ရှားပါးပြီး တန်ဖိုး ကြီးမားလှသည့် ဆေးပင်မျိုးများအား ရှာဖွေတွေ့ရှိနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စတစ်ခုပင် မဟုတ်ပါလော။
သို့ဖြစ်၍ သူတို့သည် ခရီးဆက် လာခဲ့ကြလေရာ တောင်ထွတ် တစ်ခု၏ တောင်ခြေသို့ ရောက်ရှိ လာကြကုန်လေသည်။ မျက်စိရှင်လှသော ဖုန်းကျို့သည် တောင်ထွတ်၏ အနီးတွင် လေနှင့်အတူ ယိမ်းနွဲ့နေသော ဝိဉာဉ်ဆေးပင် တစ်စုအား အဝေးမှပင် လှမ်းမြင်လိုက်ရသဖြင့် သူမ၏ မျက်ဝန်းများမှာ ချက်ချင်းပင် အရောင်လက် သွားခဲ့တော့သည်။
"ခင်ဗျား ဒီမှာ ခဏစောင့်နေဦး ကျွန်တော် ဟိုမှာ ရှိတဲ့ ဝိဉာဉ်ဆေးပင်တွေကို သွားခူးလိုက်ဦးမယ်"
အချိန်အတော် ကြာအောင် ရှာဖွေခဲ့ရ ပြီးနောက်တွင် အမာရွတ်များအား ပျောက်ကင်းစေနိုင်စွမ်းရှိသည့် ဝိဉာဉ်ဆေးပင်များအား နောက်ဆုံးတွင် သူမ ရှာတွေ့သွားခဲ့ပြီ ဖြစ်လေရာ မည်သို့မျှ စိတ်လှုပ်ရှား ဝမ်းသာခြင်း မဖြစ်ဘဲ နေနိုင်ပါမည်နည်း။
"ကလေးလေး မင်း မင်း ဒီကို ပြန်လာမှာ မဟုတ်လားဟင်"
ကွမ်ရှီးလင်းမှ စိုးရိမ်မကင်းသော လေသံဖြင့် မေးလိုက်လေသည်။ ခြေလှမ်း အနည်းငယ်မျှ လှမ်းအပြီးတွင် ထိုသို့ မေးလိုက်သော ကွမ်ရှီးလင်း၏ စကားကြောင့် ဖုန်းကျို့မှာ အနည်းငယ် အံ့အားသင့် သွားပြီးနောက် နောက်သို့ ပြန်လျှောက်လာခဲ့ကာ ကင်ထားသော အသားကင်များအား ထုတ်၍ သူ၏ လက်ထဲသို့ ကမ်းပေးလိုက်တော့သည်။
"ကျွန်တော် အခု ဆေးပင် သွားခူးလိုက်ဦးမယ် ခဏနေရင် ပြန်လာခဲ့မယ် ဒီကြားထဲ ခင်ဗျား အဲဒီအသားကင်လေး စားပြီး စောင့်နေလိုက် ပြီးတော့ ခင်ဗျား သစ်ပင် တစ်ပင်ပင်ပေါ် တက်နေလိုက်တာ အကောင်းဆုံးပဲ ဒါမှ တောရိုင်း တိရစ္ဆာန်တွေနဲ့ ကြုံလာရင်တောင် စိတ်ပူစရာ မလိုတော့ဘူးလေ"
သူမသည် ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်ရှုလိုက်လေရာ မိုးထိအောင် မြင့်မားစွာ ပေါက်ရောက်နေသော ခပ်ကြီးကြီး သစ်ပင်တစ်ပင်အား မြင်လိုက်ရတော့သည်။ သူမသည် ထိုသစ်ပင်အား လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"ဟော ဟိုသစ်ပင်ပေါ်ကို ခင်ဗျား တက်နိုင်မလား ကျွန်တော် ဆေးပင်ခူးပြီးတာနဲ့ ခင်ဗျားဆီကို ပြန်လာခဲ့ပါ့မယ်"
သူမအနေဖြင့် သူ့အား ချန်ထားရစ်ခဲ့ရန် ရည်ရွယ်ချက် မရှိကြောင်း ကြားလိုက် ရသောအခါ မှသာလျှင် ကွမ်ရှီးလင်းသည် နောက်ဆုံးတွင် ပြုံးလာနိုင်ခဲ့ပြီး ယုံကြည်ချက် အပြည့်ဖြင့် အာမခံလိုက်တေ့ာသည်။
"ဒါပေါ့ တက်နိုင်တာပေါ့ ဒါဆိုရင် ငါ ဟိုသစ်ပင်ပေါ်ကနေ ကလေးလေးကို စောင့်နေမယ် မင်း ပြန်လာပြီး ငါ့ကို လာရှာဖို့ မမေ့နဲ့နော်"
"စိတ်ချပါဗျာ"
သူမက စိတ်အေးစေရန် သူ၏ပခုံးအား ပုတ်ပေးလိုက် ပြီးနောက် လှည့်ကာ တောင်ထွတ်ဆီသို့ ထွက်ခွာသွားခဲ့တော့သည်။ မတ်စောက်လှသော တောင်စောင်းသည် အလွန်တရာ အန္တရာယ်များလှပြီး အပေါ်သို့ တွယ်တက်ရသည်မှာ သူမအတွက် အတော်လေး ပင်ပန်း ခက်ခဲလှပေသည်။ အချို့သော အချိန်များတွင် သူမ၏ ခြေချမှု သတိလွတ်သွားပါက ပြေလျော့နေသော ကျောက်ခဲများနှင့် ကျောက်တုံးများသည် တောင်အောက်သို့ လိမ့်ဆင်းသွားတတ်သဖြင့် ခြေလှမ်းတိုင်းအား အထူး သတိထားရန် လိုအပ် လှပေသည်။
နှစ်နာရီခန့် အကြာတွင် သူမသည် ဆေးပင်များ ပေါက်ရောက်ရာ အနီးသို့ ချဉ်းကပ်သွားချိန်၌ ဝိဉာဉ်ဆေးပင် အစု၏ ဘေးတွင် အပေါက်ငယ် တစ်ခု ရှိနေသည်အား မြင်လိုက်ရလေသည်။ လက်တစ်လုံးခန့် အရွယ်အစားရှိသော အစိမ်းရောင် မြွေဟောက် တစ်ကောင်သည် ထိုအပေါက်ငယ်လေးထဲမှ ၎င်း၏ အခွ ဖြစ်နေသော လျှာအား ထုတ်ကာ ရှူးရှူးရှားရှား မြည်တွန်နေခဲ့ပြီး ၎င်း၏ ရက်စက် ကြမ်းကြုတ်သော မျက်လုံးများဖြင့် သူမအား ရန်လိုစွာ စိုက်ကြည့်နေခဲ့သည်။
သူမသည် ရှေ့တွင် ရှိသော နေရာအား တစ်ခဏမျှ အကဲခတ် ကြည့်လိုက်လေရာ ပထမ တွေ့ခဲ့ရသော အပေါက်ဘေးတွင် နောက်ထပ် အပေါက်ငယ် တစ်ခု ရှိနေသေးကြောင်း သတိပြုမိလိုက်ပြီးနောက် ထိုအပေါက်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဆက်သွယ်နေပုံရလေသည်။
ဝိဉာဉ်ဆေးပင်များအား မခူးဆွတ်မီ ထိုမြွေအား အရင် ရှင်းလင်းပစ်ရန် လိုအပ်မည် ဖြစ်ကြောင်း သူမ နားလည်လိုက်တော့သည်။ ဆုံးဖြတ်ချက်ချ ပြီးနောက် သူမ၏ မျက်ဝန်းများသည် ပတ်ဝန်းကျင်အား ခေတ္တမျှ စူးစမ်း ကြည့်လိုက်လေရာ ရွှံ့များနှင့် ကျောက်ခဲများ ပြည့်နှက်နေသော တောင်နံရံမှ လက်သီးဆုပ်ခန့်ရှိသော ကျောက်တုံး တစ်တုံးအား ဆွဲယူလိုက်လေသည်။
၎င်းနောက် သူမသည် အနည်းငယ် ထပ်မံ တိုးကပ်သွားချိန်တွင် မြွေသည် အပေါက်ထဲမှ ခေါင်းပြူထွက်လာခဲ့ကာ အခြေအနေအား အကဲခတ်ရန် ကြိုးစားနေစဉ်မှာပင် သူမ၏ လက်သည် ချက်ချင်း လှမ်းကာ ထိုအပေါက်အား ပိတ်ဆို့လိုက်တော့သည်။
ထိုအချိန်မှာပင် မြွေသည် အခြား အပေါက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ အလွန် လျင်မြန်စွာ လျှောတိုက် ထွက်လာပြီးနောက် အဆိပ်ပြင်းသော အစွယ်များအား ပေါ်လွင်စေရန် ပါးစပ်အား ဟဟထားလျက် ပါးပြင်းထောင်ကာ သူမ၏ လက်မောင်းဆီသို့ အလွန် မြန်ဆန်စွာဖြင့် ပေါက်ရန် ပြေးဝင် လာတော့သည်။
ဖုန်းကျို့သည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် သူမ၏ ဓားမြှောင်အား ဆွဲထုတ်လိုက်ကာ ချက်ချင်းပင် ခုတ်ပိုင်းချလိုက်တော့သည်။ မြွေ၏ ခေါင်းမှာ တစ်ချက်တည်းဖြင့် ပြတ်ကျသွားပြီးနောက် ၎င်း၏ ကိုယ်လုံးမှာမူ ချောက်ကမ်းပါးအောက်သို့ ပြုတ်ကျသွားခဲ့တော့သည်။ ထိုနောက်တွင် သူမသည် ရွှံ့နွံထဲမှ ဝိဉာဉ်ဆေးပင်များအား သေချာစွာ တူးဖော်လိုက်ကာ သူမ၏ သိုလှောင်အိတ် ထဲသို့ သိမ်းဆည်းလိုက်တော့သည်။
"ဟူး ပင်ပန်းလိုက်တာ"
ဆေးပင်များအား ခူးဆွတ်ပြီးနောက် သူမသည် မြင့်မားသော နေရာမှနေ၍ ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်ရှုရန် ရည်ရွယ်ချက်ဖြင့် တောင်ထွတ်ဆီသို့ တောက်လျှောက် တက်သွားခဲ့တော့သည်။ သို့သော်လည်း တောင်ထွတ်၏ ဘေးဘက်တွင် ဝိညာဉ်စွမ်းအင်၏ အငွေ့အသက်များ သဲ့သဲ့လေး ဖြာထွက်နေသော ဝိဉာဉ်ဆေးပင်တစ်ပင်အား အမှတ်မထင် ထပ်မံ တွေ့ရှိသွားခဲ့လေရာ သူမသည် ဝမ်းသာအားရစွာဖြင့် ထိုအပင်အားလည်း ခူးဆွတ်ကာ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်ပြန်သည်။
"ကံကောင်းလိုက်တာ ဒီလိုနေရာမျိုးမှာ ဝိဉာဉ်ဆေးပင် နှစ်မျိုးတောင် ရှာတွေ့ခဲ့တယ်"
ဟု သူမမှ ပြုံးလျက် မိမိကိုယ်ကိုယ် ရေရွတ်လိုက်လေသည်။ မြင့်မားလှသော တောင်ထွတ် ပေါ်တွင် ရပ်ကာ အောက်သို့ ငုံ့ကြည့် လိုက်သောအခါ အနောက်ဘက်ရှိ တောအုပ် အတွင်းပိုင်းသို့ ဝင်ရောက်သွားသော လူစုတစ်စုအား သူမ လှမ်းမြင်လိုက်ရလေသည်။
ထိုသူများထဲတွင် ခေါင်းဆောင်ဖြစ်သူမှာ အဖြူရောင် ဝတ်စုံအား ဝတ်ဆင်ထားသည့် ရုပ်ရည် ချောမောသော အမျိုးသားတစ်ဦး ဖြစ်ပြီး ၎င်းမှာ သူမကိုယ်ခန္ဓာ၏ ယခင်ပိုင်ရှင် ဖြစ်သူ၏ စေ့စပ်ထားသူ သူရိယတေဇ နိုင်ငံ၏ တတိယမင်းသား မုရုံယီရွှမ် ဖြစ်ကြောင်း သူမ မှတ်မိလိုက်သည်။ ထို့အပြင် သူ၏ ဘေးတွင်မူ ရေကဲ့သို့ စီးဆင်းနေသော အပြာရောင်ဝတ်စုံအား ဝတ်ဆင်ထားကာ သူမအတွက် လုံးဝ ငြင်းဆို၍ မရနိုင်လောက်အောင် ရင်းနှီးနေသော မျက်နှာပိုင်ရှင် မိန်းကလေး တစ်ဦးလည်း ပါဝင်နေခဲ့သည်။