← Chapters

အခန်း ၃၂

Vol. 3 Ch. 32

အခန်း ၃၂

Vol. 3 Ch. 32

အခန်း (၃၂)

"တိုက်ဆိုင်လိုက်တာပဲ"

ဟု သူမသည် တိုးတိတ်စွာ ရေရွတ်လိုက်ပြီးနောက် သူမ၏ မျက်ဝန်းများမှာမူ အေးစက်စူးရှသော အကြည့်များ အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

တိမ်စန္ဒာမြို့တော် သည် ဤနေရာနှင့် အတော်လေး အလှမ်းဝေးကွာလှကာ အလောတကြီး လာမည်ဆိုလျှင်ပင် ရက်အနည်းငယ် ကြာမြင့်နိုင်မည့် ခရီးတစ်ခု ဖြစ်ပေသည်။ ထိုမိန်းမသည် အဘယ်ကြောင့် ဤမျှ ဝေးကွာသော နေရာအထိ ရောက်လာရလေသနည်း။ ထို မုရုံယီရွှမ်ပါ ပါလာရခြင်းသည်ရော အဘယ်ကြောင့်နည်း။

သူမ၏ အကြည့်များသည် မုရုံယီရွှမ်ပေါ်တွင် ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။ ထို ဖုန်းချင်ကဲသည် ယခင် ဖုန်းချင်ကဲ မဟုတ်တော့ကြောင်းအား သူ သတိ မထားမိသည်မှာ သိသာ ထင်ရှားလှပေသည်။ ထိုအခိုက်အတန့်တွင် သူမ ရုတ်တရက် သိချင်စိတ်ပြင်းပြလာခဲ့သည်။ ယောက်ျားများသည် လူတစ်ယောက်အား သူတို့ရဲ့ မျက်နှာနှင့်သာ မှတ်မိတတ်ကြခြင်း ဖြစ်သည်လား ဆိုသည်အား သိချင်လားမိသည်။

မကြာမီတွင်ပင် သူမ၏ အနီးအဝေး ပတ်ဝန်းကျင်၌ တောအုပ် အတွင်းပိုင်းသို့ ဦးတည် သွားနေသော လူစုများ အမြောက်အမြား ရှိနေသည်အား ရှာဖွေတွေ့ ရှိလိုက်ရသဖြင့် သူမ၏ အကြည့်များသည် ထိုစုံတွဲ အပေါ်တွင် ကြာမြင့်စွာ တည်ရှိမနေတော့ချေ။ လူစုအချို့မှာ သူမနှင့် အလှမ်းဝေးနေဆဲ ဖြစ်သော်လည်း အချို့မှာမူ မီတာအနည်းငယ်သာ ကွာဝေးသော နေရာများ၌ ရှိနေကြလေသည်။

ဤခရီးစဉ် အတွင်း ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ အားလုံးကို ပြန်လည် စဉ်းစားလိုက်မိလေရာ သူမ၏ မျက်ဝန်းများမှာ အရောင်လက် သွားပြီးနောက် စိတ်အား တည်ငြိမ်အောင်ထားကာ တွေးလိုက်တော့သည်။

[ထောင်ခြောက် ကိုးသွယ်တောအုပ်ရဲ့ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာမှာ ဘာတွေများ ရှိနေလို့လဲ အဲဒါက ဒီလူတွေ အားလုံးကို အဲဒီထဲ ပြေးဝင်သွားအောင် ဆွဲဆောင်ထားတာပဲ]

ထိုသို့ အတွေးနယ် ချဲ့နေစဉ် ရန်လိုမှုများ ပြည့်နှက်နေသော မျက်လုံးတစ်စုံသည် သူမအား စိုက်ကြည့်နေကြောင်း ရုတ်တရက် ခံစားလိုက်ရတော့သည်။ သူမသည် လျင်မြန်စွာ လှည့်ကြည့် လိုက်လေရာ ထိုအကြည့်ကြောင့် သူမ၏ မျက်ခုံးများ တစ်ဆတ်ဆတ် တုန်ခါသွားရတော့သည်။

"ဝက်ဝံမည်း တစ်ကောင်လား"

သူမနှင့် ငါးမီတာပင် မကွာဝေးသော နေရာတွင် အရပ် နှစ်မီတာမှ သုံးမီတာခန့် ရှိမည့် ဝက်ဝံမည်းကြီး တစ်ကောင်သည် ဝပ်နေခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ သွားများအား အကုန် ပေါ်လွင်စေရန် ဖြီးထားလျှက် သူမအား အငြိုးတကြီးဖြင့် စိုက်ကြည့်နေလေသည်။

၎င်း၏ ဝပ်နေသော ခန္ဓာကိုယ်သည် သူမထံသို့ တိတ်တဆိတ် ချဉ်းကပ် လာခဲ့ဟန်တူသော်လည်း သူမ၏ ရှာဖွေ တွေ့ရှိသွားခြင်းကိုသာ ခံလိုက်ရသဖြင့် ထိုဝက်ဝံမည်းကြီးသည် ခေါင်းအား မော့ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် သူမဆီသို့ ခုန်အုပ်ကာ ဝင်လာခဲ့တော့သည်။

"ဂါး"

ဝက်ဝံမည်းကြီး၏ ကျယ်လောင်ပြီး ဒေါသတကြီး ဟိန်းဟောက်သံကြောင့် မြေကြီးပင် အနည်းငယ် တုန်ခါသွားခဲ့လေသည်။ ထိုဟိန်းဟောက်သံသည် မြင့်မားသော တောင်ထွတ်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ကာ တစ်ခဏချင်းမှာပင် ပတ်ဝန်းကျင် တစ်ခွင်လုံးသို့ ပျံ့နှံ့သွားသဖြင့် တောအုပ် အတွင်းရှိ လူစုအားလုံး ကြားလိုက်ကြရလေသည်။

ဤမျှက ကြီးမားသော ဧရာမ ဝက်ဝံမည်းကြီးနှင့် ရင်ဆိုင်ရချိန်တွင် ဖုန်းကျို့သည် ၎င်းနှင့် တိုက်ခိုက်ရာ၌ အနိုင်ရရန် အခွင့်အလမ်းအား မမြင်တွေ့ရပေ။ ထို့ကြောင့် ဝက်ဝံမည်းကြီး ခုန်အုပ်လာချိန်တွင် အောက်သို့ ဝပ်ချကာ ဘေးတစ်ဖက်သို့ လျှောတိုက် ရှောင်ထွက်ရန် အခွင့်အရေးအား ဖမ်းဆုပ်လိုက်ကာ သူမ၏ ကိုယ်အတွင်းရှိ ချီစွမ်းအင်များအား ဖော်ထုတ်လိုက်ကာ ထူးခြား ဆန်းပြားလှသော လှုပ်ရှားမှုဟန်ဖြင့် တောင်အောက်သို့ အလျင်အမြန် ပြေးဆင်းလျှက် ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းလေတော့သည်။

"ဂါး ဂါး"

ဧရာမ ဝက်ဝံမည်းကြီး၏ ခုန်အုပ်မှုသည် လေကိုသာ ဖမ်းဆုပ်မိလိုက်သဖြင့် ၎င်းသည် ခေါင်းအား မော့လျှက် နောက်ထပ် နှစ်ကြိမ်တိုင်တိုင် ဟိန်းဟောက် လိုက်ပြန်လေသည်။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် လှည့်ကာ အရှိန်ဖြင့် ပြေးလာပြီးနောက် ရုတ်တရက် အလွန်လျင်မြန်စွာဖြင့် ဖုန်းကျို့၏ နောက်သို့ ကြမ်းတမ်းစွာ ထပ်ကြပ်မကွာ လိုက်လံ ဖမ်းဆီးတော့သည်။

"ကျစ် နောက်တစ်ကောင် ရှိနေသေးတယ်"

တောင်ခြေဆီသို့ လျင်မြန်စွာ ရွေ့လျား ပြေးလွှားနေစဉ် ခုန်ထွက်လာသော နောက်ထပ် ဝက်ဝံညို တစ်ကောင်ကိုလည်း ဖုန်းကျို့ မြင်လိုက်ရသဖြင့် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ကျိန်ဆဲလိုက်မိတော့သည်။

"ဒီနေ့ကတော့ တကယ့်ကို ကျိန်စာသင့်နေတဲ့ နေ့ပါပဲကွာ"

သူမ၏ မျက်ဝန်းများသည် လွတ်မြောက်ရာလမ်းအား ရှာဖွေရန် ပတ်ဝန်းကျင်အား လျင်မြန်စွာ ဝေ့ဝဲကြည့်ရှုလိုက်လေသည် လက်ရှိတွင် တောင်ထွတ် ပတ်ဝန်းကျင်၌ ရောက်ရှိနေကြပြီး တောအုပ်၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်ရောက်ရန် ခရီးဆက်နေကြသော လူစု အသီးသီးတို့သည် ဝက်ဝံမည်း၏ ဟိန်းဟောက်သံအား ကြားလိုက်ရသောအခါ ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီးနောက် အသံလာရာဆီသို့ မော့ကြည့်လိုက်ကြလေသည်။

ဝက်ဝံမည်းများသည် တိုက်ခိုက်ရေးတွင် မယုံနိုင်လောက်အောင် ကြီးမားလှသော အင်အားကို ပိုင်ဆိုင်ထားကြပြီး ထောင်ခြောက် ကိုးသွယ်တောအုပ် အတွင်းရှိ ဝက်ဝံမည်းများသည် သာမန် ဝက်ဝံမည်းများ မဟုတ်ကြဘဲ ဒုတိယအဆင့်ရှိ အဆင့်မြင့် သားရဲကြီးများပင် ဖြစ်ကြလေသည်။

လူ ဆယ်ယောက် ထက်မက ပါဝင်နေကြလျှင်ပင် ချီစွမ်းအင် အဆင့်များ၏ ကနဦးအဆင့်၌သာ ရှိနေသေးသော စစ်သည်တော်များ အနေဖြင့် ဒုတိယအဆင့်ရှိ အဆင့်မြင့် ဝက်ဝံမည်း တစ်ကောင်အား အမဲလိုက် သတ်ဖြတ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

သို့ဖြစ်၍ ဤတောအုပ် အတွင်းသို့ ရဲဝံ့စွာ ခြေချလာကြ သူတိုင်းသည် ဝက်ဝံမည်း တစ်ကောင်အား အဝေးမှ မြင်တွေ့ရပါက တိုက်ခိုက်ရန် မကြိုးစားဘဲ ရှောင်ကွင်းသွားရမည်အား ကောင်းစွာ သိရှိထားကြပေသည်။

တောအုပ်၏ အနောက်ဘက်ခြမ်းတွင် ရှိနေသော မုရုံယီရွှမ်၏ နှလုံးသားသည် ရုတ်တရက် နာကျင်သွားသကဲ့သို့ ဖြစ်သွားခဲ့ကာ သူ၏ ခြေလှမ်းများ ရပ်တန့်သွားပြီးနောက် တောင်ထွတ်ဆီသို့ လျင်မြန်စွာ လှည့်ကြည့်လိုက်မိသည်။

"အစ်ကိုတော် မုရုံ ဘာဖြစ်လို့လဲဟင်"

ရေစီးကြောင်းကဲ့သို့ လှပသော အပြာရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့် ဖုန်းချင်ကဲ၏ အပြစ်အနာအဆာ ကင်းစွာ လှပလွန်းသော မျက်နှာလေးပေါ်တွင် စိုးရိမ်ပူပန်မှုများသည် အရေးအကြောင်းများ အဖြစ် ပေါ်ပေါက်လာခဲ့တော့သည်။ တောင်ထွတ်ဆီသို့ မမှိတ်မသုန် စိုက်ကြည့်နေသော သူ၏အကြည့်များအား မြင်လိုက်ရသဖြင့် သူမသည်လည်း ထိုဦးတည်ရာဆီသို့ မျက်စိလှည့်ကာ ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရချေ။

"ဘာမှ မဖြစ်ပါဘူးကွာ"

သူသည် ခေါင်းခါလိုက်ပြီး ဘေးနားရှိ မိန်းကလေးအား ညင်သာစွာ ပြုံးပြလိုက်လေသည်။ သို့သော်လည်း သူ၏ ရင်တွင်း၌ စိမ်းသက်နေမှု ခံစားချက်ကြီးသည် ပို၍ပို၍ ပြင်းထန်လာခဲ့တော့သည်။

ထိုခံစားချက်မှာ သူ၏ မျက်စိ ရှေ့မှောက်ရှိ မိန်းကလေးသည် သူသိကျွမ်းခဲ့သော ဖုန်းချင်ကဲ လုံးဝ မဟုတ်သကဲ့သို့ပင် ဖြစ်နေခဲ့သည်။ ပြီးခဲ့သော ရက်အနည်းငယ် အတွင်း သူတို့ နှစ်ဦး အတူတကွ အချိန်ဖြုန်းခဲ့ကြစဉ် သူမသည် သူ၏ မျက်စိရှေ့တွင် အချိန်ပြည့် ရှိနေခဲ့သော်လည်း ယခင်တွင် သူမနှင့် အတူရှိနေချိန်တိုင်း သူ အမြဲတမ်း ခံစားခဲ့ရဖူးသည့် ထပ်တူညီသော ရင်ခုန်သံမျိုးအား သူ လုံးဝ ခံစား၍ မရခဲ့ချေ။

ထို့အပြင် စောပိုင်း၌ သူ မသိသော လူတစ်ယောက်ထံမှ လာသည့် တစ်ချက်တည်းသော ခေတ္တမျှ အကဲခတ်လိုက်သည့် အကြည့်လေးသည်ပင် အကြောင်းပြချက် မရှိဘဲ သူ့အား အတော်လေး ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရစေသည်။

All Chapters