← Chapters

အခန်း ၃၃

Vol. 3 Ch. 33

အခန်း ၃၃

Vol. 3 Ch. 33

အခန်း (၃၃)

အလွန်အမင်း တည်ငြိမ်နေသော ထိုအကြည့်များ၏ စူးစမ်းမှုများ အောက်တွင် သူမ၏ နှလုံးသားထဲ၌ မလုံမခြုံ ဖြစ်မှုများ ရုတ်တရက် ပြည့်နှက်သွားခဲ့သဖြင့် သူမ၏ လက်အား ပါးပြင်ပေါ်သို့ တင်ကာ တိုးညှင်းသော လေသံဖြင့် မေးလိုက်လေသည်။

"အစ်ကိုတော် မုရုံက ညီမကို ဘာလို့ ဒီလိုမျိုး ကြည့်နေရတာလဲဟင် ညီမရဲ့ မျက်နှာပေါ်မှာ တစ်ခုခုများ ပေနေလို့လား"

သူသည် မည်သို့မျှ ပြန်မဖြေဘဲ သိမ်မွေ့စွာ ပြုံးပြရုံသာ ပြုံးပြလိုက်သည်။

"ကိုယ်တို့ ခရီးဆက်ကြတာပေါ့"

ထို့နောက် သူသည် ကိုယ်ကို လှည့်ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်း သွားတော့သည်။ ဖုန်းချင်ကဲသည် တစ်ခဏမျှ ရပ်တန့်နေပြီးနောက် သူ၏ဘေးမှ အမီလိုက်ကာ တောအုပ်၏ အတွင်းပိုင်းဆီသို့ အတူတကွ ဝင်ရောက်သွားကြလေသည်။

လမ်းလျှောက်နေစဉ် အတွင်း သူမသည် တစ်ခါတစ်ရံ မျက်နှာအား ဘေးသို့ အနည်းငယ် စောင်းကာ သူ၏ ဂုဏ်သိက္ခာရှိပြီး ခန့်ညားလှသော မျက်နှာသွင်ပြင်အား ငေးမောကြည့်ရှုနေမိသည်။ သူသည် အလွန်တရာ ပြည့်စုံလွန်းပြီး အလွန် ညင်သာ သိမ်မွေ့လွန်းလှလေရာ သူမအား သူ့အပေါ် မထိန်းချုပ် နိုင်လောက်အောင် နက်ရှိုင်းစွာ ကျရှုံးသွားစေခဲ့ သည့်အပြင် ရင်ခုန်သံများ မြန်လာစေကာ စွဲလမ်းမိန်းမော သွားစေခဲ့သည်။

ထိုသူဖြင့်သာ တစ်ဘဝတာ လက်တွဲခွင့် ရလျှင် အခြားသူတစ်ဦး၏ မျက်နှာဖြင့် သူမ၏ ဘဝ တစ်သက်တာလုံးအား ဖြတ်သန်းရမည်ဆိုလျှင်ပင် နောင်တရစရာ အကြောင်း တစ်စက်ကလေးမျှ ရှိမည်မဟုတ်ပေ။

အခြားတစ်ဖက်တွင်မူ ဖုန်းကျို့သည် အတော်လေး ဆိုးရွားလှသော အခြေအနေဆိုး တစ်ခုနှင့် ရင်ဆိုင်နေရပေသည်။ အကြောင်းမူကား သူမ၏ အနောက်မှ ဝက်ဝံနှစ်ကောင်သည် သူမအား နှစ်နာရီကျော်ကြာသည် အထိ လိုက်လံ ဖမ်းဆီးနေကြသောကြောင့်ပင် ဖြစ်လေသည်။

ထိုသားရဲများအား အလွယ်တကူ ဖြတ်ချနိုင်လိမ့်မည်ဟု အစပိုင်းတွင် သူမ ထင်မှတ် ထားခဲ့သော်လည်း ထိုဝက်ဝံနှစ်ကောင် ပြေးလွှားနိုင်သော အရှိန်သည် မျှော်လင့် မထားနိုင်လောက်အောင် မြန်ဆန်လွန်းနေခဲ့သည်။

ထွက်ပြေးနေစဉ် အတွင်း သူမ၏ ခြေဖဝါး အောက်မှ ခံစားနေရသော တုန်ခါမှုများနှင့် အနောက်မှ တစ်ခါတစ်ရံ ကြားနေရသော ကျယ်လောင်လှသည့် ဟိန်းဟောက်သံများသည် သူမ၏ အရှိန်အား အနည်းငယ်မျှပင် လျှော့ချရန် ခွင့်မပြုခဲ့ပေ။

သူမသည် အရှိန် လျှော့ချရန် လုံးဝ မဖြစ်နိုင်သော်လည်း ထိုသို့သော ပြေးနှုန်းဖြင့် မရပ်မနား ဆက်တိုက် ပြေးနေရမည်ဆိုလျှင် နတ်ဘုရားများပင် ခံနိုင်ရည် ရှိလိမ့်ကြမည် မဟုတ်ပေ။

"အား ငါ့ကို လိုက်နေတာ ရပ်လိုက်ကြတော့လေ နင်တို့ ငါ့ကို ဒေါသထွက်အောင် လုပ်ရင် ငါရှိသမျှ အင်အား အကုန်သုံးပြီး တကယ် တိုက်ခိုက်ပစ်မှာနော်"

သူမသည် ခေါင်းအား နောက်သို့ လှည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူမ၏ ပြေးနှုန်းအား လျှော့မချသော်လည်း သူမသည် အနည်းငယ် မောဟိုက်နေခဲ့ပြီ ဖြစ်သည်။

သူမသည် ဝိဉာဉ်ဆေးပင် တစ်ခိုင်လောက်လေးကို ခူးလိုက်ရုံမျှသာ မဟုတ်ပါလော။ ထိုမျှလေး အတွက်နှင့် သူမအား နှစ်နာရီကျော် ကြာသည်အထိ ဤမျှလောက် အဝေးကြီး လိုက်နေစရာ လိုအပ်ပါသလား သူမ နားမလည်နိုင်တော့ချေ။

"ဝေါင်း ဂါး"

သူမ ရရှိလိုက်သော တစ်ခုတည်းသော တုံ့ပြန်မှုမှာ အရှိန်လုံးဝ မကျဘဲ ပြေးလာကြသော ဝက်ဝံကြီးများထံမှ ကျယ်လောင်သော ဟိန်းဟောက်သံ နှစ်ချက်သာ ဖြစ်လေသည်။

သူမ၏ ရှေ့တွင် တုတ်ခိုင် သန်စွမ်းသော သစ်ပင်ကြီး တစ်ပင်အား မြင်လိုက်ရလေရာ လေအား အငမ်းမရ ရှူသွင်းရင်း နောက်သို့ တစ်ချက် လှည့်ကြည့် လိုက်ပြီးနောက် သူမ၏ ခြေလှမ်းများအား အရှိန်တင်လိုက်တော့သည်။ ထိုသစ်ပင်ကြီး အနီးသို့ ရောက်ရှိ သွားချိန်တွင် သူမသည် ဒူးအား အနည်းငယ် ကွေးကာ ဝပ်ချလိုက်ပြီးနောက် လက်နှစ်ဖက်အား ဆန့်ထုတ်၍ သစ်ကိုင်း တစ်ကိုင်းကို ဖမ်းဆုပ်ရန် အပေါ်သို့ ခုန်တက်လိုက်တော့သည်။ ထို့နောက် သစ်ကိုင်း ပေါ်သို့ လျင်မြန်စွာ ခုန်တက်ကာ သစ်ပင်ကြီးပေါ်သို့ တက်ရောက် သွားတော့သည်။

"ဟူး ငါတော့ မောလွန်းလို့ သေတော့မယ်"

သူမ ထပ်မပြေးနိုင်တော့ချေ။ သစ်ကိုင်း အမြင့်ကြီး ပေါ်သို့ တက်ထိုင်ကာ ပြင်းထန် မောဟိုက်စွာ ဖြင့် အသက်လုရှုနေစဉ် ဝက်ဝံနှစ်ကောင်သည် သူမ၏ နောက်သို့ အလျင်အမြန် လိုက်လာကြကာ အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် သစ်ပင်၏ အောက်ခြေသို့ ရောက်ရှိ လာကြသည်အား မြင်တွေ့လိုက်ရသည်။

ထို့နောက် ဝက်ဝံများသည် ၎င်းတို့၏ ခြေလက် လေးဖက်စလုံးအား အသုံးပြု၍ အပေါ်သို့ တက်ရန် ကြိုးစားကြတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူမ ရွေးချယ်ခဲ့သော သစ်ပင်သည် တောင့်တင်း ခိုင်မာရုံသာမက ၎င်း၏ သစ်ခေါက်မှာလည်း ချောမွတ်နေသဖြင့် အပေါ်သို့ တွယ်တက်ရန် အလွန် ခက်ခဲလှပေသည်။

"ဘုန်း"

မျှော်လင့်ထားသည့် အတိုင်းပင် မြေပြင်မှ တစ်မီတာခန့် အမြင့်သို့ တွယ်တက် လာသော ဝက်ဝံ တစ်ကောင်သည် မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့ကာ ၎င်း၏ ခြေလက် လေးဖက်စလုံး လေထဲတွင် လှုပ်ရမ်းနေသည်အား မြင်လိုက်ရသဖြင့် ဖုန်းကျို့မှာ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ရယ်မော လိုက်မိတော့သည်။

"ဒါပေမဲ့ ဒီဝိဉာဉ်ဆေးပင်က တကယ်တမ်းကျတော့ ဘယ်လို အစွမ်းသတ္တိမျိုးတွေများ ရှိနေလို့လဲ နင်တို့နှစ်ကောင်က ဘာလို့ ဒီလောက်တောင် အချိန်အကြာကြီး ငါ့နောက်ကို ဇွဲနပဲကြီးကြီးနဲ့ လိုက်နေကြရတာလဲ"

သူမသည် စောစောပိုင်းတွင် ခူးဆွတ်ခဲ့သော ဆေးပင်အား သူမ၏ သိုလှောင်အိတ်ထဲမှ ထုတ်ယူကာ ကြည့်ရှုလိုက်သည်။ သို့သော် သူမအနေဖြင့် ထိုအပင်မျိုးအား ယခင်တွင် တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် မည်သည့် နေရာတွင် အသုံးပြုရမည်ကိုလည်း မသိရှိခဲ့ပေ။

"ဂါး ဂါး"

သစ်ပင် အောက်ခြေရှိ ဝက်ဝံ နှစ်ကောင်သည် သူမ ဝိဉာဉ်ဆေးပင်အား ထုတ်ယူလိုက်သည်ကို မြင်သည်နှင့် တပြိုင်နက် ကျယ်လောင်စွာ ထပ်မံ ဟိန်းဟောက်ကြ ပြန်လေသည်။ သစ်ပင်ပေါ်သို့ မတက်နိုင်ကြသောအခါ ထိုဝက်ဝံ နှစ်ကောင်သည် ၎င်းတို့၏ အင်အားများအား ပေါင်းစပ်ကာ သစ်ပင်ကြီးအား ကိုင်လှုပ်လိုက်ကြသည်။ ထို သတ္တဝါ နှစ်ကောင်၏ ရည်ရွယ်ချက်မှာ သူမအား သစ်ပင်ပေါ်မှ ပြုတ်ကျသွားစေရန် ရည်ရွယ်ထားပုံရသည်။

သစ်ပင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီးနောက် သူမပင် သစ်ပင်ပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွားရလေသည်။ သူမမှ သစ်ပင်အား လက်တစ်ဖက်ဖြင့် မြဲမြံစွာ ဖက်တွယ်ထားပြီးနောက် အောက်ဘက်သို့ အော်ပြော လိုက်တော့သည်။

"နင်တို့ မပင်ပန်းကြသေးဘူးလား ဒီဝိဉာဉ်ဆေးပင်ကို ငါ့ဆီကနေ လုယူသွားဖို့ စဉ်းစားနေကြတာလား စိတ်ကူးတောင် မယဉ်ကြနဲ့တော့"

"ဂါး ဂါး ဂါး ဂါး"

ဝက်ဝံနှစ်ကောင်မှာ အလွန်အမင်း ဒေါသထွက်သွားကြပြီး ၎င်းတို့၏ ဒေါသတကြီး ဟိန်းဟောက်သံများမှာ အဆုံးမရှိ ထွက်ပေါ်လာခဲ့ကာ သစ်ပင်အား အလွန်အမင်း ဆိုးရွားစွာ လှုပ်ယမ်းနေကြသဖြင့် ဖုန်းကျို့မှာ ထိုသစ်ပင်ပေါ်တွင် ဆက်၍ နေ၍ မရတော့ကြောင်း တွေးမိလိုက်သည်။

သို့ဖြစ်၍ သူမသည် ထိုဝိဉာဉ်ဆေးပင်အား ပြန်လည် သိမ်းဆည်း လိုက်ပြီးနောက် လွတ်မြောက်ရာလမ်းအား ရှာဖွေရန်အတွက် ဤသစ်ပင်မှ အခြား သစ်ပင် တစ်ပင်သို့ ခုန်ကူးရန် စဉ်းစားလျက် ပတ်ဝန်းကျင်အား စတင် ကြည့်ရှုလိုက်လေသည်။

သို့သော်လည်း သူမ မတ်တပ်ရပ် လိုက်သည်နှင့် တပြိုင်နက် ကောင်းကင်ယံတွင် ရုတ်တရက် ကျယ်လောင်သော အသံကြီးတစ်သံ ဟိန်းထွက်လာခဲ့ကာ တိမ်တိုက်များဆီမှ ကျဆင်းလာသော ကျယ်လောင်လှသည့် မိုးကြိုးပစ်သံကြီး အလား ဆူညံသွားတော့သည်။

ထို့အပြင် အထက် တိမ်တိုက်များဆီမှ အလွန် အားကောင်းပြီး ဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါ လှိုင်းလုံးကြီး တစ်ခု ကျဆင်းလာခဲ့ကာ ထိုလွှမ်းမိုးနိုင်လှသည့် အရှိန်အဝါ အောက်တွင် ပြင်းထန်သော လေပြင်းများ ရုတ်တရက် တိုက်ခတ်လာခဲ့တော့သည်။

လေတိုက်နှုန်းမှာ အလွန် ပြင်းထန်လွန်းသဖြင့် တောအုပ်ထဲရှိ သစ်ပင်များ ယိမ်းထိုးသွားခဲ့ကာ မြေပြင်ပေါ်တွင် ကြွေကျနေသော သစ်ရွက်များသည်လည်း လေဝဲဂယက်များ အတွင်း လေထဲသို့ လွင့်စင်တက်သွားကြတော့သည်။

"ဝူး ဝူး ဝေါင်း"

"ဂါး"

"ဝူး"

တောအုပ် အတွင်းရှိ သားရဲအမျိုးမျိုးတို့ထံမှ အကြောက်လွန်နေသော အသံများ ထွက်ပေါ်လာခဲ့ကာ တိရစ္ဆာန်များ၏ အော်ဟစ်သံများမှာ လိုက်ဖက်မှု မရှိသော တေးသွား တစ်ခုအလား တောအုပ် တစ်ခုလုံးတွင် ပဲ့တင်ထပ် သွားလေတော့သည်။

ထိုအချိန်မှာပင် သစ်ပင်အောက်ခြေရှိ မိုးထိမတတ် ကြီးမားလှသော ဝက်ဝံကြီး နှစ်ကောင်သည် ရုတ်တရက် မြေကြီးပေါ်သို့ လဲကျသွားကြပြီးနောက် အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့စွာဖြင့် ခန္ဓာကိုယ်များ တုန်ယင်ကာ ကွေးကွေးလေး ဝပ်နေကြသည်ကို ဖုန်းကျို့ မြင်တွေ့လိုက်ရတော့သည်။

All Chapters