အခန်း ၃၄
Vol. 3 Ch. 34
အခန်း - ၃၄
လေထုထဲတွင် လေးလံ လှိုက်မောဖွယ် ကောင်းသော ဖိအားများအား အတိုင်းသား ခံစားလိုက်ရသည့် အတွက် ဖုန်းကျိုသည် ခေါင်းမော့လျှက် ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်မိသည်။
ထိုအခါ ကောင်းကင်ပြင် တစ်ခုလုံး၌ မီးတောက်မီးလျှံများပမာ တောက်ပ လောင်ကျွမ်းနေသော တိမ်တိုက်ကြီးများဖြင့် ဖုံးလွှမ်းနေသည်ကိုသာ သူမ တွေ့လိုက်ရလေသည်။
၎င်းနောက် ထိုတောက်ပနေသော မီးရောင်တိမ်တိုက်များသည် တဖြည်းဖြည်း စုစည်းသွားကြပြီး အတောင်ပံများအား အပြည့်အဝ ဖြန့်ကျက်ထားသည့် ညှို့ယူ ဖမ်းစား နိုင်စွမ်းရှိသော မီးဖီးနစ်ငှက်ကြီး တစ်ကောင်အသွင်သို့ ပြောင်းလဲ သွားကြတော့သည်။ ထိုမြင်ကွင်းသည် အလွန်တရာ ခမ်းနားထည်ဝါလှကာ အလွန် လှပလွန်းလှသဖြင့် မရေမတွက်နိုင်သော မျက်လုံးအစုံတို့သည် မျက်တောင် မခတ်တမ်း ငေးမော ကြည့်ရှုနေကုန်ကြတော့သည်။
ထိုအချိန်တွင် ကောင်းကင်ယံမှ ထူးဆန်းသော နိမိတ် လက္ခဏာများသည် နယ်မြေ အတော်များများ၌ ဆူပူ လှုပ်ရှားမှုများအား ဖြစ်ပေါ်စေခဲ့လေသည်။ သူရိယတေဇနိုင်ငံ၏ ပတ်ဝန်းကျင်ရှိ နိုင်ငံ အားလုံးနီးပါးသည် ကောင်းကင်ပေါ်ရှိ ထိုနိမိတ်လက္ခဏာအား မြင်တွေ့ခဲ့ကြသဖြင့် နေရာအနှံ့မှ စွမ်းအား ကြီးမားသော ကျင့်ကြံသူ အကျော်အမော်များသည် ထိုမြင်ကွင်းကြောင့် ချက်ချင်း ဆိုသလို အလွန်အမင်း စိတ်လှုပ်ရှား သွားကြလေတော့သည်။
"ကောင်းကင်ဘုံက နိမိတ်ပြနေပြီ ဒါဟာ အထွတ်အမြတ်သားရဲ တစ်ကောင် မွေးဖွားလာမယ့် လက္ခဏာပဲကွ"
"မီးတောက်မီးလျှံ တိမ်တိုက်တွေနဲ့ ဖီးနစ်ငှက်ရဲ့ ပုံရိပ်ပဲ ဘုရားရေ ဒါဟာ ရှေးဟောင်း အထွတ်အမြတ် သားရဲဖြစ်တဲ့ မီးဖီးနစ်ပဲ မြန်မြန်သွားကြစို့"
ပတ်ဝန်းကျင် နိုင်ငံအသီးသီးမှ ကျင့်ကြံသူ အကျော်အမော်များသည် အံ့အားသင့်ရာမှ သတိ ပြန်လည် လာပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှား သွားခဲ့ကြကာ သူရိယတေဇနိုင်ငံ၏ ထောင်ခြောက် ကိုးသွယ်တောအုပ်အုပ် ဆီသို့ ဝမ်းသာအားရ ထွက်ခွာသွားကြကုန်သည်။
အချို့မှာ ဓားပျံများအား စီးနင်းကြပြီး အချို့မှာမူ ပျံသန်းနိုင်သော သားရဲများအား စီးနင်းလျှက် ထွက်လာကြကုန်သည်။ ထို့ပြင် တစ်နေ့လျှင် မိုင်တစ်ထောင် ခရီးအား သွားလာနိုင်စေသော မှော်ရတနာများကိုလည်း အသုံးပြုသူများပင် ပါဝင်ကြလေသည်။
သူတို့အားလုံး၌ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိကြသည်။ ၎င်းမှာ လူ့ပြည်သို့ ဆင်းသက် လာသော ရှေးဟောင်း အထွတ်အမြတ် သားရဲအား လက်ဦးမှု ရယူနိုင်ရန်ပင် ဖြစ်ချေသည်။
စွမ်းအား ကြီးမားသော ကျင့်ကြံသူများနှင့် ယှဉ်ပြိုင် လုယူနိုင်စွမ်း မရှိသေးသည့် အဆင့်နိမ့် ကျင့်ကြံသူ အချို့သည် ထိုစွမ်းအားရှင်များ ထောင်ခြောက် ကိုးသွယ်တောအုပ်ဆီသို့ ထွက်ခွာသွားကြသည်ကိုသာ ငေးကြည့်နေကြရကာ သက်ပြင်းချလျှက် ပြောဆိုကြလေသည်။
"အဆင့်ကိုးသာရှိတဲ့ နိမ့်ကျလှတဲ့ သူရိယတေဇနိုင်ငံလို နေရာမျိုးမှာ ရှေးဟောင်း အထွတ်အမြတ်သားရဲ ပေါ်လာလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲကွာ"
"ဒီ အထွတ်အမြတ် သားရဲက ဘယ်လိုလူမျိုးဆီကို ရောက်သွားမလဲဆိုတာ ငါ တကယ် သိချင်မိတယ်"
"အစွမ်းအထက်ဆုံး ကျင့်ကြံသူတွေ အကုန်လုံး အဲဒီကို အလုအယက် သွားနေကြပြီလေ အဲ့ဒီ နိုင်ငံငယ်လေးက တခြားသူတွေရဲ့ ရန်ကို ကာကွယ်နိုင်မှာ မဟုတ်သလို ဒီသားရဲကိုလည်း သူတို့အတွက် သိမ်းထားနိုင်မှာ မဟုတ်ဘူး ငါထင်တာတော့ ဒီသားရဲက တခြားနိုင်ငံက တစ်ယောက်ယောက်ရဲ့ လက်ထဲကိုပဲ ရောက်သွားလိမ့်မယ်"
"ဟဲဟဲ အဲဒီလိုလည်း မဟုတ်သေးပါဘူး ဒီလို ရှေးဟောင်း အထွတ်အမြတ်သားရဲတွေနဲ့ ပတ်သက်လာရင် ကံကြမ္မာက ပိုအရေးကြီးတယ်ဆိုတာ ဘယ်သူမသိဘဲ နေမလဲ ငါထင်တာကတော့ ရှေးဟောင်းသားရဲရဲ့ မီးတိမ်တိုက်တွေက သူရိယတေဇ နိုင်ငံပေါ်မှာ ပေါ်လာတယ်ဆိုတာ အဲဒီမှာ ကံအရမ်း ကောင်းတဲ့လူ တစ်ယောက်ယောက် ရှိနေလို့ပဲ ဖြစ်ရမယ်"
"အဲဒါလည်း ဟုတ်တာပဲ အရင်တုန်းက ရှေးဟောင်း နဂါးစိမ်းကြီး ဆင်းသက် လာတုန်းကလည်း နေရာအနှံ့က ကျင့်ကြံသူတွေ အလုအယက် သွားခဲ့ကြတာပဲ မဟုတ်ဘူးလား နောက်ဆုံးတော့ သူတို့ထဲက တစ်ယောက်မှ သားရဲကို မျက်စိနဲ့တောင် မမြင်ခဲ့ရပါဘူးကွာ"
"မင်း အခုလိုပြောမှပဲ တကယ်ကို ထူးဆန်းတယ်လို့ ခံစားရတယ်ကွ ရှေးဟောင်းနဂါးစိမ်း ဆင်းသက်လာတာ ဆယ်စုနှစ် တစ်ခုကျော်သွားပြီ ဒါပေမဲ့ ဆင်းသက်လာစဉ်က တွေ့ခဲ့ရတဲ့ နိမိတ် လက္ခဏာတွေ ကလွဲရင် ဒီနှစ်တွေ တစ်လျှောက်လုံး ဘယ်သူမှ ရှေးဟောင်းနဂါးစိမ်းကို အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူး ဒီနေ့အထိ နဂါးစိမ်းရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိကြဘူးလေ"
"အထွတ်အမြတ်သားရဲ ပေါ်ထွက်လာမှုက တစ်တိုင်းပြည်လုံးက လူတွေကို လှုပ်ခတ်သွားစေမှာပဲ မကြာခင်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်း တစ်ခုခုတော့ ကြားရမှာ သေချာတယ်"
ထိုလူ အနည်းငယ်သည် သူရိယတေဇ နိုင်ငံရှိရာ အရပ်သို့ လှမ်းကြည့် လိုက်ကြပြီး သူတို့၏ စိတ်ထဲတွင် တွေးတောလိုက်ကြတော့သည်။
[နောက်ထပ် ရှေးဟောင်း အထွတ်အမြတ် သားရဲာတစ်ကောင် ပေါ်လာပြန်ပြီ ဆူပူ လှုပ်ရှားရမယ့် နေ့ရက်တွေ နီးကပ်လာပုံရတယ်]
တဖန် ထောင်ခြောက် ကိုးသွယ် တောအုပ်ထဲသို့ ပြန်ကြည့်မည်ဆိုလျှင် တောအုပ်၏ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာများသို့ ဝင်ရောက် သွားသော လူအုပ်ကြီးသည် အလွန်အမင်း ရွှင်လန်းတက်ကြွနေကြသည်။
"ဟောဟိုမှာ ကြည့်လိုက် မီးတောက်နေတဲ့ တိမ်တိုက်တွေနဲ့ ဖီးနစ်ငှက်ရဲ့ ပုံရိပ်ပဲ ဆင်းသက်လာမယ့် အထွတ်အမြတ်သားရဲက ရှေးဟောင်းမီးဖီးနစ် ဖြစ်ရမယ်"
"အထွတ်အမြတ် သားရဲ တစ်ကောင် ပေါ်လာမယ်လို့တော့ ငါကြားသားပဲ ဒါပေမဲ့ ရှေးဟောင်းသားရဲ ဖြစ်နေလိမ့်မယ်လို့တော့ မမျှော်လင့်ထားမိဘူးဟ တကယ့်ကို အံ့သြစရာပဲ ငါတို့တွေ တခြားလူတွေထက် အရင်ရောက်အောင် မြန်မြန်သွားပြီး ဒီရှေးဟောင်းသားရဲနဲ့ သွေးစာချုပ် ချုပ်ဆိုမှု လုပ်ရမယ်"
ထောင်ခြောက် ကိုးသွယ်တောအုပ်၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်မူ လင်းမိုဟန်၏ နက်ရှိုင်းသော မျက်လုံးများထဲ၌ ကောင်းကင်မှ နိမိတ်လက္ခဏာအား မြင်လိုက်ရချိန်တွင် ထူးဆန်းသော အရောင်အဝါ တစ်ခု ဖြတ်ပြေးသွားပြီးနောက် မိမိကိုယ်ကိုယ် ရေရွတ်လိုက်မိသည်။
"ရှေးဟောင်း အထွတ်အမြတ်သားရဲ မီးဖီးနစ်တဲ့လား"
သူရိယတေဇနိုင်ငံ ကဲ့သို့သော အဆင့်ကိုး နိုင်ငံငယ်လေး တစ်ခုတွင် ရှေးဟောင်းသားရဲ၏ ပုံရိပ်ပေါ်လာသည်အား သူ အလွန်ထူးဆန်းသည်ဟု တွေးမိသော်လည်း ဤနေရာသို့ သူရောက်ရှိနေခြင်း၏ ရည်ရွယ်ချက်မှာ ရှေးဟောင်း သားရဲအတွက် မဟုတ်ကြောင်းကိုမူ သတိရနေသေးသည်။ သူ့တွင် လုပ်ဆောင်ရမည့် ပို၍အရေးကြီးသော ကိစ္စရပ်တစ်ခု ရှိနေသေးသည်။
ထို့ကြောင့် သူသည် မျက်လုံးများအား လွှဲဖယ်လိုက်ပြီး မိမိသွားရမည့် ခရီးစဉ်ဆီသို့သာ ဆက်လက် လျှောက်လှမ်း သွားခဲ့လေတော့သည်။
တောအုပ်၏ အခြားတစ်ဖက်တွင်မူ ကောင်းကင်ယံမှ ထူးဆန်းသော နိမိတ်လက္ခဏာကို မြင်တွေ့လိုက်ရသည့် ဖုန်းချင်ကဲသည် သူမ၏ စိတ်လှုပ်ရှားမှုအား မထိန်းချုပ်နိုင်တော့ဘဲ ဘေးနားရှိ မုရုံယီရွှမ်၏ အင်္ကျီလက်အား ဆွဲလှုပ်ကာ ပြောလိုက်တော့သည်။
"အစ်ကိုတော် မုရုံ ဟိုမှာ ကြည့်ပါဦး အဲဒါ ရှေးဟောင်း အထွတ်အမြတ်သားရဲ မီးဖီးနစ်မလား"
သူမသည် ရင်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး
[ဒီရှေးဟောင်းအထွတ်အမြတ်သားရဲ မီးဖီးနစ်ဟာ ငါ့အပိုင်ပဲ ဖြစ်ရမယ်]
ဟု သူမ၏ စိတ်ထဲ၌ ပြတ်သားစွာ ပြောဆိုလိုက်တော့သည်။ မုရုံယီရွှမ်သည်လည်း ကောင်းကင်ယံမှ မီးဖီးနစ်ပုံရိပ်အား မြင်လိုက် ရသောအခါ အံ့အားသင့်သွားပြီးနောက် အံအားတကြီး ရေရွတ်လိုက်တော့သည်။
"ဒါ တကယ့်ကို ရှေးဟောင်း အထွတ်အမြတ်သားရဲပဲ သားရဲတွေရဲ့ ဘုရင်လို့တောင် ခေါ်လို့ရတယ်"
သူ၏စကားဆုံးသည်နှင့် တစ်ပြိုင်နက် လောင်ကျွမ်းနေသော မီးတိမ်တိုက်များ၏ အနောက်ဘက်မှ ရှေးဟောင်းခေတ် ကာလများဆီမှ ထွက်ပေါ်လာသည့် အလား ဖီးနစ်ငှက်၏ အော်မြည်သံ တစ်ခု ထွက်ပေါ်လာလဲ့သည်။ ထို့နောက် ချက်ချင်း ဆိုသလိုပင် မျက်စိကျိန်းမတတ် တောက်ပသော ရွှေရောင် အလင်းတန်း တစ်ခုသည် ကောင်းကင်ယံမှ ကြယ်တံခွန် တစ်ခုပမာ ရုတ်တရက် ပစ်စင်ကျဆင်းလာခဲ့လေသည်။