အခန်း ၃၅
Vol. 3 Ch. 35
အခန်း - ၃၅
ထောင်ခြောက် ကိုးသွယ်တောအုပ် တစ်ခုလုံးရှိ လူများသည် သူတို့၏ ပတ်ဝန်းကျင်၌ ပြင်းထန် ကျယ်လောင်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ် သွားသည်ကိုသာ ကြားလိုက်ကြရသည်။
မြေကြီးပေါ်သို့ ကျရောက်သွားသည့် နေရာ မှစ၍ အားကောင်းသော အရှိန်အဝါ တစ်ခုနှင့်အတူ တောက်ပသော ရွှေရောင် အလင်းတန်းတစ်ခုသည် အပြင်ဘက်သို့ ဖြာထွက် သွားခဲ့တော့သည်။ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သော တုန်ခါမှု လှိုင်းများသည် ရေလှိုင်းများပမာ တလက်လက် တောက်ပလျက် အပြင်ဘက်သို့ ရိုက်ခတ်သွားပြီးနောက် ၎င်း၏ ပြင်းထန်သော အင်အားဖြင့် သစ်ပင်တစ်အုပ်လုံးအား ပြိုလဲသွားစေလေသည်။
"မြန်မြန်လုပ်ကြ အထွတ်အမြတ်သားရဲက မြေပြင်ကို ဆင်းသက်လာပြီ အဲဒီနေရာကို သွားကြစို့"
လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြကာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာရာ နေရာဆီသို့ အရူးအမူး ပြေးလွှားသွားကြတော့သည်။ ခြေတစ်လှမ်း နောက်ကျသွားပါက အခြားသူများမှ လုယူသွားမည်အား အလွန်အမင်း စိုးရိမ် ပူပန်နေကြလေသည်။
သို့သော် ထိုရွှေရောင် အလင်းတန်းကြီး ကောင်းကင်ယံမှ ပစ်စင် ကျဆင်းလာချိန်တွင် ၎င်းသည် ဖုန်းကျို့ ရှိနေသော သစ်ပင်၏ အောက်ခြေတည့်တည့်သို့ ကျရောက်သွားကြောင်းကိုမူ မည်သူကမျှ မသိရှိခဲ့ကြချေ။
အလွန်တရာ အားကောင်းလှကာ လွှမ်းမိုးနိုင်စွမ်း ရှိသော ဖိအားနှင့် တုန်ခါမှုလှိုင်းသည် လူနှစ်ယောက် လက်ဆန့်၍ ဖက်လျှင်ပင် မပတ်မိနိုင်သော သစ်ပင်ကြီးအား ပြင်းထန်စွာ လှုပ်ခါသွားစေပြီး ဘေးဘက်သို့ လဲကျ သွားစေခဲ့ကာ အမြစ်များပါ ကျွတ်ထွက် လုမတတ် ဖြစ်သွားစေခဲ့သည်။
သစ်ပင်ပေါ်တွင် ရှိနေသော ဖုန်းကျိုသည် သဘာဝကျစွာပင် တုန်ခါမှုလှိုင်းကြောင့် သစ်ပင်ပေါ်မှ လွင့်ကျသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ ကျယ်လောင်သော အသံကြီး နှင့်အတူ ဖြစ်ပေါ်လာသည့် တွင်းကြီးထဲသို့ လိမ့်ဆင်း သွားလေတော့သည်။
လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားကြီး၏ ဖမ်းစားမှုအား ခံလိုက်ရသဖြင့် သူမသည် ရုတ်တရက် အသက်ရှူရ ခက်ခဲလာပြီး မွန်းကျပ်လာလေသည်။ တုန်ခါမှုလှိုင်းသည် သူမအား ဖြတ်သန်းသွားချိန်တွင် မျက်နှာပေါ်၌ နာကျင်မှုအား ခံစားလိုက်ရပြီး မျက်လုံးများကိုပင် ဖွင့်မရနိုင်အောင် ဖြစ်သွားရတော့သည်။
"အ့"
မြေတွင်းထဲသို့ ပို၍နက်ရှိုင်းစွာ ကျဆင်းသွားစဉ် သူမ၏ ဗိုက်သည် ထိုးထွက်နေသော အရာတစ်ခုနှင့် ဆောင့်မိသွားခဲ့ကာ နာကျင်စွာ ညည်းတွား လိုက်မိတော့သည်။ သို့သော် ထိုအချိန်မှာပင် ဝန်းရံနေသော ဖိအားများသည် တဖြည်းဖြည်း လွင့်စင် ပျောက်ကွယ် သွားလေတော့သည်။
မွန်းကျပ်နေသော ခံစားချက် လွင့်စင်သွားချိန်တွင် ဖုန်းကျိုသည် နောက်ဆုံး၌ မတ်တတ် ရပ်နိုင်သွားပြီ ဖြစ်ကာ သူမ မတ်တတ်ရပ် လိုက်သောအခါ မြေကြီးထဲမှ ထိုးထွက်နေသည့် အရာမှာ တလက်လက် တောက်ပနေသော ရွှေရောင် ဥကြီး တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဒါ စောစောက ကောင်းကင်က ထူးဆန်းတဲ့ နိမိတ်လက္ခဏာတွေ ကနေလာတဲ့ ဖီးနစ်ဥများလား"
သူမ၏ အကြည့်များတွင် အံ့သြမှုများထက် သိချင်စိတ်နှင့် မေးခွန်းထုတ်ချင်သော အရိပ်အယောင်များသာ စွန်းထင်းနေလေသည်။ ထောင်ခြောက် ကိုးသွယ် တောအုပ်သည် အလွန် ကျယ်ဝန်းလှပြီး ကျစရာ နေရာပေါင်းများစွာ ရှိသည့်တိုင် ဤဥကြီးသည် သူမ၏ ဘေးနား တည့်တည့်သို့ ကျရောက်ရန် ရွေးချယ်ခဲ့သည် မဟုတ်ပါလော။
"ကဲ အခု ငါ့ရှေ့တည့်တည့်ကို ရောက်နေပြီဆိုတော့ ဒါကိုမှ ကောက်မယူရင် နှမြောစရာ ကောင်းမှာပဲ ငါ့ခြေရင်းကို လာကျတယ်ဆိုကတည်းက ဒါဟာ ငါ့အပိုင်ပဲ ဖြစ်ရမယ်"
သူမသည် တစ်ခဏမျှသာ စဉ်းစားလိုက် ပြီးနောက် ထိုဥကြီးအား လက်မောင်းထဲ ပိုက်ကာ သေချာကြည့်ရှု လိုက်လေတော့သည်။ တလက်လက် တောက်ပနေသော ရွှေရောင် အလင်းတန်းများသည် စတင် မှေးမှိန်လာပြီး ဥခွံပေါ်တွင် အစပိုင်း၌ မြင်တွေ့ခဲ့ရသော ရှုပ်ထွေးလှသည့် မှော်သင်္ကေတ စာလုံးများ သည်လည်း ပျောက်ကွယ် သွားသည်ကိုသာ မြင် တွေ့လိုက်ရသည်။
ရွှေရောင် ဖြစ်နေခြင်းနှင့် သာမန် ဥတစ်လုံးထက် အဆပေါင်းများစွာ ကြီးမားနေခြင်း မှလွဲ၍ အခြားသော ထူးခြားမှု တစ်စုံတစ်ရာကို သူမ မတွေ့ရချေ။
ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်ရှုလိုက်သော်လည်း အခြား မည်သူ့ကိုမျှ သူမ မတွေ့ရချေ။ သူမသည် ထိုရွှေရောင်ဥအား သိုလှောင်အိတ် ထဲသို့ ထည့်သိမ်းချင်ခဲ့သော်လည်း အိတ်အား ဖွင့်လိုက်သောအခါ ဥအား အထဲသို့ ထည့်သွင်း၍ မရကြောင်း တွေ့လိုက်ရလေသည်။
ထိုအခါမှသာ သိုလှောင်အိတ်သည် သက်မဲ့ ပစ္စည်းများကိုသာ သိမ်းဆည်းနိုင်ပြီး သက်ရှိအရာများအား ထည့်၍မရကြောင်း သူမ သတိရသွားခဲ့သည်။
ချက်ချင်းပင် သူမသည် ထိုရွှေရောင်ဥကြီးအား အင်္ကျီထဲသို့ ကမန်းကတန်း ထည့်လိုက်ပြီးနောက် သူမ၏ ချီစွမ်းအင်များအား ထုတ်ဖော်ကာ ထူးခြားလှသော ခြေလှမ်းပညာကို အသုံးပြုလျက် ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။
သူမ ထွက်ခွာသွားပြီး တစ်နာရီခန့် အကြာတွင် ပထမဆုံးအဖွဲ့ ရောက်ရှိလာလေသည်။ ထိုမိသားစု အဖွဲ့သည် မြေပြင်ပေါ်ရှိ တွင်းကြီးနှင့် အမြစ်များ ကျွတ်ထွက် လုမတတ် ပြိုလဲနေသော သစ်ပင်ကြီးကိုသာ တွေ့လိုက်ရပြီး အခြား မည်သည့် အရာမျှ မရှိသော ဟာလာဟင်းလင်း ဖြစ်နေသည့် ကွင်းပြင်ကြီးကိုသာ မြင်တွေ့လိုက်ရလေသည်။
"ဘာလို့ ဒီမှာ ဘာမှမရှိရတာလဲ တစ်ယောက်ယောက်က ငါတို့ထက် ခြေတစ်လှမ်း အရင်ဦးသွားတာလား"
လူလတ်ပိုင်းအရွယ် အဖွဲ့ခေါင်းဆောင်သည် အရူးအမူး ပြေးလွှားလာခဲ့ရသဖြင့် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီ ဖြစ်ကာ ရင်ထဲတွင် ပြည့်နှက်နေသော ကြီးမားသည့် မျှော်လင့်ချက်များသည် မြေပြင်ပေါ်ရှိ ဗလာကျင်းနေသော တွင်းကြီးအား ကြည့်ရင်း ဒေါသ အဖြစ်သို့ ရုတ်တရက် ပြောင်းလဲ သွားတော့သည်။
"ဘယ်သူလဲ ငါတို့ထက် ဘယ်သူက ပိုမြန်သွားတာလဲ"
သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် မုရုံယီရွှမ်နှင့် ဖုန်းချင်ကဲတို့သည် အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် ရောက်ရှိ လာကြသည်။ မြေတွင်းကြီးထဲတွင် ဘာမျှမရှိသည်အား တွေ့လိုက်ရသောအခါ မုရုံယီရွှမ်သည် မည်သည့် တုံ့ပြန်မှုကိုမျှ သိပ်မပြသခဲ့သော်လည်း ဖုန်းချင်ကဲ၏ မျက်နှာမှာမူ ချက်ချင်း ပြောင်းလဲသွားလေတော့သည်။
"ဘယ်သူလဲ"
သူမ၏ မလိုမုန်းထားမှုများ ပြည့်နှက်နေသော အကြည့်များသည် အခြားအဖွဲ့ဆီသို့ စူးရှစွာ ကျရောက်သွားပြီး စိတ်မရှည်စွာဖြင့် မေးလိုက်သည်။
"အထွတ်အမြတ်သားရဲ ဘယ်မှာလဲ"
ထိုအချိန်တွင် မုရုံယီရွှမ်သည် သူမ၏ဘေး၌ ရပ်နေပြီး သူမအား စူးစမ်းစွာ ကြည့်ရှုကာ တစ်စုံတစ်ရာအား နက်ရှိုင်းစွာ တွေးတောနေသည်ကို သူမ သတိမထားမိခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် မုရုံယီရွှမ်၏ ရင်ထဲတွင် ဖုန်းချင်ကဲသည် နူးညံ့သိမ်မွေ့ပြီး ချိုသာသော မိန်းကလေး တစ်ဦးဟု မှတ်ယူ ထားသောကြောင့် ဖြစ်သည်။ သူမသည် အခြားသူများ အပေါ်တွင်လည်း ကြင်နာတတ်ပြီး စာနာ နားလည်ပေးတတ် သူ ဖြစ်သည်။ ငယ်စဉ်ကတည်းမှ သူမအား သိကျွမ်းခဲ့သော်လည်း ယခု သူ၏မျက်စိရှေ့မှ မိန်းကလေးကဲ့သို့ မျက်လုံးများထဲတွင် စူးရှသော အငြိုးအတေးများ ပြည့်နှက်နေသည့် မျက်နှာ အမူအရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ဤအချက်ကပင်လျှင် သူ့အား ပြန်လည် စဉ်းစား သုံးသပ်ရန် တွန်းအား ပေးလိုက်လေတော့သည်။