အခန်း ၃၆
Vol. 3 Ch. 36
အခန်း - ၃၆
ဖုန်းချင်ကဲသည် တစ်စုံတစ်ခုအား ခံစားလိုက်ရသည့် အလား ရုတ်တရက် အမြန် လှည့်ကြည့်လိုက်လေရာ နက်ရှိုင်းစွာ တွေးတောနေပုံရသည့် အကြည့်များဖြင့် သူမအား စိုက်ကြည့်နေသော မျက်လုံးတစ်စုံအား ချက်ချင်း မြင်လိုက်ရတော့သည်။ သူမ၏ ရင်ထဲတွင် ထိတ်လန့်သွားပြီးနောက် ကမန်းကတန်း ပြောလိုက်လေသည်။
"အစ်ကိုတော် မုရုံ ညီမ ညီမ အရမ်းစိုးရိမ်သွားလို့ပါ"
မုရုံယီရွှမ်သည် ကျက်သရေရှိစွာ ပြုံးလိုက်ပြီးနောက် သူမအား နူးညံ့သော အသံဖြင့် ပြောလိုက်လေသည်။
"ငါတို့ သူရိယတေဇနိုင်ငံမှာ ရှေးဟောင်း အထွတ်အမြတ် သားရဲ တစ်ကောင် ပေါ်လာတယ် ဆိုတာကတင် ဘယ်သူမှ မမျှော်လင့်ထားနိုင်တဲ့ ကိစ္စပါ သူ့ရဲ့ မြင့်မြတ်တဲ့ အလင်းတန်း မြေပြင်ကို ကျလာတာကို မြင်တွေ့ခွင့်ရတာကလည်း တကယ့်ကို အံ့သြစရာ ကောင်းလှပါပြီ အထွတ်အမြတ်သားရဲ ဆင်းသက်လာတာတဲ့လား တကယ်တော့ ဒီသားရဲကို ငါတို့ ရနိုင်မလားဆိုတာကို အရမ်းကြီး စွဲလမ်းနေစရာ မလိုပါဘူး ဒါတွေအားလုံးက ကံကြမ္မာနဲ့ အခွင့်အရေးက သတ်မှတ်ပေးပြီးသားပါ"
"အင်း အစ်ကိုတော် မုရုံ ပြောတာ မှန်ပါတယ် ချင်ကဲ အရမ်း စိုးရိမ်သွားတာပါ"
သူမသည် ယခင်ကကဲ့သို့ တည်ငြိမ်ပြီး နူးညံ့သိမ်မွေ့သော ပုံစံသို့ ပြန်လည် ပြောင်းလဲသွားကာ သူမ၏ မျက်လုံးများထဲတွင် မုရုံယီရွှမ် အပေါ် လေးစား အားကျမှုများ တစ်ဖန်ပြန်လည် ပြည့်နှက်လာပြီး သူ့အား မော့ကြည့်လိုက်တော့သည်။
"အထွတ်အမြတ်သားရဲက ဘယ်သူ့ဆီမှာလဲ"
ကောင်းကင်ယံ မှနေ၍ ကျယ်လောင်ပြီး အင်အား ပါသော အသံကြီး တစ်သံ ဟိန်းထွက်လာသည်။ ထိုအသံတွင် ဝိညာဉ်စွမ်းအင် များ ပါဝင်နေပြီး တောအုပ်၏ ကျယ်ဝန်းလှသော ဧရိယာ တစ်ခုလုံးတွင် ရှင်းလင်းစွာ ကြားနိုင်ပေသည်။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များ(ချီစွမ်းအင်) နှင့် မတူညီသည့် ဝိညာဉ်စွမ်းအင်၏ လှိုင်းဂယက်အား ရှင်းလင်းစွာ ခံစားလိုက်ရသဖြင့် တွင်းကြီး အနီးတွင် ရပ်နေသော လူများ အားလုံးသည် ထိတ်လန့်သွားကြကာ ခေါင်းမော့ ကြည့်လိုက်ကြရာတွင် ကောင်းကင်ယံတွင် လေပေါ် ပျံသန်းနိုင်သော ဝိဉာဉ် ပစ္စည်း တစ်ခုပေါ်၌ ရပ်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရလေသည်။
သူသည် လက်နှစ်ဖက်အား နောက်ပစ်ထားကာ မြင့်မားသော နေရာမှနေ၍ သူတို့အား စိုက်ကြည့်နေခဲ့သည်။ ထိုကျင့်ကြံသူ၏ အရှိန်အဝါသည် ချက်ချင်း ဆိုသလို ပေါက်ကွဲ ထွက်လာပြီးနောက် အောက်ခြေရှိ လူများအား ဖုံးလွှမ်းသွားတော့သည်။
အောက်ခြေရှိ လူများသည် ကြီးမားလှသော တောင်တန်းကြီး တစ်ခုမှ သူတို့အပေါ်သို့ ရုတ်တရက် ဖိချလိုက်သကဲ့သို့ ရင်ဘတ်ပေါ်သို့ ကျောက်တုံးကြီး တစ်တုံး ကျရောက်လာသကဲ့သို့ ထူထဲ လေးလံသော ဖိအားကြီးအား ခံစားလိုက်ရကာ အသက်ရှူရ ခက်ခဲသွားကြလေသည်။
၎င်းတို့၏ ခြေထောက်များသည် ကြီးမားလှသော ဖိအား အောက်တွင် ယိုင်လဲလုမတတ် ဖြစ်နေကြပြီး မကြာမီ ဒူးထောက်ကျသွားမည့် အခြေအနေသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
အမှန်တကယ်တွင် ကျင့်ကြံမှု အားနည်းသော သူများသည် အထက်မှ ကျဆင်းလာသော လွှမ်းမိုးနိုင်စွမ်းရှိသည့် ဖိအားကြောင့် ပြိုလဲသွားကြပြီး ဒူးထောက်ကျသွားကာ ရင်ဘတ်ထဲမှ သွေးများ ဆူပွက်လာခဲ့ကာ ပါးစပ်ထောင့်များမှ သွေးများ စိမ့်ထွက်လာကြလေသည်။
အားကောင်းလှသော ဖိအားကြောင့် ဖုန်းချင်ကဲ၏ နဖူးမှ ချွေးအေးများ စီးကျလာပြီး မျက်နှာမှာ ဖြူရော်သွားခဲ့ကာ ခြေထောက်များ အားပျော့သွားသဖြင့် မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားရလေသည်။
သူမ၏ဘေးတွင် ရပ်နေသော မုရုံယီရွှမ်သည် သူမအား လက်မောင်းဖြင့် ဖေးမ ကိုင်တွယ်ထားပြီး သူမ၏ သွေးများ ဆူပွက် မလာစေရန်အတွက် နှလုံးသွေးကြောများကို ကာကွယ်နိုင်ရန် အတွက် သူ၏စွမ်းအင်များအား ထုတ်ဖော် အသုံးပြုလိုက်ရတော့သည်။
"စီနီယာ ကျွန်တော့်ကို အသေးစိတ် ရှင်းပြခွင့်ပြုဖို့ အတွက် စီနီယာရဲ့ ဖိအားတွေကို အရင် ရုပ်သိမ်းပေးလို့ ရနိုင်မလားခင်ဗျာ"
မုရုံယီရွှမ်သည် လေထဲရှိ လူလတ်ပိုင်းအရွယ် အမျိုးသားအား မော့ကြည့်နေစဉ် ပတ်ဝန်းကျင် နေရာများမှ လူအနည်းငယ် ထပ်မံ ရောက်ရှိလာသည်ကို သတိပြုမိလိုက်တော့သည်။ အချို့သည် ဓားပျံများအား စီးနင်းလာကြပြီး အချို့မှာ ပျံသန်းနိုင်သော သားရဲများပေါ်တွင် စီးနင်းလာကြကာ အချို့ကမူ ပျံသန်းနိုင်သော မှော်ရတနာများပေါ်တွင် ရပ်နေကြသည်ကို သူ တွေ့လိုက်ရသည်။
"ဘာ အထွတ်အမြတ်သားရဲက ပျောက်သွားပြီလား"
ဘေးနားရှိ သက်ကြီးပိုင်း ကျင့်ကြံသူ တစ်ဦးသည် အောက်ဘက်ရှိ မြင်ကွင်းအား မျက်လုံး ဝေ့ကြည့်လိုက်ရင်း အံ့အားသင့်ဟန်ဖြင့် ပြောလိုက်လေသည်။
သူ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သူ၏ဖိအားများကို ထုတ်ဖော်ထားသော လူလတ်ပိုင်းအမျိုးသားအား စိုက်ကြည့်ကာ ပြောလိုက်တော့သည်။
"မင်းရဲ့ ဖိအားတွေကို ရုပ်သိမ်းလိုက်ပြီး အောက်က ကလေးပြောတာကို နားထောင်ကြည့်ရအောင် ကဲ အထွတ်အမြတ်သားရဲကို ဘယ်သူ ယူသွားတာလဲ အခု ပြောစမ်း"
ထို သက်ကြီးပိုင်း ကျင့်ကြံသူ၏ စကားကြောင့် ဖြစ်နိုင်သလို အောက်ဘက်တွင် ရပ်နေသော မုရုံယီရွှမ်သည် မောက်မာလွန်းခြင်း မရှိသလို အလွန်အမင်း နှိမ့်ချလွန်းခြင်းလည်း မရှိသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ လူလတ်ပိုင်းအမျိုးသားသည် သူ၏ဖိအားများအား ရုပ်သိမ်းလိုက်ပြီးနောက် ပြောလိုက်သည်။
"မင်းသိသမျှ အကုန်ပြောစမ်း"
ဖိအားများ လွင့်စင်သွားသည်နှင့် တစ်ပြိုင်နက် အောက်ခြေရှိ လူများသည် ရင်ဘတ်ပေါ်မှ ကျောက်တုံးကြီးများ ဖယ်ရှားခံာလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူ နိုင်သွားကြသဖြင့် နောက်ဆုံးတွင် သက်သာရာ ရသွားကြတော့သည်။
ဤကဲ့သို့ စွမ်းရည် မြင့်မားလှသော ကျင့်ကြံသူများနှင့် ရင်ဆိုင်ရချိန်တွင် အောက်ခြေရှိ မည်သူကမျှ သူတို့အပေါ် ရိုသေမှုကင်းမဲ့စွာ မဆက်ဆံရဲကြချေ။
မုရုံယီရွှမ်သည် လက်နှစ်ဖက်အား ဆုပ်ကိုင်လျှက် ကောင်းကင်ပေါ်ရှိ ကျင့်ကြံသူ စီနီယာများအား ဦးညွှတ် အရိုအသေ ပေးလိုက်ပြီးနောက် ပြောလိုက်လေသည်။
"လေးစားရပါသော စီနီယာအရှင်တို့ ကျွန်တော်တို့ ဒီကို အပြေးအလွှား ရောက်လာချိန်မှာ အထွတ်အမြတ် သားရဲက ဒီမှာ မရှိတော့ပါဘူး ပြီးတော့ ဘယ်သူ ယူသွားလဲ ဆိုတာကိုလည်း ကျွန်တော် မသိပါဘူး ကျွန်တော် အခုပြောသွားတဲ့ စကားတိုင်းဟာ အမှန်တရားတွေချည်းပါပဲ ကျွန်တော့်ကို မယုံဘူးဆိုရင် ဟိုဘက်က လူကြီးမင်းတွေကို မေးကြည့်နိုင်ပါတယ် သူတို့က ကျွန်တော်တို့ထက် ခြေတစ်လှမ်း အရင် ရောက်လာခဲ့တာပါ"
သူ၏ မျက်လုံးများသည် အခြားလူ အုပ်စု တစ်စုဆီသို့ ကြည့်လိုက်လေရာ ထိုလူများသည် စောစောပိုင်းတွင် လူလတ်ပိုင်း အမျိုးသား၏ ဖိအားများကြောင့် ထိတ်လန့် တုန်လှုပ်နေကြပြီး ဖြစ်သည့်အတွက် မည်သည့် အရာကိုမျှ ဖုံးကွယ်ထားရဲခြင်း မရှိကြချေ။
"ဟုတ် ဟုတ်ပါတယ် တကယ်ပါ ကျွန်တော်တို့ ဒီကိုရောက်လာတော့ အထွတ်အမြတ်သားရဲကို မတွေ့ရပါဘူး အထွတ်အမြတ်သားရဲ ဘယ်ရောက် သွားလဲဆိုတာကိုလည်း ကျွန်တော်တို့ မသိပါဘူး တကယ်လို့ ကျွန်တော်တို့ဆီမှာသာ အထွတ်အမြတ်သားရဲ ရှိနေရင် ဒီက လေးစားရပါတဲ့ စီနီယာတွေကို လုံးဝ ဖုံးကွယ်ထားရဲမှာ မဟုတ်ပါဘူး"
[မသေမျိုး ကျင့်ကြံသူတွေ ဒီလူတွေက တကယ့်ကို မသေမျိုး ကျင့်ကြံသူတွေပဲ သူတို့မှာ အသက်တစ်ရာ ရှိနေရင်တောင် မသေမျိုး ကျင့်ကြံသူ တစ်ယောက်ကို ဘယ်တော့မှ လိမ်ပြောရဲမှာ မဟုတ်ဘူး]
ထိုအချိန်တွင် လေထဲမှ အခြား လူလတ်ပိုင်း အမျိုးသားတစ်ဦး၏ အကြည့်များသည် မုရုံယီရွှမ်၏ ပုံပန်းသဏ္ဍာန်ဆီသို့ စူးစိုက် ကျရောက်နေပြီး သူ၏ အမူအရာသည် သာမန် မဟုတ်ကြောင်း သတိပြုမိသွားကာ မေးလိုက်လေသည်။
"မင်းက ဘယ်သူလဲ"