← Chapters

အခန်း ၃၉

Vol. 3 Ch. 39

အခန်း ၃၉

Vol. 3 Ch. 39

အခန်း (၃၉)

"ကျွီ ကျွီ ကျွီ"

သူမ၏ ပတ်ပတ်လည် အရပ် လေးမျက်နှာ စလုံးတွင် မြေကြွက် အကောင်လေးဆယ် ငါးဆယ်ခန့်က ဝိုင်းရံထားကြပြီး ၎င်းတို့ တစ်ကောင်ချင်းစီတိုင်းမှာ ဧရာမ အရွယ်အစားကြီးများ ဖြစ်နေကြသည်။ ထိုအချိန်တွင် ၎င်းတို့အားလုံးသည် သူမအား ဝိုင်းရံထားကြကာ တစ်ကောင်ပြီး တစ်ကောင် သူမအား စိုက်ကြည့်လျှက် အဆက်မပြတ် စူးရှစွာ အော်ဟစ်နေကြလေသည်။

သူမသည် လက်ရှိ ပိုင်ဆိုင် ထားသော စွမ်းအားများဖြင့် ဤကြပ်တည်း ခက်ခဲလှသော အခြေအနေဆိုးကြီး ထဲမှ လွတ်မြောက်အောင် မည်သို့ လုပ်ဆောင်ရမည်နည်း။

ဤမြေကြွက် အကောင်လေးဆယ် ငါးဆယ်လုံးအား သတ်ပစ်ရမည်လား။ ဤမြေကြွက်များမှာ သိသာ ထင်ရှားစွာပင် မျိုးဗီဇ ပြောင်းလဲနေသော အကောင်ကြီးများ ဖြစ်ကြလေရာ ၎င်းတို့အား သုတ်သင် ရှင်းလင်းရန်မှာ ထိုမျှလောက် လွယ်ကူလိမ့်မည် မဟုတ်ချေ။

သူမ၏ ရွေးချယ်စရာ လမ်းကြောင်းများအား တွေးတောနေစဉ်မှာပင် ဘေးဘက်မှ ပြင်းထန်သော လေပြင်း တစ်ချက် တိုက်ခတ်လာသည်ကို ခံစားလိုက်ရလေသည်။ ထို့နောက် ဘယ်ဘက် မှနေ၍ 'ကျွီ' ကနဲ အော်ဟစ်လျှက် သူမထံသို့ ခုန်အုပ် လာသော မြေကြွက် တစ်ကောင်အား မြင်လိုက်ရတော့သည်။

သူမသည် ခန္ဓာကိုယ် အနှံ့အပြားမှ ဆုတ်ဖြဲခံရမတတ် နာကျင်ကိုက်ခဲမှုများအား စိတ်ထဲမှ မောင်းထုတ်လိုက်ပြီးနောက် မျက်ဝန်းများအား ခိုင်မာပြတ်သား စေလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် ဓားမြှောင်အား ဆုပ်ကိုင်ထားသော သူမ၏ လက်အား လွှဲယမ်းလျှက် သူမ၏ အကြည့်များသည်လည်း ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်တော့သည်။

နက်နဲဆန်းကြယ်လှသော ချီစွမ်းအင် အငွေ့အသက်များဖြင့် မှိန်ပျပျ အနီရောင် အလင်းတန်းသည် ထက်မြက်လှသော ဓားမြှောင်ပေါ်တွင် ဖုံးလွှမ်းသွားခဲ့ကာ တိုက်ခိုက်လာသော မြေကြွက် ထံသို့ ရည်ရွယ်ကာ လေထုအား 'ရွှမ်း' ကနဲ မြည်သံနှင့်အတူ ဦးတည်ကာ ခုတ်ပိုင်းချ လိုက်တော့သည်။

ထိုအချိန်မှာပင် ကျန်ရှိနေသော မြေကြွက် အကောင် လေးဆယ် ငါးဆယ်ခန့်မှ စူးစူးဝါးဝါး အော်ဟစ်လိုက်ကြကာ သူမထံသို့ တစ်ပြိုင်နက်တည်း ခုန်အုပ်လာကြ ပြီးနောက် သူမအား အပြည့်အဝ ဝိုင်းရံထားလျက် ကိုက်ခဲ ကုတ်ခြစ်ကြတော့သည်။

"အားးး"

ပြင်းထန်လှသော နာကျင်မှုကြောင့် သူမ အော်ဟစ် လိုက်မိတော့သည်။ သို့သော် မြေကြွက် အကောင်လေးဆယ် ငါးဆယ်ခန့်မှ သူမအား ကိုက်ခဲ ဆွဲဖြဲနေကြသည့် တိုင်အောင် သူမ၏ ခုတ်ပိုင်း နေသော ဓားမြှောင်၏ အရှိန်အဟုန်မှာ အနည်းငယ်မျှပင် လျော့ကျသွားခြင်း မရှိချေ။

ထိုအခိုက်အတန့်တွင် သူမသည် သေမင်းတမန် လူဝင်စား တစ်ဦး ပမာ အော်ဟစ်နေပြီး သူမ၏ ခန္ဓာကိုယ်မှ လှည့်ပတ်ကာ ဓားမြှောင်အား လျှပ်စီး လက်သကဲ့သို့ လျင်မြန်စွာ လွှဲယမ်း ခုတ်ပိုင်းလျက် ထိုးစိုက်လိုက် ပြန်ဆွဲ နုတ်လိုက် လုပ်ဆောင်နေခဲ့သည်။ ထိုအချိန်တွင် သူမ၏ စိတ်ထဲ၌ ဖြည့်ဆည်း ထားသော တစ်ခု တည်းသော အတွေးမှာ အသက် ရှင်သန်ရန်သာ ဖြစ်သည်။

"ကျီ"

"ကျွီ ကျွီ"

မြေပြင်ပေါ်တွင် လဲကျ သေဆုံးနေသော မြေကြွက် အလောင်း အရေအတွက်မှာ တစ်စတစ်စ ပိုမို များပြားလာခဲ့ကာ ကျန်ရှိနေသော အကောင်များမှာ သူမအနီးသို့ အရမ်းကပ်ရန် မဝံ့မရဲ ဖြစ်လာ ကြတော့သည်။

မြေကြွက်များ၏ အလောင်းများမှာ သူမ၏ ပတ်ပတ်လည်တွင် တောင်ပူစာလေး တစ်ခုသဖွယ် စုပုံနေပြီ ဖြစ်ကာ မှောင်မိုက် ကျဉ်းမြောင်းသော နေရာလေး အတွင်း၌ သွေးညှီနံ့ အပြင်းစားကြီးသည် အလွန်အမင်း ထောင်းလမောင်းထလျက် လွှမ်းခြုံနေခဲ့တော့သည်။

သူမ ဖုန်းကျိုမှာမူ တစ်ကိုယ်လုံးတွင် သူမ၏ ကိုယ်ပိုင်သွေးများနှင့် မြေကြွက်များ ထံမှ သွေးများ ရောယှက်လျှက် တစ်စက်စက် ကျဆင်းနေသော သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

"လာလေ ငါ့ဆီကို ထပ်မခုန်အုပ်ကြတော့ဘူးလား"

သူမ၏ ရေခဲတမျှ အေးစက်နေသော လေသံတွင် နတ်ဆိုးဆန်သော စိန်ခေါ်မှုများ အပြည့်အဝ ရောယှက်နေပြီး တဖြည်းဖြည်း နောက်ဆုတ် သွားကြသော ထိုမြေကြွက်များထဲမှ တစ်ကောင် ချင်းစီတိုင်းအား သူမ၏ အကြည့်များဖြင့် ဝေ့ဝဲ ကြည့်ရှု လိုက်လေတော့သည်။

သူမ၏ တစ်ကိုယ်လုံးတွင် သွေးဆာနေသော လူသတ်ငွေ့များ တောက်လောင်နေလျှက် ရှိကာ သူမ၏ သွေးသံရဲရဲ ဖုံးလွှမ်းနေသော ပုံစံသည် သူတို့၏ အသက်ဝိညာဉ်များအား လာရောက် ရယူမည့် သွေးစွန်းနေသော သေမင်းတစ်ပါးနှင့် တစ်ထပ်တည်း တူညီနေစေလေသည်။

သူမ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေခဲ့သော ထိတ်လန့်ဖွယ် ကောင်းလှသည့် သွေးဆာနေမှုကြီး တစ်ခုတည်းသည်ပင်လျှင် ကျန်ရှိနေသော မြေကြွက်များအား ရှေ့သို့ တစ်လှမ်းမျှ မတိုးဝံ့တော့ လောက်အောင် အလွန်အမင်း ကြောက်လန့် သွားစေရန် လုံလောက်နေခဲ့သည်။

"အရမ်း ကြောက်သွားကြပြီလား ဟက် ငါ သတ်လို့ မဝသေးဘူးကွ"

သူမ၏ အငြိုးအတေး ကြီးလှသော အသံ ရပ်တန့်သွားသည့် တစ်ခဏချင်းမှာပင် သူမ၏ ခန္ဓာကိုယ်သည် ချက်ချင်း ရွေ့လျား သွားခဲ့လေသည်။ ထက်မြက်လှသော ဓားမြှောင်သည် အေးစက်စက် တောက်ပ နေလျက် ရှိကာ အခြားသော မြေကြွက် တစ်ကောင်ထံသို့ ထိုးစိုက် ဝင်ရောက်သွားတော့သည်။ ဓားမြှောင် ရွေ့လျားသွားသော အံ့မခန်း အရှိန်အဟုန်မှာ ထိုအကောင်အား ရှောင်တိမ်းရန် အခွင့်အရေးပင် မပေးခဲ့ချေ။

"ကျွီ"

သနားစဖွယ် စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာပြီးနောက် နွေးထွေးသော သွေးများ စီးကျလာခဲ့ကာ နောက်ထပ် မြေကြွက် တစ်ကောင်မှာ ဓားမြှောင်၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရပြန်သည်။

"ကျွီ ကျွီ"

အရေအတွက် ဆယ်ကောင်ကျော်ကျော်ခန့်သာ ကျန်ရှိတော့သော မြေကြွက်များမှာ အသံကျယ်လောင်စွာ စူးစူးဝါးဝါး အော်ဟစ်လိုက်ကြကာ ဥမင် လှိုဏ်ခေါင်းများ မှတစ်ဆင့် ထိတ်လန့်တကြား ထွက်ပြေး သွားကြတော့သည်။

သူမသည် ဥမင်လှိုဏ်ခေါင်းများအား တစ်ခဏမျှ စိုက်ကြည့်ရင်း သူမ၏ နှုတ်ခမ်းကို ဖိကိုက် ထားလိုက်မိသည်။ ၎င်းနောက် လေပြင်း အေးအေးလေး တိုက်ခတ်လာသည်ဟု ခံစားရသော လမ်းကြောင်းဆီသို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းသွားလေရာ သူမ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် ခြေရာများ ထင်ကျန်ရစ်ခဲ့ပြီး ခြေရာတိုင်း နှင့်အတူ သွေးတစ်စက်စီ ချန်ရစ်ထားခဲ့လေသည်။

သူမသည် တစ်နာရီ နီးပါးခန့် လမ်းလျှောက် လာခဲ့ပြီးနောက် ပထမဆုံး ကြားလိုက်ရသည့် အသံမှာ စီးဆင်းနေသော ရေအသံ ဖြစ်ပြီး ထိုနောက်တွင် တဖြည်းဖြည်း လင်းလက်လာသော အလင်းတန်း တစ်ခုအား မြင်တွေ့လိုက်ရတော့သည်။

ရေရှိနေခြင်းကြောင့် ပတ်ဝန်းကျင် လေထုမှာ အတော်လေး စိုစွတ်နေခဲ့သည်။ သူမသည် ခြေလှမ်းတိုင်းတွင် အံတင်းတင်း ကြိတ်ထားလျှက် မခံမရပ်နိုင်လောက်အောင် ဖြစ်နေသော နာကျင်မှုများအား ကြိတ်မှိတ် သည်းခံရင်း စီးဆင်းနေသော ရေစီးကြောင်းထံသို့ ရောက်ရှိသည် အထိ တစ်လှမ်းပြီး တစ်လှမ်း လျှောက်လှမ်း လာခဲ့တော့သည်။

၎င်းမှာ အောက်ခြေကို မမြင်ရလောက်အောင် နက်ရှိုင်းသော ရေကန်ကြီးတစ်ခု ဖြစ်သော်လည်း ရေမှာမူ ပုံဆောင်ခဲလေးများပမာ ကြည်လင်နေလေသည်။ ရေကန်မှာ လှုပ်ရှား စီးဆင်းနေသော်လည်း မည်သည့်နေရာသို့ စီးထွက်သွားသည်ကိုမူ မသိရှိရပေ။

ဤနေရာမှ သူမ မြင်တွေ့နိုင်သော အခြား လမ်းကြောင်းများ မရှိတော့ချေ။ စောင်းလျားနေသော အလင်းတန်းများမှာ သူမ ခေါင်းအထက်မှ ဆင်းသက် လာခြင်း ဖြစ်ကာ သူမသည် နက်ရှိုင်းသော ချောက်ကမ်းပါးကြီး တစ်ခု၏ အောက်ခြေတွင် ရောက်နေသကဲ့သို့ ထင်မှတ်လိုက်ရသည်။

မတ်စောက်သော နံရံကြီးများ တစ်လျှောက် ရေများသည် စီးကြောင်းငယ်လေးများ အဖြစ် စီးကျနေစဉ် ထိုနံရံများပေါ်တွင် အစိမ်းရောင် ရေညှိများနှင့် ရေမှော်ပင်များ ဖုံးလွှမ်းနေလျှက် ရှိကာ နွယ်ပင်များသည်လည်း တွဲလောင်း ကျနေကြသည်။

သူမသည် ၎င်းတို့အား တစ်ချက်မျှ ကြည့်လိုက် ပြီးနောက် သူမ၏ အကြည့်များအား ပြန်လွှဲ လိုက်လေတော့သည်။ ယခုအချိန်တွင် သူမ လုပ်ဆောင်ရန် လိုအပ်နေသည်မှာ ဤနေရာမှ ထွက်ခွာသွားရန် မဟုတ်ဘဲ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများနှင့် ထိခိုက်မှုများ အတွက် ဂရုစိုက်ရန်ပင် ဖြစ်သည်။

အကယ်၍ မြေကြွက်များထံမှ ရရှိထားသော ထို အကိုက်ခံရမှုများနှင့် ကုတ်ခြစ်ခံရမှုများအား မကုသဘဲထားပါက ၎င်းတို့သည် ပိုးဝင်ပြီး ပြည်တည် လာကြပေလိမ့်မည် ဖြစ်သည်။ ကံကောင်း ထောက်မစွာဖြင့် သူမသည် ဤ ကြည်လင်နေသော ရေကန်ကြီးအား အမှတ်မထင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

သူမသည် ခန္ဓာကိုယ်ပေါ်မှ သွေးများ ရွှဲနစ်နေသော အဝတ်အစားများအား ချွတ်ချလိုက်ပြီးနောက် ရွှေရောင် ဥကြီးအား ဘေးတစ်ဖက်တွင် ဂရုတစိုက် ချထား လိုက်လေတော့သည်။ ၎င်းနောက် ကြည်လင် အေးမြသော ရေများဖြင့် သူမ၏ ဒဏ်ရာများအား ဆေးကြော သန့်စင်ခွင့်ပေးရန် အတွက် ကန်ရေပြင် အတွင်းသို့ ဆင်းသက် သွားတော့သည်။

All Chapters