အခန်း ၄၀
Vol. 3 Ch. 40
အခန်း - ၄၀
ရေကန်၏ အေးစက်စက် အအေးဒဏ်နှင့် သူမခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ နာကျင်မှုတို့ကြောင့် ဖုန်းကျို မျက်မှောင်ကြုတ် လိုက်မိသည်။ သို့သော် ကနဦး နာကျင်မှုများ အပြီးတွင်မူ နွေးထွေးသော ရေစီးကြောင်းလေး တစ်ခုသည် သူမ၏ နွမ်းနယ်နေသော ခန္ဓာကိုယ်အား ညင်သာစွာ ဆေးကြော ပေးလိုက်သကဲ့သို့ သက်တောင့်သက်သာရှိပြီး သာယာသော ခံစားမှုတစ်ခု ဝင်ရောက်လာခဲ့တော့သည်။
[နွေးထွေးတဲ့ စီးဆင်းမှုလား]
အေးစက် နေရမည်ဖြစ်သော ရေထဲရှိ သူမ၏ ခန္ဓာကိုယ်အား ချက်ချင်း မျက်လုံး ဖွင့်ကြည့်လိုက်မိသည်။ ထိုအချိန်တွင် ရေပြင်ပေါ်၌ မှေးမှိန်သော အငွေ့အသက် တစ်ခုအား သူမ သတိထားမိ လိုက်သလိုပင် ဖြစ်နေချေသည်။
[ချီစွမ်းအင် မဟုတ်ဘူး ဒါပေမဲ့ စစ်မှန်ပြီး သန့်စင်တဲ့ ဝိညာဉ် စွမ်းအင်တွေပဲဟ]
မှေးမှိန်သော ဝိညာဉ်စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်နေသည့် ရေကန်အား ကြည့်ရင်း သူမ အရင်တွင် ကြုံတွေ့ခဲ့ရသော တွင်းအောင်း ကြွက်ကြီးများအား ပြန်တွေးမိလိုက်တော့သည်။
[ဒီရေကန်ထဲက ဝိညာဉ်စွမ်းအင်တွေကြောင့်များ သူတို့ ဒီလောက် ကြီးမားပြီး သန်မာနေခဲ့တာများလား]
[ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ ဘာလို့ ဒီလောက် သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်တွေ ရှိနေရတာလဲ]
သူမ အတွေးနက်နေစဉ် ရေကန်ဘေး အမြင့်တစ်နေရာတွင် တင်ထားခဲ့သော ရွှေရောင်ဥလေးမှာ ရုတ်တရက် အနည်းငယ် လှုပ်ရှားသွားခဲ့ကာ မည်သည့် ကြိုတင် သတိပေးမှုမျှ မရှိဘဲ ရေကန်ထဲသို့ လိမ့်ကျလာတော့သည်။
'ဗွမ်း'
ရွှေရောင်ဥသည် ရေထဲသို့ ပြုတ်ကျသွားပြီးနောက် ရေအောက်သို့ လျင်မြန်စွာ နစ်မြုပ်သွားတော့သည်။ အံ့သြ တုန်လှုပ်သွားမှု နှင့်အတူ သူမသည် သိုလှောင်အိတ် နှင့် ဓားမြှောင်အား ဆတ်ခနဲ ဆွဲယူလိုက်ကာ ရေအောက်သို့ အလျှင်အမြန် ငုပ်ဆင်းလိုက်လေတော့သည်။
ရေအောက်တွင် မျက်လုံး ဖွင့်ထားရင်း ရွှေရောင်ဥလေး တဖြည်းဖြည်း နစ်မြုပ်သွားသည်ကိုသာ သူမ မြင်တွေ့နေရသည်။ သို့သော် ပိုမို နက်ရှိုင်းသွားသည် နှင့်အမျှ ကြည်လင်နေသော ရေကန်မှာ အမြင်အာရုံဖြင့် ထိုးဖောက် မမြင်နိုင်လောက်အောင် မှောင်မိုက် လာခဲ့ကာ နက်နဲသော လျှို့ဝှက်ချက်များ ပြည့်နှက်နေသည့် အဆုံးမဲ့ တွင်းနက်ကြီး တစ်ခုနှင့် တူလာသည်ကို သူမ တွေ့လိုက်ရတော့သည်။
ပို၍ အောက်သို့ ရောက်အောင် ဆင်းသွားပါက သူမ၏ အသက်ရှူနိုင်စွမ်း ခံနိုင်တော့မည် မဟုတ်သကဲ့သို့ ပိုနက်သည့် နေရာသို့ ရောက်သွားလျှင် မည်သို့သော အရာများနှင့် ကြုံတွေ့ရမည်ကိုလည်း မသိနိုင်သဖြင့် သူမ စိုးရိမ်လာခဲ့ကာ အောက်သို့ ငုပ်ဆင်းသည့် အရှိန်အား မြှင့်လိုက်တော့သည်။ အနီးသို့ ရောက်သွားသည်အား မြင်သောအခါ သူမသည် လက်လှမ်း၍ ဥအား ဆွဲဖမ်းလိုက်ပြီးနောက် ရင်ခွင်ထဲ ထွေးပိုက် ထားလိုက်တော့သည်။
ဥအား ပွေ့ယူပြီးနောက် ရေပြင်ပေါ်သို့ ပြန်တက်ရန် ပြင်လိုက်ချိန်တွင် မှောင်မိုက်နေသော အောက်ခြေ နက်ရှိုင်းသည့် နေရာ၌ ရေညှိများ ဖုံးလွှမ်းနေသော ကျောက်တံခါးတစ်ချပ်အား သူမ ရုတ်တရက် လှမ်းမြင်လိုက်ရလေသည်။
စိတ်ရှုပ်ထွေးသွားနေသည့်တိုင် အသက်ဆက်မရှူဘဲ မနေနိုင်တော့သဖြင့် သူမ စူးစမ်းချင်စိတ် မဖြစ်နိုင်တော့ဘဲ လက်နှင့် ခြေထောက်များအား အသုံးပြုကာ ရေပေါ်သို့ အလျှင်အမြန် ကူးတက်ရန် ပြင်လိုက်တော့သည်။ ထိုအချိန်မှာပင် ရေကန်အောက်ခြေရှိ ကျောက်တံခါးကြီးသည် 'ကျွီ' ခနဲ ပွင့်သွားခဲ့သည်။
ထိုတံခါးနောက်ကွယ်မှ အလွန် ပြင်းထန်လှသော စုပ်ယူအား တစ်ခု ထွက်ပေါ်လာပြီးနောက် ရေကန် အောက်ခြေသည် ရေဝဲကြီး တစ်ခုကဲ့သို့ ရေအားလုံးအား တံခါးဆီသို့ စုပ်ယူသွားလေရာ သူမပါ ထိုရေစီးကြောင်းနှင့်အတူ အောက်သို့ ပါသွားလေတော့သည်။
"အ့"
ရေအောက်မှ အလွန်အားပြင်းသော စုပ်ယူမှု အတွင်း ပိတ်မိသွားသဖြင့် ရုတ်တရက် ထဖြစ်လာသော ရေဝဲကြီး နှင့်အတူ ချာချာလည်ကာ တံခါးထဲသို့ စုပ်ယူခံလိုက်ရခြင်းမှ သူမ ရှောင်လွှဲနိုင်ခြင်း မရှိခဲ့ပေ။
သို့သော် ရေ၏ ကြီးမားလှသော ဖိအားနှင့် အပြင်းအထန် လည်ပတ်နေသော ရေဝဲကြီးထဲ ပိတ်မိသွားမှုကြောင့် သူမ၏ ရင်ဘတ်ထဲမှ နှလုံးသွေးများ ရုတ်တရက် ပွက်အန် ထွက်လာခဲ့ကာ ပါးစပ် မှတစ်ဆင့် အန်ချလိုက်မိလေသည်။
ထိုသွေးအများစုသည် သူမ တင်းကျပ်စွာ ပွေ့ဖက်ထားသော ရွှေရောင်ဥပေါ်သို့ အတိအကျ ကျဆင်းသွားတော့သည်။ သို့သော် သူမ အန်ချလိုက်သော နှလုံးသွေးများအား ရွှေရောင်ဥမှ စုပ်ယူသွားသည်ကို သူမ မမြင်လိုက်ရခင်မှာပင် သူမ၏ မျက်လုံးရှေ့၌ အရာအားလုံး အမှောင်အတိ ကျသွားပြီးနောက် သတိလစ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်ဥသည် မှေးမှိန်သော ရွှေရောင် အလင်းတန်းများ စတင် ထွက်ပေါ်လာခဲ့ကာ ပျောက်ကွယ် သွားခဲ့ဖူးသော ဥခွံပေါ်ရှိ ရှုပ်ထွေးလှသော သင်္ကေတများသည် ရွှေရောင် အလင်း နှင့်အတူ ဥခွံ အပြင်ဘက်သို့ ပြန့်နှံ့ကာ ပြန်လည်၍ ပေါ်ပေါက်လာတော့သည်။
မည်သူမျှ မမျှော်လင့် ထားသောအရာမှာ လက်သီး ဆုပ်နှစ်လုံးစာခန့်သာ ရှိခဲ့သော ရွှေရောင်ဥသည် ရွှေရောင် အလင်းတန်းများ အောက်တွင် တဖြည်းဖြည်း ကြီးထွားလာခြင်းပင် ဖြစ်သည်။ ၎င်းသည် ဖုန်းကျို၏ လက်ထဲတွင် ရှိနေဆဲဖြစ်သော်လည်း ယခုအခါ ဖရဲသီးကြီး တစ်လုံးစာခန့် အရွယ်အစား ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဖုန်းကျို၏ မျက်ခုံး နှစ်ခုကြား တည့်တည့်တွင် နီရဲနေသော မီးဖီးနစ် သင်္ကေတတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုသင်္ကေတ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ ခန္ဓာကိုယ်သည် ရွှေရောင် အလင်းတန်းထဲတွင် ရုတ်တရက် လွှမ်းခြုံသွားခဲ့ကာ ခန္ဓာကိုယ်ပေါ်ရှိ မြောက်မြားစွာသော ဒဏ်ရာများသည် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပိတ်သွားကာ သက်သာ ပျောက်ကင်းသွားတော့သည်။
ကျယ်လောင်သော ရိုက်ခတ်သံကြီး ထွက်ပေါ်လာခဲ့သည်။ အားပြင်းသော ရေဝဲ၏ ဆွဲသွင်းခြင်းခံခဲ့ရသော ဖုန်းကျိုသည် မြေပြင်ပေါ်သို့ တိုက်ရိုက် ပစ်ချခံလိုက်ရပြီးနောက် ရေဝဲထဲမှ ရေများသည် သူမခန္ဓာကိုယ်ပေါ်သို့ ပက်ဖျန်းသွားခဲ့သည်။ ရိုက်ခတ်မှုနှင့် စူးရှသော နာကျင်မှုကြောင့် သူမ သတိ ပြန်လည်လာပြီးနောက် နိုးလာခဲ့တော့သည်။
သူမ ဖြည်းညင်းစွာ မျက်လုံး ဖွင့်ကြည့် လိုက်သောအခါ တောက်ပလှသော ရွှေရောင် အလင်းတန်းကြောင့် မျက်စိကျိန်းမတတ် ဖြစ်သွားရတော့သည်။
'ခလွက်'
ကြည်လင် ပြတ်သားသော အက်ကွဲသံကြောင့် သူမ ထိတ်လန့်သွားခဲ့ကာ သူမလက်ထဲမှ လိမ့်ထွက်သွားသော ရွှေရောင်ဥအား ငုံ့ကြည့်လိုက်မိသည်။ ယခုအခါ ထိုဥသည် ဖရဲသီးကြီး တစ်လုံးစာခန့် ကြီးမားနေလျှက် ရှိကာ ဘေးဘက်တွင် ရှည်လျားသော အက်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်နေခဲ့သည်။
'ခလွက်'
အက်ကွဲသံ ထပ်မံ ထွက်ပေါ်လာပြီးနောက် ဥခွံပေါ်တွင် နောက်ထပ် အကွေ့အကောက် ရှည်လျားသော အက်ကြောင်း တစ်ခု ပေါ်လာ ပြန်သည်။ ဥခွံနှစ်ခြမ်း ကွအက် သွားသည်အား သူမ မြင်လိုက်ရသောအခါ သူမ ရုတ်တရက် အံ့အားသင့်သွားခဲ့ကာ ဘာပြောရမှန်းမသိအောင် ဆွံ့အသွားရလေတော့သည်။