အခန်း ၄၂
Vol. 3 Ch. 42
အခန်း (၄၂)
မည်သူက ထင်မှတ်ထားမည်နည်း။ ဖုန်းကျိုသည် သိုလှောင်အိတ်ထဲမှ အဝတ်အစားတစ်စုံအား ထုတ်ယူလိုက်ပြီးနောက် သူမ၏ ဓားမြှောင်ဖြင့် အနည်းငယ် ပြုပြင် ဖြတ်တောက်လိုက်ကာ ကောင်လေး၏ ကိုယ်လုံး သေးသေးလေးပေါ်သို့ စွပ်ချပေးလိုက်တော့သည်။
"ဒီဟာလေးနဲ့ပဲ ဖြစ်သလို နေလိုက်ဦး တို့တွေ အပြင်ရောက်တဲ့ အခါကျရင် မင်းအတွက် အတွင်းခံ အဖြစ် ရင်ဖုံးအနီလေးတစ်ထည် ဝယ်ပေးမယ်"
ဟု သူမသည် မျက်လုံးလေးများအား မှေးလျှက် ပြောလိုက်ပြီးနောက် သူ၏ အသားစိုင်လေးများဖြင့် ဖောင်းအိနေသော တင်ပါးအား 'ဖြန်း' ကနဲ ခပ်ဖွဖွလေး ရိုက်လိုက်တော့သည်။
"ကဲ ပြီးပြီ"
သူမသည် သူ့အား ဆွဲလှည့်လိုက်ပြီးနောက် ဒေါသထွက်ကာ မကျေမနပ် ဖြစ်နေသော မျက်နှာလေးအား ကြည့်ရင်း အတော်လေး ရယ်ချင်စရာ ကောင်းနေသည်ဟု ခံစားလိုက်ရတော့သည်။
"ငါ့လို အထွတ်အမြတ်ထားရတဲ့ သူက ဒီလိုမျိုး အဝတ်အစားကို ဘယ်တော့မှ မဝတ်ဘူးကွ"
ဟု မီးဖီးနစ်လေးမှ နှုတ်ခမ်းလေးဆူကာ ပြောလိုက်သည်။ မိမိ၏ ခန္ဓာကိုယ်အား အရှက်ကင်းမဲ့စွာဖြင့် လွတ်လပ်စွာ ကိုင်တွယ်နေသော ထိုမိန်းမအား သူ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။
"ဉပေါက်လာ ပြီးတဲ့နောက်မှာ ဖီးနစ်ငှက် တစ်ကောင် ထွက်လာမယ်လို့ ငါ ထင်ထားခဲ့တာ ခုတော့ တုံးအအ ကလေးပေါက်စလေး ဖြစ်နေရတယ်လို့လေ ဟူး ဒါနဲ့ မင်းရဲ့ မူလ ဖီးနစ်အသွင်ကိုကော ပြန်ပြောင်းနိုင်ဦးမှာလား"
ထို့နောက် သူမသည် ဖီးနစ်ပေါက်ကလေးအား သိချင်စိတ်ဖြင့် မေးလိုက်မိသည်။ ထိုအကြောင်းအား သူမ စကားမစခဲ့လျှင် ကောင်းအုန်းမည် ဖြစ်သည်။ ထိုစကားအား ကြားလိုက်ရသည် နှင့်တစ်ပြိုင်နက် မာနကြီးလှသော မီးဖီးနစ်လေးမှာ ဒေါသအမျက် အလိပ်လိုက် ထွက်လာလေတော့သည်။
"မင်းက အဲ့ဒီအကြောင်းကို ပြောထွက်သေးတယ်ပေါ့လေ တကယ်ကို အထွတ်အမြတ် ထားရတဲ့ ရှေးဟောင်း သန့်စင်တဲ့ သားရဲ တစ်ကောင်အနေနဲ့ ငါက လူသားအသွင်နဲ့ မွေးဖွားလာရတာ အားလုံး အားလုံးက မင်းအပြစ်တွေချည်းပဲကွ"
ထိုအခါမှ ဖုန်းကျိုမှာ မိမိကိုယ်ကိုယ် သတိဝင်သွားလျှက် နှာခေါင်းအား ပွတ်သပ်လိုက် ပြီးနောက် ပြောလိုက်လေသည်။
"ခဏတာ စိတ်ကူးယဉ် လိုက်မိရုံလေးနဲ့ ဒီလိုကြီး တကယ်ဖြစ်လာမယ်ဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ"
"ဟွန့်"
ဖီးနစ်လေးသည် နှာခေါင်းတစ်ချက် ကြီးကျယ်စွာ ရှုံ့ပြလိုက်ပြီးနောက် သူ၏ တိုတုတ်သော လက်လေးများအား ရင်ဘတ်ရှေ့တွင် ပိုက်ထားကာ ဒေါသတကြီးဖြင့် သူမထံမှ မျက်နှာလွှဲသွားတော့သည်။
ဖုန်းကျိုမှာမူ သူ၏ ဒေါသထွက်နေသည့် အမူအရာအား ဂရုမစိုက်ဘဲ အသံထွက်သည်အထိ ရယ်မောလိုက်မိသည်။ ထို့နောက် သူမသည် မတ်တပ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်အား တစ်ချက် ဝေ့ကြည့်ကာ အကဲခတ်လိုက်တော့သည်။
"ဒီလောက် နက်ရှိုင်းတဲ့ ရေကန်ကြီး အောက်မှာ ဒီလိုနေရာမျိုး တကယ် ရှိနေမယ်လို့ ဘယ်သူက ထင်မှတ်ထားမှာလဲ"
သူမအား ဤနေရာသို့ စုပ်ယူသွားခဲ့သော ဧရာမ ရေဝဲကြီး၏ အင်အားကို ပြန်လည် အမှတ်ရလိုက်ချိန်တွင်မူ သူမ၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။
"မင်းလို မိန်းမ တစ်ယောက်က ဘယ်လိုလုပ်ပြီး ငါ့ရဲ့ စာချုပ်ပိုင်ရှင် ဖြစ်လာရတာလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်ဘူး မင်းက ရုပ်လည်းဆိုးတယ် စွမ်းအားကလည်း မရှိဘူး ပြီးတော့ လူတွေရဲ့ ဖင်ကိုလည်း လိုက်ကိုင် တတ်သေးတယ် မင်းက တဏှာကြီးတဲ့ မိန်းမတစ်ယောက်ပဲ"
ထိုအချိန်တွင် ဖီးနစ် ပေါက်စလေးသည် သူ၏ လက်မောင်းများထဲ၌ ဥခွံများအား ပိုက်ထားပြီးနောက် မကျေမနပ် ညည်းညူရင်း တကြွပ်ကြွပ်မြည်အောင် ဝါးစားနေခဲ့သည်။ သူသည် ဖုန်းကျိုအား မကျေမချမ်း အကြည့်များဖြင့် ရံဖန်ရံခါ လှမ်းကြည့် နေတတ်သေးသည်။
ဖုန်းကျိုသည် သူ၏ အဆက်မပြတ် ညည်းညူနေမှုများအား ကြည့်ကာ ရယ်မောနေခဲ့ပြီး သူမ၏ လက်အား ဆန့်ထုတ်ကာ သူ၏ နဖူးလေးအား 'တောက်' ကနဲ ခေါက်လိုက်ရင်း ပြောလိုက်လေသည်။
"ငတိလေး မင်း သဘောကျသည် ဖြစ်စေ မကျသည် ဖြစ်စေ မင်းက ငါ့အပိုင် ဖြစ်နေပြီပဲ ဒါကြောင့် အခုကစပြီး ငါ့နားမှာပဲ နေတော့"
သူမသည် စကားပြောနေရင်းဖြင့် သူမ၏ မျက်ဝန်းများသည် သူ့အား နားမလည်နိုင်မှုများ အပြည့်ဖြင့် စိုက်ကြည့် နေခဲ့သည်။
"နောက်တစ်ချက်က.. မင်း တကယ်ကြီး အဲ့ဒီလောက်တောင် ဆာနေတာလား အဲ့ဒီ ဥခွံတွေကကော စားလို့ရလို့လား"
မီးဖီးနစ်လေးမှ သူမအား မျက်စောင်း တစ်ချက် ထိုးလိုက်ပြီးနောက် မာနတခွဲသားဖြင့် ခေါင်းအား လွှဲဖယ်သွားခဲ့ကာ သူမအား လုံးဝ လျစ်လျူရှု ထားလိုက်တော့သည်။
[သူ၏ ဥခွံများမှာ အလွန်ကောင်းမွန်သော အရာများဖြစ်ကာ ၎င်းတို့အား စားသုံးခြင်းသည် သူ၏ စွမ်းအားများအား တိုးပွားစေရုံသာမက သူ၏ ခန္ဓာကိုယ် အတွက်လည်း ကြီးမားသော အာဟာရဓာတ်များကို ထောက်ပံ့ပေးနိုင်ပေသည်။ ထိုမိန်းမသည် ဘာမှ နားမလည်ဘဲ တုံးအလွန်းပေသည်။]
"ကဲပါ သွားကြစို့ ငါတို့ကို ဒီအထဲအထိ စုပ်ယူ သွားနိုင်လောက်အောင် ကြီးမားလှတဲ့ အင်အားတွေ ထုတ်လွှတ်ပေးနိုင်တဲ့ ဘယ်လို အံ့သြစရာ ကောင်းတဲ့ အရာတွေ ဒီနေရာမှာ ပုန်းကွယ်နေသလဲဆိုတာ သွားကြည့်ကြတာပေါ့"
ဟု ဖုန်းကျိုက ပြောလိုက်ရင်း ရှေ့သို့ သွားရန် ခြေလှမ်းအား စတင်၍ လှမ်းလိုက်တော့သည်။ ဤနေရာသည် နှစ်ပေါင်းများစွာ စွန့်ပစ် ခံထားရသော လျှို့ဝှက် နန်းတော်တစ်ခု ဖြစ်ကြောင်း တွေ့မြင်နိုင်ပေသည်။ ထိုမျှ လျှို့ဝှက် ဆန်းကြယ်လှသော နန်းတော်ကြီးသည် မည်သည့် အကြောင်းကြောင့် ဤမျှ နက်ရှိုင်းသော ရေကန်ကြီး အောက်တွင် နစ်မြုပ်နေရသနည်း ဆိုသည်ကိုမူ မည်သူမှ သိနိုင်မည် မဟုတ်ချေ။
မီးဖီးနစ်လေးသည် သူ၏ ဥခွံများအား ပိုက်ထားလျှက် ဆက်လက် ဝါးစားရင်း ဖုန်းကျို၏ နောက်မှ လိုက်ပါသွားခဲ့သည်။ သူသည် ရှေ့မှ ကျောပြင်အား ရံဖန်ရံခါ လှမ်းကြည့်ရင်း ထိုမိန်းမသည် အတော်လေး ထူးဆန်းသည်ဟု တွေးတောနေမိလေသည်။
သူမသည် အားနည်းသော စွမ်းအားများကိုသာ ပိုင်ဆိုင် ထားသော်လည်း ဤကဲ့သို့သော ထူးဆန်းသည့် နေရာမျိုးတွင် ပိတ်မိနေသည့် တိုင်အောင် မည်သို့သော အကြောင်းကြောင့်မှန်း မသိဘဲ ကြောက်ရွံ့ခြင်း (သို့မဟုတ်) ထိတ်လန့်တကြား ဖြစ်ခြင်းမျိုး လုံးဝ မရှိပေ။
"ငါ စောင့်ဆိုင်းနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဒီလောက် ရှည်လျားတဲ့ စောင့်ဆိုင်းမှုတွေ အပြီးမှာ နောက်ဆုံးတော့ လူသား တစ်ယောက် ရောက်လာခဲ့ပြီပဲ ကောင်းကင်ဘုံက ငါ့ကို စွန့်ပစ်မထားခဲ့ဘူး စွန့်ပစ်မထားခဲ့ဘူးကွ ဟား ဟား ဟား ဟား"
ရုတ်တရက် လျှို့ဝှက်နန်းတော် အတွင်းပိုင်းမှ အလွန်အမင်း မောက်မာ ဝင့်ကြွားနေသော လေသံဖြင့် အသံဩဩကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံကြီး နှင့်အတူ လေထုထဲတွင် ရစ်ဝဲနေသော အားကောင်းလှသည့် ဖိနှိပ်မှု အငွေ့အသက်များပါ ပူးတွဲ ပါဝင်လာလေသည်။
သို့သော် ထူးဆန်းသည်မှာ သာမန် မျက်စိဖြင့်ပင် မြင်တွေ့နိုင်လောက်အောင် အားကောင်းလှသော ထိုဖိနှိပ်မှု အငွေ့အသက်လှိုင်းများသည် သူမ၏ ရှေ့ရှိ လေထုထဲတွင် ရစ်ဝဲနေသော်ငြားလည်း ထိုအရာများထံမှ အနည်းငယ်သော သက်သောင့်သက်သာ မရှိမှုမျိုးကိုမျှ သူမ လုံးဝ မခံစားရခြင်းပင် ဖြစ်သည်။
[ဒါက သူမသည် ရှေးဟောင်း သန့်စင်တဲ့ သားရဲဖြစ်သော မီးဖီးနစ်နှင့် စာချုပ် ချုပ်ဆိုထားခြင်းကြောင့်များလား]
ထိုအတွေးသည် သူမ၏ စိတ်ထဲသို့ ဝင်ရောက် လာချိန်တွင် သူမ၏ အနောက်၌ ဥခွံများအား ကြွပ်ကြွပ်မြည်အောင် ဝါးစားနေသော ကောင်လေးအား နောက်လှည့်၍ မကြည့်ဘဲ မနေနိုင်တော့ချေ။ ထို့နောက် သူမကိုယ်သူမ တွေးလိုက်မိသည်မှာ ဤသို့ ဖြစ်လေသည်။
[ဒီ ကလေးပေါက်စလေးက အဲ့ဒီလောက်ကြီး အသုံးဝင်မယ့်ပုံလည်း လုံးဝ မပေါက်ပါဘူး]