← Chapters

အခန်း ၄၃

Vol. 3 Ch. 43

အခန်း ၄၃

Vol. 3 Ch. 43

အခန်း (၄၃)

"ဘာဖြစ်လို့ ငါ့ကိုယ်တော်ကို ထပ်ပြီး စိုက်ကြည့်နေရပြန်တာလဲ"

ထိုကောင်လေးမှ သူမအား စိုက်ကြည့်ရင်း မေးလိုက်လေသည်။ ဖုန်းကျိုသည် ပြုံးလိုက်ပြီးနောက် ရုတ်တရက် လှည့်ကာ ထိုကောင်လေး၏ ပန်းရောင်သန်းနေသော ဖောင်းအိအိ ပါးပြင်လေးများအား သူမ၏ လက်ဖြင့် ဆွဲညှစ်လိုက်ရင်း ပြောလိုက်သည်။

"နင့်ကို ငါ ပိုပိုပြီး သဘောကျလာပြီ ငါ ဘယ်လိုလုပ်ရမလဲ"

ထိုစကားများအား ကြားလိုက်ရသောအခါ မီးဖီးနစ်လေး၏ မျက်လုံးများမှာ အံ့သြသွားမှုကြောင့် ပြူးကျယ်သွားခဲ့ကာ သေသပ် လှပသော အချိုးအစားရှိသည့် သူ၏ မျက်နှာလေးမှာလည်း နီရဲသွားခဲ့သည်။

သူသည် ဒေါသထွက်နေဟန် ပုံဖမ်းနိုင်ရန် ကြိုးစား လိုက်သော်လည်း သူ၏ မျက်လုံးများမှာမူ အနည်းငယ် ရှက်သွေးဖြာနေခဲ့ကာ သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ ရှက်ရွံ့ခြင်းနှင့် အနေရခက်ခြင်းတို့ ရောယှက်နေလေသည်။

"မင်း ဒီလိုစကားတွေ ပြောလိုက်ရုံနဲ့ ငါကိုယ်တော်က မင်းအပေါ် အမြင် ပြောင်းသွားမယ်လို့ မထင်နဲ့နော် မင်းက တကယ့်ကို တုံးအတဲ့ မိန်းမပဲ ငါကိုယ်တော်က မင်းကို ဘယ်တော့မှ သဘောကျမှာ မဟုတ်ဘူး နောက်တစ်ချက်က ဒီလိုမျိုး အမြဲတမ်း လာလာ မထိကိုင်နဲ့ ဒါက အရမ်းကို အရှက်ကင်း မဲ့လွန်းပြီး မိန်းမ တစ်ယောက် လုပ်သင့် လုပ်ထိုက်တဲ့ အမူအကျင့်မျိုးနဲ့ နည်းနည်းလေးမှ မတူဘူး"

သူ ပြောချင်သည်များအား ပြောဆို ပြီးစီးသွား ပြီးနောက် သူသည် မာနတခွဲသားဖြင့် သူမအား ဆက်မကြည့်တော့ဘဲ မျက်နှာလွှဲသွားခဲ့သည်။ ဖုန်းကျိုသည် သူ့အား ကြည့်၍ ပြုံးလိုက်ပြီးနောက် ရှက်သွေးဖြာနေသော ဤကလေးပေါက်စလေးသည် အလွန်ကို ချစ်စရာကောင်းလွန်းသည်ဟု ခံစားလိုက်ရလေသည်။

"ကောင်မလေး လာ ငါ့ကို သေချာကြည့်ခွင့်ပေးဖို့ ဒီကိုလာခဲ့စမ်းပါ"

ကျယ်လောင်၍ မောက်မာ ဝင့်ကြွားသော ထိုအသံကြီးမှာ တစ်ဖန် ပြန်လည် ထွက်ပေါ် လာခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင် ထိုအသံကြီး ၎င်းတို့ထံ ရောက်ရှိလာချိန်၌ ဖုန်းကျို၏ တစ်ကိုယ်လုံးအား အတွင်းဘက်သို့ ပိုမိုနက်ရှိုင်းစွာ စုပ်ယူသွားသော ဆွဲငင်အား တစ်ရပ်ပါ ပူးတွဲပါဝင်လာခဲ့သည်။

"တုံးအတဲ့ မိန်းမ"

ဥခွံများအား စားသောက် ပြီးစီးကာ သူ၏ လက်များအား သုတ်နေချိန်တွင်ပင် ဖုန်းကျို တစ်ယောက် ဆွဲငင်အား တစ်ခု၏ စုပ်ယူခြင်းကို ခံလိုက်ရသည်အား မီးဖီးနစ်လေး မြင်တွေ့လိုက်ရတော့သည်။ ထို့ကြောင့် သူသည် စိုးရိမ်တကြီး အော်ဟစ်လိုက်ကာ သူမ၏ အနောက်မှ အတွင်းဘက်သို့ အလျင်စလို လိုက်ပါသွားခဲ့သည်။

ဖုန်းကျိုသည် သူမကိုယ်သူမ လှုပ်ရှား၍ မရအောင် ချုပ်နှောင် ခံလိုက်ရသည်ဟု ခံစားလိုက်ရကာ အော်ဟစ်ရန်ပင် မစွမ်းသာတော့ချေ။ မျက်တောင် တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် သူမသည် အတွင်းဘက်သို့ စုပ်ယူခံလိုက်ရ ပြီးနောက် အရိုးစု တစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိသွားပုံရသည်။

နောက်တစ်ခဏတွင် စွမ်းအား စီးကြောင်း တစ်ခုသည် သူမ၏ မရီဒန်များ အတွင်းသို့ အတင်း ကျူးကျော် ဝင်ရောက် လာခဲ့သည်။ ထိုကျူးကျော် ဝင်ရောက်လာသော စွမ်းအား၏ အောက်တွင် သူမသည် နေရောင်ခြည် အောက်၌ လုံးဝ ဝတ်လစ်စလစ်ဖြင့် အကာအကွယ်မဲ့ ရပ်နေမိသကဲ့သို့ ခံစားလိုက်ရကာ မည်သည့် လျှို့ဝှက်ချက်ကိုမျှ ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။

မီးဖီးနစ်လေး အမီလိုက် လာချိန်တွင်မူ သူသည် အကာအကွယ် အတားအဆီးတစ်ခုနှင့် ဝင်တိုက်မိသွားခဲ့သည်။ သူသည် အပြင်ဘက်တွင် သီးခြား ဖယ်ထုတ် ခံထားရပြီး အတွင်းဘက်ရှိ ဖုန်းကျို အနီးသို့ ချဉ်းကပ်၍ မရနိုင်အောင် ဖြစ်နေခဲ့သည်။

ထိုအရိုးစုကြီး၏ ရှေ့တွင် လုံးဝ ရပ်တန့်နေပြီး လှုပ်ရှားမှု ကင်းမဲ့စွာ ရပ်နေသော သူမအား မြင်လိုက်ရသောအခါ မီးဖီးနစ်လေးသည် ထိတ်လန့်သွားခဲ့ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်တော့သည်။

"တုံးအတဲ့ မိန်းမ တုံးအတဲ့ မိန်းမ မင်း ဘယ်လိုနေသေးလဲ"

"ဆန်းကြယ် ဝိညာဉ်ခန္ဓာပါလား တကယ်ကြီး ဆန်းကြယ် ဝိညာဉ်ခန္ဓာပါပဲလား ဟား ဟား ဟား ဟား နှစ်တစ်ထောင်မှာ တစ်ခါတောင် တွေ့ရခဲတဲ့ ဒီလို အလွန်ရှားပါးလှတဲ့ ဆန်းကြယ် ဝိညာဉ်ခန္ဓာက ငါ ချူပါးထျန်း ရဲ့ ရှေ့မှောက်ကို တည့်တည့်မတ်မတ် ရောက်လာခဲ့တာလား ဟား ဟား ဟား ကောင်းကင်ဘုံက ငါ့ကို တကယ်ပဲ စွန့်ပစ်မထားခဲ့ဘူး ငါ့ကို စွန့်ပစ်မထားခဲ့ဘူးကွ ဟား ဟား ဟား ဟား"

စိတ်လှုပ်ရှားပြီး အသက်ဝင်နေသော ထိုအသံကြီးသည် ရူးသွပ်စွာ ရယ်မောနေသည်ကိုသာ ဖုန်းကျို ကြားနေရလေသည်။ သူမအား ချုပ်နှောင် ထားသော စွမ်းအားများမှာ ရုတ်တရက် ရုပ်သိမ်းသွားခဲ့သည်။ ဖုန်းကျိုသည် အင်အားများ ဆုတ်ယုတ်သွားသဖြင့် မြေပြင်ပေါ်သို့ အားပျော့စွာ ထိုင်ချလိုက်ရပြီးနောက် သူမရှေ့ရှိ အရိုးစုကြီးအား တည့်တည့်မတ်မတ် စိုက်ကြည့်နေမိသည်။

ထိုအရာထံမှ မည်သည့် သတ်ဖြတ်လိုစိတ် (သို့မဟုတ်) မည်သည့် ရန်လိုမှုမျိုးကိုမျှ သူမ မခံစားရသည့် အပြင် သူ၏ အသံထဲမှ လှိုက်မော နေသော စိတ်လှုပ်ရှားမှုကိုသာ ခံစားရသဖြင့် ဖုန်းကျိုသည် အထူးတလည် စိုးရိမ်ပူပန်နေခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သူမသည် အတားအဆီး အပြင်ဘက်ရှိ မီးဖီးနစ်လေး ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ငါ အဆင်ပြေပါတယ် စိတ်မပူပါနဲ့"

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦး၏ ဝိညာဉ်များသည် စာချုပ်ချုပ်ဆိုထားသူများ ဖြစ်ကြသဖြင့် ချိတ်ဆက်နေခဲ့သည်။ မီးဖီးနစ်လေး ငြိမ်သက် သွားပြီးနောက် ထိုဆက်သွယ်မှု မှတစ်ဆင့် သူမ လုံးဝ အဆင်ပြေနေကြောင်းအား သူ ခံစားသိရှိနိုင်ခဲ့သည်။

ထို့ကြောင့် သူက ချက်ချင်းပင် နှာခေါင်းရှုံ့လိုက်ပြီး အနေခက်စွာဖြင့် ပြန်လည် ချေပလိုက်သည်။

"ဘယ်သူက မင်းကို စိုးရိမ်နေလို့လဲ"

သို့သော် သူ၏ မျက်လုံးများမှာမူ သူမ၏ အခြေအနေအား စစ်ဆေးရန် အတားအဆီး အတွင်းသို့ အလိုအလျောက် လှမ်းကြည့်နေဆဲပင် ဖြစ်သည်။

မီးဖီးနစ်လေး၏ စကားများမှာ စိတ်ထဲမှ မပါကြောင်း သိရှိထားသဖြင့် ဖုန်းကျိုသည် သူ့အား ဂရုမစိုက်တော့ဘဲ သူမ၏ ရှေ့ရှိ အရိုးစုကြီးထံသို့သာ အာရုံစိုက်လိုက်တော့သည်။ ထို့နောက် သူမမှ အခြေအနေကို စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

"စီနီယာ"

ထိုအချိန်မှာပင် ထိုအရိုးစုကြီးထံမှ ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့သည်။ လေထုထဲတွင် ပေါ်လာသော ထိုပုံရိပ်မှာ အနက်ရောင် ဝတ်ရုံအား ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ကာ စူးရှ၍ ဖိနှိပ်မှုများ အပြည့် ပါဝင်နေသော သူ၏ အကြည့်များသည် အောက်ဘက်ရှိ ဖုန်းကျိုအား ငုံ့ကြည့်နေခဲ့သည်။

"ဆန်းကြယ် ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေး မင်းက သာမန်လူတော့ မဟုတ်ဘူးပဲ"

သူမသည် အမှန်ပင် တွေ့ကြုံရခဲလှသော ဆန်းကြယ် ဝိညာဉ်ခန္ဓာအား ပိုင်ဆိုင်ထားရုံသာမက သန့်စင်သော အထွတ်အမြတ် သားရဲဖြစ်သည့် မီးဖီးနစ်၏ စာချုပ် ပိုင်ရှင်လည်း ဖြစ်နေသေးသည်။ ဤကဲ့သို့သော မိန်းကလေးမျိုးသည် မည်သို့သော အကြောင်းကြောင့်မျှ သာမန် ဖြစ်နိုင်ပါမည်နည်း။

ကောင်းကင်ဘုံမှ သနားညှာတာတော်မူခြင်း ဖြစ်သည်။ သူ၏ နောက်ဆုံး ကျန်ရစ်သော သွေးအဆီအနှစ်များ လုံးဝ ပြန့်ကျဲ ပျောက်ကွယ် သွားတော့မည့် အခိုက်အတန့်လေးတွင် သူ၏ ဆန္ဒများအား အမွေပေးအပ်၍ ဆက်လက် သယ်ဆောင် သွားနိုင်မည့် ဤမျှ အံ့မခန်း ထူးချွန် ပြောင်မြောက်သော ကျင့်ကြံသူတစ်ဦးအား သူ့ထံသို့ စေလွှတ်ပေးခဲ့ပေသည်။

All Chapters