← Chapters

အခန်း ၄၄

Vol. 3 Ch. 44

အခန်း ၄၄

Vol. 3 Ch. 44

အခန်း (၄၄)

"ဆန်းကြယ် ဝိညာဉ်ခန္ဓာ “

ဖုန်းကျိုမှ ထိုတစ္ဆေဆန်ဆန် ပုံရိပ်အား နားမလည်နိုင်စွာဖြင့် မေးလိုက် ပြီးနောက် ဆက်လက်၍ ပြောလိုက်သည်။

"ဆန်းကြယ် ဝိညာဉ်ခန္ဓာက တွေ့ရခဲတယ်ပေါ့"

သူမ ဤကမ္ဘာသို့ ရောက်ရှိ လာခဲ့သည်မှာ မကြာသေး သည့်အပြင် ကျင့်ကြံခြင်းနှင့် ပတ်သက်၍လည်း အသိပညာ ဗဟုသုတများစွာ လိုအပ် နေသေးသောကြောင့် သူမအား နားလည်ပေးရမည် ဆိုလျှင်ပင် 'ဆန်းကြယ် ဝိညာဉ်ခန္ဓာ' ဆိုသည့် ဝေါဟာရမှာ သူမအတွက် တစ်ခါမှ မကြားဖူးခဲ့သော အရာတစ်ခု ဖြစ်နေခဲ့သည်။

"ဆန်းကြယ် ဝိညာဉ်ခန္ဓာဆိုတာ အထူးချွန်ဆုံးသော ကျင့်ကြံသူတွေရဲ့ ပြယုဂ်တစ်ခုပဲ သူတို့တွေက ဆန်းကြယ် စွမ်းအား(ချီစွမ်းအင်) တွေကို ကျင့်ကြံနိုင်ရုံသာမက ဝိညာဉ်စွမ်းအား တွေကိုပါ ကျင့်ကြံနိုင်ပြီး သူတို့ရဲ့ တိုးတက်နိုင်မှု အမြန်နှုန်းက တခြားသူတွေထက် ဆယ်ဆ ပိုမြန်တယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားမှ သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်အား မြင်လိုက်ရသဖြင့် ဆက်လက် ပြောပြလေသည်။

"တခြားစကားနဲ့ ပြောရရင် တခြားသူတွေ ဆန်းကြယ် စွမ်းအားပိုင်ရှင် သိုင်းပညာရှင် တစ်ယောက် ဖြစ်လာဖို့ အတွက် ဆယ်စုနှစ် တစ်ခုလုံးလုံး လိုအပ်ပေမယ့် မင်းအတွက်တော့ အဲ့ဒီအဆင့်ကို ရောက်ဖို့အတွက် တစ်နှစ်ပဲ အချိန်ယူရလိမ့်မယ် မင်းရဲ့ ကျင့်ကြံခြင်းမှာ ရရှိနိုင်မယ့် အဲ့ဒီလို အမြန်နှုန်းမျိုးကို အံ့မခန်း ပါရမီရှင်လို့ ခေါ်ဆိုလို့ ရနိုင်တယ်"

ထိုစကားများအား ကြားသောအခါ ဖုန်းကျိုသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

"ဒါက မဖြစ်နိုင်ဘူးလို့ ထင်တယ် ကျွန်မရဲ့ ခန္ဓာကိုယ်ထဲကို စွမ်းအင်တွေ ဆွဲသွင်းပြီး ကျင့်ကြံ ကြည့်ခဲ့ဖူးပေမယ့် ခန္ဓာကိုယ်မှာ သိသာထင်ရှားတဲ့ ကွာခြားမှုမျိုး မခံစားရပါဘူး ပြီးတော့ ကျွန်မရဲ့ အတွေ့အကြုံအရ ကျင့်ကြံခြင်းမှာ မြန်မြန်ဆန်ဆန် တိုးတက်နိုင်တယ်ဆိုတဲ့ စီနီယာ ပြောသလိုမျိုး လုံးဝ မဟုတ်ခဲ့ဘူး"

သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ချီ စွမ်းအင်များအား ဆွဲသွင်းရန် အချိန်အတော်ကြာ အသုံးပြုခဲ့သော်လည်း ကျင့်ကြံ ပြီးနောက် သူမခန္ဓာကိုယ် အတွင်းရှိ ချီ စွမ်းအား ပမာဏမှာ အမှန်တကယ်ပင် ပြောပလောက်အောင် မရှိခဲ့ပေ။

"အဲ့ဒါက မင်းရဲ့ ခန္ဓာကိုယ်ထဲက ဆန်းကြယ် ဝိဉာဉ်ချီ သွေးကြောတွေ မပွင့်သေးလို့ပဲ"

သူ၏ အကြည့်များသည် ဖုန်းကျိုအား စူးစူးရဲရဲ စိုက်ကြည့်ရင်း ဖြင့် ပြောလိုက်သည်။

"မင်း ငါ့ကို ဆရာအဖြစ် လက်ခံပြီး အရိုအသေပေးဖို့ ငါ ဆန္ဒရှိတယ် အဲ့ဒီလိုဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းကို အထောက်အကူ ဖြစ်စေဖို့အတွက် ဆန်းကြယ် စွမ်းအား(ချီစွမ်းအင်)နဲ့ ဝိညာဉ် သွေးကြော(မရီဒန်) တွေကို ဖွင့်ပေးဖို့ ငါ ကူညီပေးမယ်"

(** ဆန်းကြယ်စွမ်းအားကို နောက်ပိုင်းတွင် ချီစွမ်းအင် အဖြစ် ဝိညာဉ်သွေးကြောများအား မရီဒန် အဖြစ် အဆင်ပြေသလို သုံးနှုန်းသွားပါမည်**)

အကယ်၍ အခြားသူ တစ်ဦးဦးသာ ဖြစ်ခဲ့လျှင် ဤကဲ့သို့သော အားကောင်းလှသည့် ပုဂ္ဂိုလ်ကြီးမှ တပည့်အဖြစ် လက်ခံရန် ကမ်းလှမ်းသည်အား ကြားလိုက်ရသည်နှင့် တုံ့ဆိုင်း မနေဘဲ ချက်ချင်း လက်ခံလိမ့်မည်ဟု ထင်မှတ်ရပေမည်။

သို့သော် ဖုန်းကျို ထိုစကားများအား ကြားလိုက်ရချိန်တွင်မူ သူမ၏ မျက်ခုံးများသည် တွန့်ချိုးသွားခဲ့ကာ သူမ၏ မျက်လုံးများသည်လည်း နက်ရှိုင်းစွာ စဉ်းစားနေကြောင်း ပြသနေခဲ့သည်။ သူမသည် လူလတ်ပိုင်း အရွယ် အမျိုးသားအား စကားတစ်ခွန်းမျှ မဆိုဘဲ စိုက်ကြည့်နေခဲ့သည်။

"မင်းက ဆန္ဒမရှိဘူးလား"

ဖုန်းကျိုထံမှ ဝမ်းမြောက်ဝမ်းသာဖြစ်မှု (သို့မဟုတ်) ပျော်ရွှင်မှု အရိပ်အယောင်များအား တစ်စုံတစ်ရာမျှ မတွေ့ရသဖြင့် ထို သက်လတ်ပိုင်း အမျိုးသားမှာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏ ဖိနှိပ်မှု အငွေ့အသက်များအား ပိုမိုအားကောင်းစွာ ထုတ်လွှတ် လိုက်လေတော့သည်။

ထို့နောက် သူ၏ အငွေ့အသက်များက ရှေးဟောင်း အထွတ်အမြတ် သားရဲ နှင့် စာချုပ်ချုပ် ဆိုထားသူ အပေါ် သက်ရောက်မှု သိပ်မရှိကြောင်း သတိပြုမိသွားခဲ့သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် ထိုအစီအစဉ်အား လက်လျှော့လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ခုအား ချလိုက်တော့သည်။

"ငါ့မှာ တခြား ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ မင်း စိတ်ပူစရာ မလိုပါဘူး ငါ့ရဲ့ တပည့်အဖြစ် လက်ခံပြီးရင် အလုပ်သုံးခုကို ပြီးမြောက်အောင် ကူညီပေးဖို့လောက်ပဲ ငါ ဆန္ဒရှိတာပါ"

ထိုစကားအား ကြားသောအခါ ဖုန်းကျိုသည် နောက်ထပ် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် ပြောလိုက်လေသည်။

"ဒါဆို စီနီယာက အဲ့အကြောင်းအရာတွေကို ကျွန်မကို ဘာလို့ အရင် မပြောတာလဲ အကယ်၍ ဒါက ကျွန်မရဲ့ စွမ်းဆောင် နိုင်တဲ့ အခြေအနေ အတွင်းမှာ ရှိပြီးတော့ ကျွန်မရဲ့ လုပ်ဆောင်မှုတွေနဲ့ မဆန့်ကျင်ဘူး ဆိုရင်တော့ အဲ့ဒါကို ကျွန်မ သဘောတူနိုင်ကောင်း သဘောတူနိုင်မှာပါ"

ထိုစကားအား ကြားသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားမှ အားပါးတရ ရယ်မောလိုက်ကာ ပြောလိုက်သည်။

"ကောင်းတယ် မင်းက မင်းသဘောကျသလို လုပ်တတ်တဲ့သူ တစ်ယောက် ဆိုတာကို ငါ မြင်ပါတယ် ပြီးတော့ အဲ့ဒါက ငါ့ရဲ့ ကိုယ်ပိုင် စရိုက်လက္ခဏာနဲ့လည်း တော်တော်လေး ဆင်တူနေတယ်"

ဖုန်းကျိုမှ သူ့အား ပြုံးပြလိုက်သော်လည်း ပြန်လည်မဖြေကြားခဲ့ပေ။

"ကောင်မလေး ငါက အရင်က ကောင်းကင်ယံ မင်းဆက် နန်းတော် ရဲ့ အရှင်သခင် 'ချူပါးထျန်း' ပဲ ငါ့ရဲ့ တန်ခိုးအာဏာ ကြီးမားချိန် အထွတ်အထိပ် ရောက်နေချိန်မှာ ဘယ်သူမှ ငါ့ကို ဆန့်ကျင်ဖို့ မဝံ့ရဲခဲ့ကြဘူး ငါက ငါ့ရဲ့ ဘဝကို ဓားနဲ့ အသက်မွေးခဲ့ပြီး ကောင်းကင်အောက်မှာ လောကကြီးကို ငါ့သဘောကျ လွှမ်းမိုးအုပ်ချုပ်ခဲ့တယ် အရာတစ်ခုကို မှန်ကန်တယ်လို့ ငါ ယူဆသရွေ့ အဲ့ဒါကို အဆုံးတိုင်အောင် သေချာပေါက် အကောင် အထည်ဖော်ခဲ့တယ် အဲ့ဒီနှစ်က..."

သူသည် သူ၏ အတိတ်ဘဝ အကြောင်းအား ဖုန်းကျိုကို အသေးစိတ် ပြောပြလေတော့သည်။ ဖုန်းကျိုမှ အာရုံစိုက်၍ နားထောင်နေလျှက် ရှိကာ သူ၏ စကားများအရ သူသည် သူ၏ နှလုံးသားမှ စေညွှန်ရာကိုသာ လိုက်နာ ဆောင်ရွက်တတ်သော ဆန္ဒစွဲကြီးသူ ထင်ရာစိုင်းတတ်သူ တစ်ဦး ဖြစ်ကြောင်း သိရှိ လိုက်ရတော့သည်။

သို့သော် သူ၏ နေထိုင်မှု ပုံစံသည် အလွန်အမင်း လွတ်လပ်ပေါ့ပါးသည့် အပြင် ခန့်မှန်းရခက် လွန်းသောကြောင့် ထာဝရ ရှင်သန်ခြင်း ဂိုဏ်းများသည် သူ့အား လမ်းစဉ်လွဲနေသည့် မိစ္ဆာတစ်ဦးအဖြစ် ရှုမြင်ခဲ့ကြသည်။

သူ့တွင် 'အပြာရောင် အနားသတ်' ဟုခေါ်သော သတ္တုများအား ရွှံ့လို ဖြတ်တောက်နိုင်စွမ်း ရှိသည့် အစွမ်းထက်သည့် ဓားတစ်လက် ရှိခဲ့လေသည်။ ကျင့်ကြံရေး ဂိုဏ်းတစ်ခုမှ ထာဝရ ရှင်သန်သူ တစ်ဦးသည် သူ၏ 'အပြာရောင် အနားသတ်' ဓားအား လိုချင်တပ်မက်ခဲ့သဖြင့် သူ့အား သာမန်လူများ နေထိုင်သည့် ရွာတစ်ရွာအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲခဲ့လေသည်။

ထိုအကြောင်းကြောင့် သူ့အား အရပ်ရပ်မှ အစွမ်းထက် ကျင့်ကြံသူများမှ ဝိုင်းဝန်းတိုက်ခိုက်မှုအား ခံခဲ့ရလေသည်။ သူသည် လူတိုင်း၏ အလေးစားရဆုံးသော 'သိုင်းဧကရာဇ်' အဆင့်သို့ ရောက်ရှိနေသူဖြစ်ရာ သူ၏ စွမ်းအားထက် နိမ့်ကျသော ထို ကျင့်ကြံသူများ အားလုံးအား သူ မကြောက်ရွံ့ခဲ့ချေ။

သို့သော်လည်း သူတို့သည် သူ့အား ခြိမ်းခြောက်ရန် အတွက် သူ၏ လူများအား ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြလေသည်။ ထိုအကြောင်းကြောင့် သူသည် ပြင်းထန်သော ဒဏ်ရာများ ရရှိကာ ဤနေရာသို့ ထွက်ပြေးလာခဲ့ရပြီး နောက်ဆုံးတွင် ဤနေရာ၌ပင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာတိုင် သူသည် ကောင်းကင်ယံ မင်းဆက် နန်းတော်အား ပြန်လည် တည်ထောင်ရန်နှင့် သူ၏ တာဝန်အား အမွေ ဆက်ခံရန် အပြင် သူ၏ နောက်ဆုံး ဆန္ဒများအား ဖြည့်ဆည်းပေးရန် အတွက် သူနှင့် ရေစက် ပါသူ တစ်ဦး ရောက်ရှိလာမည့် အချိန်ထိ ဤနေရာတွင် စိတ်ရှည်သည်ခံလျှက် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

"ပထမဆန္ဒက ကောင်းကင်ယံ မင်းဆက် နန်းတော်ကို ပြန်လည် တည်ထောင်ဖို့ဆိုတော့ ဒုတိယနဲ့ တတိယ ဆန္ဒတွေကကော ဘာတွေလဲ"

"ဒုတိယဆန္ဒက 'အပြာရောင် အနားသတ်' ဓားကို ပြန်ယူဖို့ အတွက် ဓားတစ်ထောင် သင်္ချိုင်း ထဲကို ဖောက်ဝင်ဖို့ပဲ တတိယဆန္ဒကတော့"

သူ၏ အသံမှာ အတန်ကြာ တုံ့ဆိုင်းသွားပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"အဲ့ဒီနှစ်တွေတုန်းက ငါက အရမ်းကို ခေါင်းမာပြီး အဆင်အခြင်မဲ့ လွန်းခဲ့တယ် ပြီးတော့ ငါ့မိသားစု အပေါ်ကိုလည်း ဘေးဒုက္ခတွေ ယူဆောင်လာခဲ့မိတယ် အထူးသဖြင့် တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီအချိန်မှာ မီးဖွားနေတဲ့ ငါ့ဇနီး အတွက်တော့ ပိုဆိုးခဲ့ရတယ် အခုဆို နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဆိုတော့ သူတို့တွေ ဘယ်လို နေကြမလဲဆိုတာ ငါ တွေးနေမိတယ် သူတို့တွေ အဆင်ပြေပြေ ရှင်သန်နေကြရဲ့လားဆိုတာကို မင်း သွားရှာပြီး ကြည့်ပေးစေချင်တယ်"

All Chapters