← Chapters

အခန်း (၁၉၅၃-၁၉၅၄)

Vol. 196 Ch. 1953-1954

အခန်း (၁၉၅၃-၁၉၅၄)

Vol. 196 Ch. 1953-1954

အခန်း (၁၉၅၃) - လမ်းပိတ်ဆို့ထားသော ဟင်းလင်ပြင်သားရဲ

“မင်းတို့ သတိထားမိလား... အဲဒီအဘိုးကြီးအုပ်စုက တစ်နေရာရာမှာ မြင်ဖူးသလိုလိုနဲ့ မျက်စိထဲ နည်းနည်း အသားကျနေတယ်နော် ”

နဂါးနတ်ဘုရားနှင့် နတ်လမ်းစဉ်ဂိုဏ်းမှ သူတော်စင်တစ်ပိုင်းအတု ငါးဦးတို့သည် အတွင်းနယ်မြေ၏ စွမ်းအားများကို အပြိုင်အဆိုင် အံတုတိုက်ခိုက်နေကြစဉ်အတွင်း၊ နတ်ဘုရားဘုရင်နယ်မြေမှ ထိပ်သီးအင်အားစုအသီးသီး၏ အဆင့် ၉ ကျင့်ကြံသူများထဲမှ တစ်ဦးသည် နတ်လမ်းစဉ်ဂိုဏ်းချုပ်၏ နောက်ကွယ်တွင် ရပ်တည်နေသော အဘိုးကြီးလေးဦး၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဝေဝေဝါးဝါး ရိပ်မိမှတ်မိသွားခဲ့သည်။

“သတိထားမိတယ်၊ သူတို့က နတ်လမ်းစဉ်ဂိုဏ်းရဲ့ မျိုးဆက်အဆက်ဆက် ဂိုဏ်းချုပ်ဟောင်းတွေပဲ”

“သူတို့ အသက်ရှင်ခဲ့တဲ့ သက်တမ်းက တော်တော်လေးကို ကြာမြင့်နေပြီပဲ။ အချိန်တွေ ကြာလာလေလေ သက်တမ်းကို ဆွဲဆန့်ထားဖို့အတွက် လိုအပ်တဲ့ မသေမျိုး စွမ်းအား က ပိုပြီး များပြားလာလေလေပဲ။ ငါကြည့်ရသလောက်တော့ နတ်လမ်းစဉ်ဂိုဏ်းက နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အရင်းအမြစ်တွေ အားလုံးဟာ ဒီအဘိုးကြီးလေးယောက်ကို မွေးမြူ စောင့်ရှောက်ထားဖို့အတွက်နဲ့တင် ကုန်ဆုံးသွားခဲ့တာ ထင်တယ်”

“သူတို့က နတ်ဆိုးသုဿန်ရဲ့ စွမ်းအားကို တရဟော ထုတ်သုံးနိုင်နေပုံထောက်ရင်... သူတို့အားလုံးဟာ မိနတ်ဆိုးမျိုးနွယ်စုရဲ့ ပထမမျိုးဆက် ရှန်းအင်ပါယာ ရဲ့ သွေးမျိုးဆက်တွေဖြစ်ကြောင်း သက်သေပြနေတာပဲ”

လူတိုင်း၏ စိတ်ထဲတွင် အတွေးကိုယ်စီဖြင့် သက်ပြင်းချမိကြတော့သည်။

ထိုခေတ်က နတ်ဆိုးမျိုးနွယ်စုများ၏ သွေးမျိုးဆက်မှာ ယခုထက်တိုင် ကျန်ရှိနေသေးလိမ့်မည်မဟုတ်ဟု သူတို့ အမြဲတမ်း ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း နတ်လမ်းစဉ်ဂိုဏ်းသည် ထိုနတ်ဆိုးမျိုးနွယ်စုများ၏ သွေးမျိုးဆက်များ၏ လက်အောက်တွင် အစဉ်အဆက် ရှိနေခဲ့ပြီး နှစ်ပေါင်းများစွာတိုင်အောင် မည်သည့် အရိပ်အယောင်၊ မည်သည့်အမှားအယွင်းမျှ ထုတ်ဖော်ပြသခြင်း မရှိခဲ့သည်မှာ အံ့ဩစရာပင်။

အချိန်ကာလသည် တစ်မိနစ်၊ တစ်စက္ကန့်ချင်း ကုန်လွန်သွားခဲ့သည်။

နဂါးနတ်ဘုရား၏ မျက်နှာထားမှာ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သော်လည်း သူ၏ နဖူးပြင်ထက်တွင် ခပ်ပါးပါး ချွေးစက်ကလေးများ ထွက်ပေါ်လာသည်ကို အချို့က ဖျတ်ခနဲ သတိပြုမိလိုက်ကြသည်။

အခြားတစ်ဖက်ရှိ နတ်လမ်းစဉ်ဂိုဏ်းချုပ်ဘက်တွင်မူ ထိုနတ်ဆိုးကြီးငါးကောင်စလုံးသည် အင်အားများ ပိုလျှံနေသေးသည့်အလား တည်ငြိမ်နေဆဲပင် ဖြစ်သည်။

“ဒီအတိုင်းသာ ဆက်သွားရင် ငါတို့ဘက်က မုချ ရှုံးနိမ့်သွားလိမ့်မယ်”

ရှောက်မုန့်ယွမ်က လန်တောက်ချွန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ထိုနှစ်ဦးစလုံးသည် အနီးအနားတွင် ရှိနေကြသော အဆင့် ၉ မသေမျိုးများကို လှမ်းကြည့်လိုက်ကြရာ အားလုံးကပင် စကားတစ်ခွန်းမျှ ဆိုရန်မလိုဘဲ နားလည်မှုအပြည့်ဖြင့် နဂါးနတ်ဘုရား၏ စွမ်းအား ကုန်ခမ်းမှုကို အနည်းငယ်မျှ သက်သာစေရန်အတွက် ပြိုင်တူပင် လက်ဦးမှုရယူကာ ဝင်ရောက်တိုက်ခိုက်လိုက်ကြတော့သည်။

သို့သော်လည်း သူတို့၏ တိုက်ကွက်စွမ်းအားများမှာ ထိုနတ်ဆိုးကြီးငါးကောင်၏ ရှေ့မှောက်တွင် ခဏချင်းအတွင်း ပျယ်ပျက်သွားခဲ့ရသည်။

သူတို့၏ အင်အားများသည် သူတော်စင်တစ်ပိုင်းစွမ်းအား၏ ရှေ့မှောက်တွင်မူ ကျောက်တံတိုင်းကြီးတစ်ခုနှင့် တိုးမိသွားသော မီးခိုးငွေ့တန်းလေးတစ်ခုကဲ့သို့ပင် ဖြစ်နေပြီး မည်သို့မျှ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ကြချေ။

“နဂါးနတ်ဘုရား... မင်း ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး”

နတ်လမ်းစဉ်ဂိုဏ်းချုပ်က အေးစက်တည်ငြိမ်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

“မင်းရဲ့ စွမ်းအားတွေ လုံးဝ ကုန်ခမ်းသွားတဲ့အချိန်ကျရင် မင်းခေါ်လာတဲ့ လူအားလုံးဟာ ဒီနေရာမှာပဲ အသက်ပျောက်သွားကြလိမ့်မယ်။ နတ်လမ်းစဉ်ဂိုဏ်းရဲ့ မက်မွန်ပန်းတွေ သွေးမသောက်ရတာလည်း နှစ်တော်တော်ကြာနေပြီပဲ”

လူတိုင်းသည် တောင်တန်းတစ်ခုလုံးတွင် ဝေဆာပွင့်လန်းနေသော မက်မွန်ပန်းပင်များကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ကြပြီး မျက်နှာထက်တွင် စိုးရိမ်ရိပ်များ သန်းသွားကြသည်။

သို့သော်လည်း နဂါးနတ်ဘုရားက အေးစက်စွာ ရယ်မောလိုက်ရင်း

“မင်းတို့ရဲ့ စွမ်းအားတွေကော ဘယ်တော့မှ မကုန်ခမ်းနိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား။ ဖန့်ငရဲမင်းသာ အချိန်မီ ရောက်လာမယ်ဆိုရင် ငါနဲ့သူ ပူးပေါင်းပြီး မင်းတို့ နတ်ဆိုးငါးကောင်ကို အပြတ်ရှင်းဖို့ လက်ချောင်းတစ်ဆစ်စာလောက်ပဲ လိုလိမ့်မယ်”

“သူ... အချိန်မီ ရောက်မလာနိုင်မှာကိုပဲ စိုးရိမ်ရမယ်”

နတ်လမ်းစဉ်ဂိုဏ်းချုပ်၏ နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ် ကွေးညွတ်ကာ အပေါ်သို့ တက်သွားခဲ့သည်။

လူတိုင်း၏ ရင်ထဲတွင် ဒိန်းခနဲ တုန်လှုပ်သွားကြသည်။

နတ်လမ်းစဉ်ဂိုဏ်းတွင် ထိုဖန့်ငရဲမင်းကိုပင် တားဆီးထားနိုင်မည့် အခြားသော နောက်ကွယ်က အစီအစဉ်များ ရှိနေသေးသည်လား။

“ဒါက ငါတို့ရဲ့ စိတ်ဓာတ်ကို နှောက်ယှက်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ဝါကြွားပြီး ပြောနေတာပဲ ဖြစ်ရမယ်။ နတ်လမ်းစဉ်ဂိုဏ်းမှာ ကောင်းကင်ဘုံလမ်းစဉ်တစ်ပိုင်း အဆင့် ကျင့်ကြံသူ ရှိနေဦးတော့... အဲဒီပုဂ္ဂိုလ်ရဲ့ ခြေလှမ်းတွေကို ဘယ်လိုမှ တားဆီးထားနိုင်မှာ မဟုတ်ဘူး”

လူတိုင်းက စိတ်ထဲတွင် တွေးတောကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်နေကြသည်။

အလားတူပင် ထိုအချိန်၌...

ကျွယ်မင်နန်းတော်၏ မသေမျိုးလှေအစီရင် ကြီးသည် နတ်ဘုရားဘုရင်နယ်မြေသို့ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။

ချန်ဖေးဖေးက ကြယ်တာရာမြေပုံကို တစ်ချက်ကြည့်လိုက်ပြီး ခပ်ဖွဖွ ပြုံးရင်း ဆိုလိုက်သည်။

“ရှေးဟောင်းနဂါးနတ်ဘုရားနန်းတော်က ပေးတဲ့ မြေပုံလမ်းကြောင်းက တော်တော်လေး တိကျတာပဲ။ ဒီလမ်းကြောင်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် လဝက်အတွင်းမှာ ရောက်နိုင်ပြီ”

လဝက်

လူတိုင်း၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်ထွက်လာကြသည်။ သူတို့သည်လည်း နတ်လမ်းစဉ်ဂိုဏ်းဘက်တွင် မည်ကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်ကို အလွန် သိချင်နေကြပြီ မဟုတ်ပါလား။

သို့သော်လည်း မသေမျိုးလှေအစီရင်ကြီးသည် စနစ်တကျ ရှေ့သို့ ချီတက်နေစဉ်အတွင်း ဟင်းလင်ပြင်ကြီးထဲမှ အမွေးအမှင်များ ပြည့်နှက်နေသော ကြီးမားလှသည့် လက်ဝါးကြီးတစ်ဖက် ရုတ်တရက် ပေါ်ထွက်လာပြီး အစီရင်ကြီးဆီသို့ အငမ်းမရ လှမ်းနှိုက်လိုက်တော့သည်။

မသေမျိုးလှေနှစ်ခုမှာ အချိန်မီ မတုံ့ပြန်နိုင်ဘဲ ထိုလက်ဝါးကြီး၏ ညှစ်ခြေခြင်းကို ခံလိုက်ရကာ တစ်စစီ ကြေမွပျက်စီးသွားခဲ့ရသည်။

ကျွယ်မင်အမာခံအဖွဲ့ဝင် နှစ်ဦးအပါအဝင် ရာပေါင်းများစွာသော ကျင့်ကြံသူများသည် ထိုနေရာတင်ပင် ပွဲချင်းပြီး အသက်ပျောက်သွားကြရရှာသည်။

ဖန့်ချန်သည် မြောက်မြားစွာသော ဝိညာဉ်များသည် မိမိတို့ကိုယ်မိမိ မည်သို့ဖြစ်သွားမှန်း မသိရှိကြသေးဘဲ ဟင်းလင်ပြင်ထဲတွင် မိန်းမောတွေဝေစွာ ရပ်တန့်နေကြသည်ကို တိကျပြတ်သားစွာ မြင်တွေ့နေရသည်။

“ရန်သူတိုက်ခိုက်မှု”

“ဒါ... ဟင်းလင်ပြင်သားရဲပဲ”

အမာခံအဖွဲ့ဝင်တစ်ဦးပြီးတစ်ဦး သတိဝင်လာကြပြီး ချက်ချင်းပင် ခုခံရန်အတွက် စစ်ကြောင်းများ ဖြန့်ကျက်လိုက်ကြတော့သည်။

သို့သော်လည်း ဤဟင်းလင်ပြင်သားရဲ၏ အင်အားမှာ လူတိုင်း ထင်မှတ်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။ ထိုအမွေးအမှင်များ ပြည့်နှက်နေသော လက်ဝါးကြီးတစ်ခုတည်းတင်ပင် မသေမျိုးလှေထက် အဆပေါင်းများစွာ ပိုမိုကြီးမားနေခဲ့သည်။

လက်ဝါးတစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် နန်မင်ရုယွဲ့ ရှိနေသော မသေမျိုးလှေအစီရင်ပင်လျှင် ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားခဲ့ရသည်။ အကယ်၍ သူသာ အချိန်မီ အလျင်အမြန် မရှောင်တိမ်းနိုင်ခဲ့ပါက ဤနေရာတွင်တင် အသက်စွန့်လိုက်ရပေလိမ့်မည်။

“နတ်လမ်းစဉ်ဂိုဏ်းက ဟင်းလင်ပြင်သားရဲတွေကိုပါ ကြိုးကိုင်နိုင်တာပဲ ”

ချန်ဖေးဖေး၏ မျက်နှာ ညိုမှောင်သွားပြီး ချက်ချင်းပင် ထိုလက်ဝါးကြီးဆီသို့ ဦးတည်ကာ ပျံသန်းသွားတော့သည်။ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော အဆင့် ၉ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။

“သူ အဲဒီ ဟင်းလင်ပြင်သားရဲကို ယှဉ်နိုင်မှာမဟုတ်ဘူး”

ဝမ်ချုံစန်းက ဖန့်ချန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ဖန့်ချန်သည် ချက်ချင်းပင် ဆယ့်ရှစ်ထပ် ငရဲမျှော်စင် ကို ထုတ်ဆင့်လိုက်ရာ ယင်စစ်သည်တော်ကြီးများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာပြီး ချန်ဖေးဖေးနှင့်အတူ ပူးပေါင်းကာ ဟင်းလင်ပြင်သားရဲကို ဝင်ရောက်တိုက်ခိုက်ကြတော့သည်။

ထိုယင်စစ်သည်များသည် မိမိအတွက် အန္တရာယ်ရှိကြောင်း ရိပ်မိသွား၍လားမသိ၊ ဟင်းလင်ပြင်ကြီးထဲမှ ကျယ်လောင်လှသော သားရဲဟိန်းဟောက်သံကြီး တစ်ချက် ပေါ်ထွက်လာခဲ့သည်။

ထို့နောက်တွင်မူ ကြယ်တာရာကြီးတစ်ခုကဲ့သို့ ကြီးမားလှသော ဟင်းလင်ပြင်သားရဲကြီးများ တစ်ကောင်ပြီးတစ်ကောင် ထပ်မံထွက်ပေါ်လာကြတော့သည်။

ဆယ်ကောင်...

ရာဂဏန်း...

ထောင်ဂဏန်းအထိပင်

ဟင်းလင်ပြင်သားရဲများ၏ အရေအတွက်မှာ ကျွယ်မင်နန်းတော်၏ မသေမျိုးလှေအစီရင်လှေ အရေအတွက်ထက်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သားရဲတစ်ကောင်ချင်းစီ၏ ခန္ဓာကိုယ်မှာ ပထမဆုံးသားရဲကြီးလောက် မကြီးမားသော်လည်း မသေမျိုးလှေထက် များစွာ ကြီးမားနေဆဲဖြစ်ပြီး အင်အားမှာလည်း သာမန်ထက် ပိုမို အစွမ်းထက်နေခဲ့သည်။

ဤကဲ့သို့သော အခြေအနေနှင့် ရင်ဆိုင်လိုက်ရသည့်အခါ ဖန့်ချန်သည် စိတ်အာရုံကို လှုပ်ရှားလိုက်ပြီး ယင်စစ်သည်တော်ကြီးများ၏ အုပ်စုတစ်စုကို စစ်တပ်ကြီးထဲမှ သီးသန့်ခွဲထုတ်ကာ မသေမျိုးလှေများနှင့် ပူးပေါင်းပြီး ထိုဟင်းလင်ပြင်သားရဲများကို ခုခံတိုက်ခိုက်စေခဲ့သည်။

ထိုသို့ ပြုလုပ်လိုက်သည့်တိုင်အောင် ကျွယ်မင်နန်းတော်ဘက်တွင်မူ အတော်လေးကို ရုန်းကန်နေရဆဲ ဖြစ်သည်။

ရှဲ့အာမန်နှင့် ကျန်ရှိသောသူများသည်လည်း မိမိတို့၏ လှေများဆီသို့ အသီးသီး ပြန်လည်ရောက်ရှိသွားကြပြီး ယင်စစ်သည်များနှင့် ပူးပေါင်းကာ ဟင်းလင်ပြင်သားရဲများကို ခုခံနေကြရသည်။

ဖန့်ချန်သည် သူတို့၏ စွမ်းရည်များနှင့် အဆင့်အတန်းကျော်လွန်နေသော ယင်စစ်သည်များ၏ တိုက်ကွက်များသည်ပင်လျှင် ထိုဟင်းလင်ပြင်သားရဲများ၏ ရှေ့မှောက်တွင် မလောက်မင ဖြစ်နေသည်ကို မြင်တွေ့နေရသည်။

“ဒီဟင်းလင်ပြင်သားရဲအုပ်စုရဲ့ အစွမ်းက... တစ်ကောင်ချင်းစီနီးပါးမှာ အဆင့်အတန်းကျော်လွန်တဲ့ အင်အားတွေ ရှိနေကြတာပဲ။ ဒါပေမဲ့ သူတို့ ယင်လောကထဲကို မဝင်ရောက်နိုင်ကြဘူး။ အကယ်၍သာ သူတို့ ယင်လောကထဲကို ဝင်နိုင်ခဲ့ကြရင် အဲဒီတုန်းက ယင်လောကရဲ့ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်”

ဝမ်ချုံစန်း၏ မျက်ဝန်းများ လေးနက်သွားပြီး

“နတ်လမ်းစဉ်ဂိုဏ်းမှာ ဒီလို အရင်းအမြစ်တွေ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါတို့ စောစောကတည်းက စဉ်းစားမိသင့်တာ။ သူတို့က မျိုးဆက်အဆက်ဆက် နယ်မြေကိုးခုမှာ နေထိုင်ခဲ့ကြတာဆိုတော့ ပျက်သုဉ်းခြင်းခေတ်ရဲ့ စွမ်းအားတွေကို ကြိုတင်ပြီး ပိုင်ဆိုင်ထားနိုင်ချေ ရှိတာပဲ”

“သူတို့ကို နှိမ်နင်းဖို့က မခက်ပါဘူး၊ နည်းနည်းတော့ အချိန်ပေးရလိမ့်မယ်”

ဖန့်ချန်က အားလုံးထဲတွင် အင်အားအကြီးဆုံးဖြစ်သော ဟင်းလင်ပြင်သားရဲကြီးကို အကဲခတ်ကြည့်လိုက်သည်။ ၎င်း၏ အစွမ်းမှာ ကန့်သက်ချက်ကျော်လွန်ခြင်း တတိယအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကန့်သက်ချက်ကျော်လွန်ခြင်း တတိယအဆင့်ရှိသော ယင်စစ်သည်တော် အယောက်အစိတ်ခန့်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ရင်ဆိုင်နေရသဖြင့် အောက်စီးသို့ ရောက်ရှိနေပြီဖြစ်ရာ မကြာမီအချိန်အတွင်း ယင်စစ်သည်များ၏ လက်ချက်ဖြင့် လုံးဝ ချေမှုန်းခြင်း ခံရတော့မည် ဖြစ်သည်။

သို့သော်လည်း ကျန်ရှိနေသေးသော သားရဲကောင်ရေ တစ်ထောင်ကျော်ကို လုံးဝ အပြတ်ရှင်းပစ်ရန်အတွက်မူ အချိန်အနည်းငယ် ပေးရပေလိမ့်ဦးမည်။

“နတ်လမ်းစဉ်ဂိုဏ်းက ဒီလို ဟင်းလင်ပြင်သားရဲတွေနဲ့ ငါတို့ရဲ့ အခြေခံအင်အားကို မဖျက်ဆီးနိုင်ဘူးဆိုတာကို သိထားပြီးသား ဖြစ်ရမယ်”

ဖန့်ချန်က တီးတိုး ရေရွတ်လိုက်သည်။

“သူတို့က အချိန်ဆွဲချင်တာပဲ ဖြစ်ရမယ်။ နဂါးနတ်ဘုရားတို့ဘက်မှာ အန္တရာယ်ရှိနေပြီ ထင်တယ်”

ဝမ်ချုံစန်းက ချက်ချင်းပင် ထိုအချက်ကို ရိပ်မိသွားခဲ့သည်။

“ဘာပဲဖြစ်ဖြစ်... အခု လောလောဆယ် မျက်မှောက်ကိစ္စကို အရင် ဖြေရှင်းရအောင်”

ဖန့်ချန်က ခြေလှမ်းတစ်ချက် ပြင်းထန်စွာ ဆောင့်နင်းလိုက်ရာ သူ၏ ပတ်ပတ်လည်တွင် ဝိညာဉ်နတ်ဘုရား အုပ်စုများ တစ်စုပြီးတစ်စု ထွက်ပေါ်လာကြတော့သည်။

ဤဝိညာဉ်နတ်ဘုရားများ၏ အင်အားမှာ မခိုင်မာသေးသဖြင့် တိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲရန် အရည်အချင်း မပြည့်မီကြသေးချေ။ ထို့ကြောင့် ဖန့်ချန်က သူတို့ကို သေဆုံးသွားကြရရှာသော ကျွယ်မင်ကျင့်ကြံသူများ၏ ဝိညာဉ်များကို မရဏလမ်းဆီသို့ တစ်ဦးချင်းစီ ခေါ်ဆောင်သွားပြီး ယင်လောကတွင် စနစ်တကျ အခြေချ နေရာချထားပေးရန် အချက်ပြ ညွှန်ကြားလိုက်သည်။

“ငါက ဒီအတိုင်းပဲ သေသွားရတာလား”

ဟင်းလင်ပြင်ထဲတွင် အခြားသော မသေမျိုးလှေအစီရင်တစ်ခု ထပ်မံ၍ ဖျက်ဆီးခြင်း ခံလိုက်ရပြန်သည်။

လှေထဲမှ ကျင့်ကြံသူများအားလုံးထဲတွင် မည်သူမျှ အသက်မရှင်ခဲ့ကြချေ။ လီရှမ်းဇီ သည် မိမိနေရာတွင်တင် ငေးငိုင်စွာ ရပ်တန့်နေမိပြီး မိမိ၏ ရုပ်ခန္ဓာကြီးမှာ လုံးဝ ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း ခံစားမိလိုက်ရသည့်အခါ တစ်ခဏမျှ လက်ခံနိုင်ရန် ခက်ခဲနေခဲ့ရှာသည်။

သူ၏ ယင်မသေမျိုးလမ်းစဥ် မှာ လျှောက်လှမ်းခဲ့ရသည်မှာ မကြာသေးမီကမှ ဖြစ်ပြီး ယခုအခါ ဤကဲ့သို့ သေဆုံးသွားခဲ့ရသဖြင့် သူ၏ အင်အားမှာ မိုးကောင်းကင်ထက်မှ ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားခဲ့ရသည်နှင့် အတူတူပင် မဟုတ်ပါလား။

ဝိညာဉ်နတ်ဘုရားတစ်ပါးသည် လီရှမ်းဇီ၏ အနားတွင် ပေါ်ထွက်လာပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။

“ငရဲမင်းရဲ့ အမိန့်တော်အရ... သင့်ကို ယင်လောကဆီကို ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။ ကျွန်ုပ်နဲ့အတူ လိုက်ပါခဲ့ပါ”

လီရှမ်းဇီက အဝေးတွင် ရှိနေသော ဖန့်ချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ရုတ်တရက် ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။

“နဝမမြောက်ညီလေး... ငါ ယင်လောကကို ရောက်ရင် ငါ့ကို များများစားစား ဂရုစိုက် စောင့်ရှောက်ပေးဖို့ လူလွှတ်ပေးဦးနော် ”

ဖန့်ချန်က သူ့ကို လှမ်းကြည့်ကာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါမှသာ လီရှမ်းဇီသည် မိမိ၏ လက်အောက်ငယ်သားများကို ခေါ်ဆောင်ပြီး ဤဝိညာဉ်နတ်ဘုရားနှင့်အတူ ယင်လောကဆီသို့ လိုက်ပါသွားတော့သည်။

သူ၏ စိတ်ခံစားမှုမှာလည်း အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

သူ သေဆုံးသွားခဲ့ရသည်မှာ မှန်သော်လည်း...

ယင်လောက၏ အရှင်သခင်ဖြစ်သော ငရဲမင်းမှာ သူ၏ နဝမမြောက်ညီလေး ဖြစ်နေသည် မဟုတ်ပါလား။ ဤအချက်တစ်ခုတည်းနှင့်တင် သူ၏ ဘဝသစ်ကို ပြန်လည်ထူထောင်ရန်အတွက် အခွင့်အရေး အပြည့်အဝ ရှိနေပေတော့သည်။

အခန်း (၁၉၅၄) - ဒီကောင်လေးအကြောင်း ငါသိတာပေါ့

နတ်လမ်းစဉ်ဂိုဏ်း

နေရောင်ခြည်မှာ သာယာတောက်ပနေပြီး မက်မွန်ပန်းများမှာလည်း ရဲရဲနီကာ လှပဝေဆာနေဆဲ ဖြစ်သည်။

နဂါးနတ်ဘုရား၏ နောက်ကွယ်ရှိ ကြီးမားလှသော မြို့တော်ကြီးမှာမူ စတင်၍ ဝေဝါးလာခဲ့ပြီဖြစ်ပြီး တရဟော ပန်းထွက်နေသော ကန့်သတ်ချက်ကျော်လွန်ခြင်း စွမ်းအားများမှာလည်း ပြီးခဲ့သည့်ရက်ပိုင်းကထက် များစွာ ပါးလျော်နွမ်းနယ်လာခဲ့ပြီ ဖြစ်သည်။

အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည် စောစောကတည်းက လက်တုံ့ပြန် တိုက်ခိုက်ခြင်းကို ရပ်တန့်ထားခဲ့ကြပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ အခြေအနေ တင်းမာနေသော တိုက်ပွဲတွင် မိမိတို့၏ အင်အားဖြင့် မည်သို့မျှ ဝင်ရောက်ကူညီနိုင်စွမ်း မရှိကြောင်းကို ကောင်းကောင်းကြီး သိရှိနားလည်သွားကြ၍ ဖြစ်သည်။

ရှောက်မုန့်ယွမ်နှင့် လန်တောက်ချွန်း နှစ်ဦးတည်းသာလျှင် နဂါးနတ်ဘုရား၏ ဖိအားကို အနည်းငယ်မျှ လျော့ပါးသက်သာစေရန် တစ်ဖက်တစ်လမ်းမှ အနည်းငယ် ကူညီပေးနိုင်ကြရှာသည်။

“ဒီအတိုင်းသာ ဆက်သွားရင်... နောက်ထပ် တစ်မနက်စာ လောက်ဆိုရင် နဂါးနတ်ဘုရားရဲ့ စွမ်းအားတွေ လုံးဝ ကုန်ခမ်းသွားလိမ့်မယ်”

လန်တောက်ချွန်း၏ မျက်နှာထားမှာ အလွန် လေးနက်တည်ကြည်နေပြီး ချက်ချင်းပင် နေရာတွင် ရှိနေကြသော ကျင့်ကြံသူများဆီသို့ အသံလှိုင်းဖြင့် သတိပေး စကားပါးလိုက်သည်။

“ဒီနေရာကနေ အမြန်ဆုံး ဆုတ်ခွာကြတော့... မဟုတ်ရင် မုချ သေရလိမ့်မယ်”

နဂါးနတ်ဘုရား၏ စွမ်းအားများ လုံးဝ ကုန်ခမ်းသွားမည့် ထိုခဏချင်းအတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲ၏ နောက်ဆက်တွဲ စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်ပေါ်လာမည် ဖြစ်ရာ အဆင့် ၉ မသေမျိုးများပင်လျှင် ထိုစွမ်းအားလှိုင်းများကြား၌ ပြာအဖြစ်သို့ ပြောင်းလဲပျက်စီးသွားနိုင်ပေသည်။

ယခုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ အေးချမ်းငြိမ်သက်နေသည်ဟု ထင်ရသော်လည်း လက်ရှိတွင် မည်မျှပင် ငြိမ်သက်နေပါစေ၊ ခဏကြာလျှင် ထိုမျှလောက် ပြင်းထန်ထန် ပေါက်ကွဲလာပေလိမ့်မည်။

အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည်လည်း ဖျောင်းဖျစကားကို နားထောင်တတ်သူများ ဖြစ်ကြသဖြင့် ချက်ချင်းပင် အဝေးသို့ ဆုတ်ခွာသွားကြတော့သည်။ သို့သော်လည်း နတ်လမ်းစဉ်ဂိုဏ်း၏ နယ်မြေထဲမှတော့ လုံးဝ ထွက်ခွာသွားခြင်း မရှိကြသေးချေ။

“မင်းတို့နှစ်ယောက်လည်း ဆုတ်ခွာကြတော့”

နဂါးနတ်ဘုရား၏ အသံမှာ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

“ဒါဆို မင်းကကော”

လန်တောက်ချွန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“အခုလို အခြေအနေမျိုးမှာ... ငါ့အနေနဲ့ ဘေးအန္တရာယ်ကင်းကင်းနဲ့ အဝေးကို ဆုတ်ခွာနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး”

နဂါးနတ်ဘုရားသည် လက်ရှိ အခြေအနေကို အလွန် အကဲခတ်မိပြီးသား ဖြစ်သည်။

“နဂါးနတ်ဘုရား ဘေးအန္တရာယ်ကင်းကင်းနဲ့ မဆုတ်ခွာနိုင်ဘူးဆိုတာ... သူ့ရဲ့ အင်အားတွေက ကြာကြာ မခံတော့ဘူးဆိုတာကို သူကိုယ်တိုင် သိနေလို့ပဲ။ အခုက အတင်းအဓမ္မ တောင့်ခံထားရုံ သက်သက်ပဲ။

သူ့ရဲ့ စွမ်းအားတွေ လုံးဝ ကုန်ခမ်းသွားတဲ့ ခဏမှာ... သူက ဘာမှ လက်တုံ့ပြန်နိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး။ ချက်ချင်းပဲ နတ်လမ်းစဉ်ဂိုဏ်းက နတ်ဆိုးကြီးငါးကောင်ရဲ့ ဝိုင်းဝန်းခြေမှုန်းခြင်းကို ခံရတော့မှာ။

အဲဒီ ဖန့်ငရဲမင်းကလည်း လမ်းခရီးမှာ အချိန်ဆွဲခံထားရတာဆိုတော့... အခုချက်ချင်း ရောက်လာရင်တောင် နဂါးနတ်ဘုရားရဲ့ ကူညီမှုမပါဘဲနဲ့တော့ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကို သုံးပြီး နတ်လမ်းစဉ်ဂိုဏ်းရဲ့ နတ်ဆိုးကြီးငါးကောင်ကို တားဆီးနှိမ်နင်းဖို့က ဘယ်လိုမှ မလွယ်ကူနိုင်ဘူး”

ရှောက်မုန့်ယွမ်က အခြေအနေကို သုံးသပ်ကြည့်ပြီးနောက် နောက်ဆုံးတွင် နိဂုံးချုပ် ကောက်ချက်တစ်ခု ချလိုက်သည်။

နတ်လမ်းစဉ်ဂိုဏ်းသည် ယခုအကြိမ်တွင် ရှုံးနိမ့်သွားသည်ဟု ဆိုနိုင်သော်လည်း လုံးဝကြီး ရှုံးနိမ့်သွားခြင်းမျိုးတော့ မဟုတ်ချေ။ အနာဂတ်တွင် မော်ထျန်တီကျန့် က ကောင်းကင်ဘုံလမ်းစဉ်ကို သက်သေပြရန် ကြိုးစားသည့်အခါတွင်လည်း နတ်လမ်းစဉ်ဂိုဏ်း၏ နှောင့်ယှက်မှုကို ဆက်လက် ခံရဦးမည် ဖြစ်သည်။

ထို့ပြင် အပြင်လောကမှ စွမ်းအားများ သက်ဆင်းလာသည့်အခါတွင်လည်း နတ်လမ်းစဉ်ဂိုဏ်း၏ ကူညီမှုကို ရရှိကြပေလိမ့်မည်။

“ဒုက္ခပဲ... ဒီနတ်ဆိုးမျိုးနွယ်စုတွေက တကယ်ပဲ အစွမ်းထက်တဲ့ နည်းလမ်းတွေ ရှိနေကြတာပဲ။ နှစ်ပေါင်းများစွာတိုင်အောင် ပုန်းအောင်းနေခဲ့ပြီးမှ အခုမှပဲ ရင်ဆိုင်ရခက်တဲ့ မျက်နှာဖုံးကို အမှန်အတိုင်း ထုတ်ပြလာတော့တယ်”

ရှောက်မုန့်ယွမ်က လောလောဆယ် တည်ငြိမ်အေးဆေးစွာ ရှိနေသော နတ်လမ်းစဉ်ဂိုဏ်းချုပ်ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်ပြီး ဤပုဂ္ဂိုလ်ကို နောက်ထပ် မလှောင်ဝံ့တော့ချေ။

ယခင်က လုဖုန်းရှန် နှင့် ဟဲ့ကျိန်းရှန်း တို့သည် မိမိတို့၏ စစ်မှန်သော ဝိညာဉ်များကို နိုးထစေခဲ့ပြီး လှုပ်ရှားမှုအချို့ ပြုလုပ်ခဲ့ကြသဖြင့် လူတိုင်းက နတ်လမ်းစဉ်ဂိုဏ်း၏ အခြေခံအင်အားမှာ ထို ရတနာနှစ်ခုပေါ်တွင်သာ ရှိနေသည်ဟု မှားယွင်းစွာ ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။

မဟုတ်လျှင် ယခင်က အဘယ်ကြောင့် ကြီးမားသော လှုပ်ရှားမှုများ မပြုလုပ်ခဲ့ကြပါသနည်း။

သို့သော်လည်း နတ်လမ်းစဉ်ဂိုဏ်း၏ စစ်မှန်သော အခြေခံအင်အားမှာ နတ်ဆိုးသုဿန်၏ စွမ်းအားကို ငှားရမ်းသုံးစွဲနိုင်သည့် နတ်ဆိုးကြီးငါးကောင် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိပါမည်နည်း။

ဒါက နယ်မြေကန့်သတ်ချက်အတွင်းမှာသာ အစွမ်းပြနိုင်တဲ့ သူတော်စင်တစ်ပိုင်း တွေနဲ့ အတူတူပဲ ဖြစ်သည်။

သူတို့သည် အပြင်သို့ ထွက်၍ မတိုက်ခိုက်နိုင်ကြသော်လည်း မိမိတို့၏ အိမ်မြေကို ကာကွယ်စောင့်ရှောက်ရန်အတွက်မူ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

“ငါတို့လည်း သွားသင့်ပြီ။ နဂါးနတ်ဘုရားကတော့ သေလူ ဖြစ်သွားရပြီ၊ ဒါကို ဘယ်လိုမှ ပြောင်းလဲလို့ မရနိုင်တော့ဘူး”

လန်တောက်ချွန်းက ရှောက်မုန့်ယွမ်ဆီသို့ အသံလှိုင်းဖြင့် လှမ်းပြောလိုက်သည်။

ယခုတစ်ကြိမ် ဆုံးရှုံးမှုမှာ အလွန် ကြီးမားလှပေသည်။

နယ်မြေကိုးခုဘက်တွင် နဂါးနတ်ဘုရားကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအားမျိုး ဆုံးရှုံးသွားရခြင်းမှာ နောင်လာမည့် အခြေအနေများအပေါ် ကြီးမားစွာ သက်ရောက်မှု ရှိစေမည် ဖြစ်ရာ ထိပ်သီးခေါင်းဆောင်ကြီးများ ပြန်လည်စုစည်းပြီးမှသာ နည်းလမ်းကောင်းတစ်ခုကို ဖြည်းဖြည်းချင်း တိုင်ပင်ဆွေးနွေးကြရပေတော့မည်။

“ငါတို့ အခုချက်ချင်း ထွက်သွားမယ်ဆိုရင် နဂါးနတ်ဘုရား အချိန်ဆွဲပေးနိုင်တဲ့ သက်တမ်းက ပိုပြီး တိုတောင်းသွားလိမ့်မယ်။ အဲဒါထက်စာရင် နောက်ထပ် နည်းနည်းလောက် ထပ်စောင့်ကြည့်ရအောင်... တစ်ခါတလေ ဖန့်ငရဲမင်းက ရောက်ခါနီးနေပြီလည်း ဖြစ်နိုင်တာပဲ”

ရှောက်မုန့်ယွမ်က အသံလှိုင်းဖြင့် ပြန်လည်ပြောကြားလိုက်သည်။

လန်တောက်ချွန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး

“ဖန့်ငရဲမင်း ရောက်လာဦးတော့... ဒီအခြေအနေက ကြီးကြီးမားမား ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းက ထပ်ပြီး အချိန်ဆွဲချင်သေးတယ်ဆိုရင်လည်း ရပါတယ်”

နဂါးနတ်ဘုရားသည် နောက်ထပ် နေ့ဝက်ခန့် တောင့်ခံထားနိုင်သေးကြောင်းကို သူ အသေအချာ ခန့်မှန်းနိုင်သည်။

ထိုမိုးနတ်ဆိုးမျိုးနွယ်စုမှ ခေါင်းဆောင်ကြီးနှစ်ဦး ထွက်ခွာမည့် အရိပ်အယောင် မရှိသေးသည်ကို မြင်တွေ့ရသည့်အခါ နတ်ဘုရားဘုရင်နယ်မြေမှ ထိပ်သီး အဆင့် ၉ ကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။

“ဒါကို ဘယ်လိုလုပ်ကြမလဲ။ တကယ်လို့ နည်းလမ်းမရှိတော့ဘူးဆိုရင် ကောင်းကင်ဘုံလမ်းစဉ်တစ်ပိုင်း လမ်းကိုပဲ ရွေးချယ်ပြီး လျှောက်လှမ်းရတော့မှာလား”

“ဒါဆိုရင်တော့ နောင်အနာဂတ်မှာ ကန့်သတ်ချက်ကျော်လွန်နိုင်မယ့် အခွင့်အရေး လုံးဝ ရှိတော့မှာ မဟုတ်ဘူး”

“အဓိကအချက်က ငါတို့ အဲဒီခြေလှမ်းကို လှမ်းလိုက်ဦးတော့... ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။ အဲဒီ နတ်ဆိုးကြီးငါးကောင်ကို တားဆီးထားနိုင်မှာ မဟုတ်ဘူးလေ”

“ဒီတစ်ကြိမ်မှာ ရှေးဟောင်းနဂါးနတ်ဘုရားနန်းတော်ရဲ့ အမာခံတွေအားလုံး ပျက်စီးသွားရရုံတင်မကဘဲ နဂါးနတ်ဘုရားပါ ဒီနေရာမှာ အသက်ဆုံးရှုံးရတော့မယ်။ နောင်အနာဂတ်မှာ နတ်လမ်းစဉ်ဂိုဏ်းက နယ်မြေကိုးခုရဲ့ အဆိပ်အတောက်တစ်ခုအဖြစ် ရှိနေဦးမှာပဲဆိုတော့ ငါတို့တွေ သေချာ ပြန်လည် စီစဉ်ကြရလိမ့်မယ်”

လူတိုင်း စကားဆို တိုင်ပင်နေကြစဉ်အတွင်း... မသေမျိုးလှေအစီရင် အုပ်စုတစ်စုသည် တိမ်တိုက်မြူခိုးများကို ဖြည်းညင်းစွာ ခွဲထွက်လာပြီး မလှမ်းမကမ်းနေရာတွင် ပေါ်ထွက်လာခဲ့သည်။

ဤမသေမျိုးလှေအစီရင်အုပ်စုမှာ တိုက်ပွဲတစ်ခုကို ခုလေးတင် ရင်ဆိုင်ဖြတ်သန်းလာခဲ့ရပုံပေါ်ပြီး အနည်းငယ် ဝရုန်းသုန်းကား ဖြစ်နေသည့် ပုံစံမျိုး ရှိနေကြသည်။

“ဒါ... ကျွယ်မင်နန်းတော်ရဲ့ မသေမျိုးလှေအစီရင်ပဲ”

“ချန်ဖေးဖေးလည်း ပါလာတာပဲ။ ဒါပေမဲ့ ကြည့်ရတာ သူလည်း ဒဏ်ရာရထားတဲ့ ပုံပဲနော်”

အင်အားစုအသီးသီးမှ အဆင့် ၉ ကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ချက်ချင်းပင် ရှေ့သို့ တိုးကာ ကြိုဆိုလိုက်ကြတော့သည်။

“ငါတို့ လမ်းခရီးမှာ ဟင်းလင်ပြင်သားရဲတွေရဲ့ ပိတ်ဆို့တိုက်ခိုက်တာကို ခံခဲ့ရတယ်။ နတ်လမ်းစဉ်ဂိုဏ်းက ဟင်းလင်ပြင်သားရဲတွေကိုပါ ကြိုးကိုင်နိုင်စွမ်း ရှိနေတာပဲ။ သူတို့ရဲ့ အခြေခံအင်အားက ငါတို့ ထင်မှတ်ထားတာထက် များစွာ ပိုပြီး ကျော်လွန်နေတယ်။ မင်းတို့ဘက်မှာကော အခြေအနေ ဘယ်လိုရှိလဲ”

ချန်ဖေးဖေးက ဦးစွာ စတင်မေးမြန်းလိုက်သည်။

ဟင်းလင်ပြင်သားရဲတွေ လမ်းပိတ်ဆို့တယ်ဟုတ်လား။

အင်အားစုအသီးသီးမှ အဆင့် ၉ ကျင့်ကြံသူများသည် ထိတ်လန့်သွားကြပြီး မျက်နှာထားများ ထူးဆန်းသွားကြကာ လောလောဆယ် ဤနေရာတွင် ဖြစ်ပျက်နေသော အခြေအနေများကို အကျဉ်းချုံး၍ ပြန်လည်ပြောပြလိုက်ကြသည်။

ဝမ်ချုံစန်းသည် ဘေးမှ နားထောင်နေရင်း မျက်မှောင်များကို ဆက်တိုက် ကြုတ်နေမိတော့သည်။

နတ်ဆိုးကြီးငါးကောင်က နတ်ဆိုးသုဿန်ရဲ့ စွမ်းအားကို ငှားရမ်းသုံးစွဲနိုင်တယ်ဟုတ်လား။

သူတော်စင်တစ်ပိုင်းအဆင့်ကို မနည်း ကူးပြောင်းထားရတဲ့ နဂါးနတ်ဘုရားကတော့ ဂိုဏ်းတံခါးဝရှေ့မှာတင် အတင်းအဓမ္မ ပိတ်ဆို့တားဆီးခံထားရပြီး ခြေတစ်လှမ်းမှ ရှေ့တိုးလို့မရဘဲ မကြာခင်မှာပဲ စွမ်းအားတွေ ကုန်ခမ်းတော့မယ်ဟုတ်လား။

ဤအခြေအနေမှာ တကယ်ကို... တကယ်ကိုပဲ စိုးရိမ်စရာ အလွန် ကောင်းနေခဲ့သည်။

“မင်းတို့ ကျွယ်မင်နန်းတော်လည်း ဒီတစ်ကြိမ်မှာ ဆုံးရှုံးမှု တော်တော်များသွားတယ် မဟုတ်လား”

အဆင့် ၉ မသေမျိုးတစ်ဦးက မသေမျိုးလှေအစီရင် အုပ်စုကို တစ်ချက် လှမ်းကြည့်လိုက်ရင်း ရုတ်တရက် မေးလိုက်သည်။

“ဆုံးရှုံးမှု တော်တော်များတယ်... အမာခံတပည့်တင် အယောက်နှစ်ရာကျော် သေဆုံးသွားခဲ့ရတယ်”

ချန်ဖေးဖေးက ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ပြီး

“ဒါပေမဲ့ သူတို့ကို ဖန့်ငရဲမင်းက ယင်လောကဆီကို ပို့ဆောင်ပေးလိုက်ပြီဆိုတော့ နောင်တစ်ချိန်မှာ စနစ်တကျ နေရာချထားပေးလို့ ရတာပေါ့။ နတ်ဘုရားဝိညာဥ်လမ်းစဉ်ကိုပဲ လျှောက်လှမ်းမလား... ဒါမှမဟုတ် တိုက်ရိုက်ပဲ လူပြန်ဝင်စားပြီး နောက်ဘဝကျမှ အမာခံတပည့် ပြန်လုပ်မလား ရွေးချယ်လို့ ရတာပေါ့”

“နောက်ဘဝ... ဒါပေမဲ့ ငါတို့မှာ အဲဒီလောက်အထိ အချိန်ရှိမရှိတော့ မသိဘူးလေ။ နတ်လမ်းစဉ်ဂိုဏ်းရဲ့ ပြဿနာကို မဖြေရှင်းနိုင်ရင် သူတို့က ငါတို့ရဲ့ စီစဉ်မှုတွေကို အမြဲတမ်း နှောက်ယှက်နေကြဦးမှာပဲ”

“နှမြောစရာကောင်းတာက အခု ဒီပြဿနာက ဖြေရှင်းရ တော်တော်ခက်ခဲသွားပြီ။ ဖြေရှင်းလို့ မရနိုင်တော့တဲ့အပြင် ရှေးဟောင်းနဂါးနတ်ဘုရားနန်းတော်ပါ အဖော်စပ်ခံလိုက်ရတော့ ဆုံးရှုံးမှုက တော်တော်ကြီးသွားပြီ”

အဆင့် ၉ မသေမျိုးတစ်ဦးသည် ဖန့်ချန်၏အပေါ်သို့ အကြည့်ရောက်ရှိသွားပြီး လက်အုပ်ချီကာ ဆိုလိုက်သည်။

“ဖန့်ငရဲမင်း... အခြေအနေကို မင်းလည်း သိပြီးလောက်ပြီပဲ။ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ထဲက ယင်စစ်သည်တွေကို သွားပြီး အလဟဿ အဆုံးရှုံးမခံပါနဲ့တော့။ ဒါက နတ်လမ်းစဉ်ဂိုဏ်းရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ပဲ... ငါတို့မျိုးနွယ်စုရဲ့ အခြေခံအင်အားကို တဖြည်းဖြည်းချင်း အကျအဆုံးများအောင် လုပ်ချင်တာ”

“အခု အခြေအနေအရ... မင်းအနေနဲ့ ဝင်ရောက်တိုက်ခိုက်ဖို့ မလိုတော့ပါဘူး။ နဂါးနတ်ဘုရားကလည်း မကြာခင်မှာပဲ စွမ်းအားကုန်ခမ်းတော့မှာဆိုတော့ မင်းနဲ့အတူ ပူးပေါင်းပြီး နတ်လမ်းစဉ်ဂိုဏ်းက နတ်ဆိုးကြီးငါးကောင်ကို ရင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး။ တကယ်လို့ မင်းတစ်ယောက်တည်းသာဆိုရင်... ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ထဲက ယင်စစ်သည်တွေအားလုံးကို စတေးလိုက်ဦးတော့၊ သူတို့ကို အောင်မြင်အောင် နှိမ်နင်းနိုင်ဖို့က တော်တော်လေး ခက်ခဲလိမ့်မယ်”

ဝမ်ချုံစန်းကလည်း အသံလှိုင်းဖြင့် သတိပေးလိုက်သည်။

“ဒါကတော့ အသေအချာကြီး မပြောနိုင်သေးပါဘူး”

ဖန့်ချန်က စကားတစ်ခွန်း ပြန်လည်တုံ့ပြန်လိုက်ပြီးနောက် နဂါးနတ်ဘုရားတို့ ရှိနေသော နေရာဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားတော့သည်။

ထိုအခြေအနေကို မြင်တွေ့လိုက်ရသည့် အဆင့် ၉ မသေမျိုးအချို့မှာ မျက်မှောင်ကြုတ်မိသွားကြသော်လည်း ထိုယင်လောက၏ ငရဲမင်းကို ဇွတ်အတင်း ဝင်ရောက်တားဆီးရန်တော့ မဝံ့ရဲကြချေ။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ အဆင့်အတန်း၊ ရာထူးအာဏာနှင့် လက်ထဲတွင် ပိုင်ဆိုင်ထားသော စွမ်းအားများသည် သူတို့နှင့် ယှဉ်လျှင် များစွာ မြင့်မားလွန်းနေသောကြောင့် ဖြစ်သည်။

“တကယ်လို့ စိတ်လိုက်မာန်ပါ လုပ်လိုက်မယ်ဆိုရင်... ငါတို့ နယ်မြေကိုးခုအတွက် ဆုံးရှုံးမှုက အရမ်း ကြီးမားသွားလိမ့်မယ်။ မော်ထျန်တီကျန့် ကောင်းကင်ဘုံလမ်းစဉ်ကို သက်သေပြနိုင်မယ့် အခွင့်အရေးလည်း မှေးမှိန်သွားနိုင်တယ်”

“ချန်ဖေးဖေး... မင်း သူ့ကို မဖျောင်းဖျဘူးလား”

“ငါတို့တွေ ဒီလောက်အထိ ကြိုးစားနေကြတာက နယ်မြေကိုးခုကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက် ကောင်းကင်ဘုံလမ်းစဉ်နေရာကို ဆက်ခံမယ့်သူ ရှိလာစေချင်လို့ပဲ။ ဒီနေရာတင်တင် အားလုံး ပျက်စီးသွားတာမျိုးကို မလိုလားဘူး”

သူတို့သည် ချန်ဖေးဖေးကို ရှေ့ထွက်၍ ဖျောင်းဖျစကား ပြောစေချင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကျွယ်မင်နန်းတော်နှင့် ထိုယင်လောက ငရဲမင်းတို့၏ ဆက်ဆံရေးမှာ အလွန် ကောင်းမွန်သည် မဟုတ်ပါလား။

“သူတို့ကို ပြောလိုက်ပါ... ဖျောင်းဖျနေဖို့ မလိုဘူးလို့။ ဒီကောင်လေးအကြောင်း ငါသိတာပေါ့... သူက စိတ်လိုက်မာန်ပါ လုပ်လေ့လုပ်ထရှိတဲ့သူ မဟုတ်ဘူး။ နယ်မြေကိုးခုက ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့ ဘေးဒုက္ခကြီးနဲ့ ရင်ဆိုင်နေရတာမျိုးမှလွဲရင်ပေါ့။ အခု အခြေအနေက အဲဒီလိုမျိုး မဟုတ်ဘူးဆိုတော့... သူ အဲဒီဘက်ကို သွားရဲတယ်ဆိုကတည်းက သူ့မှာ နောက်ကွယ်က အစီအစဉ်တစ်ခုခု သေချာပေါက် ရှိနေလို့ပဲ”

ဝမ်ချုံစန်းက ချန်ဖေးဖေးဆီသို့ အသံလှိုင်းဖြင့် လှမ်းပြောလိုက်သည်။

ချန်ဖေးဖေး၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး ချက်ချင်းပင် လူတိုင်းကို လှမ်း၍ ပြုံးပြကာ ဆိုလိုက်သည်။

“ဖန့်ငရဲမင်းက အဘက်ဘက်ကနေ အကွက်စေ့စေ့ စဉ်းစားတတ်တဲ့သူပဲ။ သူ သွားရဲတယ်ဆိုရင် ဆန်းသစ်တဲ့ နည်းလမ်းတစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်။ ငါတို့တွေလည်း ဒီလောက်အထိ ကြောက်မွေးပါးမနေကြဘဲ... ရှေ့ကို တိုးပြီး အခြေအနေကို အကဲခတ်ကြည့်ကြတာပေါ့၊ ဘယ်လိုလဲ ”

ရှေ့ကို တိုးပြီး အခြေအနေကို အကဲခတ်ကြည့်မယ်ဟုတ်လား။

လူတိုင်းသည် တစ်ဦးကိုတစ်ဦး ဆွံ့အစွာ ကြည့်လိုက်ကြတော့သည်။

All Chapters