အခန်း (၁၉၅၅-၁၉၅၆)
Vol. 196 Ch. 1955-1956
အခန်း (၁၉၅၅) - သူတော်စင်သွေးဗောဓိသီး ဆိုတာ ဘာလဲ
လောလောဆယ် အခြေအနေအရ နဂါးနတ်ဘုရားမှာ မကြာခင် တောင့်မခံနိုင်တော့မည့် အနေအထားသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။ သူ၏ စွမ်းအားများ လုံးဝ ကုန်ခမ်းသွားသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးကြီးငါးကောင်၏ အတွင်းနယ်မြေ စွမ်းအားများသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမြိုခြေမှုန်းပစ်မည် ဖြစ်သည်။
ထိုအချိန်ကျလျှင် နဂါးနတ်ဘုရားတစ်ယောက်တည်း ပြာအဖြစ် ပြောင်းလဲပျက်စီးသွားမည် မဟုတ်ဘဲ ဤနေရာတွင် ရှိနေကြသောသူမှန်သမျှ တစ်ယောက်မကျန် မုချသေဆုံးကြရပေလိမ့်မည်။
ထိုကဲ့သို့သော စွမ်းအားမျိုးကိုမူ ရှေးဟောင်းနတ်ဆိုးကြီးများပင်လျှင် ထိပ်တိုက်မရင်ဆိုင်ဝံ့ဘဲ ရှောင်ကွင်းသွားရမည် ဖြစ်ရာ အဆင့် ၉ ကျင့်ကြံသူအဆင့်တွင်သာ အချိန်အကြာကြီး ရပ်တန့်နေခဲ့ကြသော သူတို့လို ကျင့်ကြံသူများအနေဖြင့် မည်သို့လျှင် တောင့်ခံနိုင်ပါမည်နည်း။
“ငရဲမင်းကတော့ သေရမှာကို မကြောက်ဘူး ဖြစ်လိမ့်မယ်၊ ဘာပဲပြောပြော သူက ယင်လောကရဲ့ အရှင်သခင်ပဲဥစ္စာ။ ဒါပေမဲ့ ငါတို့က သူနဲ့ မတူဘူးလေ။ မင်းက ငါတို့ကို ရှေ့တိုးခိုင်းနေတာက ငါတို့ကို သေတွင်းထဲ အတင်းတွန်းပို့နေတာနဲ့ ဘာထူးလို့လဲ”
အဆင့် ၉ မသေမျိုးတစ်ဦးက ခေါင်းကို ခါယမ်းကာ တိုက်ရိုက်ပင် ငြင်းဆန်လိုက်တော့သည်။
“ငါတို့အားလုံးမှာ တူညီတဲ့ ရည်ရွယ်ချက် ရှိကြတယ်ဆိုပေမဲ့ ဒီနေ့ တိုက်ပွဲက ရှုံးနိမ့်သွားခဲ့ပြီပဲ။ ငါတို့ပါ အသက်အသေခံလိုက်မယ်ဆိုရင် ဒါက နတ်လမ်းစဉ်ဂိုဏ်းရဲ့ အလိုကျ ဖြစ်သွားမှာပေါ့။ အဲဒီလိုဆိုရင် နောင်အနာဂတ်ကျရင် နယ်မြေကိုးခုရဲ့ အတွင်းအပြင် အန္တရာယ်တွေကို ဘယ်လို ဖြေရှင်းကြတော့မှာလဲ”
ချန်ဖေးဖေးက ဘာမှ ပြန်လည်မရှင်းပြတော့ဘဲ မသေမျိုးလှေအစီရင် အုပ်စုကို ဦးဆောင်ကာ ဖန့်ချန်၏ နောက်သို့ တန်းတန်းမတ်မတ် လိုက်ပါသွားတော့သည်။
ကျန်ရှိနေခဲ့သူများသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားကြပြီးနောက် အဆင့် ၉ မသေမျိုး အနည်းငယ်ကတော့ အခြေအနေမှန်ကို သိရှိနိုင်ရန် ရှေ့သို့ လိုက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။ ကျန်ရှိနေသောသူများကမူ မိမိတို့၏ တပည့်သားမြေများကို ခေါ်ဆောင်ကာ တစ်ချက်ကလေးမျှ မလှုပ်ရှားဘဲ ဝေးလံသော နေရာမှသာ စောင့်ကြည့်နေကြတော့သည်။
……
……
“ဖန့်ငရဲမင်း ရောက်လာပြီ”
လန်တောက်ချွန်းနှင့် ရှောက်မုန့်ယွမ်တို့သည် ဖန့်ချန်၏ အရှိန်အဝါကို ပထမဆုံး အချိန်မှာပင် အာရုံခံမိလိုက်ကြသည်။
နဂါးနတ်ဘုရားကမူ လောလောဆယ်တွင် သူ၏ အင်အားနှင့် အာရုံစိုက်မှုအားလုံးကို နတ်လမ်းစဉ်ဂိုဏ်း၏ နတ်ဆိုးကြီးငါးကောင်ပေါ်တွင်သာ ပုံအောထားရသဖြင့် နောက်ဆုံးမှသာ သတိပြုမိတော့သည်။
“ဖန့်ငရဲမင်း... အခြေအနေက မကောင်းဘူးဗျ။ လမ်းခရီးမှာ တစ်ခုခု နှောင့်နှေးကြန့်ကြာခဲ့လို့လား”
လန်တောက်ချွန်းက လှမ်း၍ အော်မေးလိုက်သည်။
“ဟင်းလင်ပြင်သားရဲ တပ်ဖွဲ့ရဲ့ ပိတ်ဆို့တိုက်ခိုက်တာကို ခံခဲ့ရလို့ပါ”
ဖန့်ချန်က ဆိုလိုက်သည်
“ဟင်းလင်ပြင်သားရဲ အကောင်ရေ တစ်ထောင်နီးပါး ရှိပြီး အားလုံးက ကန့်သတ်ချက်ကျော်လွန်တဲ့အဆင့်တွေ ဖြစ်နေလို့ အချိန်နည်းနည်း ကြန့်ကြာသွားရတာပါ”
ဟင်းလင်ပြင်သားရဲ အကောင်ရေ တစ်ထောင်နီးပါးဟုတ်လား။
“ဒီလို မိစ္ဆာကောင်တွေကိုပါ မင်းတို့ နတ်လမ်းစဉ်ဂိုဏ်းက ကြိုးကိုင်နိုင်တယ်ပေါ့ ဟုတ်လား”
ရှောက်မုန့်ယွမ်က ထိတ်လန့်အံ့ဩစွာဖြင့် နတ်လမ်းစဉ်ဂိုဏ်းချုပ်ကို လှမ်းကြည့်လိုက်သည်။
တစ်ဖက်လူ၏ မျက်နှာတွင်မူ အရာအားလုံးကို ကြိုတင်သိရှိထားသည့်အလား အပြုံးတစ်ခု စွဲထင်နေပြီး ဒါက နတ်လမ်းစဉ်ဂိုဏ်း၏ နည်းလမ်းဖြစ်ကြောင်း သွယ်ဝိုက်၍ ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။
“ဟင်းလင်ပြင်သားရဲတွေက နယ်မြေကိုးခု မပေါ်ထွန်းခင် ခေတ်ကတည်းက တည်ရှိနေခဲ့တာ။ အဲဒီခေတ်ကြီး ပျက်စီးသွားပြီးတဲ့နောက်မှာတောင် ဒီသားရဲတွေက ဆက်လက် အသက်ရှင်နေခဲ့ကြပေမဲ့ သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေက အလွန် လျှို့ဝှက်ဆန်းကြယ်တယ်။ အများစုက ရှေးဟောင်းတားမြစ်နယ်မြေ အနီးအနားမှာပဲ လှုပ်ရှားကြပြီး အဆက်အသွယ်လုပ်ဖို့လည်း မဖြစ်နိုင်ဘူး။
မင်းတို့ နတ်လမ်းစဉ်ဂိုဏ်းက ဘယ်လိုနည်းလမ်းကို သုံးပြီး ဒီဟင်းလင်ပြင်သားရဲတွေကို ယဉ်ပါးအောင် လုပ်လိုက်တာလဲ”
လန်တောက်ချွန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
သို့သော်လည်း နတ်လမ်းစဉ်ဂိုဏ်းချုပ်က သူ့ကို စကားပြန်မပြောဘဲ ဖန့်ချန်ကိုသာ စိုက်ကြည့်ရင်း ပြုံး၍ ဆိုလိုက်သည်။
“ဖန့်ငရဲမင်း... ငါတို့ နောက်ဆုံးတော့ ဆုံကြပြီပေါ့”
“ဒါပေမဲ့ မင်း ရောက်လာတာ တစ်လှမ်း နောက်ကျသွားပြီ။ နဂါးနတ်ဘုရားက အခု စွမ်းအားကုန်ခမ်းနေပြီ၊ မင်းရဲ့ ယင်စစ်သည်တွေကလည်း ဟင်းလင်ပြင်သားရဲတွေကြောင့် အင်အားပြုန်းတီးသွားခဲ့ပြီ။ မင်း အခုချက်ချင်း လက်တုံ့ပြန်ရင်တောင် နောက်ထပ် နာရီအနည်းငယ် ကြာရင် မင်းတို့အားလုံး အရှုံးနဲ့ ရင်ဆိုင်ရမှာပဲ”
“ဒါကြောင့်... ငါတို့တွေ အေးအေးဆေးဆေး ထိုင်ပြီး သေချာ ဆွေးနွေးကြရင် မကောင်းဘူးလား”
လူတိုင်းသည် ရင်ထဲမှ ဒေါသတကြီး ဖြစ်နေကြသော်လည်း တစ်ဖက်လူကို ဘာမှ မတတ်နိုင်ကြချေ။
လုံးဝကြီး ကျရှုံးသွားပြီဟု ထင်မှတ်ထားရသော နတ်လမ်းစဉ်ဂိုဏ်းတွင် ဤကဲ့သို့သော နောက်ကွယ်မှ အစီအစဉ်မျိုး ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိပါမည်နည်း။ ဒါကိုသာ ကြိုတင်သိရှိခဲ့လျှင် ဒီနေ့ ဘယ်သူမှ မလာခဲ့ကြတာကမှ မှန်ကန်သော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
“ငါတို့ကြားမှာ ဆွေးနွေးစရာ ဘာမှမရှိဘူး။ လူသားမျိုးနွယ်စုက မိစ္ဆာမျိုးနွယ်စုနဲ့ ပူးပေါင်းနိုင်တာက ငါတို့အားလုံးက ရွှေ့ပြောင်းအခြေစိုက်လာကြသူတွေ ဖြစ်လို့ပဲ။ အခြေခံအရ ငါတို့တွေက သေရာပါ ရန်သူတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး။
ဒါပေမဲ့ မင်းတို့ နတ်ဆိုးမျိုးနွယ်စုတွေရဲ့ မျက်လုံးထဲမှာတော့ ငါတို့ လူသားမျိုးနွယ်စုက နယ်မြေကိုးခုကို လုယူထားတဲ့ ပြင်ပရန်သူတွေပဲ။ ဒီလောက်အထိ နှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်ပွားလာခဲ့ပြီးတဲ့နောက်မှာ နှစ်ဖက်စလုံးက ပြန်လည်သင့်မြတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။
ငါတို့ လူသားမျိုးနွယ်စုက မင်းတို့ နတ်ဆိုးမျိုးနွယ်စုရဲ့ နယ်မြေရှာဖွေရေးဂိုဏ်းကတောင် ရန်မမူဝံ့တဲ့အထိ အစွမ်းထက် အင်အားကြီးမားလာမှသာ မင်းတို့တွေက ငြိမ်းချမ်းရေးကို လိုက်ရှာကြမှာ”
ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။
“ဒီမျိုးဆက်သစ်ကောင်လေးက အခြေအနေမှန်ကို ကောင်းကောင်းကြီး သိနေတာပဲ”
နတ်ဆိုးအိုကြီးတစ်ကောင်က ရယ်မောကာ ပြောဆိုလိုက်သည်။ သူ၏ ပါးစပ်ထဲတွင် သွားပင် အနည်းငယ်မျှသာ ကျန်ရှိတော့သော်လည်း နတ်ဆိုးသုဿန် အတွင်းနယ်မြေ၏ ပံ့ပိုးမှုအောက်တွင်မူ သူ၏ နတ်ဆိုးအရှိန်အဝါက ကောင်းကင်သို့ တိုင်အောင် ဟုန်းဟုန်းတောက် ထွက်ပေါ်နေခဲ့သည်။
ကျွယ်မင်နန်းတော်၏ အမာခံတပည့်များသည် တစ်ဖက်လူ၏ ထိုကဲ့သို့သော အမူအရာကို ကြည့်ရင်း ဒေါသတကြီးဖြင့် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိကြတော့သည်။ မိမိတို့၏ စွမ်းအားက မလုံလောက်သဖြင့် ဤကဲ့သို့သော တိုက်ပွဲတွင် ဝင်ရောက်မတိုက်ခိုက်နိုင်သည်ကိုသာ နာကျည်းနေမိကြသည်။
တစ်ဖက်လူ စေလွှတ်လိုက်သော ဟင်းလင်ပြင်သားရဲတပ်ဖွဲ့ကြောင့် ပြီးခဲ့သည့် တိုက်ပွဲတွင် ကျွယ်မင်နန်းတော်မှ အမာခံတပည့်များစွာ အသက်ဆုံးရှုံးခဲ့ရသည်။ သူတို့အားလုံးသည် နှစ်ပေါင်းများစွာတိုင်အောင် အတူတကွ လက်တွဲလာခဲ့ကြသော ဆရာတူညီအစ်ကို၊ မောင်နှမများ ဖြစ်ကြရာ မည်သူ့ရင်ထဲမှာမှ မနာကျည်းဘဲ ရှိပါမည်နည်း။
“အခုလို အခြေအနေမျိုးမှာ... မင်း မဆွေးနွေးချင်လည်း ဆွေးနွေးရမှာပဲ”
နတ်လမ်းစဉ်ဂိုဏ်းချုပ်က တည်ငြိမ်စွာ ဆိုလိုက်သည်။
အင်အားစုအသီးသီးမှ အဆင့် ၉ ကျင့်ကြံသူများသည် မျက်မှောင်များကို အနည်းငယ် ကြုတ်လိုက်ကြသည်။
“သူ ဘာတွေ ဆွေးနွေးချင်လဲဆိုတာကို အရင် နားထောင်ကြည့်ရင်ကော မကောင်းဘူးလား”
လန်တောက်ချွန်းက ဆိုလိုက်သည်။
ရှောက်မုန့်ယွမ်ကမူ ဘာမှ ဝင်မပြောဘဲ အေးစက်စွာသာ ဆိုလိုက်သည်။
“ရည်ရွယ်ချက်က လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေမှတော့... ထပ်ပြီး ဆွေးနွေးနေလည်း ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး”
“ဖန့်ငရဲမင်းလေး... မင်းတို့ အိမ်က လူကြီးတွေကော လူကိုယ်တိုင် လာဖို့ အစီအစဉ် မရှိကြဘူးလား”
နဂါးနတ်ဘုရားက ရုတ်တရက် လှမ်းမေးလိုက်သည်။
ဟုတ်သားပဲ။
လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။ ထို ယန်နတ်ဘုရား အုပ်စုသာ လူကိုယ်တိုင် လာရောက်မည်ဆိုလျှင် အနိုင်ရရှိရန် အခွင့်အရေး ရှိကောင်းရှိနိုင်ပေသည်။ အနည်းဆုံးတော့ နဂါးနတ်ဘုရားကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာနိုင်အောင် ကူညီပေးနိုင်လျှင်ပင် ယနေ့အတွက် ဆုံးရှုံးမှု မကြီးမားလှတော့ချေ။
“အဲဒီ ယန်နတ်ဘုရားအုပ်စုကတော့... သူတို့မှာ လုပ်စရာ ကိစ္စအသီးသီး ရှိနေကြလို့ လာနိုင်ကြမှာ မဟုတ်တော့ဘူး။ တကယ်လို့ လာခဲ့ရင်တောင်မှ အကြွင်းမဲ့ စွမ်းအားအရှေ့မှာတော့ ဘယ်လို နည်းလမ်းမျိုးပဲဖြစ်ဖြစ် ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး”
နတ်လမ်းစဉ်ဂိုဏ်းချုပ်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီးနောက် ဖန့်ချန်ကို လှမ်းကြည့်ကာ
“မင်း ဆွေးနွေးမလား... မဆွေးနွေးဘူးလား”
“မဆွေးနွေးဘူး”
ဖန့်ချန်က ခေါင်းခါကာ ငြင်းဆန်လိုက်ပြီးနောက် ချက်ချင်းပင် သူတော်စင်သွေးဗောဓိသီး တစ်လုံးကို ထုတ်ယူကာ နဂါးနတ်ဘုရား၏ ပါးစပ်ထဲသို့ တိုက်ရိုက် ပစ်ထည့်ပေးလိုက်တော့သည်။
နဂါးနတ်ဘုရားသည် ခဏမျှ ကြောင်အသွားပြီးနောက် ချက်ချင်းပင် အံ့ဩတကြီးဖြင့် ဟစ်အော်လိုက်သည်။
“ခုနက အရသာက... သူတော်စင်သွေးဗောဓိသီး ဟုတ်လား ”
သူတော်စင်သွေးဗောဓိသီး ဟုတ်လား။
နေရာတွင် ရှိနေကြသော လူအများအပြားသည် မသိစိတ်ကြောင့် ဖန့်ချန်ကို လှမ်းကြည့်လိုက်ကြပြီး မျက်ဝန်းများထဲတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားကြတော့သည်။
“သူတော်စင်သွေးဗောဓိသီး... ဒီလို အရာမျိုးကို မင်းက ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားရတာလဲ”
လန်တောက်ချွန်း၏ မျက်နှာထားမှာ အလွန် ထူးဆန်းနေခဲ့သည်။
“သူတော်စင် သွေးနဲ့ အစဉ်အမြဲ သွန်းလောင်းပေးမှသာ သူတော်စင်သွေးဗောဓိသီးကို ရရှိနိုင်ဖို့ အခွင့်အရေး ရှိတာ။
အတိတ်တုန်းက အချို့သော သူတ်စင်မျိုးနွယ်စုတွေမှာ သူတော်စင်တစ်ဦး သေဆုံးခါနီးအချိန်ကျရင် မိမိရဲ့ အနှစ်သာရ သွေးအင်အားကို သုံးပြီး သူတော်စင်သွေးဗောဓိသီးကို မွေးမြူလေ့ရှိကြတယ်။ တစ်လုံး အောင်မြင်သွားတာနဲ့တင် မိမိတို့ မျိုးနွယ်စုအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးကို သယ်ဆောင်ပေးနိုင်တာ...
ဒါပေမဲ့ နယ်မြေကိုးခုထဲမှာ... သူတော်စင် ဆိုတာ ဘယ်မှာ ရှိလို့လဲ”
ရှောက်မုန့်ယွမ်က ရေရွတ်လိုက်မိသည်။
နေရာတွင် ရှိနေကြသောသူများထဲတွင် အနည်းငယ်မျှသော လူများသာလျှင် သူတော်စင်သွေးဗောဓိသီး၏ တည်ရှိမှုကို သိရှိကြခြင်း ဖြစ်သည်။
ကျန်ရှိသောသူများသည် သူတော်စင်သွေးဗောဓိသီးက မည်သည့်အရာမှန်း မသိကြသော်လည်း နဂါးနတ်ဘုရားတို့၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ဤအရာမှာ အလွန် ထူးခြားဆန်းပြားသော ရတနာတစ်ပါး ဖြစ်ကြောင်း ခန့်မှန်းမိကြသည်။
“ဒါကြောင့်မို့လို့ကိုး။ နဂါးနတ်ဘုရားက အခု ဘယ်လိုနည်းလမ်းကို သုံးလိုက်လဲ မသိပေမဲ့ အတိတ်တုန်းက အတွင်းနယ်မြေနဲ့ ပြန်လည် ချိတ်ဆက်မိသွားပြီ။
တကယ်လို့ သူတော်စင်သွေးဗောဓိသီးရဲ့ ပံ့ပိုးမှုသာ ရရှိမယ်ဆိုရင်... သူ့ရဲ့ အတွေ့အကြုံနဲ့ ပါရမီအရ ခဏတာအတွင်း သူတော်စင်အဆင့် ကို ချဉ်းကပ်သွားနိုင်ဖို့ အခွင့်အရေး ရှိတယ်...”
အဆင့် ၉ မသေမျိုးတစ်ဦးက ရေရွတ်လိုက်သည်
“ဘယ်လောက်ပဲ အားနည်းတဲ့ သူတော်စင်ဖြစ်ပါစေ... ဒါက အတုအယောင် သူတော်စင်တစ်ပိုင်း ငါးကောင်လောက်နဲ့တော့ ယှဉ်လို့ရတာ မဟုတ်ဘူး...”
“သူ့လက်ထဲမှာ ဒီလို အရာမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး... ဒါကြောင့်မို့လို့ကိုး...”
ချန်ဖေးဖေးက ဖြည်းညင်းစွာ ရေရွတ်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် အပြုံးရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
“သူတော်စင်သွေးဗောဓိသီး ဆိုတာ ဘာလဲ”
နတ်ဆိုးကြီးငါးကောင်၏ မျက်နှာထားများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ နဂါးနတ်ဘုရား၏ အမူအရာက သူတို့၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားမိစေသည်။
သို့သော်လည်း နဂါးနတ်ဘုရား၏ လက်ရှိ အရှိန်အဝါမှာ ယခင်ကထက် ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိသေးသည်ကို မြင်တွေ့ရသည့်အခါမှသာ သူတို့၏ ရင်ထဲတွင် သက်ပြင်းချနိုင်တော့သည်။
“သူတော်စင်သွေးဗောဓိသီး ဆိုတာ ဘာလဲ ဟုတ်လား”
နဂါးနတ်ဘုရားက ရုတ်တရက် ဖြဲအော်ကာ ရယ်မောလိုက်ပြီး သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါများသည် အရှိန်အဟုန်ပြင်းစွာဖြင့် တရဟော မြင့်တက်လာခဲ့တော့သည်။ သူ၏ နောက်ကွယ်ရှိ နဂါးနတ်ဘုရားမြို့တော်ကြီးမှာလည်း ပိုမို၍ ထင်ရှားပြတ်သားလာခဲ့သည်။
မကောင်းတော့ဘူး
နတ်ဆိုးကြီးငါးကောင်၏ မျက်ဝန်းများထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားပြီး ချက်ချင်းပင် လက်မနှေးတော့ဘဲ မိမိတို့၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအားများကို ဗုံးပေါက်ကွဲသကဲ့သို့ ထုတ်ဖော်လိုက်ကြရာ အတွင်းနယ်မြေ၏ စွမ်းအားများသည် တစ်ခဏချင်းအတွင်းမှာပင် ဆယ်ဆမက ပိုမို ပြင်းထန်လာခဲ့သည်။
ယခင်အတိုင်းသာဆိုလျှင် ဤစွမ်းအားသည် နဂါးနတ်ဘုရားကို တစ်ခဏချင်းအတွင်း ဖိနှိပ်ခြေမှုန်းပစ်ရန် လုံလောက်ပေသည်။
သို့သော်လည်း ယခုအချိန်တွင်မူ... အရာအားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
နဂါးနတ်ဘုရား မြင့်တက်လာသော စွမ်းအားများသည် တစ်ဖက်လူတို့ တိုးပွားလာသော စွမ်းအားများကို ခုခံနိုင်ရုံတင်မကဘဲ အသာစီးပင် ရရှိလာခဲ့သည်။
ထို့ပြင် အနှစ်သာရပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခုပါ စတင် ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။
“ငါ မင်းတို့ကို ပြောပြမယ်... သူတော်စင်သွေးဗောဓိသီး ဆိုတာ ဘာလဲဆိုတာကိုပေါ့။”
နဂါးနတ်ဘုရားက ကောင်းကင်တုန်ဟီးမတတ် အော်ဟစ်ကာ ရယ်မောလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အတွင်းနယ်မြေ စွမ်းအားများသည် ပေပေါင်းသောင်းချီ မြင့်မားသော ပင်လယ်ဒီရေလှိုင်းကြီးများအလား တရဟော စီးဆင်းသွားပြီး နတ်ဆိုးကြီးငါးကောင်ကို နတ်လမ်းစဉ်ဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာဆီသို့ တန်းတန်းမတ်မတ် လွင့်စင်သွားအောင် ရိုက်ခတ်ပစ်လိုက်တော့သည်။
မူလက လှပဝေဆာနေသော တောင်ချိုင့်ဝှမ်းကြီးမှာမူ လောလောဆယ်တွင် ပျက်စီးယိုယွင်းနေသော အမှိုက်ပုံကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။
တောင်တစ်ခုလုံးတွင် ရှိနေကြသော မက်မွန်ပန်းများမှာလည်း စောစောကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းတံခါးဝဆီသို့ ဦးတည်ထားသော ရှည်လျားလှသည့် ကျောက်လှေကားထစ်ကြီးမှာလည်း ပြာအဖြစ် ပြောင်းလဲပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
နတ်လမ်းစဉ်ဂိုဏ်းတစ်ခုလုံး၏ ထက်ဝက်နီးပါးမှာပင် ဤတိုက်ခိုက်မှုတစ်ခုတည်းအောက်၌ စုန်းစုန်းမြုပ် ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
“ငါတို့ လာပြီဟေ့။”
အဝေးတစ်နေရာတွင် ပုန်းအောင်းနေခဲ့ကြသော အဆင့် ၉ မသေမျိုး အနည်းငယ်သည် ထိုအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ ချက်ချင်းပင် မိမိတို့၏ တပည့်သားမြေများကို ခေါ်ဆောင်ကာ အော်ဟစ်ကြွေးကြော်ရင်း ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
အခန်း (၁၉၅၆) - အလဲအလှဲ လုပ်မလား
အချို့သောလူများသည် မွေးရာပါကိုက အသာစီးရနေသည့် တိုက်ပွဲမျိုးကို ဆင်နွှဲရာတွင် အလွန် ကျွမ်းကျင်တတ်ကြသည်။
အခြေအနေ မဟန်သည့် အခါမျိုးတွင်မူ ကိစ္စရပ်တိုင်း၌ အဆင်မပြေဘဲ အမှားအယွင်းများစွာ ပြုလုပ်မိတတ်ကြသော်လည်း၊ အသာစီးရသည့် အခြေအနေသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ဦးနှောက်မှာ ချက်ချင်းပင် လျင်မြန်ဖြတ်လတ်လာပြီး တစ်ကွက်မကျန် စေ့စပ်သေချာသွားတတ်ကြပေသည်။
အင်အားစုအသီးသီးမှ အဆင့် ၉ မသေမျိုးများသည် နဂါးနတ်ဘုရားနှင့် တိုက်ရိုက် ပူးပေါင်းလိုက်ကြပြီး နတ်လမ်းစဉ်ဂိုဏ်းတစ်ခုလုံးကို တစ်ဟုန်ထိုး ဝင်ရောက်ခြေမှုန်းကြတော့သည်။
နတ်လမ်းစဉ်ဂိုဏ်းတွင်လည်း မူလကတည်းက အခြား မျိုးနွယ်စုများ ကျန်ရှိမနေတော့သဖြင့် သူတို့ လုပ်ဆောင်နေကြသည်မှာ နတ်လမ်းစဉ်ဂိုဏ်း၏ အဆောက်အအုံများနှင့် အစီအရင်မှန်သမျှကို တိုက်ရိုက် ဖျက်ဆီးပစ်နေခြင်းသာ ဖြစ်သည်။
“မင်းဆီကနေ သူတော်စင်သွေးဗောဓိသီးတစ်လုံး ထွက်လာလိမ့်မယ်လို့ ငါ တကယ်ကို ထင်မထားခဲ့ဘူး။ ဒါက မင်းတို့အိမ်က လူကြီးတွေ ပေးလိုက်တာလား”
ဝမ်ချုံစန်းသည် ဖန့်ချန်၏အနားသို့ ပျံသန်းရောက်ရှိလာပြီး မျက်နှာတွင် သက်ပြင်းချဟန်တစ်ခု စွဲထင်နေခဲ့သည်။
ကျန်ရှိသောသူများအားလုံးမှာ အသာစီးရနေသည့် တိုက်ပွဲကို ဝင်ရောက်ဆင်နွှဲနေကြသော်လည်း သူနှင့် ဖန့်ချန် နှစ်ဦးတည်းသာလျှင် မူလနေရာ၌ ရပ်တန့်နေခဲ့ကြခြင်း ဖြစ်သည်။
“ဒီနေ့လို အရေးကြီးတဲ့ အခြေအနေမျိုးမှာ သူတော်စင်သွေးဗောဓိသီးက အသုံးဝင်လာလိမ့်မယ်လို့ ငါကိုယ်တိုင်လည်း ထင်မထားခဲ့မိဘူး”
ဖန့်ချန်၏ ရင်ထဲတွင်လည်း အတွေးပေါင်းများစွာဖြင့် သက်ပြင်းချမိနေသည်။
ဤသူတော်စင်သွေးဗောဓိသီးမှာ သူတော်စင်မျှော်စင်တိုက်ပွဲ မှ မြစ်ဖျားခံခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က နဂါးနတ်ဘုရား ကိုယ်တိုင် ဆုလာဘ်အဖြစ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ ၎င်းမှာ သူ၏လက်မှတစ်ဆင့် နဂါးနတ်ဘုရား၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး ယနေ့၏ အဆုံးအဖြတ်ပေးမည့် သော့ချက်အခြေအနေတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သွားခဲ့ချေပြီ။
“နဂါးနတ်ဘုရားက သူတော်စင်အဆင့်ကို ပြန်လည်ရရှိသွားတာမျိုး မဟုတ်ဘူး။ သူက အလွန်တိုတောင်းတဲ့ အချိန်အတွင်းမှာ သူတော်စင်သွေးဗောဓိသီးရဲ့ အနှစ်သာရတွေကို တိုက်ရိုက် အရည်ဖျော် စုပ်ယူလိုက်ပြီး သူတော်စင်တွေရဲ့ နည်းလမ်းအချို့ကို ခေတ္တခဏ ရရှိသွားတာပဲ။
ဒီအနှစ်သာရတွေ လုံးဝ ကုန်ခမ်းသွားတဲ့အခါကျရင် သူက အခုလက်ရှိ အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်မှာ မဟုတ်ရုံတင်မကဘဲ နဂါးနတ်ဘုရားမြို့တော်နဲ့ ခဏတာ ပြန်လည်ချိတ်ဆက်မိခဲ့တဲ့အတွက်ကြောင့် ပေးဆပ်မှုတွေကိုပါ ပြန်ပြီး ပေးဆပ်ရလိမ့်မယ်”
ဝမ်ချုံစန်း၏ မျက်နှာထားမှာ ရှုပ်ထွေးနေခဲ့သည်
“မင်းတို့အိမ်က လူကြီးတွေက ဘယ်လို အကျိုးအမြတ်မျိုးကို ကတိပေးလိုက်လို့ နဂါးနတ်ဘုရားက ဒီခြေလှမ်းအထိ လှမ်းဖို့ ထိုက်တန်သွားရတာလဲ။ စကားအရာရာကို ချုံ့ပြောရရင်... သူက မိစ္ဆာမျိုးနွယ်စုလည်း မဟုတ်ဘူး၊ လူသားမျိုးနွယ်စုလည်း မဟုတ်ဘူး။ နယ်မြေကိုးခုရဲ့ အရေးပါမှုက သူ့အတွက်တော့ တကယ်တမ်း သိပ်ပြီး မမြင့်မားလှဘူးလေ”
“ဒါကတော့ ငါလည်း သေချာမသိဘူး။ လူကြီးတွေက တစ်ခုခုကို တကယ်ပဲ ဖုံးကွယ်ထားကြတယ်လို့ ငါ ထင်တယ်။ ဒါပေမဲ့ သတင်းတွေ ပေါက်ကြားသွားပြီး အခြေအနေကြီးတစ်ခုလုံးကို ထိခိုက်မှာ စိုးရိမ်လို့ ရှင်းရှင်းလင်းလင်း မပြောပြချင်ကြတာ ဖြစ်လိမ့်မယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတို့တွေ အသေးစိတ် လိုက်လံစုံစမ်းနေဖို့ မလိုပါဘူး၊ လက်ရှိမျက်မှောက် အခြေအနေကို ကောင်းအောင် လုပ်ဆောင်နိုင်ရင် ရပါပြီ”
ဖန့်ချန်က ပြုံးလိုက်ပြီး
“ဒါထက်... ငါက နတ်လမ်းစဉ်ဂိုဏ်းရဲ့ ဟင်းလင်ပြင်သားရဲတွေကို ကြိုးကိုင်တဲ့ နည်းလမ်းကို ပိုပြီး စိတ်ဝင်စားမိတယ်။ ဟင်းလင်ပြင်သားရဲတွေက နယ်မြေကိုးခုရဲ့ ကန့်သတ်ချက်တွေကို ခံရပုံမပေါ်သလို၊ သူတော်စင်ကျမ်းစာရဲ့ နည်းလမ်းတွေကိုလည်း လိုက်နာဖို့ မလိုဘူး။ သူတို့မှာ ကိုယ်ပိုင်လမ်းစဉ် ရှိကြပုံပဲ”
“ပြီးခဲ့တဲ့ ခေတ်ဦးက အရာတွေဆိုတော့ လက်ရှိခေတ်နဲ့ မတူတာ သဘာဝပါပဲ။ တကယ်လို့ ငါတို့ ခန့်မှန်းချက်တွေသာ မမှားဘူးဆိုရင်... ဒီဟင်းလင်ပြင်သားရဲတွေက ဟင်းလင်ပြင်အမြင့်ဆုံးမဟာမိတ် ဘက်နဲ့လည်း ပတ်သက်မှု ရှိနိုင်တယ်”
ဝမ်ချုံစန်းက ဆိုလိုက်သည်။
ဖန့်ချန်က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး စိတ်ကူးထဲတွင် တစ်ခုခုကို အာရုံရသွားဟန်ဖြင့်
“မိစ္ဆာမျိုးနွယ်စုရဲ့ အခြေခံအင်အားက မနည်းဘူးဆိုတော့... အစောပိုင်းကာလတုန်းက သူတို့တွေ ဟင်းလင်ပြင်အမြင့်ဆုံးမဟာမိတ်နဲ့ အဆက်အသွယ် ရှိခဲ့ဖူးဖို့ အခွင့်အရေးက မနည်းဘူးပဲ။
ဒါပေမဲ့ မိစ္ဆာမျိုးနွယ်စုက လက်ရှိခေတ်ရဲ့ သက်ရှိတွေပဲလေ၊ ပြီးခဲ့တဲ့ ခေတ်ဟောင်းက ကျန်ရစ်ခဲ့တဲ့အရာတွေ မဟုတ်ဘူး။ မင်းက ဟင်းလင်ပြင်သားရဲတွေနဲ့ ဟင်းလင်ပြင် အမြင့်ဆုံးမဟာမိတ်အကြား ဆက်နွှယ်မှု ရှိနေတယ်လို့ သံသယဝင်နေတာလား၊ ပြီးတော့ မိစ္ဆာမျိုးနွယ်စုက အဲဒီဟင်းလင်ပြင်သားရဲတွေနဲ့ ပြန်ပြီး ပတ်သက်နေတာပေါ့”
ဝမ်ချုံစန်းက ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။
“ဖြစ်နိုင်တာကတော့... နတ်ဆိုးမျိုးနွယ်စုက ဟင်းလင်ပြင်သားရဲတွေဆီကနေ သန္ဓေပြောင်းလဲပြီး ပေါ်ထွက်လာတာလည်း ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ ငါ ဒီနှစ်တွေထဲမှာ သေချာလေ့လာကြည့်ပြီးပြီ... ဒါတွေကို ရှင်းရှင်းလင်းလင်း သိချင်ရင် အနည်းဆုံးတော့ ဟင်းလင်ပြင်စွမ်းအား ကို တတ်မြောက်ထားဖို့ လိုလိမ့်မယ်။
ဟင်းလင်ပြင်စွမ်းအားကို တတ်မြောက်မှသာ ဟင်းလင်ပြင်သားရဲတွေရဲ့ စစ်မှန်တဲ့ အနှစ်သာရ အရင်းအမြစ်ကို နားလည်နိုင်မှာ။ သူတို့လို ထူးခြားဆန်းပြားတဲ့ တည်ရှိမှုမျိုးကို ငါတို့ ကော သတိမထားမိဘဲ ရှိပါ့မလား။
ဒီနှစ်တွေတုန်းက လမ်းစကို လုံးဝ ရှာမတွေ့ခဲ့ကြလို့သာ ဖြစ်တာ။ တကယ်လို့သာ လမ်းစကို ရှာဖွေတွေ့ရှိပြီး ဝင်ပေါက်တစ်ခု ရသွားခဲ့ရင်... သူတော်စင်ကျမ်းစာရဲ့ လမ်းစဉ်နဲ့ မတူကွဲပြားတဲ့ လမ်းကြောင်းသစ်တစ်ခုကို လျှောက်လှမ်းနိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် အထွတ်အထိပ်အရိုး ရဲ့ အရေးပါမှုက အရင်တုန်းကလို ဖြစ်နေချင်မှ ဖြစ်တော့မှာ”
“မင်းပြောတဲ့ ဒီလမ်းစနဲ့ ပတ်သက်ပြီးတော့... ယင်လောကငယ် ဆီကို သွားပြီး သိုင်းနတ်ဘုရားဌာန ရဲ့ အုပ်ချုပ်သူ ရှုကျင်းထော် ကို သွားရောက်မေးမြန်း တိုင်ပင်လို့ ရနိုင်တာပဲ။ ဟင်းလင်ပြင်စွမ်းအားကို... သူလည်း တတ်မြောက်ထားပြီးသားလေ”
ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ဝမ်ချုံစန်းမှာ ဆွံ့အမှင်သက်သွားပြီး ချက်ချင်းပင် လက်လှမ်း၍ ဖန့်ချန်၏ ဝတ်ရုံစကို ဆွဲကိုင်ကာ မေးလိုက်သည်။
“မင်း ဘာပြောလိုက်တယ်”
ဖန့်ချန်က မိမိ၏ ဝတ်ရုံစကို ဝမ်ချုံစန်း၏ လက်ထဲမှ အေးအေးလူလူပင် ဆွဲထုတ်လိုက်ပြီး စိတ်အေးလက်အေးဖြင့် ဆိုလိုက်သည်။
“ငါတို့ နယ်မြေကိုးခုထဲမှာ ဟင်းလင်ပြင်စွမ်းအားကို တတ်မြောက်ထားတဲ့သူ ရှိနှင့်နေပြီးသားပဲ။ ဒါပေမဲ့ သူလျှောက်လှမ်းတာက မသေမျိုးလမ်းစဉ် မဟုတ်ဘဲ ကိုယ်ခံပညာလမ်းစဉ် ဖြစ်နေတာ။ ပြီးခဲ့တဲ့ ခေတ်ဟောင်းတုန်းက ကိုယ်ခံပညာလမ်းစဉ် ထွန်းကားခဲ့တဲ့ ခေတ်ကြီး ဖြစ်ခဲ့လိမ့်မယ်လို့ သံသယဝင်ဖို့ အကြောင်းပြချက် ရှိတာပေါ့”
“ဒါကို ဘာလို့ စောစောမပြောတာလဲကွာ”
ဝမ်ချုံစန်းမှာ အနည်းငယ် ဒေါသထွက်သွားဟန်ဖြင့်
“စောစောပြောရင် ငါတို့လည်း စောစောစီးစီး စတင်ပြီး သုတေသနပြု စူးစမ်းလို့ ရတာပေါ့။ ဒီနည်းလမ်းက လျှောက်လှမ်းလို့ ရမရ၊ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး အတွင်းနယ်မြေကို စုစည်းနိုင်မလားဆိုတာကို သိရရင် ငါတို့ရဲ့ လမ်းကြောင်းက ပိုပြီး ကျယ်ပြန့်သွားမှာပေါ့”
“အခုပြောလည်း နောက်မကျသေးပါဘူး... နယ်မြေကိုးခုရဲ့ ကိစ္စရပ်တွေကို မငြိမ်းချမ်းနိုင်သေးရင် ဒါတွေကို သုတေသနပြုဖို့အတွက် လုံလောက်တဲ့ အချိန်လည်း ရှိမှာမဟုတ်ဘူး”
ဖန့်ချန်က ဆိုလိုက်သည်
“ဟင်းလင်ပြင် အမြင့်ဆုံးမဟာမိတ်က သူတော်စင်ကျမ်းစာပြင်ပက လမ်းစဉ်တွေအပေါ် ဘယ်လို သဘောထားမျိုး ရှိလဲ”
“ဘယ်လို သဘောထား ရှိရမှာလဲ... အားပေးအားမြှောက်လည်း မလုပ်သလို၊ ဖိနှိပ်ချုပ်ချယ်တာမျိုးလည်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟင်းလင်ပြင်အမြင့်ဆုံးမဟာမိတ်က အစအဆုံး သူတော်စင်ကျမ်းစာရဲ့ လမ်းစဉ်ကသာ အကောင်းဆုံးလမ်းစဉ်လို့ ယုံကြည်ထားကြလို့ပဲ၊ ငါတို့လည်း အဲဒီလိုပဲ ထင်တယ်။
ဒါပေမဲ့ အကောင်းဆုံးလမ်းစဉ်ကို အခုအချိန်မှာ ငါတို့ လျှောက်လှမ်းလို့ မရနိုင်တော့မှတော့... နည်းနည်းညံ့တဲ့ လမ်းစဉ်ကို လျှောက်လှမ်းမိရင်ကော ဘာဖြစ်မှာမို့လို့လဲ”
ဝမ်ချုံစန်းက ဆိုလိုက်သည်။
ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် မျက်ဝန်းများ လှုပ်ရှားသွားကာ ပြုံး၍ ဆိုလိုက်သည်။
“တိုက်ပွဲကတော့ ပြီးဆုံးတော့မယ် ထင်တယ်”
ထို့နောက် သူတို့နှစ်ဦးစလုံးသည် ရှေ့သို့ အတူတကွ ပျံသန်းသွားကြတော့သည်။
အတိုင်းအဆမရှိ ကြီးမားလှသော နတ်လမ်းစဉ်ဂိုဏ်းကြီးတစ်ခုလုံးမှာ လောလောဆယ်တွင် ပျက်စီးယိုယွင်းနေသော အမှိုက်ပုံကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်နေခဲ့ပြီ။
နတ်ဆိုးကြီးငါးကောင်မှာမူ ထောင့်တစ်နေရာတွင် ကပ်ပိတ်မိနေပြီး နဂါးနတ်ဘုရား၏ နည်းလမ်းများကို မနည်း တောင့်ခံထားကြရရှာသည်။
ယခုအခါ သူတို့ငါးဦး ပူးပေါင်းလိုက်ဦးတော့... နဂါးနတ်ဘုရား၏ ရှေ့မှောက်တွင်မူ အရေးမပါသော အရာများအလား ဖြစ်နေခဲ့ရပြီဖြစ်ပြီး နောက်ကွယ်ရှိ အတွင်းနယ်မြေမှ ပံ့ပိုးပေးနေသော စွမ်းအားများသည်လည်း နဂါးနတ်ဘုရား လက်ရှိ ပိုင်ဆိုင်ထားသော စွမ်းအားများနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်တော့ချေ။
“တကယ်တမ်း... သူတော်စင်သွေးဗောဓိသီး ဆိုတာ ဘာလဲ”
နတ်ဆိုးအိုကြီးတစ်ကောင်မှာ အလွန်အမင်း လျင်မြန်စွာ အိုမင်းရင့်ရော်လာနေပြီး ကိုယ်ပေါ်ရှိ အသားအရေများနှင့် သွေးသားများမှာ ခြောက်ကပ်တွန့်လိပ်လာခဲ့သော်လည်း မျက်နှာထားမှာမူ အလွန် ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်ကာ မျက်ဝန်းများဖြင့် ခုလေးတင် ပျံသန်းရောက်ရှိလာသော ဖန့်ချန်ကို သေမတတ် စိုက်ကြည့်နေခဲ့သည်။
“မင်းတို့တွေ အခုချက်ချင်း ယင်လောကဆီကို သွားမယ်ဆိုရင်... နောင်တစ်ချိန်ကျရင် သိရမယ့် အခွင့်အရေး ရှိနိုင်သေးတာပေါ့”
ဖန့်ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။
“သူက ငရဲမင်းပဲ... ငါတို့ ယင်လောကဆီ သွားရင် အသက်ဆက်နိုင်မယ်ဆိုဦးတော့၊ ဝိညာဉ်ကတော့ သူ့လက်ထဲကို ရောက်သွားမှာ”
“ငါတို့တွေက နယ်မြေကိုးခုရဲ့ စစ်မှန်တဲ့ အရှင်သခင်တွေ၊ မသေမျိုးဧကရာဇ်ရဲ့ သွေးမျိုးဆက်တွေပဲ။ အောက်တန်းစား အနုမြူကောင်တွေရဲ့ လက်ထဲကို ရောက်သွားပြီး အနှိပ်စက်ခံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
“ဒါပေမဲ့...”
နတ်ဆိုးအိုကြီးလေးကောင်မှာ အပြင်းအထန် ငြင်းခုံနေကြမိသည်။
တစ်ချိန်လုံး စကားမဟဘဲ တိတ်ဆိတ်နေခဲ့သော နတ်လမ်းစဉ်ဂိုဏ်းချုပ်ကမူ မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။
“တကယ်လို့ ငါတို့တွေ ဝိညာဉ်ပါ ပျက်စီးသွားရမယ်ဆိုရင်... နယ်မြေရှာဖွေရေးဂိုဏ်းရဲ့ ကြီးပွားတိုးတက်မှုကို ဘယ်လိုလုပ်ပြီး မြင်တွေ့နိုင်တော့မှာလဲ။
ဒါက ငါတို့တစ်သက်လုံးရဲ့ အိပ်မက်ပဲဥစ္စာ... တစ်ချက်ကလေးမှ လှမ်းမကြည့်ရဘဲ သေသွားရမယ်ဆိုရင်တော့ ရင်ထဲမှာ မကျေမနပ် ဖြစ်ရလိမ့်မယ်”
“……”
နတ်ဆိုးအိုကြီးလေးကောင်သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး နောက်ဆုံးတွင်တော့ အတူတကွ သက်ပြင်းချလိုက်ကြတော့သည်။
“နဂါးနတ်ဘုရား... လက်ဆုတ်ပေးဖို့ တောင်းပန်ပါတယ်။ ငါတို့ လက်နက်ချပါပြီ”
နတ်လမ်းစဉ်ဂိုဏ်းချုပ်က ထိုသို့ပြောဆိုရင်း သူ၏ စွမ်းအားများကို ဖြည်းညင်းစွာ ပြန်လည်ရုပ်သိမ်းလိုက်သည်။
နတ်ဆိုးကြီးငါးကောင်၏ နောက်ကွယ်ရှိ နတ်ဆိုးသုဿန် အတွင်းနယ်မြေများသည်လည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြတော့သည်။
အကယ်၍ ယခုအချိန်တွင် နဂါးနတ်ဘုရားက မဆုတ်ဘဲ စွမ်းအားကို ထပ်မံဖြည့်တင်းလိုက်မည်ဆိုလျှင် စွမ်းအားအနိမ့်အမြင့် ကွာခြားချက်ကြောင့် ထိုနတ်ဆိုးကြီးငါးကောင်ကို တစ်ခဏချင်းအတွင်း အမှုန့်ခြေပစ်နိုင်မည် ဖြစ်သည်။
သို့သော်လည်း နဂါးနတ်ဘုရားက ဆုတ်ပေးလိုက်သည်။
နှစ်ဖက်စလုံး၏ စွမ်းအားများသည် စနစ်တကျဖြင့် ပြန်လည်ဆုတ်ခွာသွားကြတော့သည်။
မကြာမီအချိန်အတွင်းမှာပင် ဤနေရာရှိ အရာအားလုံးမှာ ငြိမ်းချမ်းငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး အတွင်းနယ်မြေ၏ စွမ်းအားလှိုင်းများ ထပ်မံပဲ့တင်ထွက်ပေါ်ခြင်း မရှိတော့ချေ။
နတ်လမ်းစဉ်ဂိုဏ်းချုပ်က ပတ်ဝန်းကျင်တစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး မိမိ၏ ခြေဖဝါးအောက်ရှိ မြေပြင်ကြီးမှာ ပြာပုံအတိ ဖြစ်သွားခဲ့ရသည်ကို မြင်တွေ့ရသည့်အခါ မျက်ဝန်းများကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ မူလဝိညာဉ် ကို အပြင်သို့ ထုတ်ယူလိုက်တော့သည်။
ကျန်ရှိသော နတ်ဆိုးအိုကြီးလေးကောင်မှာလည်း ထိုနည်းတူစွာပင် လုပ်ဆောင်ကြသည်။
ထိုအချိန်မှာပင် ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ထဲမှ ယင်စစ်သည်တော်များသည် လူကိုယ်တိုင် ထွက်ပေါ်လာခဲ့ကြပြီး ဤငါးဦးကို ဖမ်းဆီးချုပ်နှောင်ရန် တာဝန်ယူလိုက်ကြတော့သည်။
“နတ်လမ်းစဉ်ဂိုဏ်းကို နောက်ဆုံးတော့ ဖြေရှင်းနိုင်ခဲ့ပြီပဲ။ နောက်ဆိုရင် နယ်မြေကိုးခုထဲမှာ ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး မဟုတ်လား”
“မရှိတော့ဘူးလို့ ပြောရမှာပဲ။ မော်ထျန်တီကျန့် ကောင်းကင်ဘုံလမ်းစဉ်ကို သက်သေပြနိုင်မယ့်အချိန်အထိ စောင့်ဆိုင်းနိုင်ရင် ပထမခြေလှမ်းက အောင်မြင်ပြီလို့ ပြောလို့ရပြီ။ နောင်လာမယ့် ကိစ္စတွေကိုတော့ နောင်ကျမှပဲ ရှင်းကြတာပေါ့”
အင်အားစုအသီးသီးမှ အဆင့် ၉ မသေမျိုးများသည် တစ်ပြိုင်နက်တည်း သက်ပြင်းချနိုင်ကြတော့သည်။
သူတို့၏ အမြင်အရမူ နယ်မြေကိုးခု၏ အခြေအနေမှာ လုံးဝကြီး ငြိမ်းချမ်းအခြေတကျ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
နတ်လမ်းစဉ်ဂိုဏ်းမှ မိစ္ဆာမျိုးနွယ်စုများ မည်မျှပင် ထွက်ပြေးလွတ်မြောက်သွားပါစေ၊ ဤငါးဦးလောက် ရင်ဆိုင်ရခက်ခဲမည်မဟုတ်သဖြင့် စိုးရိမ်ပူပန်နေစရာ အကြောင်းမရှိတော့ချေ။
“မင်းတို့ကို နယ်မြေရှာဖွေရေးဂိုဏ်းရဲ့ ကြီးပွားတိုးတက်မှုကို မြင်တွေ့နိုင်မယ့် အခွင့်အရေး ငါ ပေးမယ်... မင်းတို့ဘက်ကလည်း ဟင်းလင်ပြင်သားရဲတွေကို ထိန်းချုပ်တဲ့ နည်းလမ်းနဲ့ ပြန်ပြီး အလဲအလှဲလုပ်မယ်... ဘယ်လိုလဲ”
ဖန့်ချက်က နတ်လမ်းစဉ်ဂိုဏ်းချုပ်ကို လှမ်း၍ ပြုံးပြကာ မေးလိုက်သည်။
“မင်းက ဟင်းလင်ပြင်စွမ်းအားကို တတ်မြောက်ထားတာမှ မဟုတ်တာ... နည်းလမ်းကို ရသွားခဲ့ရင်တောင်မှ ကြိုးကိုင်ခြယ်လှယ်နိုင်ဖို့က ခက်ခဲလိမ့်မယ်”
နတ်လမ်းစဉ်ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြန်လည်ပြောကြားလိုက်သည်။