← Chapters

အခန်း (၁၉၅၇-၁၉၅၈)

Vol. 196 Ch. 1957-1958

အခန်း (၁၉၅၇-၁၉၅၈)

Vol. 196 Ch. 1957-1958

အခန်း (၁၉၅၇) - စစ်ပြင်ဆင်ကြစို့

“ဟင်းလင်ပြင်စွမ်းအား ဟုတ်လား”

ဖန့်ချန်က သိရက်နှင့် တမင်သက်သက် မေးမြန်းလိုက်သည်။

“ဟင်းလင်ပြင်သားရဲတွေ ပိုင်ဆိုင်ထားတဲ့ စွမ်းအားကို ဟင်းလင်ပြင်စွမ်းအားလို့ ခေါ်တာလား”

နတ်လမ်းစဉ်ဂိုဏ်းချုပ်က တည်ငြိမ်အေးဆေးစွာဖြင့် ပြန်လည်ပြောကြားလိုက်သည်။

“ဟင်းလင်ပြင်စွမ်းအား ရှိလို့သာ ဟင်းလင်ပြင်သားရဲတွေ ရှိနေတာ။ ဟင်းလင်ပြင်စွမ်းအားဆိုတာ ဒီခေတ်ကြီးထဲမှာ ပျောက်ကွယ်သွားခဲ့တာ ကြာပြီဖြစ်တဲ့ စွမ်းအားတစ်မျိုးပဲ၊ အတိတ်တုန်းက အခြားသော ယဉ်ကျေးမှုတစ်ခုရဲ့ အထွတ်အထိပ် ရလဒ်တစ်ခုပေါ့”

“ဟင်းလင်ပြင်စွမ်းအားက ပျောက်ကွယ်သွားပြီဆိုမှတော့... မင်းတို့က ဘာဖြစ်လို့ ဟင်းလင်ပြင်သားရဲတွေကို ကြိုးကိုင်နိုင်ရတာလဲ”

“မိစ္ဆာသုဿန်က ထူးခြားဆန်းပြားတဲ့ နယ်မြေတစ်ခုနဲ့ ချိတ်ဆက်နိုင်စွမ်းရှိတယ်။ အဲဒီနေရာမှာ ဟင်းလင်ပြင်စွမ်းအား အနည်းငယ် ကျန်ရှိနေသေးတယ်၊ ငါတို့က အဲဒီဟင်းလင်ပြင်စွမ်းအားကို ချေးသုံးပြီးတော့မှ ဟင်းလင်ပြင်သားရဲတွေနဲ့ ဆက်သွယ်နိုင်တာ”

နတ်လမ်းစဉ်ဂိုဏ်းချုပ်က ဆက်လက်၍ အေးစက်တည်ငြိမ်စွာ ဆိုလိုက်သည်။

“ငါတို့က ဟင်းလင်ပြင်သားရဲတွေကို ကြိုးကိုင်နေတာမျိုး မဟုတ်ဘူး၊ သူတို့နဲ့ အတူတကွ မှီတင်းနေထိုင်တဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်ထားတာ။ ငါတို့က ဟင်းလင်ပြင်စွမ်းအား အနည်းငယ်ကို တတ်မြောက်ထားတဲ့အတွက်ကြောင့် သူတို့က ငါတို့ကို အဖော်အဖြစ် သတ်မှတ်ပေးကြတာပဲ”

“မင်းပြောတဲ့ ဟင်းလင်ပြင်စွမ်းအားဆိုတာ... ဒီလို စွမ်းအားမျိုးကို ပြောတာလား”

ဖန့်ချန်သည် တောက်ပသောနတ်ဘုရားမျက်လုံး ၏ စတုတ္ထအဆင့်ကို ဖွင့်လှစ်လိုက်ပြီး ကောင်းကင်ကုလားကာကြီးများထဲမှတစ်ဆင့် ဟင်းလင်ပြင်စွမ်းအားကို ရှာဖွေလိုက်သည်။

သူ၏ လက်ဖဝါးထဲတွင် ထူးခြားဆန်းပြားသော စွမ်းအားလှိုင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး ၎င်းမှာ ဝိညာဉ်စွမ်းအားလည်း မဟုတ်သလို၊ မသေမျိုးစွမ်းအားလည်း မဟုတ်ချေ။

“ဒါ... ဒါက...”

နတ်လမ်းစဉ်ဂိုဏ်းချုပ်မှာ ဆွံ့အမှင်သက်သွားတော့သည်။

ကျန်ရှိသော နတ်ဆိုးအိုကြီးလေးကောင်မှာလည်း တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး ဖန့်ချန်၏ လက်ထဲမှ စွမ်းအားလှိုင်းကို ထူးဆန်းအံ့ဩဖွယ်ရာ မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြတော့သည်။

“ဒါက ဟင်းလင်ပြင်စွမ်းအားလား”

ဝမ်ချုံစန်း၏ မျက်ဝန်းများ လှုပ်ရှားသွားခဲ့သည်၊ သူသည် ဖန့်ချန်နှင့် နတ်လမ်းစဉ်ဂိုဏ်းချုပ်တို့ စကားပြောဆိုနေသည်ကို အာရုံခံမိပြီးသား ဖြစ်သည်။

သို့သော်လည်း သူတို့၏ လက်ရှိအခြေအနေအရ သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်ဘဲ ယင်လောကလမ်းစဉ်ကို လျှောက်လှမ်းထားသူချင်းမှသာ မြင်တွေ့နိုင်ခြင်း ဖြစ်သည်။

“သူတို့ပြောတာတော့... ဟင်းလင်ပြင်စွမ်းအားကို တတ်မြောက်ထားရင် ဟင်းလင်ပြင်သားရဲတွေက အဖော်အဖြစ် သတ်မှတ်လိမ့်မယ်တဲ့”

ဖန့်ချန်က ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်သည်။

“ဒီလိုကိုး”

ဝမ်ချုံစန်းမှာ သဘောပေါက်သွားတော့သည်။

“မင်းက... ဘယ်လိုလုပ်ပြီး ဒီလိုစွမ်းအားမျိုးကို တတ်မြောက်ထားနိုင်ရတာလဲ”

နတ်လမ်းစဉ်ဂိုဏ်းချုပ်၏ မျက်နှာထားမှာ အလွန် ထူးဆန်းနေခဲ့သည်။

“ဒါက တောက်ပသောနတ်ဘုရားမျက်လုံး ပဲ... ယန်နတ်ဘုရားသားရဲ မုန့် ရဲ့ နတ်စွမ်းရည်ပဲ ဖြစ်ရမယ်”

နတ်ဆိုးအိုကြီးတစ်ကောင်က ရုတ်တရက် အသေအချာ ဆိုလိုက်သည်။

“ဒီလိုနတ်စွမ်းရည်မျိုးကသာ ဟင်းလင်ပြင်စွမ်းအားအချို့ကို ရှာဖွေတွေ့ရှိနိုင်တာ။ ဘာပဲပြောပြော အဲဒီပုဂ္ဂိုလ်က ဟင်းလင်ပြင်သားရဲတွေလိုပဲ... ပြီးခဲ့တဲ့ ပျက်စီးသွားတဲ့ခေတ်ဟောင်းကတည်းက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ နတ်ဆိုးအိုကြီးတစ်ကောင်ပဲဥစ္စာ”

ယွမ်ချွဲ ကို နတ်ဆိုးအိုကြီးတစ်ကောင်က နတ်ဆိုးအိုကြီးဟု ခေါ်ဆိုနေသည်ကို ကြားရသည့်အခါ ဖန့်ချန်၏ ရင်ထဲတွင် သက်ပြင်းချမိပြန်သည်။

“ဒီဟင်းလင်ပြင်စွမ်းအား ရှိနေသရွေ့တော့ ဟင်းလင်ပြင်သားရဲတွေနဲ့ ဆက်သွယ်လို့ ရပြီပေါ့

ဒီကြားထဲမှာ ငါ့ကို ဖုံးကွယ်ထားတဲ့ အခြား လျှို့ဝှက်ချက်တွေ ရှိသေးလား”

ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်

“ငါတို့တွေ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်၊ ဘာမှ ဖုံးကွယ်မထားပါနဲ့။ ဘာပဲပြောပြော အခြေအနေက ဒီအဆင့်အထိ ရောက်လာပြီဆိုမှတော့ ဆက်ပြီး တိုက်ခိုက်နေဖို့ အကြောင်းမရှိတော့ဘူး။ အပြင်က ရန်သူတွေ ရောက်လာမယ့် အရှိန်က မော်ထျန်တီကျန့် ကောင်းကင်ဘုံလမ်းစဉ်ကို သက်သေပြနိုင်မယ့် အရှိန်ထက် မြန်မမြန်ဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာ”

“သေချာတာပေါ့... လျှို့ဝှက်နည်းလမ်း ရှိပါသေးတယ်၊ ခုနက ငါပြောဖို့ အချိန်မရသေးလို့ပါ”

နတ်လမ်းစဉ်ဂိုဏ်းချုပ်က ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်သည်။

“ငါ မင်းကို လျှို့ဝှက်နည်းလမ်းကို ပြောပြမယ်၊ မင်းက ငါတို့ရဲ့ အသက်ကို ချမ်းသာပေးဖို့ ကတိပေးရမယ်”

“သဘောတူတယ်”

နှစ်နာရီခန့် ကြာပြီးနောက်...

“နတ်လမ်းစဉ်ဂိုဏ်းရဲ့ လက်ကျန်လူတွေကတော့ ဒီငါးဦးကလွဲရင် ကျန်တဲ့သူတွေ အားလုံး ထွက်ပြေးသွားကြပြီ”

အင်အားစုအသီးသီးမှ အဆင့် ၉ မသေမျိုးများသည် တစ်နေရာတည်းတွင် ဆုံစည်းမိကြပြီး ယခုတစ်ကြိမ် တာဝန်နှင့် ပတ်သက်၍ အစီရင်ခံစာ တင်ပြနေကြသည်။

“သူတို့ ပိုင်ဆိုင်ထားတဲ့ အရင်းအမြစ်တွေ၊ မသေမျိုးကျောက်တုံးတွေ အပါအဝင် အရာအားလုံးကို ယူဆောင်သွားကြပြီ၊ ဘာမှ ကျန်မနေခဲ့ဘူး”

“ပြီးတော့ နတ်လမ်းစဉ်ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်တွေကိုလည်း ရှာမတွေ့ခဲ့ဘူး၊ ဒီနေရာက အခွံလွတ်ကြီးပဲ ကျန်တော့တာ”

“နဂါးနတ်ဘုရား စီနီယာ... စီနီယာရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိလဲ”

ဖန့်ချန်က နဂါးနတ်ဘုရားကို လှမ်းကြည့်လိုက်သည်။

ဖန့်ချန်က မိမိကို ထိုသို့ ခေါ်ဆိုသည်ကို ကြားရသည့်အခါ နဂါးနတ်ဘုရားမှာ ခဏမျှ ကြောင်အသွားပြီးနောက် ထူးဆန်းသော မျက်နှာထားဖြင့် ဆိုလိုက်သည်။

“ငါ့ရဲ့ လက်ရှိအခြေအနေက အလွန် ဆိုးရွားနေတယ်။ ကျင့်ကြံခြင်းအဆင့်က ချက်ချင်း ကျဆင်းတော့မှာဖြစ်ပြီး စောစောက အတိတ်က အတွင်းနယ်မြေနဲ့ အတင်းအဓမ္မ ချိတ်ဆက်ခဲ့ရလို့ ငါ့ရဲ့ သက်တမ်းကုန်ခမ်းသွားပြီ။ ဒါကြောင့် ငါ မကြာခင်မှာပဲ ခန္ဓာကိုယ် ပျက်စီးရတော့မယ်”

“……”

လူတိုင်းသည် နဂါးနတ်ဘုရား ပေးဆပ်ခဲ့ရသော ရလဒ်မှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။

သို့သော်လည်း နဂါးနတ်ဘုရားနှင့် ထိုသူတော်စင်သွေးဗောဓိသီးကြောင့်သာ ဖြစ်သည်၊ မဟုတ်လျှင်မူ...

ယနေ့တွင်သာ နတ်လမ်းစဉ်ဂိုဏ်းကို မနှိမ်နင်းနိုင်ခဲ့ပါက နယ်မြေကိုးခု ရင်ဆိုင်ရမည့် ဒုက္ခများမှာ အတိုင်းအဆမရှိ များပြားနေဦးမည် ဖြစ်သည်။

“ဒါပေမဲ့ စိတ်ပူစရာမလိုပါဘူး... ငါ မင်းတို့အိမ်က လူကြီးတွေနဲ့ အရောင်းအဝယ်တစ်ခု လုပ်ထားတယ်။ သူတို့ ငါ့ကို မလိမ်ခဲ့ဘူးဆိုရင်တော့... ငါတို့တွေ နောင်တစ်ချိန်ကျရင် ပြန်လည်ဆုံစည်းနိုင်မယ့် အခွင့်အရေး ရှိပါသေးတယ်”

နဂါးနတ်ဘုရားက ပြုံးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကြယ်စင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ ကွယ်ပျောက်သွားတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ခြင်းအတိ ဖြစ်သွားခဲ့ရသည်။

“ရှေးဟောင်းနဂါးနတ်ဘုရားနန်းတော်ကြီးကတော့ ဒီလိုနဲ့ပဲ တစ်စုလုံး ပျက်စီးသွားခဲ့ရပြီပေါ့...”

တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“တကယ် သေဆုံးသွားတာ မဟုတ်ပါဘူး... နဂါးနတ်ဘုရားက ပြန်လည်ဆုံတွေ့နိုင်ဦးမယ်လို့ ပြောသွားတာပဲ၊ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ ပြန်ဆုံမလဲဆိုတာကိုတော့ မသိရဘူး”

အချို့သောသူများက ဖန့်ချန်ကို လှမ်းကြည့်လိုက်ကြသည်။

ခုနက နဂါးနတ်ဘုရား ပြောသွားသည်မှာ ဖန့်ချန်၏ အိမ်မှ လူကြီးများ ဖြစ်သဖြင့် သေချာပေါက် ထိုယန်နတ်ဘုရားများနှင့် ပတ်သက်နေပေလိမ့်မည်။

ဖန့်ချန် စကားမဟရသေးမီမှာပင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ဤလူရိပ်မှာ အလွန် စိမ်းသက်နေပြီး မည်သူမျှ မမြင်ဖူးကြသော်လည်း ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာမူ ယန်နတ်ဘုရားများနှင့် တစ်ထေရာတည်း တူညီနေခဲ့သည်။

ထိုသူသည် သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ပြီး နဂါးနတ်ဘုရား ကွယ်ပျောက်သွားသော ကြယ်စင်အလင်းတန်းများကို ဝတ်ရုံထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် ဖန့်ချန်ကို ကြည့်ကာ ဆိုလိုက်သည်။

“မင်းရဲ့ ဆရာက မင်းကို စကားတစ်ခွန်း ပါးလိုက်တယ်... စစ်ပြင်ဆင်ကြစို့ တဲ့။ နတ်ဘုရားနယ်မြေ ဘက်ကနေ မကြာခင်မှာ အစွမ်းထက် ကျင့်ကြံသူတွေ ရောက်လာတော့မယ်။ တကယ်လို့ အဲဒီအချိန်အထိ ကောင်းကင်ဘုံလမ်းစဉ်ကို မတည်ဆောက်နိုင်သေးရင်... ငါတို့အားလုံး အသက်သေခံပြီး တိုက်ခိုက်ကြရလိမ့်မယ်”

စစ်ပြင်ဆင်ကြစို့ ဟုတ်လား။

ရှောက်မုန့်ယွမ်နှင့် လန်တောက်ချွန်းတို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး မျက်ဝန်းများထဲတွင် လေးနက်မှုများဖြင့် ပြည့်နှက်သွားကြတော့သည်။

တကယ်လို့ ထိုယန်နတ်ဘုရားများကပင် စစ်ပြင်ဆင်ရန် ပြောဆိုလာပြီဆိုလျှင် စစ်ပွဲဖြစ်ပွားမည့် အချိန်မှာ မဝေးတော့ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။

“ဘယ်လို အစွမ်းထက် ကျင့်ကြံသူမျိုးတွေလဲ”

ဖန့်ချန်က မေးမြန်းလိုက်သည်။

သို့သော်လည်း တစ်ဖက်လူက ပြန်လည်မဖြေကြားဘဲ လှည့်ထွက်သွားကာ ပုန်းကွယ်ပျောက်ကွယ်သွားတော့သည်။

“ဒီယန်နတ်ဘုရား လမ်းစဉ်ရဲ့ နည်းလမ်းတွေကတော့ အခုထိ ငါ့ကို စဉ်းစားလို့မရအောင် ဖြစ်စေတုန်းပဲ... သူက ဘယ်လိုမျိုး လျှောက်လှမ်းသွားတာလဲ”

လန်တောက်ချွန်းက စိတ်ရှုပ်ထွေးစွာဖြင့် ဆိုလိုက်သည်။

“ဒီပြဿနာကို စဉ်းစားမနေပါနဲ့ဦး... အခု နဂါးနတ်ဘုရား ကွယ်လွန်သွားပြီဆိုတော့ နောင်တစ်ချိန်မှာ ပြန်လည်အသက်ရှင်လာဖို့ မျှော်လင့်ချက် ရှိဦးတော့၊ တိုတောင်းတဲ့ အချိန်အတွင်းမှာတော့ မဖြစ်နိုင်ဘူး။

ငါတို့ဘက်က အဓိက တိုက်ခိုက်ရေးစွမ်းအားတစ်ခု ဆုံးရှုံးသွားရပြီဆိုတော့... နောက်ထပ် လာမယ့် ရန်သူတွေ ဝင်ရောက်လာတဲ့အခါ ငါတို့ ဘယ်လို တိုက်ခိုက်ကြမလဲဆိုတာကို အရင် ဆွေးနွေးကြရအောင်”

ရှောက်မုန့်ယွမ်က လေးနက်စွာ ဆိုလိုက်သည်။

“မင်းရဲ့ ရှန်ပိတပ်ဖွဲ့ က အလွန် အစွမ်းထက်တယ်၊ သူတော်စင်တစ်ပိုင်းနဲ့ မတွေ့သရွေ့တော့ ကန့်သတ်ချက်ကျော်လွန် သုံးဆင့် ကျင့်ကြံသူတွေကိုတောင် မင်းရဲ့တပ်ဖွဲ့က နှိမ်နင်းနိုင်စွမ်း ရှိတယ်။ ပြီးတော့ လှုပ်ရှားမှုနှုန်းကလည်း အလွန် မြန်ဆန်ပြီး ရှန်ပိဓားမြှောင်နဲ့တင် ဆင့်ခေါ်နိုင်တာ။

ဒါကြောင့် မင်းက လန်တောက်ချွန်းနဲ့ ပူးပေါင်းပြီး စစ်မြေပြင်မှာ အထူးစစ်ကြောင်းတစ်ခု တည်ဆောက်လို့ ရတယ်။

မင်းက တစ်ကြောင်း၊ ငါက တစ်ကြောင်းဆိုရင် ထိရောက်မှု မနည်းလှဘူး”

ဖန့်ချန်က ထိုသို့ပြောဆိုပြီးနောက် မျက်ဝန်းများဖြင့် နေရာတွင် ရှိနေကြသော အဆင့် ၉ မသေမျိုးများကို လှမ်းကြည့်လိုက်သည်။

“ဒီနေရာကို ဆင်းသက်လာမယ့် ရန်သူတွေက အနည်းဆုံးတော့ ကန့်သတ်ချက်ကျော်လွန်တဲ့အဆင့်တွေ ဖြစ်လိမ့်မယ်။ မင်းတို့အားလုံးရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဒီလို စစ်ပွဲမျိုးမှာတော့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”

“ဒါကလည်း ဒီလိုကြီးတော့ မဟုတ်ပါဘူး...”

အဆင့် ၉ မသေမျိုးတစ်ဦးက နှာခေါင်းကို ပွတ်သပ်လိုက်ရင်း အနည်းငယ် ရှက်ရွံ့စွာဖြင့် ဆိုလိုက်သည်။

“ဒါပေမဲ့ မင်းတို့တွေက ကင်းထောက်အဖြစ် ဆောင်ရွက်ပြီး သတင်းအချက်အလက်တွေကို တာဝန်ယူ ပို့ဆောင်ပေးလို့ ရပါတယ်။

သတင်းအချက်အလက်တွေ အချိန်မီ ရရှိမယ်ဆိုရင် ငါတို့ ပြောက်ကျားစစ်ဆင်ရေးကို ဆင်နွှဲလို့ ရတာပေါ့။

နယ်မြေကိုးခုက ဒီလောက်အထိ ကြီးမားတာ... ရန်သူတွေက ဒီနေရာကို ကျွန်ပြုချင်တယ်ဆိုရင်တောင်မှ လူအင်အားနဲ့ ပစ္စည်းအင်အား အများကြီး လိုအပ်လိမ့်မယ်။

ပထမဆုံးလှိုင်းနဲ့တင် ဒီလောက်အထိ အခြေခံအင်အား ရှိလာဖို့ မဖြစ်နိုင်ဘူး။

ဒါကြောင့် ပထမလှိုင်းကို တောင့်ခံနိုင်ရင် မော်ထျန်တီကျန့် ကောင်းကင်ဘုံလမ်းစဉ်ကို သက်သေပြနိုင်ဖို့ အခွင့်အရေး အများကြီး ရှိပါတယ်။

အသေးစိတ် ကိစ္စရပ်တွေကိုတော့ ငါတို့ နောက်မှ ထပ်ပြီး ဆွေးနွေးကြတာပေါ့၊ ဘာပဲပြောပြော ရန်သူတွေက ဘယ်နယ်မြေကနေ ဆင်းသက်လာမလဲဆိုတာ ငါတို့ မသိရသေးဘူးလေ”

ဖန့်ချန်က ဆိုလိုက်သည်။

ချန်ဖေးဖေး

“တကယ်လို့ အောက်ပိုင်း နယ်မြေခြောက်ခု မှာ ဖြစ်မယ်ဆိုရင်တော့ ဖြေရှင်းရ လွယ်ကူလိမ့်မယ်၊ အနည်းဆုံးတော့ သူတို့ကို နှစ်ပေါင်းရာချီအောင် အချိန်ဆွဲထားလို့ ရနိုင်သေးတယ်”

“တကယ်လို့ အထက်ပိုင်း နယ်မြေသုံးခု မှာ တိုက်ရိုက် ပေါ်လာမယ်ဆိုရင်တော့... ဘယ်နယ်မြေမှာပဲဖြစ်ဖြစ် ငါတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် မော်ထျန်တီကျန့် ကောင်းကင်ဘုံလမ်းစဉ်ကို သက်သေပြနေတဲ့ နေရာကို လုံးဝ အသိမခံလို့ မဖြစ်ဘူး၊ မဟုတ်ရင် သူတို့ မော်ထျန်တီကျန့်ကို တိုက်ရိုက် ခေါင်းဖြတ်သတ်ပစ်မယ့် စစ်ဆင်ရေးကို လုပ်ဆောင်ကြလိမ့်မယ်”

“ငါတို့မှာ အချိန်အနည်းငယ် ကျန်ရှိနေသေးတယ် ထင်တယ်”

“ဒါနဲ့... ငါ့ရဲ့ အဆင့် ၈ မသေမျိုးဆေးဝါးက ရှာဖွေရ ခက်ခဲလို့၊ မင်းတို့တွေ ငါ့အတွက် ကူညီပြီး စုံစမ်းပေးကြပါဦး”

ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။

“အဆင့် ၈ ဟုတ်လား... ဖန့်ငရဲမင်း၊ မင်း လျှောက်လှမ်းနေတာက ဘယ်လမ်းစဉ်လဲ”

အဆင့် ၉ မသေမျိုးတစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“ဓားမသေမျိုးလမ်းစဉ် ပဲ”

ဖန့်ချန်က ဆိုလိုက်သည်။

ဓားမသေမျိုး... လမ်းစဉ် ဟုတ်လား။

လူတိုင်း၏ မျက်နှာထားမှာ ထူးဆန်းသွားကြပြီး ပြန်လည်စဉ်းစားကြည့်သည့်အခါမှသာ ကျိုးကြောင်းဆီလျော်မှု ရှိကြောင်း ခံစားမိကြတော့သည်။

“ဓားနတ်စွမ်းရည်၊ ဓားမသေမျိုးလမ်းစဉ်... ကြည့်ရတာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဓားလမ်းစဉ်ကတော့ အမြဲတမ်း ထိပ်တန်းပဲ။ ငါလည်း ဒီလမ်းစဉ်ကို ဆက်ပြီး ဆုပ်ကိုင်ထားသင့်တာ...”

ဝမ်ချုံစန်းက တိုးတိုးလေး ရေရွတ်လိုက်မိတော့သည်။

အခန်း (၁၉၅၈) - ကျိုရွှမ်မျှော်စင်

“အမိန့်ပြန်လိုက်စို့... ဟော်ဟွန်းမြက် (ဝိညာဉ်ပေါင်းစည်းမြက်) ဆိုတာ သဘာဝအရ ယင်ဓာတ်ကို နှစ်သက်ပြီး အလွန်အမင်း ယင်ဓာတ်ပြင်းထန်တဲ့ နယ်မြေတွေမှာ ပေါက်ရောက်တတ်တယ်။ ဘယ်လောက်ပဲ လူအင်အား၊ ပစ္စည်းအင်အား စိုက်ထုတ်ရပါစေ... ဘယ်လိုနည်းနဲ့မဆို အဲဒီဆေးမြက်ကို ရှာဖွေရမယ်”

အတိအကျဆိုရသော် နှစ်ပေါင်း နှစ်ရာကျော်မျှ ရှိခဲ့ပြီဖြစ်ရာ၊ နယ်မြေကိုးခု၏ အင်အားစုအသီးသီးသည် တစ်ခုတည်းသော ဤမသေမျိုးဆေးဝါးကို ရှာဖွေနေခဲ့ကြသည်။

ထိပ်တန်းအဆင့်ရှိသော အင်အားစုကြီးများမှစ၍ တစ်နေရာတည်းတွင် အခြေချနေထိုင်ကြသည့် အသေးစား ဂိုဏ်းဂဏလေးများအထိ အားလုံးက ဤကိစ္စတွင် ပါဝင်ပတ်သက်နေကြရသည်။

အရှေ့တွင် ဖော်ပြခဲ့သော အင်အားစုကြီးများမှာ အကြောင်းအရင်းအချို့ကို သိရှိကြသော်လည်း၊ အနောက်တွင် ဖော်ပြထားသော အင်အားစုငယ်လေးများမှာမူ ယင်းနှင့်ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မသိရှိကြဘဲ ဟော်ဟွန်းမြက် ဟုခေါ်သော မသေမျိုးဆေးဝါးကို ရှာဖွေရမည်ဟူ၍သာ သိကြလေသည်။

၎င်းတို့သည် အခြားသော ဂိုဏ်းဂဏများကလည်း ဤအရာကိုပင် လိုက်လံရှာဖွေနေကြသည်ကိုပင် လုံးဝ မသိရှိကြချေ။

ထိုနှစ်များအတွင်း နယ်မြေကိုးခု၌ ဖြစ်ပျက်ခဲ့သော ကိစ္စရပ်အချို့ကိုမူ သူတို့က ပို၍ပင် နားမလည်နိုင်ကြတော့ပေ။

နတ်လမ်းစဉ်ဂိုဏ်းက အပြင်ကရန်သူများကို ဆွဲခေါ်ကာ နယ်မြေကိုးခုကို သူတို့လက်ထဲသို့ အပ်နှံရန် လက်တစ်လုံးခြားမျှသာ လိုတော့သည့်အခြေအနေအထိ ရောက်ရှိခဲ့သည်ကို လုံးဝ မရိပ်မိကြချေ။

မော်ထျန်တီကျန့် ဟုခေါ်သော ဖြစ်တည်မှုတစ်ခုက ကောင်းကင်ဘုံလမ်းစဉ်ကို သက်သေပြနိုင်မည့် အခွင့်အလမ်းကို ကြိုးပမ်းအားထုတ်ကာ ရှာဖွေနေသည်ကိုလည်း ပို၍ပင် မသိနိုင်ကြတော့ပေ။

ကျွယ်မင်းကြယ်တာရာ၊ တုန်းရှန့်နိုင်ငံ

ဖန့်ချန်နှင့် လန်တောက်ချွန်းတို့သည် လှေငယ်တစ်စင်းပေါ်တွင် ပုခုံးချင်းယှဉ်လျက် ရပ်နေကြသည်။

ယခုအချိန်သည် နွေဦးရာသီအစ ဖြစ်သဖြင့် လူငယ်မောင်မယ် အများအပြားမှာ အပန်းဖြေခရီးထွက်ရန် နှစ်သက်ကြရာ မြစ်ကြောင်းပေါ်ရှိ လှေငယ်များဆီမှ ကဗျာရွတ်ဆိုသံများ ရံဖန်ရံခါ ပျံ့လွင့်လာတတ်သည်။

“မင်းက သူ့ရဲ့ လူဝင်စားမှုကို ဒီလိုမျိုး စောင့်ဆိုင်းနေတာကလည်း နည်းလမ်းကောင်းတစ်ခုတော့ မဟုတ်ဘူး၊ ဘာနောက်ကွယ်ပြင်ဆင်မှုမျိုးပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ထားတာမျိုး မရှိဘူးလား”

လန်တောက်ချွန်းက အဝေးဆီက အပျော်စီးသင်္ဘောကြီးကို လှမ်းကြည့်ရင်း ဘေးနားရှိ ဖန့်ချန်အား တိုးညင်းစွာ မေးမြန်းလိုက်သည်။

အပျော်စီးသင်္ဘောကြီးပေါ်တွင် အမျိုးသား၊ အမျိုးသမီး အုပ်စုလိုက် ရပ်နေကြသည်။

နတ်မိမယ်ယွီ၏ ရုပ်ရည်နှင့် အရှိန်အဝါမှာ ထိုလူအုပ်ထဲတွင် ကြိုးကြာငှက်က ကြက်အုပ်ထဲ ရောက်နေသကဲ့သို့ ထင်ရှားလွန်းလှသဖြင့် လူငယ်အမျိုးသား အတော်များများက စကားလာရောက်စမြည်ပြောကြသော်လည်း ဖန့်ရှောင်ပန်းက အားလုံးကို မောင်းထုတ်ပစ်လိုက်လေသည်။

“ဘာနောက်ကွယ်ပြင်ဆင်မှုမှ မရှိဘူး၊ တကယ်လို့ အပြင်ကရန်သူတွေ ရောက်လာတဲ့အထိ မော်ထျန်တီကျန့်က ကောင်းကင်ဘုံလမ်းစဉ်ကို သက်သေမပြနိုင်သေးရင်... ငါက ယင်ဘူး ကို သုံးပြီး သူ့ကို ခေါ်သွားမှာပဲ”

ဖန့်ချန်က ဆိုလိုက်သည်။

“ဘဝတစ်ရာ လူဝင်စားခြင်းအစီအစဉ်အရ ဆိုရင်... ဘဝတိုင်းမှာ သူက အသက်ရှည်ရှည် နေသွားရမယ်ဆိုရင် ဒါက နှစ်ပေါင်း တစ်သောင်းတိတိ ကြာမြင့်လိမ့်မယ်”

လန်တောက်ချွန်းက သက်ပြင်းချလိုက်သည်။

“မင်းမှာကော ဘာနည်းလမ်းရှိလဲ”

ဖန့်ချန်က လန်တောက်ချွန်းကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။

“နည်းလမ်းအကြောင်း ပြောရမယ်ဆိုရင်တော့... အဲဒါက သေချာပေါက် ရှိတာပေါ့၊ ဘာပဲပြောပြော ယွီအာက ငါ့ရဲ့ ညီမလေးပဲဥစ္စာ၊ အဲဒီတုန်းက သူက မင်းဘက်ကို ဝိညာဉ်ကူးပြောင်းသွားလိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး”

လန်တောက်ချွန်းက ဆိုသည်။

“ဒါက တိုက်ဆိုင်မှုပဲဖြစ်ဖြစ်၊ တမင်သက်သက် လုပ်ဆောင်ခဲ့တာပဲဖြစ်ဖြစ်၊ ငါ သိပ်ပြီး ဂရုမစိုက်တော့ပါဘူး။ မင်းပြောစမ်းပါဦး... ဘဝတစ်ရာ လူဝင်စားခြင်းကို အစားထိုးနိုင်မယ့် ဘာနည်းလမ်းမျိုး ရှိလို့လဲ”

ဖန့်ချန်က မေးလိုက်သည်။

“ထိုက်ချန်းနယ်မြေ ဘက်မှာ... နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့ပြီး အခုအချိန်မှာတော့ ဆုတ်ယုတ်ပျက်စီးနေပြီဖြစ်တဲ့ ကျိုရွှမ်မျှော်စင် ဆိုတဲ့ ဂိုဏ်းတစ်ခု ရှိတာကို မင်းသိလား”

လန်တောက်ချွန်းက ပြုံးလျက် ဆိုလိုက်သည်။

“ကြားဖူးတယ်”

ဖန့်ချန်က ခေါင်းကို အသာအယာ ညိတ်လိုက်ရင်း

“ယင်လောကရဲ့ လျှို့ဝှက်စောင့်ရှောက်ရေးဌာန မှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထားတာ ရှိတယ်”

“……”

လန်တောက်ချွန်း၏ မျက်နှာထားမှာ ထူးဆန်းသွားပြီး

“လျှို့ဝှက်စောင့်ရှောက်ရေးဌာနက အခုအချိန်မှာ ဘယ်လောက်အထိ ကြီးထွားနေပြီလဲ။ ကျိုရွှမ်မျှော်စင်ကိုတောင် သိနေတယ်ပေါ့ သူတည်ရှိတဲ့ နေရာက အလွန်ဝေးလံခေါင်ဖျားပြီး အဲဒီတုန်းက ရှန်ပိတပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေးမှူးဟောင်းတောင်မှ သူ့ကို တိုက်ခိုက်မယ့် နယ်မြေထဲ ထည့်မတွက်ခဲ့ဘူး၊ ဒါကြောင့် ဘာလေမုန်တိုင်းမှမရှိဘဲ အမြဲတမ်း အေးအေးဆေးဆေးနဲ့ လျှို့ဝှက်တည်ရှိနေခဲ့တာ”

“ဖွံ့ဖြိုးတိုးတက်မှုကတော့ အဆင်ပြေပါတယ်၊ ဘာပဲပြောပြော လွန်ခဲ့တဲ့ နှစ်တစ်ရာနီးပါးအတွင်းမှာ ဖူထူလောက ရဲ့ နေရာအနည်းငယ်ကလွဲရင် အခြေခံအားဖြင့် အားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးပြီလေ။ ပြီးတော့ အဖက်ဖက်က ကူညီပေးကြတာကြောင့် လူအင်အားကလည်း လုံလောက်တယ်လို့ ပြောလို့ရတယ်။ နယ်မြေကိုးခုထဲမှာ ကျင့်ကြံသူရဲ့ ရွှေအမြုတေရှိတဲ့ နေရာတိုင်းမှာ လျှို့ဝှက်စောင့်ရှောက်ရေးဌာနရဲ့ အခြေစိုက်စခန်းတွေ ရှိတယ်”

ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။

လန်တောက်ချွန်းက ထူးဆန်းသော မျက်နှာထားဖြင့်

“ဒါဆို ငါတို့ရဲ့ နယ်မြေထဲမှာလည်း လျှို့ဝှက်စောင့်ရှောက်ရေးဌာနရဲ့ အခြေစိုက်စခန်း ရှိနေတာပေါ့”

“သေချာတာပေါ့”

ဖန့်ချန်က သဘာဝကျကျပင် ခေါင်းညိတ်ပြလိုက်သည်။

လန်တောက်ချွန်း၏ ရင်ထဲတွင် မချိတင်ကဲ သက်ပြင်းချမိသွားသည်၊ တိုတောင်းလှသော နှစ်ပေါင်း တစ်ရာကျော်မျှ အချိန်အတွင်း ယင်လောက၏ အင်အားစုက ဤမျှအထိ ကြီးထွားလာနိုင်ခြင်းမှာ ကြောက်မက်ဖွယ် မကောင်းဟု မပြောနိုင်ပေ။

သို့သော်လည်း ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကြီး က ဖိနှိပ်ချုပ်ချယ်ထားသော ယင်စစ်သည်များကို ပြန်လည်တွေးတောမိသည့်အခါတွင်မူ ထပ်မံ၍ ကျိုးကြောင်းဆီလျော်လှသည်ဟု ခံစားရပြန်သည်။

“မင်းရဲ့ လက်အောက်မှာရှိတဲ့ ယင်စစ်သည် အရေအတွက်က အခု ဘယ်လောက်အထိ ရှိသွားပြီလဲ”

လန်တောက်ချွန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“သုံးသန်းလောက်တော့ ရှိပြီထင်တယ်”

ဖန့်ချန်ကိုယ်တိုင်လည်း တိကျသော ကိန်းဂဏန်းကို သေချာမသိသော်လည်း အနီးစပ်ဆုံးမူ မှန်ကန်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဤနှစ်များအတွင်း သူ အားလပ်ချိန်ရတိုင်း ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကြီးကို ယူဆောင်ကာ ဖူထူလောကအတွင်းရှိ ယင်မိစ္ဆာများ ကြိုးကိုင်ခြယ်လှယ်ထားသော နယ်မြေများကို လိုက်လံတိုက်ခိုက် နှိမ်နင်းနေခဲ့သောကြောင့် ဖြစ်သည်။

ထိုအသိဉာဏ်ကင်းမဲ့သော ယင်မိစ္ဆာများထဲတွင် အနည်းငယ်မျှ အစွမ်းထက်သူဟူသမျှကို သူက အခြေခံအားဖြင့် အကုန်အစင် ဖိနှိပ်ချုပ်ချယ်ခဲ့ပြီး ဆယ့်ရှစ်ထပ် ငရဲမျှော်စင်ကြီးအတွင်းရှိ ယင်စစ်သည်များ ဖြစ်လာစေခဲ့သည်။

သို့သော်လည်း ထိပ်တန်းအဆင့် ခေါင်းဆောင်မှုစွမ်းအားကတော့ ဖြည့်တင်းနိုင်ခြင်း မရှိသေးချေ၊ ဘာပဲပြောပြော ဖူထူလောကအတွင်း အစွမ်းအထက်ဆုံး ဖြစ်ကြသည့် ယင်ရှန်းဘုရင် တို့လို လူစုသည်ပင် ကန့်သတ်ချက်ကျော်လွန်သည့်အဆင့် သို့ မရောက်ရှိကြသေးသောကြောင့် ဖြစ်သည်။

“မင်း ခုနက ပြောတဲ့ ကျိုရွှမ်မျှော်စင်က ရှောင်ယွီရဲ့ ကိစ္စနဲ့ ပတ်သက်နေတာလား”

ဖန့်ချန်က မေးလိုက်သည်။

“မင်းရဲ့ လျှို့ဝှက်စောင့်ရှောက်ရေးဌာနက ယင်စစ်သည်တွေဟာ ကျိုရွှမ်မျှော်စင်ရဲ့ စစ်မှန်တဲ့ နောက်ခံအကြောင်းရင်းကို စုံစမ်းရရှိဦးမှာ မဟုတ်သေးဘူး။ ငါကတော့ ကံကောင်းထောက်မစွာနဲ့ ကျိုရွှမ်မျှော်စင်ရဲ့ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးနဲ့ ရင်းနှီးကျွမ်းဝင်မှု အချို့ရှိခဲ့ဖူးလို့ အတွင်းရေးအချို့ကို သိထားတာ”

လန်တောက်ချွန်းက အသံကို နှိမ့်၍ ပြောလိုက်သည်

“ကျိုရွှမ်မျှော်စင်က နတ်ဘုရားရတနာ တစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဒီနတ်ဘုရားရတနာက အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်း သုံးရာအတွင်း မဝင်ပေမယ့်၊ သူ့ရဲ့ အသုံးဝင်ပုံကတော့ အလွန် ထူးခြားဆန်းပြားတယ်”

“စကားကို အကွေ့အကောက်တွေ လုပ်မနေပါနဲ့တော့”

ဖန့်ချန်က ဆိုလိုက်သည်။

“ကျိုရွှမ်မှန်ပြောင်း ပဲ... အဲဒါက လူတစ်ယောက်ကို လူဝင်စားခြင်းရဲ့ စိတ်မှားကမ္ဘာထဲမှာ နစ်မြုပ်နေစေနိုင်တယ်။ မှန်ပြောင်းကမ္ဘာထဲမှာ နှစ်ပေါင်း တစ်သောင်း ကြာမြင့်ပေမယ့်၊ ပြင်ပကမ္ဘာမှာတော့ ရာစုနှစ် အနည်းငယ်မျှသာ ရှိလိမ့်မယ်”

လန်တောက်ချွန်းက ပြုံးလျက် ဆိုလိုက်သည်

“မင်း ဘယ်လိုထင်လဲ”

“မှန်ပြောင်းကမ္ဘာထဲမှာ နှစ်ပေါင်း တစ်သောင်း... ပြင်ပကမ္ဘာမှာတော့ ရာစုနှစ် အနည်းငယ်မျှသာ ဟုတ်လား”

ဖန့်ချန်၏ မျက်နှာအမူအရာ လှုပ်ရှားသွားခဲ့သည်၊ အကယ်၍သာ ထိုသို့ အမှန်တကယ် ဖြစ်ပါက ဤနည်းလမ်းကို သေချာပေါက် စမ်းသပ်ကြည့်၍ ရပေသည်။

ထိုအချိန်တွင်ပင်... လှေငယ်အတော်များများက အဝေးဆီမှ ရုတ်တရက် အရှိန်အဟုန်ဖြင့် မောင်းနှင်လာခဲ့ကြသည်။ လှေလှော်နေသောသူများ အားလုံးသည် ခမောက်များကို ဆောင်းထားကြသဖြင့် မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း သူတို့၏ ကိုယ်ပေါ်တွင်မူ ဖုံးကွယ်မရသော ကြမ်းတမ်းခက်ထန်သည့် အရှိန်အဝါများ ပေါ်ထွက်နေကြသည်။

လှေငယ်တစ်စင်းစီပေါ်တွင် အနက်ရောင် ဝတ်စုံဝတ်ဆင်ထားပြီး၊ မျက်နှာပေါ်တွင် မည်သည့်ဆေးရောင်မျှ ခြယ်သထားခြင်းမရှိသည့် အဖြူရောင်မျက်နှာဖုံးများကို တပ်ဆင်ထားသော လူရိပ် ဆယ်ဂဏန်းခန့် ရပ်နေကြသည်။

ဖန့်ချန်နှင့် လန်တောက်ချွန်းတို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး မျက်ဝန်းများထဲတွင် ခပ်ဖွဖွ အပြုံးရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ဤကဲ့သို့သော လှေငယ်များမှာ ပို၍ပို၍ များပြားလာပြီး တိုတောင်းလှသော အချိန်အတွင်းမှာပင် ဆယ်စင်းကျော်မျှ ရောက်ရှိလာခဲ့ကာ ကျွမ်းကျင်သူ အယောက် တစ်ရာနီးပါးကို သယ်ဆောင်လာခဲ့ကြပြီ ဖြစ်သည်။

မြစ်ကြောင်းပေါ်ရှိ လူအချို့က ဤအရာကို သတိပြုမိသွားကြပြီး မျက်ဝန်းများထဲတွင် အံ့ဩတုန်လှုပ်မှုများ ထွက်ပေါ်လာကာ မိမိတို့၏လှေများကို ကမ်းခြေဘက်သို့ အလုအယက် ကပ်မောင်းသွားကြတော့သည်။

“အဲဒီလူတွေက ဘယ်သူတွေလဲဟ”

“ရှူး... အသံတိုးတိုးလုပ်၊ လောကီလောကက လူတွေ မဟုတ်လောက်ဘူး။ သူတို့ရဲ့ အရှိန်အဝါကို ကြည့်ရတာ တစ်စုံတစ်ယောက်သော အထက်လူကြီး အသေခံမွေးမြူထားတဲ့ အသေခံစစ်သည် တွေနဲ့ ပိုတူတယ်”

“သူတို့က ဟို... အပျော်စီးသင်္ဘောကြီးဆီကို ဦးတည်သွားနေတာလား။ နေ့ခင်းကြောင်တောင်ကြီးမှာ လူသတ်မှု ကျူးလွန်ဝံ့ကြတာလား”

“ဒီနေ့ မြို့ထဲက မျိုးရိုးမြင့် မိသားစုတွေရဲ့ သားသမီး တော်တော်များများ အဲဒီသင်္ဘောပေါ်မှာ ကဗျာရွတ်ဆို ပြိုင်ပွဲလုပ်နေကြတာလေ။ နေဦး... ဒါက အဲဒီကိစ္စနဲ့ ပတ်သက်နေတာလား။ လီမိသားစုရဲ့ သမီးပျိုလည်း ဒီနေ့ အဲဒီသင်္ဘောပေါ်မှာ ရှိနေတာ မဟုတ်လား”

“ဒီလိုကိုး……”

ကမ်းခြေတွင် အသက်အရွယ်ကြီးရင့်သော စာပေပညာရှင် အုပ်စုတစ်စု စုဝေးနေကြပြီး ထိုလှေငယ်များကို လက်ညှိုးထိုးကာ ဝေဖန်ပြောဆိုနေကြသည်။ သူတို့က လီမိသားစု၏ သမီးပျိုအကြောင်းကို ပြောလိုက်သည့်အခါ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကြပုံရပြီး မျက်နှာများပေါ်တွင် သဘောပေါက်သွားသည့် အမူအရာနှင့်အတူ ကြောက်ရွံ့တုန်လှုပ်မှုများ ပေါ်ထွက်လာကြတော့သည်။

ထိုအချိန်တွင် ဖန့်ချန်နှင့် လန်တောက်ချွန်းတို့ရှိရာ လှေငယ်မှာလည်း အပျော်စီးသင်္ဘောကြီးနှင့် မလှမ်းမကမ်းတွင် ရှိနေသဖြင့် ထိုဆယ်စင်းကျော်မျှရှိသော လှေငယ်များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရလေသည်။

လှေငယ်တစ်စင်း ကပ်လာခဲ့ပြီး ယင်းအပေါ်မှ နေ၍ အရှိန်အဝါ ကြမ်းတမ်းလှသော ကျွမ်းကျင်သူ နှစ်ဦး ခုန်ကူးလာခဲ့ကြသည်။ သူတို့က ဖန့်ချန်နှင့် လန်တောက်ချွန်းတို့အား ကြည့်လိုက်ရာ အတော်လေး ငယ်ရွယ်ပုံရပြီး တစ်ယောက်က ပိန်ကာ တစ်ယောက်က ဝနေသဖြင့် အေးစက်စွာ အမိန့်ပေးလိုက်သည်။

“မင်းတို့ ဒီနေရာမှာပဲ ငြိမ်ငြိမ်ရပ်နေ၊ အသံမထွက်စေနဲ့။ မဟုတ်ရင် ငါ လူနှစ်ယောက် ပိုသတ်ပစ်ဖို့ ဝန်မလေးဘူး”

“ဟမ်... အဆွေတော်က နေ့ခင်းကြောင်တောင်ကြီးမှာ လူသတ်ဖို့ ရည်ရွယ်နေတာလား။ ဒီတုန်းရှန့်နိုင်ငံမှာ ဥပဒေဆိုတာ မရှိတော့ဘူးလား”

လန်တောက်ချွန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“ဥပဒေ ဟုတ်လား”

တစ်ဖက်လူ၏ မျက်ဝန်းထဲတွင် လှောင်ပြောင် သရော်သည့် အရိပ်အယောင်များ ပေါ်ထွက်လာပြီး လန်တောက်ချွန်းနှင့် ဆက်လက်စကားပြောရန် ပျင်းရိနေပုံရသည်။

ကျန်ရှိသော လှေငယ်များမှာ အပျော်စီးသင်္ဘောကြီး၏ ဘေးတွင် လုံးဝ ကပ်မိသွားကြပြီဖြစ်ရာ၊ လူရိပ်များသည် ငှက်ငယ်များကဲ့သို့ ပေါ့ပါးသွက်လက်စွာဖြင့် သင်္ဘောထဲသို့ ခုန်ဝင်သွားကြတော့သည်။ သင်္ဘောကြီးအတွင်းမှ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်သံများ အစီအရီ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း ဖန့်ချန်နှင့် လန်တောက်ချွန်းတို့ကမူ အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိကြချေ၊ အဘယ်ကြောင့်ဆိုသော် ဤနှစ်များအတွင်း ဖန့်ရှောင်ပန်းသည် ရှောင်ယွီ၏ ဘေးနားတွင် အမြဲတမ်း ရှိနေခဲ့သောကြောင့် ဖြစ်သည်။ သူ ရှိနေသရွေ့တော့ မည်သူမျှ ယွီလေးကို ထိခိုက်နာကျင်အောင် ပြုလုပ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

All Chapters