← Chapters

အခန်း ၅၇၂

Vol. 39 Ch. 572

အခန်း ၅၇၂

Vol. 39 Ch. 572

အခန်း (၅၇၂) - နဂါးနက် တပိုင်း ဧကရာဇ် အော့ချွမ်းနှင့် နတ်ဘုရားကမ္ဘာငယ်ကို အုပ်ချုပ်ခြင်း

~အော့ချွမ်း၏ သံသယများကို အဆုံးသတ်ပေးရန်အတွက် ယဲ့ဖုန်းက သူ၏ ဆံနွယ်ရှည်များကို လက်ဖြင့် အသာအယာ သပ်ချလိုက်၏။

ဆံပင် တစ်ပင်တစ်လေမျှပင် လက်ထဲ ပါမလာသည်ကို မြင်လိုက်ရသည့် အခါမှသာ အော့ချွမ်း တစ်ယောက် သဘောပေါက်သွားတော့သည်။

“ဪ... ဒါဆို မင်းက ရှေ့ဖြစ်ဟော မျိုးနွယ်စုက မဟုတ်ဘူးပေါ့”

အော့ချွမ်းက အံ့ဩတကြီး ရေရွတ်လိုက်သည်။

သူ၏ အကြည့်များမှာ ယခင်ကထက် ပိုမို ရင်းနှီးဖော်ရွေသွား၏။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်းများစွာက အော့ချွမ်းသည် ရှေ့ဖြစ်ဟောဆရာ တစ်ဦးနှင့် တွေ့ဆုံခဲ့ဖူးသောကြောင့် ဖြစ်သည်။

ထိုစဉ်က သူ၏ ဘဝတွင် နဂါးမျိုးနွယ်စု၏ အသိအမှတ်ပြုမှုကို တစ်နေ့နေ့မှာ ရနိုင်ပါ့မလားဟု မေးမြန်းခဲ့ရာတွင် “လုံးဝ မဖြစ်နိုင်ဘူး” ဟူသော အဖြေကြောင့် အော့ချွမ်းမှာ ဒေါသအမျက် ချောင်းချောင်းထွက်ကာ ထိုရှေ့ဖြစ်ဟောဆရာကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ခဲ့၏။

ထိုမှတစ်ဆင့် သူသည် ရှေ့ဖြစ်ဟောမျိုးနွယ်စု၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရပြီး နောက်ဆုံးတွင်မှ ဤနတ်ဘုရားကမ္ဘာငယ်လေးထဲသို့ ထွက်ပြေးပုန်းအောင်းကာ အဆင့်တက်ရန် အသည်းအသန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ယဲ့ဖုန်းသည်လည်း ရှေ့ဖြစ်ဟောမျိုးနွယ်စု၏ ရန်သူဖြစ်ကြောင်း သိလိုက်ရသောအခါ အော့ချွမ်းမှာ “ခရီးဖော်” တစ်ဦးကို ရှာတွေ့လိုက်သည့်နှယ် ခံစားလိုက်ရတော့၏။

“ကျွန်တော် တကယ် သိချင်နေမိတာက... ခင်ဗျား ဘာလို့.. ကျွန်တော့်ကို နတ်ဘုရားမျိုးနွယ်စုတွေကို အမြစ်ပြတ် သုတ်သင်ရမလားဆိုပြီး အပြစ်တင်နေရတာလဲ”

ယဲ့ဖုန်းက သူ၏ သိလိုစိတ်ကို ဖွင့်ဟလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့... မင်း မသိလို့ပါ။ ဒီနတ်ဘုရားကမ္ဘာငယ်လေးမှာ နတ်ဘုရားမျိုးနွယ်စုတွေက အုပ်ချုပ်သူတွေလေ။ သူတို့က တခြား မျိုးနွယ်စုပေါင်းများစွာကို ထိန်းချုပ်ထားတာ။ အခု မင်းက သူတို့ကို သတ်ပစ်လိုက်ပြီ ဆိုတော့ နောက်ကျရင် ဘယ်သူက ဒီနေရာကို စီမံခန့်ခွဲတော့မှာလဲ”

နဂါးနက် တပိုင်း ဧကရာဇ် အော့ချွမ်းမှာ အလွန်ပင် ဘာမှမတတ်နိုင်သလို ခံစားနေရရှာ၏။

ဤကဲ့သို့သော ကမ္ဘာငယ် တစ်ခုမှာ အရှင်သခင်မဲ့ ဖြစ်သွားပါက အင်အားစုများကြား ပရမ်းပတာ ဖြစ်ကာ ဝိညာဉ်သွေးကြောများ ပျက်စီးပြီး ဝိညာဉ်စွမ်းအင်များ လျော့နည်းသွားနိုင်သည် မဟုတ်ပါလော။ ထိုသို့ ဖြစ်ခဲ့လျှင် သူ၏ ဟင်းလင်းပြင်ဖြိုခွဲအဆင့်သို့ တက်လှမ်းမည့် အိပ်မက်မှာလည်း ဝေးကွာသွားမည် ဖြစ်သည်။

“ဪ... ဒါကို စိုးရိမ်နေတာကိုး”

ယဲ့ဖုန်းက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်၏။

“ငါ့လူတွေကို နတ်ဘုရားမျိုးနွယ်စုတွေကို သုတ်သင်ဖို့ ငါ့ကိုယ်တိုင် အမိန့်ပေးခဲ့တာပါ။ အခုကစပြီး ဒီနတ်ဘုရားကမ္ဘာငယ်လေးဟာ ငါ့ရဲ့ မြူခိုးဂိုဏ်း လက်အောက်ကို ရောက်ရှိသွားပြီ။ ဘယ်မျိုးနွယ်စုက ထောက်ခံပြီး ဘယ်သူက ကန့်ကွက်မလဲ”

ယဲ့ဖုန်းသည် သူ၏ ရှေးဟောင်း သူရဲကောင်းဝိညာဉ် စွမ်းအားကို အသုံးပြုကာ ကြွေးကြော်လိုက်သည်။

တောင်ပြိုကျသည့်နှယ် ဟိန်းထွက်သွားသော သူ၏ အသံကြီးမှာ တစ်ကမ္ဘာလုံးသို့ ပဲ့တင်ထပ်သွားတော့၏။ ရှိနေသမျှသော သက်ရှိများမှာလည်း အံ့ဩတကြီးဖြင့် ကောင်းကင်ယံသို့ မော့ကြည့်နေကြရတော့သည်။

ပင်လယ်ပြင်ထက်၌မူ...

“မင်းတို့ဂိုဏ်းက တော်တော်လေးကို ရည်မှန်းချက် ကြီးတာပဲ။ ကမ္ဘာငယ်တစ်ခုလုံးကို အုပ်ချုပ်ဖို့အထိ ကြံစည်နေတာလား”

အော့ချွမ်းက အံ့ဩတကြီး မေးမြန်းလိုက်၏။

ယဲ့ဖုန်းကတော့ တည်ငြိမ်စွာဖြင့်ပင် -

“ဘာဖြစ်လို့ မရရမှာလဲ”

အမှန်စင်စစ် ယဲ့ဖုန်းသည် ဟူဖေးဖေး၏ ခွန်အားမှာ အော့ချွမ်းထက် မနိမ့်ကျကြောင်း သိထားသဖြင့် ဤကမ္ဘာကို ထိန်းချုပ်ရန်မှာ အခက်အခဲ မရှိလှကြောင်း ယုံကြည်နေခြင်းပင် ဖြစ်သည်။

“ဒါဆိုရင်လည်း ကျုပ်.. ဒီမှာ ဆက်ပြီးတော့ အဆင့်တက်ဖို့ ကြိုးစားတာကို ဂိုဏ်းချုပ်ယဲ့ ခွင့်ပြုမှာလား”

အော့ချွမ်းက သူ၏ စိုးရိမ်မှုကို ထုတ်ဖော်လိုက်၏။

“ရတာပေါ့။ ဒါပေမဲ့ မင်း ဘာလို့ ဒီနေရာမှာပဲ ပုန်းနေချင်ရတာလဲ။ ရှန်ကျိုးတိုက်ကြီးဆီကို လိုက်ခဲ့တာက ပိုပြီး မကောင်းဘူးလား”

ယဲ့ဖုန်း၏ စကားကြောင့် အော့ချွမ်း၏ မျက်လုံးများမှာ ဝင်းလက်သွားတော့၏။

“ရှန်ကျိုးတိုက်ကြီး ဟုတ်လား။ ရှေးဟောင်းသူတော်စင်တွေ နေထိုင်ပြီး ရတနာတွေ ပေါများလှတဲ့ အဲဒီတိုက်ကြီးဆီကို လာရမယ် ဟုတ်လား။ အဲဒီမှာဆိုရင်တော့ ကျုပ် ဟင်းလင်းပြင်ဖြိုခွဲအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်းတွေ ပိုများမှာ အသေအချာပဲ”

သို့သော်လည်း အော့ချွမ်းမှာ ခေတ္တမျှ ငိုင်သွားကာ -

“ဒါပေမဲ့ ရှန်ကျိုးတိုက်ကြီးက အရမ်းကျယ်တာပဲ...ကျုပ် ဘယ်ကို သွားရမလဲ”

“ငါ့ရဲ့ မြူခိုးဂိုဏ်းဆီကို လိုက်ခဲ့လေ” ယဲ့ဖုန်းက ဖိတ်ခေါ်လိုက်၏။

အော့ချွမ်းမှာ အံ့အားသင့်သွားရသည်။

ဤမြူခိုးဂိုဏ်း ဆိုသည်ကို သူ တစ်ခါမျှ မကြားဖူးသလို ယဲ့ဖုန်းမှာလည်း ကျင့်ကြံခြင်း အစွမ်း ရှိပုံ မရသဖြင့် သူ ဇဝေဇဝါ ဖြစ်နေမိခြင်းပင်။

“ခင်ဗျားရဲ့ နဂါးသွေးမျိုးဆက်က မသန့်စင်ဘူး။ ဒါပေမဲ့ ကျွန်တော်က အဲဒါကို သန့်စင်ပေးနိုင်တယ်လေ”

ပြောပြောဆိုဆိုပင်၊ ယဲ့ဖုန်းက သွေးကြောသန့်စင်ဆေးလုံးများ ပါဝင်သော ပုလင်းကြီး တစ်လုံးကို ထုတ်ပြလိုက်၏။

၎င်းကို အော့ချွမ်းက ဝါးမြိုလိုက်သည့် တစ်ခဏ၌ သူ၏ သွေးကြောများမှာ အမှန်တကယ်ပင် ပိုမို သန့်စင်လာသည်ကို ခံစားလိုက်ရသဖြင့် စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တုန်ရီလာတော့သည်။

“ကဲ...ငါ့ရဲ့ မြူခိုးဂိုဏ်းထဲကို ဝင်ဖို့ ဘယ်လို စဉ်းစားထားလဲ”

ယဲ့ဖုန်းက ပြုံးလျက် မေးလိုက်၏။

အော့ချွမ်းကတော့ ချက်ချင်း ဆုံးဖြတ်ချက် မချသေးဘဲ -

“အရင်ဆုံး ရှန်ကျိုးတိုက်ကြီးကို သွားကြည့်ပြီးမှ ငါ ဆုံးဖြတ်မယ်” ဟု ဆိုလိုက်တော့၏။

ခေတ္တအကြာတွင် အော့ချွမ်းမှာ သူ၏ ရတနာများကို ထုပ်ပိုးရန် ပင်လယ်အောက်သို့ ဆင်းသွားသည်။

ထိုအခိုက်အတန့်၌ ယဲ့ဖုန်းက သူ၏ လက်ဖဝါးပေါ်တွင် ရှေးဟောင်း သိုင်းကျမ်း စွမ်းအားမျှင် တစ်ခုကို ထုတ်ဖော်လိုက်၏။ ၎င်းမှာ ‘နတ်ဆိုး ဧကရာဇ် ကျင့်စဉ်’ ပင် ဖြစ်သည်။

အော့ချွမ်းမှာ ပင်လယ်အောက်မှ ပြန်တက်လာပြီး ထိုသိုင်းကျမ်းကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ပြူးကျယ်သွားရတော့၏။

“ဂိုဏ်းချုပ်ယဲ့... ဒါက ဘာကြီးလဲ”

“ဒါက ‘နတ်ဆိုး ဧကရာဇ် ကျင့်စဉ်’ ပဲ။ နတ်ဆိုး စစ်သည်အဆင့်ကနေ နတ်ဆိုး ဧကရာဇ်အဆင့်၊ ဆိုလိုတာက ဟင်းလင်းပြင်ဖြိုခွဲအဆင့် အထွတ်အထိပ်အထိ ကျင့်ကြံနိုင်တဲ့ ကျင့်စဉ်ပေါ့”

ယဲ့ဖုန်းက အေးအေးလူလူပင် ရှင်းပြလိုက်၏။

အော့ချွမ်းမှာ ထိုကျင့်စဉ်ကို မြင်သည်နှင့် စိတ်အားထက်သန်သွားကာ ဝယ်ယူရန် ကမ်းလှမ်းသော်လည်း ယဲ့ဖုန်းက ငြင်းပယ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤကျင့်စဉ်မှာ ဂိုဏ်းသားများသာ ကျင့်ကြံခွင့် ရှိသောကြောင့် ဖြစ်သည်။

ယဲ့ဖုန်းသည် အော့ချွမ်းအား ကျင့်စဉ်၏ ပထမအခန်းကို ထုတ်ပြလိုက်ကာ စမ်းသပ် ကျင့်ကြံခိုင်းလိုက်၏။ အော့ချွမ်းမှာ နာရီဝက်ခန့် ကြိုးစားသော်လည်း လုံးဝ အောင်မြင်မှု မရရှိဘဲ ဇဝေဇဝါ ဖြစ်နေတော့၏။

“မင်း ဒါကို လုံးဝ တတ်မြောက်မှာ မဟုတ်ဘူး”

ယဲ့ဖုန်းက ခပ်ပြုံးပြုံးဖြင့် တိုက်တွန်းလိုက်၏။ အော့ချွမ်းမှာ မယုံကြည်နိုင်ဘဲ နဂါးအသွင်ဖြင့် ဆက်လက် ကြိုးစားနေသော်လည်း အရာမထင်ပါချေ။

ထိုအခိုက်အတန့်၌ ယဲ့ဖုန်းက လေဝိညာဉ်ပုလဲလုံးကို ထုတ်ယူလိုက်၏။ နတ်ဘုရားကမ္ဘာငယ် အတွင်းရှိ သူရဲကောင်းဝိညာဉ် စွမ်းအားများမှာ ပုလဲလုံးအတွင်းသို့ အဆက်မပြတ် စီးဝင်လာတော့သည်။

ဤသို့ဖြင့် ယဲ့ဖုန်း၏ ခွန်အားမှာလည်း မူလနတ်ဘုရားအဆင့် အထွတ်အထိပ်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့တော့၏။

“အား... ဘာလို့ ငါ ကျင့်လို့ မရရတာလဲ”

အော့ချွမ်း၏ အသည်းအသန် အော်ဟစ်သံမှာ ယဲ့ဖုန်း၏ နားထဲသို့ စူးစူးဝါးဝါး ထိုးဖောက်ဝင်ရောက်လာတော့သည်။

--

All Chapters