အခန်း ၅၇၃
Vol. 39 Ch. 573
အခန်း (၅၇၃) - ပထမဆုံးသော တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဝိညာဉ်သားရဲနှင့် နတ်ဘုရားအဆင့် ကျင့်စဉ်
~အော့ချွမ်းမှာမူ နဂါးအသွင်ဖြင့်ပင် ရှိနေဆဲ ဖြစ်သည်။ သူသည် မိမိ၏ နားရွက်နှင့် ပါးပြင်များကို ကုတ်ခြစ်ရင်း အချိန်အတော်ကြာအောင် စဉ်းစားခန်း ဝင်နေသော်လည်း ‘နတ်ဆိုး ဧကရာဇ် ကျင့်စဉ်’ ၏ ပထမဆုံး အခန်းကိုမူ လုံးဝ သဘောမပေါက်နိုင်သေးပေ။
“ဒီစိတ်ကူးကို လက်လျှော့လိုက်တာ အကောင်းဆုံးပါပဲ။ မြူခိုးဂိုဏ်းထဲကို မဝင်ဘဲနဲ့တော့ မင်း ဒါကို ဘယ်တော့မှ တတ်မြောက်မှာ မဟုတ်ဘူး။ ကဲ... မြန်မြန်လုပ်၊ မင်းဆီက ရတနာတွေကိုသာ ထုတ်ပေးတော့”
ယဲ့ဖုန်းက အော့ချွမ်းအား လက်ညှိုးလေးဖြင့် ကစားကာ အသိပေးလိုက်၏။ သို့သော် အော့ချွမ်းမှာလည်း ပါးနပ်သူတစ်ဦး ဖြစ်သည်။ သူ၏ မျက်လုံးများမှာ ဟိုဒီ ဝေ့ဝဲသွားပြီးနောက် ဤသို့ ပြန်လည် မေးမြန်းလိုက်တော့သည်။
“ဂိုဏ်းချုပ်ယဲ့... အကယ်၍ ကျွန်တော် မြူခိုးဂိုဏ်းထဲ ဝင်ပါလျက်နဲ့ ‘နတ်ဆိုး ဧကရာဇ် ကျင့်စဉ်’ ကို မတတ်မြောက်ခဲ့ရင်ကော ဘယ်လိုလုပ်မလဲ”
“အဲဒီလိုဆိုရင်တော့ မင်း ပေးတဲ့ ရတနာတွေ အားလုံးကို မင်းဆီပဲ ပြန်ပေးမှာပေါ့”
ယဲ့ဖုန်းက ဝေခွဲမနေဘဲ တိုက်တွန်းလိုက်၏။ ဂိုဏ်းထဲကို တစ်ခါဝင်ပြီးပြီ ဆိုလျှင်တော့ ထိုကျင့်စဉ်ကို မလွဲမသွေ တတ်မြောက်သွားမည်မှာ အသေအချာပင်။
အကယ်၍ ထိုအချိန်ကျမှ အော့ချွမ်းက တစ်ခုခု ကလိန်ကကျစ် လုပ်ခဲ့မည် ဆိုပါကလည်း ဤချောချောလှလှ ကောင်လေးအား ကိုင်တွယ်ရန် နည်းလမ်းပေါင်း တစ်ထောင်မက သူ၏ လက်ထဲတွင် ရှိနေပြီးသားပင်။
အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိ ယဲ့ဖုန်းအတွက်မူ တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဆိုသည်မှာ ဘာမှ မဟုတ်တော့သောကြောင့် ဖြစ်သည်။ မူလအနှစ်သာရ အသွင်သို့ ပြောင်းလဲလိုက်သည်နှင့် သူသည် အော့ချွမ်းအား လက်တစ်ဖက် မြှောက်ရုံဖြင့်ပင် အစအန ဖျောက်နိုင်စွမ်း ရှိနေပြီ မဟုတ်ပါလော။
“ကောင်းပြီလေ... ဒါဆိုရင်တော့ ကျွန်တော် မြူခိုးဂိုဏ်းထဲကို အရင်ဝင်မယ်ဗျာ”
အော့ချွမ်းမှာ လူသားအသွင်သို့ ပြောင်းလဲလိုက်ကာ တဟဲဟဲနှင့် ရယ်မောရင်း ဆိုလိုက်၏။
“ပြဿနာ မရှိပါဘူး”
ယဲ့ဖုန်းက နာမည်စာရင်းမှတ်တမ်းကို ထုတ်ယူလိုက်၏။ အချို့သော အချက်အလက်များကို မေးမြန်းပြီးနောက် သူသည် အော့ချွမ်း၏ ကိုယ်ရေးအကျဉ်းကို ရေးမှတ်ကာ ဂိုဏ်းချုပ်တံဆိပ်ဖြင့် ခပ်နှိပ်လိုက်တော့သည်။
“တီ..တီ.. တောင်စောင့် ဝိညာဉ်သားရဲ ‘အော့ချွမ်း’ ကို ရရှိပါပြီ၊ အမည်ပြောင် - နဂါးနက် တပိုင်း ဧကရာဇ်၊ အဆင့် - တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့်၊ နဂါးမျိုးနွယ် သွေးမျိုးဆက် - ၉၅ ရာခိုင်နှုန်း ပိုင်ဆိုင်တယ်”
ယဲ့ဖုန်းသည် စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသည့် ထိုအခိုက်အတန့်၌ပင် သူ၏ ခန္ဓာကိုယ်အတွင်း၌ ခမ်းနားထည်ဝါသော ခွန်အားများ စတင် မွေးဖွားလာသည်ကို ခံစားလိုက်ရ၏။
၎င်းမှာ အော့ချွမ်းထံမှ ရရှိသော ကျင့်ကြံခြင်းအဆင့် မြှင့်တင်မှုပင် ဖြစ်သည်။ ယဲ့ဖုန်းသည် မိမိ၏ ရုပ်ခန္ဓာ ခွန်အားမှာ တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့်သို့ ရောက်ရှိသွားကာ အတွေ့အကြုံရင့် ဝါရင့်ပညာရှင် တစ်ဦးအလား ခံစားလိုက်ရတော့သည်။
"အုန်း"
ယဲ့ဖုန်းက အမှတ်မထင် လက်ဖြင့် ဆုပ်ကိုင်လိုက်ရုံမျှဖြင့်ပင် ဟင်းလင်းပြင်ကြီး တစ်ခုလုံးမှာ နေရာမှာတင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့ရ၏။ ဤမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသော အော့ချွမ်းမှာမူ မျက်လုံးများ ပြူးကျယ်လျက် ခေတ္တမျှ ဆွံ့အသွားရရှာသည်။
“ဒါ... ဒါက...”
သူသည် တစ်ကိုယ်လုံး အေးစိမ့်သွားကာ တုန်တုန်ရင်ရင်ဖြင့် စကားတစ်ခွန်းပင် ထွက်မလာတော့ပေ။
“မဆိုးပါဘူး”
ယဲ့ဖုန်းက ခပ်တိုးတိုး အသံဖြင့် အော့ချွမ်းအား တစ်ချက်ကြည့်လိုက်ကာ -
“တကယ်တော့ ငါ့ရဲ့ ခွန်အားတွေက အရင်က တော်တော်လေး ကောင်းခဲ့တာပါ။ ဒါပေမဲ့ တိုက်ပွဲကြီးတစ်ခုမှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိတဲ့ မိစ္ဆာအိုကြီး တစ်ကောင်ရဲ့ ချောင်းမြောင်း တိုက်ခိုက်ခံခဲ့ရလို့ ခွန်အားတွေ အများကြီး ဆုံးရှုံးသွားပြီး ကျင့်ကြံခြင်းအဆင့်တွေပါ ကုန်ခမ်းသွားခဲ့တာပေါ့”
လက်တစ်ဖက်တည်းနဲ့ ဟင်းလင်းပြင်ကို ဖြိုခွဲနိုင်တဲ့သူက ကျင့်ကြံခြင်းအဆင့် ကုန်ခမ်းနေတယ် ဟုတ်လား။ ဒါ ဘယ်လို နောက်ပြောင်မှုမျိုးလဲ။
အော့ချွမ်း၏ နှုတ်ခမ်းများမှာ အကြောက်အလန့်ကြောင့် ပြင်းထန်စွာ တုန်လှုပ်သွားရ၏။
သူသည် ယခုမှပင် ယဲ့ဖုန်းနှင့် ဟူဖေးဖေးတို့ ကျားကန်ပေးထားသော မြူခိုးဂိုဏ်းမှာ ထင်သလောက် မရိုးရှင်းကြောင်း သဘောပေါက်သွားတော့သည်။ ဤဂိုဏ်းတွင် ‘နတ်ဆိုး ဧကရာဇ် ကျင့်စဉ်’ ရှိနေရုံတင်မကဘဲ ‘သွေးကြောသန့်စင်ဆေးလုံး’ ပါ ရှိနေသဖြင့် ဤနေရာတွင် အခြေချနေထိုင်ခြင်းမှာ ထိုက်တန်လှသည်ဟု သူ တွေးတောမိ၏။
“ဂိုဏ်းချုပ်... အခု ကျွန်တော့်ကို ‘နတ်ဆိုး ဧကရာဇ် ကျင့်စဉ်’ သင်ပေးလို့ ရပြီလားဗျ”
အော့ချွမ်းက သူ၏ အတွေးများကို ပြန်လည် စုစည်းရင်း မေးမြန်းလိုက်သည်။
“ရတာပေါ့”
ယဲ့ဖုန်းက ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်၏။ သူ၏ လက်ချောင်းလေးကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရွှေရောင် တောက်ပနေသော သိုင်းကျမ်း မျှင်တန်းလေး တစ်ခုမှာ အော့ချွမ်း၏ သိစိတ် အာရုံထဲသို့ ဉာဏ်အလင်းပွင့်သွားသည့်နှယ် စိမ့်ဝင်သွားတော့၏။
ခဏချင်းမှာပင် အော့ချွမ်း၏ ရွှေရောင်မျက်ဝန်းများမှာ ပြူးကျယ်သွားရ၏။
“ဪ... ဒါကို ဒီလိုမျိုး ကျင့်ကြံရတာကိုး”
“နောက်ဆုံးတော့ ငါ တတ်မြောက်သွားပြီဟေ့”
အော့ချွမ်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ချက်ချင်းပင် ဧရာမ နဂါးနက်ကြီးအဖြစ် ပြန်လည် ပြောင်းလဲလိုက်ကာ ပင်လယ်ပြင်ထက်၌ ပျံဝဲနေတော့သည်။ ရွှေရောင်သိုင်းကျမ်းများနှင့် မြူခိုးများ ဝန်းရံနေသော သူ၏ ပုံစံမှာ ရှေးဟောင်း နတ်ဘုရားတစ်ပါးအလား သန့်ရှင်း မြင့်မြတ်လှ၏။
မကြာမီမှာပင်...
အော့ချွမ်းသည် ‘နတ်ဆိုး ဧကရာဇ် ကျင့်စဉ်’ ၏ ပထမဦးဆုံး အခန်းကို အောင်မြင်စွာ တတ်မြောက်သွားခဲ့ပြီး သူ၏ အခြေခံ ခွန်အားမှာလည်း သိသိသာသာ တိုးတက်လာသည်ကို ခံစားလိုက်ရသည်။ သူသည် အားတက်သရောနှင့် ဆက်လက် ကျင့်ကြံနေတော့၏။
‘အကယ်၍ ငါသာ ဒီကျင့်စဉ်ကို စတုတ္ထအခန်းရဲ့ အထွတ်အထိပ်အထိ ကျင့်နိုင်ခဲ့မယ် ဆိုရင်တော့... ငါ့ရဲ့ မူလကျင့်စဉ်ကို လုံးဝ အစားထိုးနိုင်မှာပဲ။ အဲဒီအချိန်ကျရင် ငါ့ရဲ့ ခွန်အားတွေက အနည်းဆုံး နှစ်ဆလောက် တိုးလာတော့မှာ’
အော့ချွမ်းမှာ စိတ်ကူးများဖြင့်ပင် ရင်ခုန်ကြည်နူးနေမိ၏။
ကောင်းကင်ယံထက်တွင်မူ...
ယဲ့ဖုန်းသည် သူ၏ လက်ဖဝါးပေါ်၌ ပျံဝဲနေသော လေဝိညာဉ်ပုလဲလုံးကို ကြည့်ရင်း ၎င်းအတွင်း၌ ကိန်းဝပ်နေသော ခမ်းနားလှသည့် ရှေးဟောင်း သူရဲကောင်းဝိညာဉ် စွမ်းအားများကို ခံစားနေမိ၏။ နတ်ဘုရားမျိုးနွယ်စု၏ ကမ္ဘာငယ်အတွင်းရှိ သူရဲကောင်းဝိညာဉ် စွမ်းအားများကို စုပ်ယူပြီးနောက် သူ၏ ဝိညာဉ်အာရုံ စွမ်းအားမှာ မူလနတ်ဘုရားအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ရုပ်ခန္ဓာ ခွန်အားမှာမူ တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့်သို့ ရောက်နေပြီဖြစ်ရာ အခြားသော စွမ်းအားများမှာလည်း လုံးဝ အားမနည်းလှပေ။ ဤသို့သော အခြေအနေတွင် သူသည် မူလအနှစ်သာရ စွမ်းအားကို အသုံးပြုကာ ဆယ်ဆလောက် ခွန်အား မြှင့်တင်လိုက်မည် ဆိုပါက ဟင်းလင်းပြင်ဖြိုခွဲအဆင့်သို့ လှလှပပ ခြေစုံပစ် ဝင်ရောက်နိုင်တော့မည် ဖြစ်သည်။
၎င်းမှာ မည်မျှအထိ သန်မာမည်ကိုမူ ယဲ့ဖုန်း ကိုယ်တိုင်ပင် မသိနိုင်တော့ပေ။ သို့သော် သူ သေချာပေါက် သိနေသည်မှာ... အကယ်၍ သစ်ပင်နတ်ဆိုး ဘိုးဘေး၏ ဝိညာဉ်ခွဲနှင့် နောက်တစ်ခါ ထပ်တိုးမည် ဆိုပါက ထိုအရာအား နှိမ်နင်းရန် လက်ညှိုးတစ်ချောင်းထက် ပိုသုံးစရာ လိုမည် မဟုတ်တော့ချေ။
“မင်းသမီးလေး... အောက်ကို ဆင်းပြီး လေ့လာကြည့်ရအောင်”
“ဟုတ်ကဲ့ပါ”
ယဲ့ဖုန်းသည် လေဝိညာဉ်ပုလဲလုံးကို ပြန်သိမ်းလိုက်ကာ ဟူဖေးဖေးနှင့်အတူ နတ်ဘုရားတိုက်ကြီး၏ ဗဟိုချက်ဆီသို့ ဆင်းသက်လိုက်၏။ ၎င်းမှာ မိုင်ပေါင်း ရာနှင့်ချီ၍ ရှည်လျားသော တောင်တန်းကြီး တစ်ခုပင်။
နတ်ဘုရားတိုက်ကြီး၏ တစ်ခုတည်းသော မဟာ ဝိညာဉ်သွေးကြောမှာ ထိုတောင်တန်းများ၏ အလယ်ဗဟိုတွင် တည်ရှိနေပြီး မြူခိုးဆန်သော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေ၏။ ပတ်ဝန်းကျင် တစ်ဝိုက်တွင်လည်း အဆောက်အအုံများစွာ ရှိနေ၏။ ဒါက နတ်ဘုရားမျိုးနွယ်စု၏ အဓိက အခြေစိုက်စခန်းပင် ဖြစ်သည်။
ယခင်က ဟူဖေးဖေးသည် ဤနေရာသို့ ဝင်ရောက် စီးနင်းခဲ့ကာ နတ်ဘုရားမျိုးနွယ်စုမှ ကျင့်ကြံသူအားလုံးကို သုတ်သင်ပစ်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့်ပင် ယခုအခါ ဤတောင်တန်းကြီးမှာ လူသူကင်းမဲ့လျက် သေခြင်းတရားကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေတော့၏။
ယဲ့ဖုန်းသည် တောင်ထိပ်ပေါ်ရှိ နန်းဆောင်ကြီး၏ ရှေ့တွင် ဆင်းသက်လိုက်၏။ ထိုနန်းဆောင်၏ တည်ဆောက်ပုံမှာ တကယ့်ကို ထူးဆန်းလှပြီး ပါးစပ်ကြီး ဟထားသော ဧရာမ ငါးမန်းကြီးတစ်ကောင် မြေပြင်ပေါ်မှာ ဝပ်နေသည့် ပုံစံနှင့် ဆင်တူနေ၏။
“ဪ... ဒါဆို နတ်ဘုရားမျိုးနွယ်စု ဆိုတာက ‘ဝိညာဉ်အာရုံ ငါးမန်း’ မျိုးနွယ်ကနေ ဆင်းသက်လာတာကိုး”
ယဲ့ဖုန်းသည် နတ်ဘုရားမျိုးနွယ်စု၏ မူလဇစ်မြစ်ကို ထွင်းဖောက် သိမြင်သွားခဲ့တော့၏။ သူတို့ကိုယ်သူတို့ ‘နတ်ဘုရားမျိုးနွယ်’ ဟု ခေါ်ဝေါ်ခဲ့ကြသော်လည်း တကယ်တမ်းတွင်မူ လွန်ခဲ့သော နှစ်ပေါင်း သန်းချီက ဤသတ္တဝါများသည် နတ်ဘုရားတိုက်ကြီး၏ ပင်လယ်နက်အတွင်း၌ နေထိုင်ခဲ့ကြသော၊ ဝိညာဉ်အာရုံ စွမ်းအားကို သဘာဝအတိုင်း အသုံးပြုနိုင်သည့် ငါးမန်းတစ်မျိုးသာ ဖြစ်ခဲ့ကြသည်။
ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ ရောက်ရှိသွားသော ပထမဆုံး ငါးမန်းမှာ လူသားအသွင်သို့ ပြောင်းလဲခဲ့သော်လည်း ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် သူတို့၏ ငါးမန်းပါးစပ်များကိုမူ ယနေ့အချိန်အထိ အမွေဆက်ခံနေရခြင်း ဖြစ်သည်။
“ဂိုဏ်းချုပ်... ဒါက ဘာကြီးလဲ ဟင်”
ဟူဖေးဖေးသည် နန်းဆောင်အတွင်းသို့ ဝင်ရောက်သွားကာ နံရံပေါ်ရှိ လမင်းထိန်ထိန်သာသော ပင်လယ်ပြင် မြင်ကွင်းအတွင်းမှ ငါးမန်းတစ်ကောင် ရေပေါ်သို့ ခုန်တက်နေသည့် ပန်းချီကားချပ်လေးကို လက်ညှိုးညွှန်ပြကာ မေးမြန်းလိုက်၏။
“ရှာတွေ့ပြီဟေ့”
ယဲ့ဖုန်း၏ မျက်လုံးများမှာ ဝင်းလက်သွားတော့၏။ သူ၏ လက်ထဲတွင် ‘ကိုးဆင့် ကောင်းကင် နတ်ဘုရားကျင့်စဉ်’ ၏ အထက်၊ အလယ်၊ အောက် တွဲများ ရှိနေသော်လည်း နောက်ဆက်တွဲ ကျင့်စဉ်များကိုမူ မရရှိသေးပေ။ ယခုမူ ဤ ‘လမင်းအောက် ငါးမန်းခုန်ခြင်း ပန်းချီကား’ အတွင်း၌ ရှေးဟောင်း ဝိညာဉ်အာရုံ ငါးမန်းမျိုးနွယ် ဘိုးဘေးကြီးများ ချန်ထားခဲ့သော နောက်ဆက်တွဲ ကျင့်စဉ်များ ကိန်းဝပ်နေသည် မဟုတ်ပါလော။
ဤကျင့်စဉ်များကို လိုက်နာ ကျင့်ကြံမည် ဆိုပါက ဝိညာဉ်အာရုံ စွမ်းအားဖြင့် မူလနတ်ဘုရားအဆင့် အထွတ်အထိပ်သို့ တက်လှမ်းနိုင်ရုံတင်မကဘဲ ‘ဝိညာဉ်အာရုံ နှလုံးသား’ ကိုပါ စုစည်းနိုင်မည် ဖြစ်သည်။
“ယူလိုက်မယ်”
ယဲ့ဖုန်းက လက်ကို ဆန့်ထုတ်ကာ ပန်းချီကားကို ထိတွေ့လိုက်ပြီး ဉာဏ်အလင်းပွင့် နှလုံးသားဖြင့် အတွင်းရှိ ကျင့်စဉ်များကို ရယူလိုက်ကာ ပန်းချီကားကိုမူ စနစ်၏ ဟင်းလင်းပြင်အတွင်း သိမ်းဆည်းလိုက်၏။
*“တီ..တီ.. ‘ကိုးဆင့် ကောင်းကင် နတ်ဘုရားကျင့်စဉ် - နတ်ဘုရားအခန်း’ ကို ရရှိပါပြီ”*
ယဲ့ဖုန်းသည် နန်းဆောင်အတွင်း၌ ဆက်လက် လှည့်လည်ကြည့်ရှုသော်လည်း အခြားသော ထူးခြားသည့် ရှာဖွေတွေ့ရှိမှုမျိုးတော့ မရှိတော့ပေ။ နတ်ဘုရားမျိုးနွယ်စုများတွင် ဤကျင့်စဉ်မှလွဲ၍ အခြား အဖိုးတန် ရတနာမျိုး မရှိလှပါချေ။
“အင်း... ဒါက... ကျွန်ပြုခြင်း အဆောင်လက်ဖွဲ့ ပါလား”
နန်းဆောင်၏ မြေအောက် လျှို့ဝှက်ခန်းအတွင်း၌ ယဲ့ဖုန်းသည် ရှေးဟောင်း ဝိညာဉ်အဆောင်လက်ဖွဲ့ပေါင်း (၁၀၀) ကျော်ကို တွေ့ရှိလိုက်ရ၏။ ၎င်းတို့ပေါ်တွင် ‘လူသားမျိုးနွယ်’၊ ‘နွားခေါင်းလူသား’၊ ‘ဝံပုလွေဖြူ’ စသည့် စာလုံးများကို ရေးထိုးထား၏။
“နတ်ဘုရားမျိုးနွယ်တွေ ဘာလို့ ဒီလောက်အထိ လွှမ်းမိုးထားနိုင်သလဲ ဆိုတာ မထူးဆန်းတော့ပါဘူး။ တကယ်တော့ သူတို့က တခြား မျိုးနွယ်စုတွေရဲ့ အဆင့်မြင့် ကျင့်ကြံသူတွေကို ကျွန်ပြုထားတာကိုး”
ယဲ့ဖုန်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ အဆောင်လက်ဖွဲ့ တစ်ခုချင်းစီတွင် သက်ဆိုင်ရာ မျိုးနွယ်စုမှ အဆင့်မြင့် ကျင့်ကြံသူ တစ်ဦးစီ၏ ဝိညာဉ် အစအန တစ်ခုစီ ပါဝင်နေ၏။ စိတ်ကူး တစ်ချက်ဖြင့်ပင် တစ်ဖက်လူကို ထိန်းချုပ်နိုင်စွမ်း ရှိသည် မဟုတ်ပါလော။
၎င်းအား အသုံးချကာ နတ်ဘုရားမျိုးနွယ်စုမှာ ဤကမ္ဘာငယ်အတွင်းရှိ အခြားသော မျိုးနွယ်စုများကို အလွယ်တကူ ထိန်းချုပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဝှစ်"
ယဲ့ဖုန်းနှင့် ဟူဖေးဖေးတို့မှာ နေရာမှာတင် ပျောက်ကွယ်သွားခဲ့ကြတော့၏။ သူတို့ ပြန်လည် ပေါ်ထွက်လာသည့် အခါတွင်မူ မိုင်ပေါင်း သောင်းနှင့်ချီ၍ ကျယ်ပြန့်သော နယ်မြေ တစ်ခု၏ ကောင်းကင်ယံထက်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ဤနေရာမှာတော့ လူသားမျိုးနွယ်စုများ စုဝေး နေထိုင်ရာ ဒေသပင်။
တာ့ယွီ မင်းဆက်။
ယဲ့ဖုန်းသည် လူသားမျိုးနွယ် ကျွန်ပြုခြင်း အဆောင်လက်ဖွဲ့ကို ထုတ်ယူလိုက်၏။ ၎င်းပေါ်တွင် ဝိညာဉ်အစအနပေါင်း (၉၀၀) ကျော် ရှိနေသဖြင့် လက်ရှိ လူသားမျိုးနွယ်စုအတွင်း၌ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ရှိ ကျင့်ကြံသူ ထိုမျှလောက် ရှိနေကြောင်း သိရှိလိုက်ရသည်။ အသန်မာဆုံး ငါးဦးမှာမူ ထိုအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြ၏။
သို့သော်လည်း သူတို့မှာ ကျွန်ပြုခံထားရသူများ ဖြစ်သည့်အတွက် ဤမျှ ကျင့်ကြံခြင်း အဆင့် မြင့်မားနေစေကာမူ နတ်ဘုရားမျိုးနွယ်စုမှ ကလေးငယ် တစ်ဦးကို မြင်လျှင်ပင် ဒူးထောက် ဂါရဝပြုကြရရှာသည်။
“ဒါ... ဒါ ကျွန်ပြုခြင်း အဆောင်လက်ဖွဲ့ ပါလား”
အောက်ဘက်ရှိ တာ့ယွီ မင်းနေပြည်တော် အတွင်းမှ အဘိုးအို ငါးဦးမှာ ထိုအရှိန်အဝါကို အာရုံခံမိလိုက်သဖြင့် မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်ကြကာ ကောင်းကင်ယံသို့ ပျံတက်လာကြရာ ယဲ့ဖုန်းနှင့် ဟူဖေးဖေးတို့ကို မြင်တွေ့လိုက်ရ၏။
“ဟို... စီနီယာကြီး နှစ်ပါး ပါလား”
လူသားမျိုးနွယ် အဘိုးအို ငါးဦးစလုံး၏ မျက်လုံးအိမ်များမှာ ကျုံ့သွားရကာ ကပျာကယာပင် ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။
သူတို့၏ နဖူးပြင်ထက်မှ ချွေးစက်လေးများကလည်း အစီအရီ ထွက်ပေါ်လာတော့၏။
--