အခန်း ၅၇၄
Vol. 39 Ch. 574
အခန်း (၅၇၄) - ကျွန်ပြုခြင်း အဆောင်လက်ဖွဲ့၊ တာ့ယွီ မင်းဆက်နဲ့ သားရဲနတ်ဘုရား
~ယဲ့ဖုန်းက အဘိုးအို ငါးယောက်ကို ရိုသေလေးစားစွာ စူးစိုက်ကြည့်ရင်း မျက်ခုံးတစ်ချက် ပင့်လိုက်၏။
“စီနီယာတို့က နတ်ဘုရားမျိုးနွယ်စု တိုက်ကြီးပေါ်က လူသားမျိုးနွယ်စုကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင် ငါးဦးပေါ့ ဟုတ်ပါသလား ခင်ဗျာ။ အင်း... စီနီယာတို့ အဆင့်မတက်နိုင်တာက နောက်ဆက်တွဲ ကျင့်စဉ်တွေ မရှိလို့ပဲကိုး”
နတ်ဘုရားမျိုးနွယ်စု၏ ကမ္ဘာငယ်လေးအတွင်း၌ လူသားများသာမက၊ အခြားသော ကျွန်ပြုခံ မျိုးနွယ်စုများ အားလုံးသည်လည်း ဤကဲ့သို့သော ဆိုးရွားသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေကြရရှာသည်။ ၎င်းတို့အားလုံးမှာ ဝိညာဉ်ပင်လယ်အဆင့်နှင့် အထက်သို့ တက်လှမ်းရန် လိုအပ်သော ကျင့်စဉ်များ မရှိကြသဖြင့်၊ မည်သို့မျှ အဆင့်တက်နိုင်စွမ်း မရှိကြပေ။ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်များ မရှိသည့်အတွက် မျိုးနွယ်စုများမှာ ကျွန်ပြုခံရရန် ပိုမို၍ပင် လွယ်ကူသွားတော့၏။ သူတို့ ဘယ်လောက်ပင် ခုခံချင်ပါစေ၊ နတ်ဘုရားမျိုးနွယ်စုများကိုမူ ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။ အဓိက အဆင့်ကြီး နှစ်ခုတောင် ကွာဟနေသည် မဟုတ်ပါလော။
လူသားမျိုးနွယ်စု၏ ခေါင်းဆောင်များ ဟုတ်ပါသလား...။
အဘိုးအို ငါးယောက်၏ မျက်နှာပေါ်မှ အမူအရာများမှာ ခါးသီးနေကြ၏။
အကယ်၍သာ သူတို့ ကျွန်ပြုမခံခဲ့ရဘူး ဆိုလျှင်၊ သူတို့၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်များဖြင့် လူသား တစ်ဘီလီယံခန့်ကို အုပ်ချုပ်နိုင်သော အမြင့်ဆုံး ခေါင်းဆောင်များ၊ တစ်နည်းအားဖြင့် ဧကရာဇ်များ ဖြစ်နေမည်မှာ အသေအချာပင်။ သို့သော်လည်း လက်တွေ့တွင်မူ သူတို့မှာ
ကျွန်ပြုခံထားရသူများ ဖြစ်နေသည်။
ဧကရာဇ်ဆိုသည့် ဂုဏ်ပုဒ်များ ရှိနေလျှင်တောင် ၎င်းတို့မှာ နာမည်ခံသက်သက်မျှသာ ဖြစ်၏။ နတ်ဘုရားမျိုးနွယ်စုဝင် တစ်ဦးတစ်ယောက် ရောက်လာလျှင်ပင် ဒူးထောက်၍ အရိုအသေ ပေးရသည်မို့၊ သူတို့၏ ရင်ထဲတွင် မည်မျှအထိ မွန်းကြပ်နေမည်ကို မှန်းဆကြည့်၍ ရနိုင်ပါသည်။
“နတ်ဘုရားမျိုးနွယ်စုကိုတော့ ကျွန်တော်ကိုယ်တိုင် သုတ်သင်ပစ်လိုက်ပါပြီ။ အခုကစပြီး နတ်ဘုရားမျိုးနွယ်စုရဲ့ ကမ္ဘာငယ်လေးက မြူခိုးဂိုဏ်းရဲ့ လက်အောက်ကို ရောက်သွားပါပြီ။ စီနီယာတို့ အားလုံးဟာလည်း ကျွန်တော် ယဲ့ဖုန်းရဲ့ အစောင့်အရှောက်အောက်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ် ခင်ဗျာ”
ယဲ့ဖုန်းက ယဉ်ကျေးစွာ ပြောလိုက်၏။
ထို့နောက် သူက လူသားမျိုးနွယ်စု ကျွန်ပြုခြင်း အဆောင်လက်ဖွဲ့ကို ဖွဖွလေး မှုတ်လိုက်ရာ၊ အတွင်း၌ ပိတ်လှောင်ခံထားရသော ကိုးရာကျော်မျှရှိသည့် ဝိညာဉ်မျှင်တန်းလေးများမှာ လွင့်စင်ထွက်သွားပြီး၊ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ ပြန်လည် ရောက်ရှိသွားကြတော့သည်။
“ခွပ်…”
ယဲ့ဖုန်းက လူသားမျိုးနွယ်စု၏ ကျွန်ပြုခြင်း အဆောင်လက်ဖွဲ့ကို အမှတ်တမဲ့ပင် ဆုပ်ချေ ဖျက်ဆီးပစ်လိုက်၏။
“ငါ့ ဝိညာဉ်က ပြည့်စုံသွားပြီဟေ့”
“ငါလည်းပဲ”
လူသားမျိုးနွယ်စု၏ မင်းနေပြည်တော်အတွင်း၌ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူ ကိုးရာကျော်ခန့်မှာ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားကြပြီး၊ လေထဲတွင် ပျံဝဲနေသော ယဲ့ဖုန်းကို မသိမသာ မော့ကြည့်ကာ ရိုသေစွာ ဒူးထောက် ရှိခိုးလိုက်ကြသည်။
“စီနီယာတို့ ငါးဦး ဒီနေ့ ဝိညာဉ်ပင်လယ်အဆင့်ကို တက်ချင်ပါသလား ခင်ဗျာ”
ယဲ့ဖုန်း၏ ယဉ်ကျေးလှသော အမေးကြောင့် အဘိုးအို ငါးယောက်၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ်သွားကြတော့၏။
“ဟုတ်ကဲ့... ကျွန်တော်တို့ အချိန်တိုင်း အဲဒီအကြောင်းကို တွေးနေခဲ့တာပါ”
သူတို့ ငါးယောက်လုံး သတိပြန်ဝင်လာကြပြီး၊ လေးလေးနက်နက် ခေါင်းညိတ်၍ ဖြေကြားလိုက်ကြ၏။
ထိုအခါ၊ ယဲ့ဖုန်းက လက်ညှိုးလေး တစ်ချက် ညွှန်ပြလိုက်ကာ၊ ‘ဓာတ်ငါးပါး စုစည်းခြင်း’ ကျင့်စဉ်၏ ဝိညာဉ်ပင်လယ် အခန်းကို အဘိုးအို ငါးယောက်၏ သိစိတ်အတွင်းသို့ ပို့ဆောင်ပေးလိုက်သည်။ ထို့အပြင် သူတို့ တစ်ယောက်စီကို လေဓာတ် ဝိညာဉ်စွမ်းအင် မျှင်တန်းလေးများပါ တစ်ခါတည်း ထည့်သွင်းပေးလိုက်သေး၏။
ဤသို့ အစွမ်းထက်သော ခွန်အားများ၏ ပံ့ပိုးမှုကြောင့် နှစ်ပေါင်းများစွာ အဆင့်မတက်နိုင်ဘဲ ပိတ်လှောင်ခံနေရသော အဘိုးအို ငါးယောက်မှာ ချက်ချင်းပင် အဆင့်တက်သွားကြတော့သည်။
“ဝုန်း…”
အားကောင်းလှသော ဝိညာဉ်ဖိအားများ ပေါက်ကွဲထွက်လာပြီး၊ လူသားမျိုးနွယ်စု မင်းနေပြည်တော် တစ်ခုလုံးကို လွှမ်းခြုံသွား၏။
“ဝိညာဉ်ပင်လယ်အဆင့်ပဲ”
“ဧကရာဇ် ငါးပါးလုံး အဆင့်တက်သွားကြပြီ”
“ကောင်းကင်ကြီးက မျက်နှာသာပေးပြီဟေ့... ငါတို့ တာ့ယွီ မင်းဆက်မှာလည်း နောက်ဆုံးတော့ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်တွေ ရှိလာပြီ”
တာ့ယွီ မင်းနေပြည်တော်ရှိ ကျင့်ကြံသူများ အားလုံးမှာ ဝမ်းသာအားရ အော်ဟစ်နေကြတော့၏။
“စီနီယာရဲ့ ကျေးဇူးကို အထူးပဲ တင်ရှိပါတယ် ခင်ဗျာ”
ဝိညာဉ်ပင်လယ်အဆင့်သို့ ရောက်ရှိသွားကြသော တာ့ယွီ မင်းဆက်၏ ဧကရာဇ် ငါးပါးမှာ သူတို့၏ အဆင့်ကိုတောင် သေချာ မတည်ငြိမ်စေရသေးဘဲ၊ ယဲ့ဖုန်း ရှိရာဘက်သို့ ချက်ချင်း ဒူးထောက်ကာ ရှိခိုးလိုက်ကြသည်။
“ကျွန်တော်က အပိုအလုပ်တွေကို သိပ်မကြိုက်တတ်လို့ပါ”
ယဲ့ဖုန်းက လက်ကို ယဉ်ကျေးစွာ ဝှေ့ယမ်းပြီး တခြား မျိုးနွယ်စုများ၏ ကျွန်ပြုခြင်း အဆောင်လက်ဖွဲ့များကိုပါ ပစ်ချပေးလိုက်၏။
ထို့နောက်...တိုက်တွန်း မှာကြားလိုက်သည်။
“ဒီနေ့ကစပြီး တာ့ယွီ မင်းဆက်ဟာ နတ်ဘုရားမျိုးနွယ်စု တိုက်ကြီးရဲ့ အမြင့်ဆုံး အုပ်ချုပ်သူ ဖြစ်လာပါလိမ့်မယ်။ ဒီနေရာကို သေချာ စီမံအုပ်ချုပ်ပေးကြပါ ခင်ဗျာ...”
“နားလည်ပါပြီ ခင်ဗျာ”
အဘိုးအို ငါးယောက်က ကပျာကယာ ခေါင်းညိတ်၍ ပြန်လည် ဖြေကြားလိုက်ကြ၏။
ယဲ့ဖုန်းသည် အခြား လိုအပ်သည်များကို ထပ်မံ မှာကြားခဲ့ပြီး၊ အဆင့်ခုနစ် မန္တန်အချို့ကိုပါ ချန်ထားပေးခဲ့ကာ၊ ဟူဖေးဖေးနှင့်အတူ ပင်လယ်ပြင်ဘက်သို့ ပြန်လည် ထွက်ခွာလာခဲ့တော့သည်။
ထိုအချိန်တွင်... အော့ချွမ်းမှာ ‘နတ်ဆိုး ဧကရာဇ် ကျင့်စဉ်’ ကို ဒုတိယအခန်း၏ အထွတ်အထိပ်အထိ အောင်မြင်စွာ ကျင့်ကြံပြီးစီးနေပြီ ဖြစ်ပြီး၊ တတိယအခန်းသို့ပင် ကူးပြောင်းရန် ပြင်ဆင်နေတော့၏။ တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့် ပညာရှင် တစ်ယောက်အနေဖြင့် သူ၏ ကျင့်ကြံသည့် အရှိန်မှာ တော်တော်လေး မြန်ဆန်လှသည်ကို တွေ့ရသည်။ စတုတ္ထအခန်းသို့ ရောက်ရှိသွားမှသာ သူ၏ အရှိန်မှာ အနည်းငယ် နှေးကွေးသွားမည် ဖြစ်သည်။
“ကျင့်တာကို ခဏရပ်လိုက်ပါဦး... ငါနဲ့အတူ မြူခိုးဂိုဏ်းကို လိုက်ခဲ့ပါလား”
ယဲ့ဖုန်းက ပြောလိုက်၏။
“မြူခိုးဂိုဏ်းထဲမှာ ဝိညာဉ်သားရဲ တောင်ထိပ် ဆိုတာ ရှိတယ်၊ အဲဒီတောင်ထိပ်မှာ ဝိညာဉ်သားရဲ စင်မြင့် ဆိုတာ ရှိတယ်။ အဲဒီမှာ ကျင့်ရင် မင်းရဲ့အရှိန်က ငါးဆ ပိုမြန်လိမ့်မယ်”
“ငါးဆ.. အဲဒီလောက်တောင်လား”
အော့ချွမ်းမှာ များစွာ အံ့ဩသွားရသည်။
သူသည် ယဲ့ဖုန်း၏ နောက်သို့ အလျင်အမြန် လိုက်ပါသွားခဲ့ပြီး၊ ကောင်းကင်ယံ၌ အတည်တကျ ဖွင့်လှစ်ထားသော ဝဲကတော့ လမ်းကြောင်းကို ဖြတ်သန်းကာ ကမ္ဘာငယ် သုံးထောင်ထဲရှိ နတ်ဘုရားကျွန်းဆီသို့ ပြန်လည် ရောက်ရှိလာခဲ့တော့၏။
“ဂိုဏ်းချုပ်ဦးလေး... ပြန်ရောက်လာပြီပေါ့”
ဟိုယွင်ကျဲက ယဲ့ဖုန်းကို မြင်သည်နှင့် အရိုအသေပေးလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့ကို ဂါရဝပြုပါတယ် ရှင်”
တင်းပိုင်ရွှယ်နှင့် လင်းယွီယန်တို့ကလည်း အလျင်အမြန်ပင် အရိုအသေ ပေးလိုက်ကြ၏။
သူတို့နှစ်ယောက်စလုံးက မိမိကိုယ်ကိုယ် ပါရမီရှင်များအဖြစ် သတ်မှတ်ထားကြသော်လည်း၊ အဆင့်အတန်း မြင့်မားကာ လေးစားစရာကောင်းသော ယဲ့ဖုန်း၏ ရှေ့တွင်မူ သူတို့၏ အကြီးအကဲများပင် ရိုင်းရိုင်းစိုင်းစိုင်း မပြုမူရဲကြရာ၊ သူတို့အနေဖြင့် ပို၍ပင် ဆင်ခြင်ရမည် မဟုတ်ပါလော။
“ဂိုဏ်းချုပ်ယဲ့... ပြန်ရောက်လာပြီပဲ”
လုံယွမ်ချင်းနှင့် တခြားသူများကလည်း ခေါင်းညိတ်၍ နှုတ်ဆက်လိုက်ကြ၏။ သို့သော် သူတို့၏ လက်များမှာမူ မြေပြင်ပေါ်ရှိ ရွှေရောင် ငန်းဝကြီးကို ဖိထားဆဲပင် ဖြစ်သည်။
“ငါ့ကို လွှတ်ပေးကြစမ်း”
ရွှေရောင် ငန်းဝကြီးမှာ အချိန်အတော်ကြာအောင် အော်ဟစ်နေခဲ့သော်လည်း၊ သူ၏ လည်ချောင်းမှာ နည်းနည်းလေးတောင် နာကျင်နေပုံ မပေါ်ဘဲ၊ စူးရှသော အသံကြီးမှာ အားကောင်းနေဆဲပင် ဖြစ်သည်။
“သားရဲနတ်ဘုရားရဲ့ အချစ်တော်လေးပဲ”
ယဲ့ဖုန်းက ရွှေရောင် ငန်းဝကြီးကို စူးစိုက်ကြည့်ရင်း ဆိုလိုက်၏။
“မင်းက သားရဲနတ်ဘုရား ချန်ထားခဲ့တဲ့ ‘နတ်ဘုရား ဝိညာဉ်စွမ်းအား’ တွေကို အမွေရထားတာပဲ။ ခန္ဓာကိုယ်ကို ဖျက်ဆီးလို့မရအောင် ကျင့်ကြံထားနိုင်သလို၊ နတ်ဘုရားစွမ်းအား အချို့ရဲ့ အကာအကွယ်ကိုလည်း ရထားသေးတယ်။ မဆိုးပါဘူး”
ရွှေရောင် ငန်းဝကြီး၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။
“ခင်ဗျား... ခင်ဗျားက ဒါတွေ အားလုံးကို ဘယ်လိုလုပ်ပြီး ဒီလောက် သေချာ သိနေရတာလဲ”
ယဲ့ဖုန်းက အနည်းငယ် ပြုံးလိုက်ပြီး.. ပြန်လည် ဖြေကြားလိုက်သည်။
“ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ ငါက ဟောကိန်းထုတ်တဲ့ နေရာမှာ ထူးချွန်တယ်လေ။ မင်းရဲ့ အတိတ်ရော၊ အနာဂတ်ကိုပါ ငါ တွက်ချက်နိုင်တယ်”
“မဖြစ်နိုင်ဘူး”
ရွှေရောင် ငန်းဝကြီးက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်ပြီး၊ ယဲ့ဖုန်း၏ စကားကို လက်မခံချင်ယောင် ဆောင်နေ၏။
“ဂိုဏ်းချုပ်ယဲ့... ဒီငန်းဝကြီးကို ချက်စားရမလား၊ ပေါင်းစားရမလား။ သူ့ရဲ့ ကြေးနီလို မာကျောတဲ့ ခေါင်းနဲ့ သံမဏိလို အရိုးတွေကြောင့် ကိုင်တွယ်ရတာ နည်းနည်းတော့ ခက်လိမ့်မယ် ထင်တယ်နော်”
လုံယွမ်ချင်းက ယဲ့ဖုန်းကို ကြည့်ကာ ပြုံးစစဖြင့် ပြောလိုက်၏။
“ငါ့ကို ချက်စားရဲရင် စားကြည့်လေ” ငန်းဝကြီးမှာ ပို၍ အသည်းအသန် ရုန်းကန်နေတော့၏။
“အေး... မင်းကို ချက်စားမှာ။ ငါ တွေးထားပြီးပြီ... မင်းကို သံအိုးကြီးနဲ့ ချက်စားမယ်ကွ”
ဘေးနားရှိ လုံဖုန်းက တဟီးဟီး ရယ်မောရင်း ဝင်ရောက် ပြောဆိုလိုက်ရာ၊ ရွှေရောင် ငန်းဝကြီးမှာ လန့်သွားပြီး မျက်နှာ ကွက်ခနဲ ပျက်သွား၏။
အော့ချွမ်းကတော့ လူသားအသွင်ဖြင့် ယဲ့ဖုန်းနှင့် ဟူဖေးဖေးတို့၏ ဘေးတွင် ရပ်နေ၏။ သံအိုးနှင့် ငန်းချက်စားမည် ဆိုသော စကားကို ကြားလိုက်ရသည့်အခါ သူလည်း သွားရည်ကျလာမိသည်။
“အရသာက... တော်တော် ကောင်းမှာပဲနော်”
အော့ချွမ်းက သူ၏ နှုတ်ခမ်းကို သပ်ရင်း အမှတ်တမဲ့ ရေရွတ်လိုက်မိ၏။
“တာအိုမိတ်ဆွေ... သူ့အသက်ကိုတော့ ချမ်းသာပေးလိုက်ပါဗျာ”
ထိုအခိုက်အတန့်၌ နတ်ဘုရားကျွန်း အလယ်ဗဟိုရှိ ဝိညာဉ်စမ်းရေကန်ပေါ်တွင် ဆံပင်ဖြူ အဘိုးအို တစ်ယောက်၏ ပုံရိပ်ယောင်လေး ပေါ်ထွက်လာပြီး၊ သူတို့ဆီသို့ အသံလှမ်းပို့လိုက်၏။
“သခင်... ကျွန်တော့်ကို ကယ်ပါဦး... ငန်းလေးကို ကယ်ပါဦးဗျာ”
ပုံရိပ်ယောင်လေးကို မြင်လိုက်သည်နှင့် ရွှေရောင် ငန်းဝကြီး၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး၊ ပို၍ အသည်းအသန် ရုန်းကန်နေတော့သည်။
“စီနီယာက သားရဲနတ်ဘုရားလား ခင်ဗျာ”
ယဲ့ဖုန်းက အဘိုးအို၏ ပုံရိပ်ယောင်လေးကို ရိုသေစွာ ကြည့်ကာ မေးလိုက်၏။ တစ်ချိန်တည်းမှာပင် သူက ‘ထိုးထွင်းသိမြင်သော မျက်လုံး’ ကို အသုံးပြုလိုက်သည်။
[အမည်: သားရဲနတ်ဘုရား၏ ဝိညာဉ်အကြွင်းအကျန်]
[အဆင့်: မူလနတ်ဘုရားအဆင့် အထွတ်အထိပ် (ယခင်)]
[မှတ်ချက်: သားရဲနတ်ဘုရား ကျဆုံးသွားပြီးနောက်၊ သူ၏ ဝိညာဉ်အကြွင်းအကျန်သည် ဝိညာဉ်စမ်းရေကန်အထက်တွင် ရှင်သန်နေထိုင်ပြီး၊ သူ၏ စွမ်းအားများက ‘နတ်ဘုရား ဝိညာဉ်စွမ်းအား’ အဖြစ် ပြောင်းလဲသွားကာ သူ၏ အချစ်တော် ငန်းလေးကို ထာဝရ အသက်ရှင်နိုင်စေရန် နေ့ညမပြတ် အာဟာရ ဖြည့်တင်းပေးနေပါသည်။]
ဤအချက်အလက်များကို မြင်တွေ့ပြီးနောက်တွင်မူ ယဲ့ဖုန်း၏ မျက်နှာမှာ လေးနက်သွား၏။
သားရဲနတ်ဘုရားသည် တစ်ချိန်က ကမ္ဘာငယ် သုံးထောင်ကို ကာကွယ်ပေးခဲ့ပြီး၊ နတ်ဘုရားမျိုးနွယ်စု၏ ကျူးကျော်မှုများကို အကြိမ်ကြိမ် တွန်းလှန်ပေးခဲ့သူ ဖြစ်ပါသည်။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ကိုလည်း ပြင်ပလောက မိစ္ဆာဆိုးများ၏ ရန်မှ သွယ်ဝိုက်သောနည်းဖြင့် ကာကွယ်ပေးခဲ့သည့် သူရဲကောင်း တစ်ယောက်ပင် ဖြစ်သည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ တကယ်ကို လေးစားထိုက်ပါပေသည်။
“စိတ်မပူပါနဲ့ စီနီယာ... သူ့ကို ကျွန်တော် မသတ်ပါဘူး” ယဲ့ဖုန်းက လေးနက်စွာ ကတိပေးလိုက်၏။
“ဒါဆိုရင်လည်း တာအိုမိတ်ဆွေရဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်ဗျာ” သားရဲနတ်ဘုရားက သက်ပြင်းတစ်ချက် ချလိုက်သည်။
“ကျွန်တော့်ရဲ့ အချိန်က သိပ်မကျန်တော့ပါဘူး။ ဒီနေ့မှာ ခင်ဗျားတို့က နတ်ဘုရားမျိုးနွယ်စုကို နှိမ်နင်းနိုင်ခဲ့တာကို မြင်တွေ့ခွင့်ရလို့ ကျွန်တော် သေပျော်ပါပြီ”
“သခင်... မသေပါနဲ့ဗျာ”
ငန်းဝကြီး၏ မျက်လုံးများမှာ နီရဲလာပြီး၊ ထိုအချိန်မှာပင် နတ်ဘုရား ဝိညာဉ်စွမ်းအားများကို ပို၍ စုပ်ယူလိုက်သည့်အတွက် သူ၏ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။ လုံယွမ်ချင်းနှင့် တခြားသူများလည်း လွင့်စင်သွားကြပြီး၊ ငန်းဝကြီးက သားရဲနတ်ဘုရားကို အတောင်ပံများဖြင့် ဖက်ရန် အတင်း ပြေးသွားသော်လည်း.. သူ၏ ကိုယ်လုံးမှာ ပုံရိပ်ယောင်လေးကို ဖြတ်သန်းသွားသည်ကိုသာ တွေ့လိုက်ရရှာသည်။
“ငန်းလေး... ငါ့ရဲ့ ခန္ဓာကိုယ် အစစ်က ပျက်စီးသွားတာ ကြာလှပါပြီ။ အခုကျန်နေတာက ဝိညာဉ်အကြွင်းအကျန်လေးပဲ ရှိတော့တာပါ။ ဒီနေ့ ပြီးရင် အဲဒါလည်း လုံးဝ ပျောက်ကွယ်သွားတော့မှာပါ။ အခုကစပြီး မင်း ဒီ တာအိုမိတ်ဆွေနောက်ကို လိုက်သွားလိုက်ပါတော့” သားရဲနတ်ဘုရားက ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်၏။
“သခင်... သခင့်ကို ကျွန်တော် မသေစေချင်ဘူး”
ရွှေရောင် ငန်းဝကြီးက သူ၏ အတောင်ပံများကို ခတ်ပြီး ပျံသန်းရန် ကြိုးစားနေသော်လည်း ဘယ်လိုမှ ပျံတက်၍ မရပါချေ။ ကြည့်နေသော သူများမှာလည်း သူ ဤမျှလောက် ကြေကြေကွဲကွဲ ငိုကြွေးနေသည်ကို မြင်တွေ့ရသောအခါ သနားစိတ်များ ပေါ်ပေါက်လာကြသည်။
“တာအိုမိတ်ဆွေ... ဒီခေါင်းမာတဲ့ အချစ်တော်လေးကို ခင်ဗျားဆီ အပ်ပါရစေ။ သူ့ကို ကောင်းကောင်းမွန်မွန် နေနိုင်အောင် စောင့်ရှောက်ပေးပါဗျာ... ”
သားရဲနတ်ဘုရားက လက်ကို ဆန့်ထုတ်ပြီး ငန်းလေး၏ ခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးချင်သည့် အမူအရာမျိုး ပြုလုပ်လိုက်၏။ ထို့နောက် သူ၏ ပုံရိပ်လေးမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး နောက်ဆုံးတွင်မူ လုံးဝ ပျောက်ကွယ်သွားတော့သည်။
“ဟင့်အင်း... မဖြစ်ရဘူး”
ရွှေရောင် ငန်းဝကြီးမှာ မြေကြီးပေါ်သို့ ဖင်ထိုင်ရက် ကျသွားပြီး၊ မျက်လုံးများမှ မျက်ရည်များမှာ စမ်းရေပန်းအလား ပန်းထွက်လာတော့သည်။
လူတိုင်းမှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း အံ့ဩသွားကြ၏။ သူက သူ၏ အတောင်ပံများဖြင့် မျက်ရည်များကို အဆက်မပြတ် သုတ်နေရှာသည်။
“ဝုန်း…”
သားရဲနတ်ဘုရား၏ ဝိညာဉ်အကြွင်းအကျန်လေး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်၊ နတ်ဘုရားကျွန်းကြီးမှာ တုန်ခါသွားတော့၏။ ကျွန်းပေါ်မှ နေ၍ ရွှေရောင် နတ်ဘုရား ဝိညာဉ်စွမ်းအားများ အမြောက်အမြား ထွက်ပေါ်လာကာ ရွှေရောင် ငန်းဝကြီး၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။ အချိန်များ ကြာလာသည်နှင့်အမျှ ငန်းဝကြီးမှာ ဤကြီးမားလှသော စွမ်းအားများကို ဆက်လက် စုပ်ယူနေမည်ဖြစ်ရာ ပို၍ပို၍ သန်မာလာတော့မည်မှာ အသေအချာပင်။
သို့သော်လည်း... ငန်းဝကြီးကတော့ မပျော်ရွှင်နိုင်ရှာပါ။
ဘာဖြစ်လို့လဲဆိုတော့... သူ၏ သခင် သားရဲနတ်ဘုရားမှာ ထာဝရ ထွက်ခွာသွားခဲ့ပြီ မဟုတ်ပါလော။
--