← Chapters

အခန်း ၅၇၇

Vol. 39 Ch. 577

အခန်း ၅၇၇

Vol. 39 Ch. 577

အခန်း (၅၇၇) - ကျန်းပိုင်ကောနှင့် ကောင်းကင်ဓားဘုရင်တို့၏ တိုက်ပွဲတစ်ကျော့ပြန်နှင့် ဟိုယွင်ကျဲ၏ လှုပ်ရှားမှု

~စင်မြင့်ထက်၌မူ...

ရှီလေ့ တိုက်ကျွေးလိုက်သော အသက်ဓာတ် အနှစ်သာရရည်ကြောင့် ရွှေလျှပ်ဘုရင်သည် ဒဏ်ရာများ သက်သာသွားကာ သတိပြန်လည်လာခဲ့တော့သည်။ သူ နိုးလာသည့် အချိန်မှာတော့ လုံထျန်းရှင်း၏ ယုံကြည်မှုအပြည့်နှင့် စကားသံများကို အမှတ်မထင် ကြားလိုက်ရသဖြင့် မျက်လုံးများမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွားရရှာ၏။

“မဟုတ်ဘူး... ငါ အဲဒီလို မယုံကြည်နိုင်ဘူး”

“ဟေ... ရွှေလျှပ်ဘုရင်က ပြန်ပြီး အသက်ရှင်လာတာလား”

ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများမှာလည်း ရွှေလျှပ်ဘုရင်ကို လက်ညှိုးထိုးပြရင်း ပြိုင်တူ အော်ဟစ်လိုက်ကြသည်။ ရွှေလျှပ်ဘုရင်သည် လေထဲသို့ တစ်ဟုန်ထိုး ခုန်တက်လိုက်ကာ မီတာ ရာနှင့်ချီ၍ ဝေးကွာသော အရပ်မှနေ၍ စစ်မှန်သော နဂါးအသွင်ဖြင့် ရှိနေသည့် လုံထျန်းရှင်းကို စူးစိုက်ကြည့်လိုက်၏။

“ငါ့မှာ ဒီထက်ပိုပြီး ပြင်းထန်တဲ့ ရွှေရောင်နတ်ဘုရားမိုးကြိုး ရှိသေးတယ်... ဒါဟာ ငါ့ရဲ့ (၁၀) နှစ်စာ ကျင့်ကြံအားထုတ်မှုတွေ ပါဝင်နေတာမို့လို့ မင်း တောင့်ခံနိုင်မယ်လို့ ငါ မယုံဘူး”

ရွှေလျှပ်ဘုရင်သည် အစွမ်းကုန် မာန်တင်းထား၏။

“ဒါဆိုရင်လည်း စမ်းကြည့်လိုက်လေ”

လုံထျန်းရှင်းက အနည်းငယ်မျှပင် မဖြုံဘဲ စိန်ခေါ်လိုက်သည်။ စစ်မှန်သော နဂါးအသွင်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ ရင်ထဲတွင် ယုံကြည်ချက်များမှာ တောင်ကြီးတစ်လုံးပမာ ခိုင်မာနေပြီ မဟုတ်ပါလော။

“ဒါဆိုရင်တော့ သတိထားပေတော့”

ရွှေလျှပ်ဘုရင်သည် ကျယ်လောင်စွာ မာန်သွင်းလိုက်ကာ သူ၏ တိုက်ခိုက်ရေးစွမ်းအားများကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်၏။ ၎င်းနောက်တွင်မူ လက်နှစ်ဖက်ကို ပူးကပ်လိုက်ကာ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်တော့သည်။

“ရွှေရောင်နတ်ဘုရားမိုးကြိုး... လောကကို အမှောင်ချမယ့် အလင်းတန်း”

သူ၏ ဦးခေါင်းထက်တွင် ရွှေရောင် လျှပ်စီးတန်းများမှာ ဝင်းခနဲ စုစည်းလာကြ၏။ ထိုလျှပ်စီးတန်းများသည် အရှိန်အဟုန်ဖြင့် လည်ပတ်နေကြကာ ရွှေရောင် စက်လုံးပုံသဏ္ဌာန် လျှပ်စစ်လုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှိနေသမျှသော လူတိုင်းကို ထိတ်လန့်သွားစေမည့် အရှိန်အဝါများနှင့်အတူ ရုတ်တရက် ပေါက်ကွဲထွက်သွားတော့၏။

“ဖြောက်... ဝုန်း... ... ... ”

ရွှေရောင် လျှပ်စီးတန်းများ အားလုံးမှာ လုံထျန်းရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ကာ ၎င်းအား စူးရှတောက်ပလှသော အလင်းတန်းကြီးအတွင်း ဖုံးလွှမ်းသွားစေတော့သည်။ ပရိသတ်များမှာလည်း ထိုစူးရှလှသော အလင်းတန်းကြောင့် စင်မြင့်ထက်မှ မြင်ကွင်းကို အတပ်သိနိုင်စွမ်း မရှိတော့ဘဲ မျက်စိများပင် ကျိန်းစပ်သွားရရှာ၏။

“အခု အခြေအနေက ဘယ်လို ဖြစ်နေတာလဲ ဟင်”

တစ်စုံတစ်ယောက်က သူ၏ သိလိုစိတ်ကို မအောင့်နိုင်ဘဲ မေးမြန်းလိုက်သော်လည်း မည်သူကမျှ ပြန်လည် မဖြေကြားနိုင်ကြပါချေ။ လူတိုင်းမှာ အသက်ရှူဖို့ပင် မေ့လျော့နေကြကာ ရလဒ်ကိုသာ ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြရ၏။

တဖြည်းဖြည်းနှင့် လုံထျန်းရှင်းကို ဖုံးလွှမ်းထားသော ရွှေရောင်အလင်းတန်းများမှာ သေးငယ်သွားခဲ့ကာ နောက်ဆုံးတွင်မူ ၎င်းတို့ အားလုံးကို လုံထျန်းရှင်းက ဝါးမြိုပစ်လိုက်သည်ကို မြင်တွေ့လိုက်ရတော့သည်။

“အေ့”

လုံထျန်းရှင်းက ကျေနပ်စွာဖြင့် လေချဉ်တစ်ချက် တက်လိုက်ကာ ပါးစပ်အတွင်းမှ အနက်ရောင် မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်၏။

“အရသာကတော့ မဆိုးပါဘူး... ဒါပေမဲ့ ငါ့ကို ဒဏ်ရာရအောင် လုပ်ဖို့ကတော့ လိုအပ်နေသေးတယ် ထင်တယ်နော်”

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရွှေလျှပ်ဘုရင်သည် အလွန်ပင် တုန်လှုပ်သွားကာ နောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာလိုက်မိသည်။ ဤတိုက်ကွက်မှာ သူ အသည်းအသန် ကျင့်ကြံထားသော မိုးကြိုးအတတ် ဖြစ်သည် မဟုတ်ပါလော။ အရှိန်နှေးသည်ဟူသော အားနည်းချက် ရှိသော်လည်း ၎င်း၏ ဖျက်ဆီးနိုင်စွမ်းမှာမူ ကြောက်မက်ဖွယ် ကောင်းလှ၏။ သို့ဖြစ်သော်ငြားလည်း ယခုမူ လုံထျန်းရှင်းက ၎င်းအား အသာလေးပင် ဝါးမြိုသွားခဲ့တော့၏။ ဒါက တကယ့်ကို ရူးသွပ်စရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။

"ဝှစ်"

လုံထျန်းရှင်းသည် အချိန်ဖြုန်းရန် ဆန္ဒမရှိတော့ပေ။ သူသည် သူ၏ နဂါးအမြီးကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ မိုင်ပေါင်း ရာနှင့်ချီသော အကွာအဝေးကို မျက်တောင်တစ်ခတ်အတွင်း ဖြတ်ကျော်သွားတော့သည်။ ရွှေလျှပ်ဘုရင်ကို တောင်နံရံကြီးတစ်ခုအတွင်းသို့ နစ်ဝင်သွားအောင် ရိုက်ထုတ်ပစ်လိုက်တော့သည်။

ယခုမူ အနိုင်အရှုံးမှာ ပေါ်လွင်သွားခဲ့တော့၏။

“တကယ့်ကို တော်ပါတယ် စီနီယာအစ်ကို လုံ”

ဟိုယွင်ကျဲ၊ ရှီလေ့နှင့် လီကျောက်ကျောက်တို့မှာ ဝမ်းသာအားရဖြင့် လက်ဝှေ့ယမ်း အားပေးလိုက်ကြတော့သည်။ လုံထျန်းရှင်းသည် သူ၏ စစ်မှန်သော နဂါးအသွင်ကို ရုပ်သိမ်းလိုက်ကာ ဝတ်ရုံဖြူကို ဆင်မြန်းလျက်၊ ငွေရောင်ဆံနွယ်များနှင့် ပြာလဲ့လှသော မျက်ဝန်းအစုံရှိသည့် သူ၏ မူလလူသားပုံစံသို့ ပြန်လည် ပြောင်းလဲလိုက်၏။

သူသည် တောင်နံရံအတွင်းမှ အသည်းအသန် ပြန်လည် ထွက်လာရရှာသော၊ တစ်ကိုယ်လုံးတွင် ကျောက်မှုန့်များ ပေကျံနေသည့် ရွှေလျှပ်ဘုရင်ကို ကြည့်ရင်း သူ၏ နှုတ်ခမ်းဖျားတွင် သိမ်မွေ့သည့် အပြုံးတစ်ချက် ပေါ်ထွက်လာသည်။

“ငါ နိုင်သွားပြီပေါ့”

သူက မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိ၏။ ဤအချိန်တွင်မူ သူသည် အမှတ် (၅) စင်မြင့်၏ အောင်နိုင်သူ ဖြစ်လာတော့မည်မှာ ယုံမှားဖွယ် မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံနှစ်ခုလုံးရှိ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပဉ္စမအလွှာရှိ ကျင့်ကြံသူများကြား၌ သူ့အား ယှဉ်နိုင်မည့်သူ မရှိတော့သောကြောင့် ဖြစ်၏။

မြူခိုးတောင်ထိပ်ထက်၌မူ...

ယဲ့ဖုန်းသည် ကုလားထိုင်ပေါ်တွင် လဲလျောင်းလျက် ပျော်ရွှင်ခြင်းရေကို သောက်သုံးနေ၏။ သူသည် လူသားအသွင် ပြန်လည် ပြောင်းလဲသွားသော လုံထျန်းရှင်းကို ကြည့်ကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။

“ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ နဂါးသွေးက တကယ်ပဲ အသုံးဝင်ရဲ့လားဗျ”

ဘေးနားရှိ နဂါးနက် တပိုင်း ဧကရာဇ် အော့ချွမ်းထံမှ အက်ကွဲသော အသံကြီး ထွက်ပေါ်လာ၏။

“မဆိုးပါဘူး” ယဲ့ဖုန်းက အသိပေးလိုက်၏။

လုံထျန်းရှင်း သောက်သုံးခဲ့သော နဂါးနတ်ဘုရား၏ သွေးမှာ မူလသွေးစစ်စစ် မဟုတ်ဘဲ ယဲ့ဖုန်း ကိုယ်တိုင် အော့ချွမ်း၏ နဂါးသွေးများနှင့် ရောစပ်ကာ အဆင့်မြှင့်တင်ထားသော အရာပင် ဖြစ်သည်။ အော့ချွမ်း၏ သွေးမျိုးဆက်မှာ လုံးဝ မသန့်စင်သေးသော်လည်း ယဲ့ဖုန်း၏ သန့်စင်ပေးမှုနှင့် နဂါးနတ်ဘုရား၏ သွေးတို့ ပေါင်းစပ်သွားသည့်အခါတွင်မူ ၎င်း၏ အာနိသင်မှာ (၅၀) ရာခိုင်နှုန်းကျော်အထိ တိုးတက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် လုံထျန်းရှင်းမှာ အောင်မြင်စွာ ရုပ်သွင်ပြောင်းလဲနိုင်ခဲ့ခြင်းပါ။

‘လုံထျန်းရှင်းက အခုဆိုရင် စစ်မှန်တဲ့ နဂါးအသွင်ကို အချိန်မရွေး ပြောင်းနိုင်သွားပြီ... သူ့အဆင့်မှာတော့ သူက ပြိုင်ဘက်ကင်းသလောက် ရှိနေပြီပေါ့... သူ့ရဲ့ နတ်ဘုရား ဖြစ်လာမယ့် လမ်းစကတော့ ပေါ်နေပြီပဲ’

ယဲ့ဖုန်းက တကိုယ်တည်း ပြောဆိုလိုက်ရင်း အခြားသော တပည့်များကိုလည်း လှမ်း၍ ကြည့်လိုက်မိ၏။

...

အမှတ် (၈) စင်မြင့်ထက်၌မူ...

မိုယင်သည် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်၌ ပိုက်ထားကာ ငြိမ်သက်စွာ ရပ်နေ၏။ သူမအား စိန်ခေါ်မည့်သူမှာ တစ်ဦးတစ်ယောက်မျှပင် မကျန်တော့သည် မဟုတ်ပါလော။

လွန်ခဲ့သော (၂) ရက်အတွင်း သူမသည် သူမ၏ ကြောက်မက်ဖွယ်ကောင်းလှသော လျှပ်စီးဓား အရှိန်အဝါများကို ထုတ်ဖော်ပြသခဲ့တော့၏။ သူမ၏ ပြိုင်ဘက်များမှာ (၃) ချီပင် မတောင့်ခံနိုင်ကြဘဲ သူမ၏ ထက်မြက်လှသော ဓားချက်အောက်တွင် အရှုံးပေးခဲ့ကြရသည်ချည်း ဖြစ်သည်။

လုံထျန်းရှင်းနှင့် မတူသည်မှာ မိုယင်သည် တိုက်ပွဲစကတည်းက ပြိုင်ဘက်ကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့ခြင်း ဖြစ်ပြီး သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါများမှာလည်း ပတ်ဝန်းကျင်ကို မွှေနှောက်ချောက်ခြား စေသည်အထိ ပြင်းထန်လှ၏။

အမှတ် (၃) စင်မြင့်ထက်၌မူ...

ဝမ်ဖင်းအန်းသည် သူ၏ ပြိုင်ဘက်ကို အနိုင်ယူပြီးနောက် စင်မြင့်ထက်၌ ‘သံအိုးဖြင့် ဆေးလုံးချက်နည်း’ ကို လက်တွေ့ ပြသနေကာ အဆင့်နိမ့် ပေါက်ကွဲစေသော မူလဆေးလုံး အိုးကြီးတစ်အိုးကို ချက်လုပ်နေပေတော့သည်။

“ဒါကတော့ တကယ့်ကို အရူးတစ်ယောက်ပဲ”

ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တတိယအလွှာရှိ ပါရမီရှင်များမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အကြောက်တရားကြောင့် နှုတ်ခမ်းများပင် လှုပ်ရွနေကြကာ စင်ပေါ်သို့ တက်ရန် မဝံ့ရဲကြတော့ပါချေ။

“ကောင်းကင်ဓားဘုရင်... မင်းကော ငါနဲ့ တိုက်ရဲလားဟေ့”

ထိုအခိုက်အတန့်၌ ပြိုင်ပွဲကွင်း တစ်ခုလုံးတွင် ဟိန်းညံသော အသံကြီး တစ်ခု ထွက်ပေါ်လာ၏။

ရှိနေသမျှသော လူတိုင်း၏ အကြည့်များမှာ အမှတ် (၉) စင်မြင့်ဆီသို့ ရောက်ရှိသွားကြရာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အထွတ်အထိပ်ရှိ ပါရမီရှင်တစ်ဦးမှာ ဓားချက် တစ်ချက်တည်းဖြင့် စင်ပေါ်မှ လွင့်ထွက်သွားသည်ကို မြင်တွေ့လိုက်ရတော့၏။

ထိုသူအား အနိုင်ယူလိုက်သူမှာ ဓားဘုရင်ဂိုဏ်း၏ အဓိက တပည့်ကြီး၊ တစ်ချိန်က တောင်ပိုင်းမြစ်ဝှမ်း

နယ်မြေ၏ နံပါတ် (၁) ပါရမီရှင် ဖြစ်ခဲ့ဖူးသော ကျန်းပိုင်ကော ပင် ဖြစ်သည်။ သူသည် စင်ပေါ်သို့ တက်လာသည်နှင့် တပြိုင်နက် ပြိုင်ဘက်ကို အသာလေး အနိုင်ယူလိုက်ပြီးနောက် မပေါ်ထွက်လာသေးသော ကောင်းကင်ဓားဘုရင် ရီကျွမ်းအား စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။

“ဟားဟားဟား... မင်းလို ငါ့လက်အောက်မှာ ရှုံးခဲ့ဖူးတဲ့သူက ငါ့ကို စိန်ခေါ်ရဲသေးတယ်ပေါ့... ဒါဆိုရင်လည်း ငါ မင်းကို တိုက်ပေးမှာပေါ့”

ရီကျွမ်း၏ ရယ်သံကြီးမှာ ဟိန်းထွက်လာပြီးနောက် သူသည် စင်မြင့်ပေါ်သို့ ခြေလှမ်းကျဲကျဲဖြင့် တက်လှမ်းလာတော့၏။ သူသည် သူ၏ ကောင်းကင်ဓားမြောင်ကြီးကို ကျောတွင် လွယ်ထားကာ လက်နှစ်ဖက်ကို ပိုက်လျက် အေးစက်စက် မျက်နှာထားဖြင့် ရှိနေ၏။

သူ၏ ပတ်ဝန်းကျင်မှ အရှိန်အဝါများမှာ မုန်တိုင်းတစ်ခုအလား လည်ပတ်နေသဖြင့် အဆင့်တူ ကျင့်ကြံသူများပင် အနားသို့ ကပ်ရန် ခက်ခဲလှ၏

“ဓားအရှိန်အဝါ နယ်မြေ ပါလား”

ကျန်းပိုင်ကော၏ မျက်နှာမှာ တည်ကြည်လေးနက်သွားကာ -

“ကြည့်ရတာ မင်းက ဝိညာဉ်ပင်လယ်အဆင့်ကို တက်လှမ်းဖို့ တော်တော်လေး နီးစပ်နေပြီပဲ”

“ဒါပေါ့... ဒီတိုက်ပွဲ ပြီးတာနဲ့ ငါ ဝိညာဉ်ပင်လယ်အဆင့်ကို တက်တော့မှာ... နောက်ကျရင် ငါ့ကို ထပ်ပြီး စိန်ခေါ်ချင်တယ် ဆိုရင်တော့ မင်းကိုယ်တိုင်လည်း ဝိညာဉ်ပင်လယ်အဆင့် ရောက်တဲ့အထိ စောင့်လိုက်ပါဦး”

ရီကျွမ်းက အေးစက်စွာ ခွန်းတုံ့ပြန်လိုက်၏။

၎င်းနောက်တွင်မူ သူသည် သူ၏ ဓားမြောင်ကြီးကို ချက်ချင်း ဆွဲထုတ်လိုက်ကာ -

“စတင်လိုက်ကြစို့”

ကျန်းပိုင်ကောသည်လည်း သူ၏ ဓားကို အလျင်အမြန်ပင် ဆွဲထုတ်လိုက်ရာ ဓားအသိစိတ်များမှာ စုစည်းသွားခဲ့ကာ မုန်တိုင်းတစ်ခုအလား ဖိအားများကို ထွက်ပေါ်စေသဖြင့် ပရိသတ်များမှာ နောက်သို့ ဆုတ်ခွာလိုက်ကြရ၏။

“ချွင်... ချွင်... ချွင်... ... ... ”

လူတိုင်းမှာ သတိမမူမိခင်မှာပင် ရီကျွမ်းနှင့် ကျန်းပိုင်ကောတို့မှာ လေထဲ၌ ထိပ်တိုက် ရင်ဆိုင်မိသွားကြတော့၏။ သူတို့၏ ဓားနှင့် ဓားမြောင်များ ထိခိုက်သံမှာ မီးပွင့်မတတ် ပြင်းထန်လှပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် တိုက်ကွက်ပေါင်း ဒါဇင်နှင့်ချီ၍ ဖလှယ်ခဲ့ကြပြီး ဖြစ်သည်။

ပရိသတ်များမှာလည်း မျက်လုံးများ ပြူးကျယ်လျက် ငေးကြည့်နေကြရတော့သည်။

“အရှိန်က တကယ့်ကို မြန်လွန်းတယ်နော်”

“ကြည့်ရတာ မိုယင်ရဲ့ လျှပ်စီးဓားကလွဲရင် တခြား ဘယ်သူမှ သူတို့ရဲ့ အရှိန်ကို လိုက်နိုင်မှာ မဟုတ်ဘူး”

“ဒါ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အထွတ်အထိပ်မှာရှိတဲ့ ထိပ်တန်းပါရမီရှင်တွေရဲ့ စွမ်းရည်ပေါ့လေ... တကယ့်ကို ကြောက်စရာ ကောင်းလှတယ်”

ကြည့်ရှုနေသူများမှာ များစွာ အံ့အားသင့်နေကြရ၏။

“ဓားဘုရင်ရဲ့ ဓားချက်”

အပြန်အလှန် တိုက်ကွက်ပေါင်း ရာနှင့်ချီပြီးသည့်တိုင် အနိုင်အရှုံး မပေါ်သေးသဖြင့် ကျန်းပိုင်ကောသည် သူ၏ အစွမ်းထက်ဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်ရတော့၏။ သူ၏ နောက်ကျောဘက်တွင် ထက်မြက်လှသော ဓားရှည်ကြီး တစ်လက် ပေါ်ထွက်လာကာ ကျန်းပိုင်ကောနှင့် တစ်သားတည်း ပေါင်းစပ်သွားပြီးနောက် ‘လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်း’ အဆင့်ဖြင့် ကောင်းကင်ဓားဘုရင်ဆီသို့ ပိုင်းချလိုက်တော့သည်။

“အသေးအဖွဲ ပညာလေးတွေပါ”

ကောင်းကင်ဓားဘုရင် ရီကျွမ်းသည် သူ၏ ဓားမြောင်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ အစွမ်းကုန် ပြန်လည် တိုက်ခိုက်လိုက်၏။ သို့သော်လည်း ကျန်းပိုင်ကော၏ ဓားချက်မှာ ရုတ်တရက်ဆိုသလို ဓားရိပ်ပေါင်း ရာနှင့်ချီ၍ ကွဲထွက်သွားခဲ့သည်။

တစ်လက်ချင်းစီတွင်လည်း တကယ့် ဓားအစစ်ကဲ့သို့ အရှိန်အဝါများ ရှိနေသဖြင့် ခွဲခြားနိုင်စွမ်း မရှိတော့ပါချေ။

“ဒါ ဘာတွေ ဖြစ်နေတာလဲ”

ရီကျွမ်း၏ မျက်လုံးအိမ်များမှာ အံ့ဩတရားကြောင့် ကျုံ့သွားရရှာသည်။ သူ မှင်သက်သွားသည့် ထိုတစ်ခဏမှာပင် မရေမတွက်နိုင်သော ဓားအလင်းတန်းများမှာ သူ့ဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်လာခဲ့သဖြင့် သူသည် ဒဏ်ရာများစွာ ရရှိကာ စင်မြင့်ထက်မှ လွင့်ထွက်သွားခဲ့ရတော့၏။

“ဘယ်လိုဖြစ်သွားတာလဲ”

ရီကျွမ်းက ခပ်တိုးတိုး မေးမြန်းလိုက်သည်။

လွန်ခဲ့သော တစ်ခေါက်က သူသည် ကျန်းပိုင်ကောကို အသာလေး အနိုင်ယူခဲ့သော်လည်း ယနေ့တွင်မူ ဤမျှ လွယ်ကူစွာ ရှုံးနိမ့်သွားရခြင်းမှာ သူ့အတွက်တော့ နားလည်ရ ခက်ခဲလှ၏။

“ဒါက ငါတို့ ဓားဘုရင်ဂိုဏ်းမှာ အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ‘ဓားအလင်း အတတ်’ ပဲလေ... ငါ ဒါကို တတ်မြောက်ဖို့အတွက် အချိန်အများကြီး ပေးခဲ့ရတာ... ပြီးတော့ ဒီဓားရိပ် တစ်ခုချင်းစီတိုင်းကလည်း တကယ့် ခွန်အားတွေ ရှိနေကြတာပေါ့” ကျန်းပိုင်ကောက ရှင်းပြလိုက်သည်။

“ဪ... ဒါကြောင့်ကိုး”

ရီကျွမ်းက ခေါင်းညိတ်လိုက်၏။ သူသည် သူ၏ ပြဲထွက်နေသော အဝတ်အစားများကို ခါထုတ်လိုက်ကာ သူ၏ တောင့်တင်းလှသော ကြွက်သားများကို ပြသရင်း ကောင်းကင်ဓားမြောင်ကို ကျောမှာလွယ်လျက် ဝေးကွာသော အရပ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားတော့သည်။

“ငါ ဝိညာဉ်ပင်လယ်အဆင့် ရောက်တဲ့အခါကျရင် မင်းနဲ့ ထပ်ပြီး တိုက်ကြသေးတာပေါ့”

ထိုသို့ ပြောပြီးနောက်တွင်မူ ကောင်းကင်ဓားဘုရင် ရီကျွမ်းသည် လူအုပ်ကြီး၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားခဲ့တော့၏။

အခြားတစ်ဖက်တွင်မူ...

ဟိုယွင်ကျဲသည် သူ၏ ကျောပြင်တွင် ‘ရေခဲလွင်ပြင်ဓား’ နှင့် ‘ကောင်းကင်နှင်းခဲဓား’ တို့ကို လွယ်ထားလျက် အမှတ် (၆) စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ တက်လှမ်းလာ၏။ သူသည် သူ၏ မျက်နှာချင်းဆိုင်ရှိ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဆဋ္ဌမအလွှာမှ ထိပ်တန်းပါရမီရှင်အား ကြည့်ကာ ဂါရဝပြုလိုက်ရင်း ကမ်းလှမ်းလိုက်၏။

“ကျွန်တော်က မြူခိုးဂိုဏ်းက ဟိုယွင်ကျဲ ပါ... လမ်းညွှန်ပေးပါဦး ခင်ဗျာ” ။

--

All Chapters