အခန်း ၅၇၈
Vol. 39 Ch. 578
အခန်း (၅၇၈) - ကောင်းကင်အသံမျှော်စင်၏ သခင်မလေး ထျန်းချင်းနှင့် အဆုံးမဲ့ ဓားဆွဲထုတ်ခြင်း နည်းစနစ်
~“စီနီယာအစ်ကို ဒုတိယကတော့ နောက်ဆုံးမှာ လှုပ်ရှားလိုက်ပြီပဲနော်”
မြူခိုးဂိုဏ်း၏ တပည့်များက အမှတ် (၆) စင်မြင့်၏ ပတ်လည်တွင် စုရုံးလာကြကာ သူတို့၏ မျက်ဝန်းများအတွင်း၌လည်း မျှော်လင့်ချက်များဖြင့် ဝင်းလက်နေကြ၏။ ချောင်ကျားရှီး၊ ရှီလေ့နှင့် အခြားသော တပည့်များမှာလည်း ပြုံးရွှင်နေကြပေ၏။
မြူခိုးဂိုဏ်းအတွင်းရှိ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် တပည့်များကြားတွင် မိုယင်မှလွဲလျှင် ဟိုယွင်ကျဲသည် လက်ရှိတွင် အသန်မာဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ မတွေ့ရသည်မှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်သောကြောင့် သူ၏ ဓားပညာမှာ မည်မျှအထိ တိုးတက်လာပြီနည်းဟု အားလုံးက သိချင်နေကြသည်မှာ မဆန်းလှပါပေ။
‘ယွင်ကျဲ... ရှင့်အနေနဲ့ သေချာပေါက် အနိုင်ရရမယ်နော်။’
လူအုပ်ကြီးကြားတွင် ရပ်နေသော တင်းပိုင်ရွှယ်မှာမူ နှလုံးသားထဲမှနေ၍ တိတ်တဆိတ် ဆုတောင်းပေးနေမိတော့၏။
အမှတ် (၆) စင်မြင့်ထက်၌မူ...
ဟိုယွင်ကျဲ၏ ပြိုင်ဘက်မှာ ဝတ်ရုံဖြူကို ဆင်မြန်းကာ မျက်နှာကို ပုဝါပါးလေးဖြင့် ဖုံးအုပ်ထားသော မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမသည် ဝါးကုလားထိုင်တစ်ခုပေါ်တွင် ငြိမ်သက်စွာ ထိုင်နေကာ သူမ၏ ရှေ့ရှိ ဝါးစားပွဲပေါ်တွင်မူ ရှေးဟောင်း ဗျပ်စောင်းတစ်လက်ကို အသင့် တင်ထား၏။
ဟိုယွင်ကျဲကို မြင်လိုက်ရသည့်အခါ ထိုမိန်းကလေး၏ မျက်ဝန်းများအတွင်း၌ ချိုမြိန်သော အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွား၏။
“ကျွန်မကတော့ လေဝူမင်းဆက်ရဲ့ ကောင်းကင်အသံမျှော်စင်က သခင်မလေး ထျန်းချင်း ပါရှင်”
ထိုမိန်းကလေးက သူမကိုယ်သူမ မိတ်ဆက်လိုက်၏။
“အသံ ကျင့်စဉ်မှာ ပါရမီရှင်တစ်ဦးပေါ့ ဟုတ်လား” ဟိုယွင်ကျဲက တည်ငြိမ်စွာ မေးမြန်းလိုက်၏။
“ပါရမီရှင်လို့တော့ မိမိကိုယ်ကိုယ် မသတ်မှတ်ရဲပါဘူးရှင်... ခွန်အား အနည်းငယ် ရှိရုံတင်ပါပဲ။ အခုထိတော့ ဒီမိန်းကလေးဟာ ပြိုင်ပွဲပေါင်း (၂၁) ပွဲကို အောင်မြင်စွာ ကာကွယ်ထားနိုင်ခဲ့ပြီဆိုတော့... စီနီယာ ဟော့ အနေနဲ့ ကျွန်မရဲ့ ကောင်းကင်အသံ ဝင်္ကပါကို ထိုးဖောက်နိုင်မလားဆိုတာ သိချင်မိပါတယ်ရှင်”
ထျန်းချင်းက နူးညံ့လှသော အသံလေးဖြင့် ပြောဆိုလိုက်၏။
သူမ၏ အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟိုယွင်ကျဲသည် သူ၏ မျက်လုံးများကို ချက်ချင်း မှိတ်လိုက်ရတော့၏။ သူသည် ထူးခြားလှသော အသံလှိုင်းများ၏ နှောင့်ယှက်ခြင်းကို ခံနေရပြီဖြစ်ကြောင်း သတိပြုမိလိုက်သောကြောင့်တည်း။
သို့သော်ငြားလည်း သူ၏ နှလုံးသားမဲ့ ဓားအသိစိတ်မှာ တုန်ခါသွားခဲ့ကာ မကောင်းသော သက်ရောက်မှုများ အားလုံးကို ချက်ချင်းပင် ဖယ်ရှားပစ်လိုက်သည်။
“အို”
ထျန်းချင်း၏ နှုတ်ခမ်းလွှာလေးများမှာ အနည်းငယ် ကွေးညွတ်သွားရသည်။
“မြူခိုးဂိုဏ်းရဲ့ အစစ်အမှန် တပည့် ဆိုတာနဲ့ ထိုက်တန်ပါပေတယ်... ခွန်အားက တကယ်ကို ချီးကျူးစရာပဲရှင်”
“စတင်လိုက်ကြရအောင်”
ဟိုယွင်ကျဲသည် စင်မြင့်ထက်၌ မတ်တတ်ရပ်လျက် အလယ်အလတ်အဆင့် ဝိညာဉ်ရတနာဖြစ်သော ‘ရေခဲလွင်ပြင်ဓား’ ကို ဆွဲထုတ်လိုက်၏။
အဆင့်မြင့် ဝိညာဉ်ရတနာဖြစ်သော ‘ကောင်းကင်နှင်းခဲဓား’ ကိုမူ သူ လောလောဆယ်တွင် ဖုံးကွယ်ထားဆဲပင် ဖြစ်သည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကြား တိုက်ပွဲတွင် အဆင့်မြင့် ဝိညာဉ်ရတနာကို သုံးလိုက်မည်ဆိုပါက တစ်ဖက်လူအပေါ် မမျှတသလို ခံစားရသောကြောင့်ပင် ဖြစ်သည်။
“တကယ်တော့... တိုက်ပွဲက စတင်နေခဲ့ပြီလေ”
ထျန်းချင်းက သိမ်မွေ့စွာ ပြုံးလိုက်ရင်း သူမ၏ ဖြူနုသော လက်ကလေးများကို ဗျပ်စောင်းကြိုးများပေါ်သို့ တင်လိုက်ကာ အသာအယာ ခတ်လိုက်လေရာ သာယာငြိမ့်ညောင်းလှသော တေးသံတစ်ခုမှာ ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့လွင့်သွားတော့၏။
“စောင်းသံက တကယ်ကို သာယာလိုက်တာ”
“ကျွန်တော်တောင် အိပ်ချင်လာသလိုပဲ... ... ... ”
ပရိသတ်အများစုမှာ ငိုက်မြည်းလာကြသဖြင့် သူတို့၏ ပါးပြင်များကို ပြန်လည် ရိုက်နှက်ခြင်း သို့မဟုတ် အံကို တင်းတင်းကြိတ်ခြင်းများဖြင့် မိမိကိုယ်ကိုယ် နိုးကြားအောင် ကြိုးစားနေကြရတော့သည်။ ဟိုယွင်ကျဲမှာမူ သူ၏ နှလုံးသားမဲ့ ဓားအသိစိတ်၏ အကာအကွယ်ကြောင့် မည်သို့မျှ မထိခိုက်ပါချေ။
“ဒေါင်... ... ... ”
ထျန်းချင်းသည် တီးခတ်သည့် အရှိန်ကို ရုတ်တရက် မြှင့်တင်လိုက်သဖြင့် စည်းချက်များမှာလည်း လျင်မြန်လာတော့၏။ သူမက လက်နှစ်ဖက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည့် တစ်ခဏ၌ အသံလှိုင်းများမှာ မမြင်နိုင်သော ဓားသွားများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ဓားဝင်္ကပါတစ်ခုအလား ဟိုယွင်ကျဲဆီသို့ ပိုင်းချလိုက်တော့၏။
“ချွင်”
ဟိုယွင်ကျဲက သူ၏ ဓားကို ဝှေ့ယမ်းကာ ထိုအသံလှိုင်း ဓားသွားများကို အပိုင်းပိုင်း ဖြတ်တောက်လိုက်၏။ သို့သော်လည်း ထျန်းချင်း၏ တီးခတ်မှုမှာ ရပ်တန့်သွားခြင်း မရှိဘဲ ပို၍ ပို၍ များပြားလှသော အသံလှိုင်း ဓားသွားများကို ထွက်ပေါ်စေတော့သည်။ မကြာမီမှာပင် အရပ်မျက်နှာ အသီးသီး၌ ဓားသွားများ ပြည့်နှက်သွားကာ အသံလှိုင်း ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာပြီး ဟိုယွင်ကျဲအား အတွင်းပိုင်း၌ တင်းတင်းကြပ်ကြပ် ပိတ်လှောင်ထားလိုက်တော့၏။
“အခြေအနေကတော့ မကောင်းတော့ဘူး ထင်တယ်နော်”
ပရိသတ်များမှာ မျက်မှောင်ကြုတ်လိုက်မိကြ၏။ ဟိုယွင်ကျဲ သန်မာသည်ကို လူတိုင်း သိကြသော်လည်း ယနေ့ ပြိုင်ဘက်မှာ လေဝူမင်းဆက်မှ အသံ တိုက်ကွက်များကို ကျွမ်းကျင်သူ ဖြစ်နေသည် မဟုတ်ပါလော။ ဤကဲ့သို့သော ဒြပ်မဲ့ တိုက်ခိုက်မှုများကို ရင်ဆိုင်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။
“မင်းရဲ့ အသံလှိုင်း တိုက်ကွက်တွေက ဒီလောက်ပဲ ဆိုရင်တော့... တကယ့်ကို စိတ်ပျက်စရာ ကောင်းလိမ့်မယ်”
ဟိုယွင်ကျဲသည် သူ၏ ဓားကို အသုံးပြုကာ အသံလှိုင်း ဓားသွားများ အားလုံးကို အလွယ်တကူပင် ကာကွယ်နေ၏။ သူ၏ မျက်နှာမှာ နီမြန်းခြင်း မရှိသလို အသက်ရှူနှုန်းမှာလည်း တည်ငြိမ်နေသဖြင့် များစွာသော ခွန်အားများကို အသုံးပြုရခြင်း မရှိသေးကြောင်း သိသာလှပေသည်။
“ဒါက အမြည်းပဲ ရှိသေးတာပါ စီနီယာ ဟော့ရယ်... အကယ်၍ စီနီယာက အဓိက ဟင်းလျာကို မြည်းစမ်းချင်တယ် ဆိုရင်တော့... ဒီမိန်းကလေးက လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ဆက်သရမှာပေါ့”
ထျန်းချင်း၏ အသံမှာ ပိုမို နက်နဲသွား၏။ သူမ၏ လက်ကလေးများမှာ ဗျပ်စောင်းကြိုးများပေါ်၌ ပန်းမန်များကြားတွင် ဝဲပျံနေသော လိပ်ပြာလေးများအလား လျင်မြန်လှသဖြင့် ပုံရိပ်ယောင်များသာ မြင်တွေ့ရတော့သည်။ သူမ၏ အရှိန်ပြင်းလှသော တီးခတ်မှုကြောင့် သူမ၏ ပတ်ဝန်းကျင်၌ မြည်ဟိန်းနေသော ဂီတသံစဉ်များဖြင့် ခိုင်မာလှသော ကာကွယ်ရေး ဒိုင်းလွှားကြီး တစ်ခု ဖြစ်ပေါ်လာတော့၏။
“ချွင်”
ဟိုယွင်ကျဲ၏ တိုက်ကွက်မှာ ထိုဒိုင်းလွှားနှင့် ထိမိကာ ပြန်ကန်ထွက်သွားရသည်။ ရုတ်တရက်ဆိုသလိုပင် မရေမတွက်နိုင်သော အသံလှိုင်း ဓားသွားများမှာ တစ်ခုနှင့်တစ်ခု ထပ်ဆင့်သွားကြကာ ခရုပတ်ပုံသဏ္ဌာန် အသံလှိုင်း လှံရှည်ကြီး တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ဟိုယွင်ကျဲ၏ ရင်ဘတ်တည့်တည့်သို့ ထိုးနှက်လိုက်တော့၏။
“အသံကို ထိန်းချုပ်တဲ့ နေရာမှာ တကယ့်ကို ပြောင်မြောက်လှတာပဲ”
ပါရမီရှင် အသီးသီး၏ မျက်နှာများမှာ ပျက်ယွင်းသွားရတော့သည်။
ထျန်းချင်း၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့ဖူးသူ အချို့ကမူ တည်ကြည်စွာဖြင့် -
“ငါတို့အားလုံး ဒီတိုက်ကွက်ကြောင့်ပဲ ရှုံးခဲ့ရတာလေ... ထျန်းချင်းနဲ့ တိုက်တဲ့သူမှန်သမျှ ဒီနည်းပညာကို မကျော်လွှားနိုင်ကြဘူး”
“ဟိုယွင်ကျဲ အန္တရာယ် ရှိနေပြီ”
တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်၏။
“ဓားဆွဲထုတ်ခြင်း နည်းစနစ်... အဟုန် တစ်ကျော့ပြန်ခြင်း”
ထိုအခိုက်အတန့်၌ ဟိုယွင်ကျဲသည် လေထဲ၌၊ လက်ဟန် ရေးဆွဲ ဖော်ဆောင်လိုက်ရာ ဝေးကွာသော အရပ်ဆီသို့ ပိုင်းချလိုက်သော စူးရှလှသည့် ဓားအလင်းတန်းမှာ ရုတ်တရက် ဝေ့ဝဲကာ ပြန်လည် ရောက်ရှိလာခဲ့သည်။ ၎င်းက လျှပ်စီးအလား လျင်မြန်သော အရှိန်ဖြင့် ခရုပတ်ပုံသံ အသံလှိုင်း လှံရှည်ကြီးကို အပိုင်းပိုင်း ဖြတ်တောက်လိုက်တော့၏။
“ဟေ”
“ဒါ ဘယ်လိုမျိုး တိုက်ကွက်လဲ ဟင်”
လူအုပ်ကြီးမှာ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။ ထျန်းချင်းသည်လည်း များစွာ ထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ယနေ့အထိ သူမ၏ ခရုပတ် အသံလှိုင်း လှံရှည်ကို ခုခံနိုင်သူနှင့် သူမ တစ်ခါမျှ မတွေ့ဆုံဖူးခဲ့သောကြောင့် ဖြစ်သည်။
“စိတ်ဝင်စားဖို့ ကောင်းလိုက်တာ... တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်ရှင်”
ထျန်းချင်းက ခပ်တိုးတိုး ရယ်မောလိုက်ရင်း ဆက်လက် တီးခတ်လိုက်ရာ ခရုပတ်ပုံသဏ္ဌာန် အသံလှိုင်း လှံရှည်များမှာ တစ်စင်းပြီးတစ်စင်း ပေါ်ထွက်လာကာ ဟိုယွင်ကျဲဆီသို့ ထပ်မံ တိုက်ခိုက်လိုက်ပြန်တော့၏။
“ခုနက တိုက်ကွက်က... ဓားပျံ တိုက်ခိုက်ရေး အတတ် မဟုတ်လား”
“ငါ မှတ်မိသလောက်ဆိုရင် အဲဒါ စီနီယာမမ မိုယင် ရဲ့ အထူးပြု ပညာလေ”
မြူခိုးဂိုဏ်း၏ တပည့်များမှာ တီးတိုး ပြောဆိုနေကြ၏။ အမှတ် (၈) စင်မြင့်ထက်မှ မိုယင်သည်လည်း ထိုတိုက်ပွဲကို လက်ပိုက်ကြည့်နေသည်။
သူမ၏ အနက်ရောင် မျက်နှာဖုံးပုဝါအောက်မှ ရဲရဲနီသော နှုတ်ခမ်းလွှာလေးများမှာ အနည်းငယ် ကွေးညွတ်သွား၏။
‘ဟိုယွင်ကျဲ... ရှင်က ဓားပျံ တိုက်ခိုက်ရေး အတတ်ကိုတောင် သင်ယူထားတာလား... ဒါပေမဲ့ ရှင့်ရဲ့ ဓားဆွဲထုတ်ခြင်း နည်းစနစ်ကလည်း မဆိုးပါဘူး... တော်တော်လေးကို ကျွမ်းကျင်နေပြီပဲ’
ဟိုယွင်ကျဲသည် မိုယင်ထံမှ ဓားပျံ တိုက်ခိုက်ရေး အတတ်ကို သင်ယူထားခြင်း ဖြစ်သလို၊ မိုယင်သည်လည်း ဟိုယွင်ကျဲထံမှ ဓားဆွဲထုတ်ခြင်း နည်းစနစ်ကို သင်ယူထားခဲ့သည် မဟုတ်ပါလော။
အမှတ် (၆) စင်မြင့်ထက်မှ တိုက်ပွဲမှာမူ ပိုမို ပြင်းထန်လာခဲ့တော့သည်။ ထျန်းချင်းက သူမ၏ အသံလှိုင်း လှံရှည်များဖြင့် အဆက်မပြတ် တိုက်စစ်ဆင်နေသလို၊ ဟိုယွင်ကျဲကလည်း သူ၏ ဓားဆွဲထုတ်ခြင်း နည်းစနစ်မှ ထွက်ပေါ်လာသော ထက်မြက်သည့် ဓားအလင်းတန်းများကို ဓားပျံ တိုက်ခိုက်ရေး အတတ်ဖြင့် ထိန်းချုပ်ကာ အသံလှိုင်း လှံရှည်များကို အကြိမ်ကြိမ် ဖြတ်တောက်နေတော့၏။ နှစ်ဖက်စလုံးမှာ အနိုင်မရှိ၊ အရှုံးမရှိ ဖြစ်နေကြလေသည်။
“အဆုံးမဲ့ ဓားဆွဲထုတ်ခြင်း နည်းစနစ်... ... ... ”
ထိုအခိုက်အတန့်၌ ဟိုယွင်ကျဲသည် ဆက်လက် အလျှော့ပေးရန် ဆန္ဒမရှိတော့ပေ။ သူသည် သူ၏ ဓားကို အိမ်အတွင်းသို့ ပြန်သွင်းကာ ချက်ချင်း ဆွဲထုတ်ခြင်းကို အကြိမ်ကြိမ် ပြုလုပ်လိုက်တော့၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် စူးရှလှသော ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာမှာ ပေါက်ကွဲထွက်လာခဲ့တော့သည်။ အချို့က အသံလှိုင်း လှံရှည်များကို အမှုန့်ဖြစ်သွားအောင် ချေမှုန်းပစ်လိုက်ကြသလို၊ အချို့ကမူ ထျန်းချင်း၏ အသံလှိုင်း ဒိုင်းလွှားကို သွားရောက် ရိုက်ခတ်လိုက်သဖြင့် ဒိုင်းလွှားကြီးမှာ သိသိသာသာ ချိုင့်ဝင်သွားကာ ၊ အရူးအမူး ပုံပျက်သွားပြီး နောက်ဆုံးတွင်မူ အက်ကွဲသွားရရှာတော့၏။
“မကောင်းတော့ဘူး”
ထျန်းချင်း၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားရတော့သည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက သူမ၏ ကာကွယ်ရေးမှာ ကြာရှည် တောင့်ခံနိုင်မည် မဟုတ်သည်မှာ သေချာလှ၏။
“ဒီရေအလား လှိုင်းထန်သော အသံများ... ... ... ”
အခြား ရွေးချယ်စရာ မရှိတော့သဖြင့် ထျန်းချင်းသည် သူမ မကြာသေးမီကမှ တတ်မြောက်ထားသော လျှို့ဝှက်ကျင့်စဉ်ကို ထုတ်ဖော်လိုက်ရတော့သည်။ သူမ၏ လက်ချောင်း (၁၀) ချောင်းမှာ ဗျပ်စောင်းကြိုးများပေါ်၌ အရူးအမူး ကခုန်နေကြကာ၊ အသံများမှာလည်း နှေးရာမှ မြန်လာပြီး၊ လှိုင်းတံပိုးကြီးများအလား ပတ်ဝန်းကျင် တစ်ခုလုံးသို့ တစ်ဟုန်ထိုး ပျံ့နှံ့သွားတော့၏။
၎င်းမှာ အရပ်မျက်နှာ အားလုံးသို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်း ဖြစ်ပေရာ ဟိုယွင်ကျဲ အနေဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ဘဲ ထိပ်တိုက် ရင်ဆိုင်ရန်သာ ရှိပေတော့သည်။
ဤထက်ရှသော တိုက်ကွက်ကို ရင်ဆိုင်ရာ၌ ဟိုယွင်ကျဲသည် စိတ်ကို တည်ငြိမ်စွာ ထားလိုက်ပြီး၊ သူ၏ ဓားကို အိမ်အတွင်းသို့ ပြန်သွင်းကာ သူ၏ တစ်ကိုယ်လုံးရှိ ခွန်အား တစ်ဝက်ကျော်ကို ချက်ချင်းပင် စုစည်းလိုက်တော့၏။
“ဒုတ်”
ဤဓားအလင်းတန်းမှာ မည်သည့် အလှအပမှ မပါဝင်ပါချေ။ ၎င်းသည် ဒီရေအလား တိုးဝင်လာသော အသံလှိုင်းများကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ခွန်အားများဖြင့် ဆွဲဖြဲပစ်လိုက်ကာ၊ ထျန်းချင်း၏ အသံလှိုင်း ဒိုင်းလွှားကိုပါ ထွင်းဖောက်သွားပြီးနောက်၊ သူမ၏ ပါးပြင်ဘေးမှနေ၍ ပွတ်ကာသီကာလေး ဖြတ်သန်းသွားခဲ့တော့၏။
ထိုဓားချီကြောင့် သူမ၏ ဆံနွယ်အချို့ ပြတ်တောက်သွားခဲ့ရသလို၊ သူမ၏ မျက်နှာကို ဖုံးအုပ်ထားသော နူးညံ့လှသည့် ပုဝါပါးလေးမှာလည်း လေထဲ၌ လွင့်စင်သွားရရှာတော့သည်။
နောက်တစ်ခဏမှာတော့...
တိုင်းပြည်ကိုပင် ပျက်စီးစေနိုင်လောက်သော အလှတရားများ ပြည့်နှက်နေသည့် မျက်နှာလေးတစ်ခုမှာ ပေါ်ထွက်လာတော့၏။
“အား... ... ... ”
ထျန်းချင်းသည် သူမ၏ ကျယ်ပြန့်လှသော ဝတ်ရုံစဖြင့် မျက်နှာအောက်ပိုင်းကို ကပျာကယာ ဖုံးအုပ်လိုက်သော်လည်း၊ သူမ၏ ကြည်လင်လှသော မျက်ဝန်းအစုံကမူ ဟိုယွင်ကျဲဆီသို့ မျက်စောင်းတစ်ချက် ပစ်သွင်းလိုက်၏။
“စီနီယာရဲ့ ဓားအရှိန်အဝါက တကယ်ကို ပြင်းထန်လှတာပဲ... စီနီယာ နိုင်ပါတယ်ရှင်”
ထိုသို့ ပြောပြီးနောက်တွင်မူ ထျန်းချင်းသည် သူမ၏ ဗျပ်စောင်းနှင့် စားပွဲ၊ ကုလားထိုင်များကို သိမ်းဆည်းလိုက်ကာ မျက်နှာကို ဖုံးအုပ်လျက် ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။
“မျက်နှာလေး တစ်ခုတည်းကို ဘာလို့ အဲဒီလောက်အထိ ဖုံးနေရတာလဲ မသိဘူး”
ဟိုယွင်ကျဲက သူ၏ ဓားကို အိမ်အတွင်းသို့ ပြန်သွင်းလိုက်ရင်း တကိုယ်တည်း ပြောဆိုလိုက်၏။
သူကဲ့သို့သော နှလုံးသားထဲမှာ ဓားမှတစ်ပါး အခြားမရှိသည့် ယောက်ျားတစ်ယောက်အတွက်တော့ မိန်းကလေးတစ်ဦး၏ အလှတရား ဆိုသည်မှာ မည်သို့မျှ အရေးမပါလှသည် မဟုတ်ပါလော။
သူ၏ နှလုံးသားထဲတွင်မူ ဓားသည်သာ အမြဲတမ်း ပထမပင် ဖြစ်တော့၏။
“ဒုတိယ စီနီယာအစ်ကို နိုင်သွားပြီဟေ့”
“ယွင်ကျဲ နိုင်သွားပြီ... ... ... ”
မြူခိုးဂိုဏ်း၏ တပည့်များအပြင် တင်းပိုင်ရွှယ်နှင့် လင်းယွီယန်တို့မှာလည်း ထျန်းချင်း အရှုံးပေးသွားသည်ကို ကြားလိုက်ရသည့်အခါ ဝမ်းသာအားရဖြင့် အော်ဟစ် အောင်ပွဲခံလိုက်ကြတော့၏။
အမှတ် (၆) စင်မြင့်ထက်တွင် ထျန်းချင်းသည် ပြိုင်ဘက်ပေါင်း ဒါဇင်နှင့်ချီ၍ အနိုင်ယူထားသော မာနထောင်လွှားလှသည့် ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း၊ ယခုမူ ဟိုယွင်ကျဲက သူမကို အနိုင်ယူလိုက်ပြီ ဖြစ်ရာ သူ့အား ထပ်မံ စိန်ခေါ်မည့်သူမှာလည်း ရှိလာတော့မည် မဟုတ်ပါချေ။
ထို့ကြောင့် ကျန်ရှိနေသော အချိန်များတွင် သူသည် ထပ်မံ တိုက်ခိုက်ရန် မလိုအပ်တော့ဘဲ ရှိနေပေတော့မည်။ လူတိုင်းမှာလည်း သူတို့၏ အာရုံများကို အခြားသော စင်မြင့်များဆီသို့ လွှဲပြောင်းလိုက်ကြတော့သည်။
မြူခိုးတောင်ထိပ်ထက်၌မူ...
ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး (တပည့်များ) - (၄၅၉၇၆)
ယဲ့ဖုန်းသည် (၅၀,၀၀၀) (ငါးသောင်း) နီးပါး ရောက်ရှိနေပြီဖြစ်သော ဂုဏ်သတင်း တန်ဖိုးများကို ကြည့်ရင်း သူ၏ မေးစေ့ကို ပွတ်သပ်ကာ ခပ်တိုးတိုး ပြောဆိုလိုက်၏။
“မဆိုးပါဘူး... ဒီအတိုင်းဆိုရင်တော့ မကြာခင်မှာပဲ တစ်သိန်းကို ချိုးဖျက်နိုင်တော့မှာပဲ။ ရည်မှန်းချက်ဖြစ်တဲ့ တစ်သန်းကို ရောက်ဖို့ကလည်း သိပ်ပြီး မဝေးတော့ပါဘူးလေ”
...
ကျောင်းယန် သန့်စင်သော မြို့တော်အတွင်း၌မူ...
နတ်ဆိုး ဘုရားကျောင်းသခင်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဟိုဒီ လျှောက်လှမ်းနေ၏။
“မြူခိုးဂိုဏ်းရော၊ လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်ရော... လေဝူမင်းဆက်ပါမကျန် ဘယ်သူမှ ကောင်းတဲ့ကောင်တွေ မဟုတ်ဘူး။ မင်းတို့က နိုင်ငံနှစ်ခုကြား ပါရမီရှင်တွေ တိုက်ပွဲကို ကျင်းပနေတာဆိုတော့... ငါကလည်း မင်းတို့အတွက် ကြီးမားတဲ့ လက်ဆောင်တစ်ခု ပေးရမှာပေါ့”
“မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ ကျဆုံးသွားတဲ့အခါမှာ... အဲဒီလူတွေ ဘယ်လောက်အထိ နှလုံးသား နာကျင်ရမလဲဆိုတာ ငါ သိချင်မိတယ်နော်”
သူသည် ယုတ်မာစွာဖြင့် မဲ့ပြုံးတစ်ချက် ပြုံးလိုက်ကာ နတ်ဆိုး ဘုရားကျောင်း၏ အနက်ရှိုင်းဆုံးသော နေရာဆီသို့ ခြေလှမ်းလှမ်းလိုက်တော့၏။
ကြောက်မက်ဖွယ်ကောင်းလှသော အအေးဓာတ်များနှင့် အရှိန်အဝါများမှာ ပြန့်နှံ့နေကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဘယ်သောအခါမျှ အရည်မပျော်နိုင်သော ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲထားသဖြင့် ကြည့်ရသည်မှာ တကယ့်ကို တုန်လှုပ်စရာ ကောင်းလှ၏။ သို့ဖြစ်သော်ငြားလည်း နတ်ဆိုး ဘုရားကျောင်းသခင်မှာမူ တည်ငြိမ်စွာဖြင့်ပင် အတွင်းပိုင်းသို့ လျှောက်လှမ်းသွား၏။
သူသည် အချုပ်အနှောင် ခံထားရသော လူရိပ်တစ်ခုကို စိုက်ကြည့်ရင်း ကောက်ကျစ်စဉ်းစားသော အပြုံးဖြင့် ဆိုလိုက်သည်။
“ရေခဲမိစ္ဆာ... ငါ့ရှေ့မှာ သေချင်ယောင်ဆောင်မနေနဲ့တော့စမ်း”
သူ၏ စကားသံအဆုံးတွင် ရေခဲပြင်ကြီး တစ်ခုလုံးမှာ သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းသွားခဲ့တော့၏။
ရှေးဟောင်းကာလမှ ရက်စက်ကြမ်းကြုတ်လှသော ဝိညာဉ်အသိတစ်ခုမှာ တဖြည်းဖြည်းနှင့် ပြန်လည် နိုးထလာနေလေပြီ။
--