အခန်း ၅၇၉
Vol. 39 Ch. 579
အခန်း (၅၇၉) - အကျဉ်းချခံထားရသော ရေခဲမိစ္ဆာနှင့် စီးဆင်းနေသော ရေ မြစ်မှ အကျပ်အတည်း
“မင်းကိုး”
ရေခဲနယ်မြေ၏ ဗဟိုချက်ဆီမှ အေးစက်လှသော အသံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။
“ချွင်... ချွင်... ချွင်... ... …”
မရေမတွက်နိုင်သော သံကြိုးများဖြင့် ထွင်းဖောက်ချည်နှောင်ခံထားရသည့် ဧရာမ ရေခဲတုံးကြီးမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့ကာ လူစကားဖြင့် ပြောဆိုလိုက်သည်။
ထိုရေခဲတုံးကြီးထံမှ ထွက်ပေါ်လာသော အအေးဓာတ်မှာ ဝိညာဉ်ကိုပင် အစိတ်စိတ်အမွှာမွှာ ဖြစ်စေနိုင်လောက်အောင် ကြောက်စရာ ကောင်းလှပေ၏။
“မင်းက ဘာလို့ ဒီကို လာရဲတာလဲ... သေချင်နေတာလား”
နတ်ဆိုး ဘုရားကျောင်းသခင် ရောက်ရှိလာသည်ကို အာရုံခံမိလိုက်သည်နှင့် ‘ရေခဲမိစ္ဆာ’ ထံမှ ဒေါသအမျက် ချောင်းချောင်းထွက်နေသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာတော့သည်။
ထိုရေခဲတုံးကြီးမှာလည်း လျင်မြန်စွာပင် ပုံစံပြောင်းလဲသွားခဲ့တော့၏။
၎င်းသည် မီတာ (၅) ခန့် မြင့်မားကာ ရေခဲနဂါးကြေးခွံများဖြင့် ဖုံးလွှမ်းထားသော ထူးဆန်းသည့် လူသားသဏ္ဌာန် သတ္တဝါကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ကာ ၊ ပြာလဲ့အေးစက်သော မျက်ဝန်းအစုံဖြင့် နတ်ဆိုး ဘုရားကျောင်းသခင်အား စူးစူးဝါးဝါး စိုက်ကြည့်နေတော့သည်။ သူ၏ မျက်နှာထက်တွင်လည်း နာကျည်းမှုနှင့် ရက်စက်လိုမှုများဖြင့် ပြည့်နှက်နေပေ၏။
“ရေခဲမိစ္ဆာ အညတရ တစ်ကောင်ကများ ငါ့ကို ဒီလို စကားမျိုး ပြောရဲတယ်ပေါ့... ဒူးထောက်စမ်း”
နတ်ဆိုး ဘုရားကျောင်းသခင်က ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သဘ်။ ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများမှာ အထက်မှနေ၍ တဟုန်ထိုး ကျဆင်းလာခဲ့ကာ ရေခဲမိစ္ဆာကို မြေပြင်ပေါ်၌ ပြားပြားဝပ်သွားအောင် ဖိနှိပ်လိုက်တော့၏။
“ဂျွတ်... ဂျွတ်... ... …”
နန်းတော်သခင်က ဖိအားများကို ထပ်မံ မြှင့်တင်လိုက်သဖြင့် ရေခဲမိစ္ဆာ၏ ခန္ဓာကိုယ်မှာ အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာရရှာတော့သည်။
“အသက်ချမ်းသာပေးပါ ခင်ဗျာ”
ရေခဲမိစ္ဆာမှာ ဆက်လက်၍ မာန်တင်းမနေဝံ့တော့ဘဲ ကပျာကယာပင် ဒူးထောက်လျက် အသနားခံလိုက်ရတော့၏။
“အသက်ချမ်းသာပေးရမယ် ဟုတ်လား... ဟားဟား။ ကောင်းပြီလေ... ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်။ အကယ်၍ မင်းသာ ကောင်းကောင်း လုပ်နိုင်မယ်ဆိုရင် အသက်ကို ချမ်းသာပေးရုံတင်မကဘဲ မင်းကို လွတ်လပ်ခွင့်ပါ ပေးလိုက်ဦးမယ်” နတ်ဆိုး ဘုရားကျောင်းသခင်က လက်နှစ်ဖက်ကို နောက်ပစ်လျက် ကောက်ကျစ်စွာ တဟားဟား အော် ရယ်လိုက်၏။
“လွတ်လပ်ခွင့် ပေးမယ် ဟုတ်လား”
ရေခဲမိစ္ဆာ၏ မျက်လုံးအိမ်များမှာ ကျုံ့သွားရတော့သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်က သူသည် နတ်ဆိုး ဘုရားကျောင်းသခင်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးကတည်းက ဤနေရာတွင် တစ်နှစ်ပတ်လုံး အကျဉ်းချခံထားရခြင်း ဖြစ်သည် မဟုတ်ပါလော။ သူသည် နန်းတော်သခင်ကို အလွန်ပင် နာကျည်းနေခဲ့သော်လည်း တစ်ဖက်လူက အလွန် သန်မာလွန်းသဖြင့် အမြဲတမ်း အံကြိတ် တောင့်ခံနေခဲ့ရရှာသည်။
“ကျွန်တော့်ကို တကယ်ပဲ လွှတ်ပေးမှာလား”
ခေတ္တအကြာတွင် ရေခဲမိစ္ဆာက လေးနက်သော အသံဖြင့် မေးမြန်းလိုက်၏။ သူသည် တစ်ဖက်လူ၏ စကားကို မယုံကြည်သော်လည်း သေးငယ်လှသော မျှော်လင့်ချက်လေး တစ်ခုကိုတော့ ဆုပ်ကိုင်ထားချင်နေမိသည်။
“ဒါပေါ့... ငါ ပြောတဲ့အတိုင်းသာ လုပ်စမ်းပါ”
နန်းတော်သခင်က သရော်ပြုံးတစ်ချက် ပြုံးလိုက်၏။
ရေခဲမိစ္ဆာမှာ ဝေခွဲမရ ဖြစ်နေသော်လည်း နောက်ဆုံးတွင်မူ - “ကောင်းပါပြီ... ကျွန်တော် သဘောတူပါတယ် ခင်ဗျာ” ဟု ဆိုလိုက်တော့သည်။
---
ရေပေါ်ဖြူမြို့တော်၏ ကောင်းကင်ယံထက်၌မူ...
နိုင်ငံနှစ်ခုကြားရှိ ပါရမီရှင် လူငယ်များ၏ တိုက်ပွဲမှာ ဆက်လက် ရှိနေဆဲပင် ဖြစ်သည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်နှင့် သက်ဆိုင်သော စင်မြင့် (၁) မှ (၉) အထိမှာမူ အောင်နိုင်သူများမှာ အခြေခံအားဖြင့် ပေါ်ထွက်နေခဲ့တော့၏။ မိုယင်၊ ဝမ်ဖင်းအန်း၊ ဟိုယွင်ကျဲနှင့် လုံထျန်းရှင်းတို့မှာ မိမိတို့၏ စင်မြင့်များကို ခိုင်မာစွာ ကာကွယ်ထားနိုင်ကြသဖြင့် မည်သူမျှ ထပ်မံ၍ စိန်မခေါ်ဝံ့ကြတော့ပါချေ။
အခြားသော စင်မြင့်များမှာလည်း အခြေခံအားဖြင့် နိဂုံးချုပ်လုနီးပါး ဖြစ်နေခဲ့တော့သည်။ ဝိညာဉ်ပင်လယ်အဆင့်နှင့် သက်ဆိုင်သော အမှတ် (၁၀) မှ (၁၄) အထိ စင်မြင့်များတွင်သာ တိုက်ပွဲများမှာ သိပ်ပြီး ပြင်းထန်ခြင်း မရှိသေးပေ။ အကြောင်းမှာတော့ နိုင်ငံနှစ်ခုလုံး၌ အသက် (၃၀) အောက် ဝိညာဉ်ပင်လယ်အဆင့်ရှိသော ပါရမီရှင်မှာ အလွန်ပင် ရှားပါးလှသောကြောင့် ဖြစ်သည်။
“ဟင်းဟင်း... ကျွန်မလည်း ဝင်ပြီး တိုက်ပါရစေဦး”
လျန်ဝမ်ဖန်းက မြူးထူးစွာ ရယ်မောလိုက်ရင်း အမှတ် (၁၀) စင်မြင့်ပေါ်သို့ တက်လှမ်းလိုက်၏။ သူမ၏ ပြိုင်ဘက်မှာ သူမကဲ့သို့ပင် ဝိညာဉ်ပင်လယ်အဆင့် ပထမအလွှာ (၁) ၌ ရှိနေသည့် လျန်ဝမ်ယွီ ပင် ဖြစ်သည်။
“မမ... ကျွန်မကို တကယ်ပဲ စိန်ခေါ်ချင်တာ သေချာရဲ့လား” လျန်ဝမ်ဖန်းက သူမ၏ လက်ကလေးများကို ခါးပေါ်သို့ တင်လျက် လျန်ဝမ်ယွီအား မေးမြန်းလိုက်၏။
(၂) ရက်ခွဲမျှ ကုန်ဆုံးသွားခဲ့ပြီးမှ အမှတ် (၁၀) စင်မြင့်ပေါ်သို့ ပထမဆုံး ကျင့်ကြံသူတစ်ဦး တက်လှမ်းလာခြင်းပင် ဖြစ်သည်။ ယခင်ကဆိုလျှင် ထိုစင်မြင့်မှာ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေခဲ့သည် မဟုတ်ပါလော။
“ညီမလေး... မင်းက ငါ့ကို အနိုင်ရမယ်လို့များ ထင်နေတာလား” လျန်ဝမ်ယွီက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူမ၏ နောက်ကျောဘက်တွင် ‘ဝိညာဉ်ထူးကဲ သိုင်းကျမ်း’ မှ ထွက်ပေါ်လာသော ပန်းချီလိပ်တစ်ခု ဖွဲ့တည်လာတော့၏။
“ဒါပေါ့... ကျွန်မက မမကို သေချာပေါက် အနိုင်ယူပြမှာပေါ့” လျန်ဝမ်ဖန်းမှာ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။
“သတိထားပေတော့... ကောင်းကင်လမင်း တိုက်ကွက်... ... ... ”
လျန်ဝမ်ဖန်သည် လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်ယံ မြင့်မားသော နေရာ၌ ဖြူစင်တောက်ပသော လမင်းကြီး တစ်စင်း ပေါ်ထွက်လာခဲ့ကာ ၎င်းအတွင်းမှ နေ၍ မရေမတွက်နိုင်သော ဖြူဖွေးသည့် ဥက္ကာခဲများမှာ လျန်ဝမ်ယွီ၏ ရင်ဘတ်ဆီသို့ တဟုန်ထိုး ကျဆင်းလာတော့၏။
“ဒါကတော့ ကလေးကစားစရာ ပါပဲ”
လျန်ဝမ်ယွီက လက်တစ်ဖက်ဖြင့် မန္တန်ဖော်ဆောင်လိုက်ရာ သူမ၏ နောက်ရှိ ပန်းချီလိပ်အတွင်းမှ နေ၍ ဧရာမ လှိုင်းတံပိုးကြီးများမှာ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။ တိုးဝင်လာသော ဥက္ကာခဲများကို အမှုန့်ဖြစ်သွားအောင် ရိုက်ထုတ်ပစ်လိုက်တော့သည်။ နှစ်ဖက်စလုံးမှာ အသာစီး မရကြပါချေ။
“မမရဲ့ မန္တန်တွေက တော်တော်လေး ကောင်းတာပဲနော်”
လျန်ဝမ်ဖန်းက သူမ၏ သွားစွယ်လေးများကို ပြသရင်း ချီးကျူးလိုက်၏။ ၎င်းနောက်တွင်တော့ ညီအစ်မနှစ်ဦးမှာ ဆက်လက် တိုက်ခိုက်နေကြတော့သည်။
ပရိသတ်များမှာမူ ထိုတိုက်ပွဲကို ကြည့်ရင်း ခေါင်းခါယမ်းနေကြ၏။
“တာအိုမိတ်ဆွေတို့... ဝိညာဉ်ပင်လယ်အဆင့်ရှိတဲ့ ဒီပါရမီရှင် နှစ်ယောက် တိုက်နေတာက ဆော့ကစားနေသလိုပဲလို့ မခံစားရဘူးလား။ ဘာမှ စိတ်လှုပ်ရှားစရာ မရှိသလိုပဲနော်” တစ်စုံတစ်ယောက်က မအောင့်နိုင်ဘဲ တီးတိုး ပြောဆိုလိုက်၏။
“ဟုတ်ပါရဲ့... တိုက်ပွဲက လုံးဝကို မပြင်းထန်တာပဲ”
“ကျွန်တော် ထင်တာတော့ သူတို့က ကစားနေကြတာပဲ ဖြစ်မှာပါ”
ပရိသတ်များမှာ စတင် ပြောဆိုလာကြသော်လည်း အချို့သော ပုဂ္ဂိုလ်များကမူ မျက်မှောင်ကြုတ်လိုက်ကြကာ -
“မင်းတို့ကတော့ တကယ့် အနှစ်သာရကို မသိတာပဲ။ အဲဒီ ဝိညာဉ်ပင်လယ်အဆင့် ပါရမီရှင် နှစ်ယောက်က အမှတ်မထင် တိုက်ခိုက်နေကြတာ ဆိုဦးတော့... အဲဒါက တကယ့်ကို ကြောက်စရာ ကောင်းတာကွ”
“ဘာပဲဖြစ်ဖြစ်... သူတို့က ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံသူတွေလေ”
“မင်းတို့ သတိမထားမိဘူးလား... ကျဆင်းလာတဲ့ ဥက္ကာခဲတွေဖြစ်ဖြစ်၊ ပေါက်ကွဲထွက်လာတဲ့ ရေဓားတွေဖြစ်ဖြစ်၊ ကြည့်ရတာ သာမန်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ အကြမ်းစား စွမ်းအားတွေ ကိန်းဝပ်နေတာကွ”
“ကျန်းပိုင်ကောနဲ့ ကောင်းကင်ဓားဘုရင် ရီကျွမ်းတို့တောင်မှ သူတို့ရဲ့ အစွမ်းကုန် ခွန်အားတွေနဲ့ ဆိုရင်တောင် အဲဒါကို တောင့်ခံနိုင်ဖို့ မလွယ်ဘူးလေ”
ထိုပါရမီရှင်က ရှင်းပြလိုက်သည့် အခါမှသာ လူတိုင်းက ပြန်လည် စဉ်းစားကြည့်ကြရာ အမှန်တကယ်ပင် လျန်ဝမ်ယွီနှင့် လျန်ဝမ်ဖန်တို့မှာ မည်မျှအထိ ကြောက်စရာ ကောင်းသည်ကို သိရှိသွားကြကာ အသက်ကို ပြင်းပြင်းရှူလိုက်ကြရတော့သည်။
အမှတ် (၉) စင်မြင့်ထက်မှ ကျန်းပိုင်ကောသည်လည်း ထိုညီအစ်မနှစ်ဦး၏ တိုက်ပွဲကို အာရုံစိုက်နေမိကာ မျက်ခုံးများကို အနည်းငယ် တွန့်ကွေးလိုက်မိ၏။ ခုနက ပါရမီရှင် ပြောသွားသော စကားမှာ မှန်ကန်လှ၏။ သူသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်၏ ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်စေဦးတော့ ၊ မိမိထက် အဆင့်တစ်ခု မြင့်မားနေသော လျန်ဝမ်ယွီနှင့် လျန်ဝမ်ဖန်တို့နှင့် ယှဉ်လျှင်မူ များစွာ အားနည်းနေသေးသည် မဟုတ်ပါလော။
‘ဒီညီအစ်မ နှစ်ယောက်က တကယ့် ဝိညာဉ်ပင်လယ်အဆင့်တွေပဲ... သူတို့ အမှတ်မထင် တိုက်လိုက်တဲ့ တိုက်ကွက်ကတောင် ငါ့ရဲ့ အစွမ်းကုန် ခွန်အားထက် ပိုပြီး သန်မာနေသေးတာပဲ’
‘ဒါပေမဲ့ အဆင့်တူသာ တိုက်ရမယ် ဆိုရင်တော့ ငါ အနိုင်ရနိုင်ပါတယ်’
ကျန်းပိုင်ကောမှာ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေ၏။
---
စင်မြင့်ထက်မှ တိုက်ပွဲများမှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ သို့သော်ငြားလည်း ပါဝင်ယှဉ်ပြိုင်သူ နည်းပါးလှသဖြင့် ဝိညာဉ်ပင်လယ်အဆင့် ဒုတိယအလွှာမှ ပဉ္စမအလွှာအထိ သက်ဆိုင်သော အမှတ် (၁၁)၊ (၁၂)၊ (၁၃) နှင့် (၁၄) စင်မြင့်များမှာမူ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေခဲ့တော့၏။
မြူခိုးတောင်ထိပ် ထက်၌မူ... ယဲ့ဖုန်းသည်လည်း ဤအခြေအနေကို သတိပြုမိလိုက်သည်။
“ကြည့်ရတာ ဝိညာဉ်ပင်လယ်အဆင့်တွေအတွက် စင်မြင့်တိုက်ပွဲကတော့ လောလောဆယ်မှာ မလိုအပ်သေးဘူး ထင်တယ်”
“ဘာပဲဖြစ်ဖြစ်... ဝိညာဉ်ပင်လယ်အဆင့်တွေအတွက် ‘ထိပ်တန်း ကောင်းကင်ဘုံ ဘုရင် (၁၀) ပါး’ အဆင့်သတ်မှတ်ချက်ကိုတောင် မပြုလုပ်ရသေးတာပဲလေ... အခု စင်ပေါ်မှာ နိုင်ခဲ့ရင်တောင် ဂုဏ်သတင်းက သိပ်ပြီး မကြီးမားနိုင်ဘူး... နောက်မှ အဆင့်သတ်မှတ်ချက်တွေအတွက် ယှဉ်ပြိုင်တာက ပိုပြီး ကောင်းလိမ့်မယ်”
ယဲ့ဖုန်းမှာ အနည်းငယ် ဘာမှမတတ်နိုင်သလို ခံစားလိုက်ရသော်လည်း၊ တစ်ဖက်က ပြန်တွေးကြည့်လျှင်မူ စင်မြင့်ပေါ်၌ တိုက်ခိုက်မည့်သူ မရှိသဖြင့် ဆုလာဘ်များ ပေးအပ်ရန် မလိုတော့ဘဲ များပြားလှသော အရင်းအမြစ်များကို ချွေတာနိုင်မည် ဖြစ်ရာ ၎င်းမှာလည်း မဆိုးလှဟု သူ တွေးတောမိ၏။
“ဟေ”
ထိုအခိုက်အတန့်၌ ယဲ့ဖုန်းသည် မိုင်ပေါင်း ဒါဇင်နှင့်ချီ၍ ဝေးကွာသော အရပ်ရှိ စီးဆင်းနေသော ရေ မြစ် ဆီသို့ အကြည့်ပို့လွှတ်လိုက်ရာ သူ၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ကွေးသွားရ၏။ သူသည် သူ၏ လက်ချောင်းများကို အသုံးပြုကာ ချက်ချင်းပင် တွက်ချက်လိုက်ရာ သူ၏ မျက်ဝန်းများအတွင်း၌ အေးစက်လှသော အလင်းတန်းများ ပေါ်ထွက်လာတော့သည်။
“နတ်ဆိုး ဘုရားကျောင်းသခင် ကတော့ တကယ့်ကို ကောက်ကျစ်တာပဲ... နောက်တစ်ခါ ပြဿနာ ထပ်ရှာပြန်ပြီပေါ့”
“ဒါပေမဲ့... ဟင်းလင်းပြင် ဖြိုခွဲအဆင့် ပထမအလွှာ (၁) ရှိတဲ့သူ တစ်ယောက်တည်းကို လွှတ်ပြီးတော့ ငါ့ရဲ့ မြူခိုးဂိုဏ်းမှာ မုန်တိုင်းထန်အောင် လုပ်နိုင်မယ်လို့ သူ ထင်နေသလား”
ယဲ့ဖုန်းက သူ၏ လက်ကို ပြန်ချလိုက်၏။ ဉာဏ်အလင်းပွင့် နှလုံးသား၏ တွက်ချက်မှုမှတစ်ဆင့် သူသည် နတ်ဆိုး ဘုရားကျောင်းအောက်ရှိ ရေခဲနယ်မြေအတွင်းမှ မြင်ကွင်းများကို မြင်တွေ့ခဲ့ရပြီး နန်းတော်သခင်၏ အကြံအစည်များကိုလည်း သဘောပေါက်သွားခဲ့တော့သည်။
“ရေခဲမိစ္ဆာ ပေါ့လေ... ... …”
“မင်းသာ တကယ် လှုပ်ရှားရဲမယ် ဆိုရင်တော့... ဒီနေ့ဟာ မင်းရဲ့ နောက်ဆုံးနေ့ပဲ ဖြစ်စေရမယ်”
ယဲ့ဖုန်းသည် နန်လုတောင်တန်း ရှိရာ အရပ်သို့ တစ်ချက် အကြည့်ပို့လွှတ်လိုက်မိ၏။ သူ မတွေ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သော အသွင်ပြောင်း သားရဲ နှင့် သူ ခရီးသွားစဉ်က အသုံးပြုခဲ့သော (ကြွားဝါခဲ့သော) အခြားသော ကိုယ်ပိုင် အမှတ်သညာများကို သတိရလိုက်သဖြင့် သူ၏ နှုတ်ခမ်းမှာ အနည်းငယ် ကွေးညွတ်သွားရ၏။
မြူခိုးဂိုဏ်း၏ စစ်မှန်သော အခြေခံ အုတ်မြစ်များကို ထုတ်ဖော်ပြသရမည့် အချိန် ရောက်လာပြီဟု ယဲ့ဖုန်း ခံစားလိုက်ရခြင်းပင်။
စီးဆင်းနေသော ရေ မြစ်။
ဤမြစ်သည် ရေပေါ်ဖြူမြို့တော်၏ အရှေ့ဘက်မှ နေ၍ စီးဆင်းသွားခဲ့ကာ မြောက်ဘက် မိုင်ပေါင်း ရာနှင့်ချီသော အရပ်ရှိ မီးပြတိုက်မြို့တော် အနီးရှိ ဖန်ဟော့မြစ် နှင့် သွားရောက် ပေါင်းဆုံ၏။
ယခုအခိုက်အတန့်၌ ထိုမြစ်နှစ်စင်း ပေါင်းဆုံရာ အရပ်အနီးတွင် ရေခဲချပ်ဝတ်များကို ဆင်မြန်းထားသော အရပ်ရှည်လျက် လူသားသဏ္ဌာန်ရှိသည့် တည်ရှိမှုကြီး တစ်ခုမှာ ထရပ်လိုက်၏။ သူသည်ကား ရေခဲမိစ္ဆာ ပင် ဖြစ်တော့ငည်။
“နတ်ဆိုး ဘုရားကျောင်းသခင် ပြောတာကတော့... ငါ့ရဲ့ တာဝန်က လျှပ်စီးအလား
လှုပ်ရှားဖို့တဲ့... ‘နှင်းခဲဘီလူး’ ရဲ့ ပုံရိပ်ကို ထုတ်ဖော်ပြီးတော့ မိုင်ပေါင်း ထောင်နှင့်ချီတဲ့ နယ်မြေကို ရေခဲရိုက်ပစ်ရမယ်... ပြီးတော့ ဒီနယ်မြေထဲမှာ ရှိသမျှသော သက်ရှိတွေကို အမြစ်ပြတ် သတ်ပစ်ရမယ်တဲ့လေ”
ရေခဲမိစ္ဆာက တကိုယ်တည်း ပြောဆိုလိုက်၏။
ဒါက နတ်ဆိုး ဘုရားကျောင်းသခင် ပေးအပ်ထားသော တာဝန်ပင် ဖြစ်သည်။
“မြူခိုးဂိုဏ်းရဲ့ ယဲ့ဖုန်း ကလည်း ကျင့်ကြံခြင်းတွေ ဆုံးရှုံးထားတာဆိုတော့ ငါ့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ပါဘူး... ဒါကြောင့် လင်မြောင်ဘိုးဘေး နဲ့ ကျန်းလင်းဘိုးဘေး ရဲ့ ဝိညာဉ်ကိုယ်ပွားတွေ မရောက်လာခင်မှာ ငါ့ရဲ့ တာဝန်ကို အမြန်ဆုံး အဆုံးသတ်ရမယ်”
“မဟုတ်ရင်တော့... ငါ သေရလိမ့်မယ်”
ရေခဲမိစ္ဆာ၏ မျက်နှာမှာ အုံ့မှိုင်းသွားတော့၏။
နတ်ဆိုး ဘုရားကျောင်းသခင်သည် သူ့အား သေနိုင်ခြေ အလွန် မြင့်မားသော ဤတာဝန်ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသာ လူဦးရေ (၉၀) ရာခိုင်နှုန်းကျော်ကို သတ်နိုင်ခဲ့မှသာ ၎င်းကို အောင်မြင်မှုဟု သတ်မှတ်မည်ပင်။
တိုက်ပွဲပြီးနောက် သူ ထွက်ပြေးနိုင်ခြင်း ရှိမရှိ ဆိုသည်ကိုမူ နန်းတော်သခင်က ဂရုမစိုက်ပါချေ။
ဤအချက်က ရေခဲမိစ္ဆာအား ဒေါသထွက်စေသည်မှာ အမှန်ပင်။ နတ်ဆိုး ဘုရားကျောင်းသခင်သည် သူ့အား သတ်ဖြတ်ရန်သာ စေခွှတ်ခဲ့ပြီး ဆုတ်ခွာရန်အတွက် မည်သည့် နည်းလမ်းမှ ပြင်ဆင်ပေးခဲ့ခြင်း မရှိသည်မှာ တကယ့်ကို နာကျည်းစရာ ကောင်းလှသည် မဟုတ်ပါလော။
“ငါသာ ဒီတာဝန်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့ရင်... တစ်နေရာရာမှာ ပုန်းအောင်းပြီးတော့ နှစ်ပေါင်း တစ်ထောင်လောက် အသည်းအသန် ကျင့်ကြံမယ်... ငါ့ရဲ့ ခွန်အားတွေ ပေါက်ကွဲထွက်လာတဲ့ နေ့ကျရင်တော့... နတ်ဆိုး ဘုရားကျောင်းသခင်... မင်းရဲ့ နောက်ဆုံးနေ့ ရောက်ပြီသာ မှတ်လိုက်တော့”
ထိုသို့ ပြောပြီးနောက်တွင်မူ ရေခဲမိစ္ဆာသည် မြူခိုးတောင်ထိပ် ရှိရာ အရပ်သို့ ခေါင်းကို လှည့်၍ ကြည့်လိုက်၏။ ထိုပြာလဲ့လှသော မျက်ဝန်းအစုံမှာ အေးစက်မှုများဖြင့် ပြည့်နှက်နေတော့သည်။
--