← Chapters

အခန်း ၅၈၀

Vol. 39 Ch. 580

အခန်း ၅၈၀

Vol. 39 Ch. 580

အခန်း (၅၈၀) - မိုင်ပေါင်းတစ်ထောင် ရေခဲလွင်ပြင်၊ မြူခိုးသခင်လေး တစ်ကျော့ပြန် ပေါ်ထွက်လာခြင်းနှင့် ဂိုဏ်းတူညီလေး

~“ဝရော…”

ရေခဲမိစ္ဆာသည် သူ၏ စွမ်းအားများကို စတင်၍ ထုတ်ဖော်လိုက်တော့၏။ ထိုအခါ စီးဆင်းနေသော ရေ မြစ်နှင့် ဖန်ဟော့မြစ်တို့၏ ရေပြင်များမှာ သိသိသာသာ ဆူပွက်တုန်လှုပ်လာခဲ့ကာ၊ ပတ်ဝန်းကျင် တစ်ခုလုံး၏ အပူချိန်မှာလည်း မျက်တောင်တစ်ခတ်အတွင်း အေးခဲသည့် အခြေအနေသို့ ထိုးဆင်းသွားခဲ့တော့သည်။

“ဂျွတ်... ဂျွတ်... ဂျွတ်... ... …”

ရေခဲမိစ္ဆာ ရှိနေသော နေရာမှနေ၍ ဝိညာဉ်ကိုပင် အစိတ်စိတ်အမွှာမွှာ အေးခဲသွားစေနိုင်လောက်သည့် ပြင်းထန်လှသော အအေးဓာတ်များမှာ အရပ်မျက်နှာ အသီးသီးသို့ ရုတ်တရက် ပျံ့နှံ့သွားတော့၏။

လေပြင်းများမှာ မြည်ဟိန်းလျက် ကမ္ဘာမြေကို တိုက်ခတ်နေသဖြင့် ရှိနေသမျှသော သူတိုင်းမှာ မရည်ရွယ်ဘဲ တုန်ရီသွားကြရရှာသည်။ လူတိုင်း၏ အကြည့်များမှာ မြစ်နှစ်စင်း ဆုံရာ အရပ်ဆီသို့ အလိုအလျောက် ရောက်ရှိသွားကြတော့သည်။ ထိုနေရာတွင်မူ ကြောက်မက်ဖွယ်ကောင်းလှသော လူရိပ်ကြီးတစ်ခုက မတ်တတ်ရပ်နေ၏။

“ဒါ ဘာလို မိစ္ဆာမျိုးလဲဟေ”

“သူ့ကို ကြည့်ရတာ ဘယ်သောအခါမှ အရည်မပျော်နိုင်တဲ့ ရေခဲတုံးကြီး တစ်တုံးလိုပဲ... ဘာခံစားချက်မှ မရှိတဲ့အတိုင်းပဲနော်... တကယ့်ကို တုန်လှုပ်စရာ ကောင်းလိုက်တာ”

“ကျွန်တော်လည်း အဲဒီအတိုင်းပဲ ခံစားနေရတယ်ဗျာ”

ကြည့်ရှုနေကြသော ကျင့်ကြံသူများမှာ ထူးဆန်းလှသော ရေခဲမိစ္ဆာကို လက်ညှိုးထိုးပြရင်း တီးတိုး ပြောဆိုနေကြသည်။

“ဝုန်း.. ... …”

ရုတ်တရက်ဆိုသလို ပြင်းထန်လှသော နှင်းမုန်တိုင်းကြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့တော့၏။ ရှိနေသမျှသော လူတိုင်းမှာ ထိုနေရာမှာတင် အေးခဲသွားကြရကာ လှုပ်ရှား၍ မရတော့ပါချေ။ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များပင်လျှင် အေးခဲသွားသည့်နှယ် ခံစားလိုက်ကြရတော့သည်။

“ဘာတွေ ဖြစ်ကုန်တာလဲ”

စင်မြင့်ထက်၌ တိုက်ခိုက်နေကြသော ပါရမီရှင်များမှာလည်း ထိတ်လန့်တုန်လှုပ်သွားကြရရှာသည်။ သူတို့သည် ဟင်းလင်းပြင်ထက်၌ ပျံဝဲနေရင်းပင် လုံးဝ အေးခဲသွားခဲ့ရသဖြင့် လှုပ်ရှားနိုင်စွမ်း မရှိတော့ပါချေ။

မူလနတ်ဘုရားအဆင့်ရှိသော ဝမ်လင်အပြင်၊ မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအိုနှင့် နတ်ဆိုး ဧကရာဇ် ငါးပါးတို့ပင်လျှင် များစွာ အံ့အားသင့်သွားကြရတော့ငည်။

“ဒါ... ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိတဲ့ ဘိုးဘေးကြီး တစ်ယောက်ပဲ”

ဝိညာဉ်သားရဲစင်မြင့်ထက်မှ အော့ချွမ်းမှာလည်း သူ၏ မျက်လုံးအိမ်များ ကျုံ့သွားရတော့၏။

သူသည် တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့်သို့ ရောက်ရှိနေသူ ဖြစ်စေဦးတော့၊ ယခုအခါ သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းလာသည်ကို ခံစားနေရသည် ။သူ၏ ကျင့်ကြံခြင်း စွမ်းအားများကို အစွမ်းကုန် ပို့လွှတ်ကာ ရုန်းကန်လိုက်သည့် အခါမှသာ လှုပ်ရှားနိုင်စွမ်းကို ပြန်လည် ရရှိသွားခဲ့ပြီး၊ မြူခိုးဂိုဏ်းကို စွန့်ခွာကာ ချက်ချင်း ထွက်ပြေးရန် ပြင်ဆင်လိုက်တော့၏။

“ခိခိခိ... ... ... ”

ထိုအခိုက်အတန့်၌ ရေခဲမိစ္ဆာက အက်ကွဲစွာ ရယ်မောလိုက်၏။ သူ၏ အသံမှာ နှစ်ပေါင်း တစ်သောင်းကြာ အေးခဲနေသည့် ရေခဲပြင်ကြီးအလား အေးစိမ့်လှ၏။

“နှင်းခဲဘီလူး ပုံရိပ်... ငါ့အတွက် စုစည်းစမ်း”

“ဂျွတ်”

စီးဆင်းနေသော ရေ မြစ်နှင့် ဖန်ဟော့မြစ်တို့မှာ အစိုင်အခဲဖြစ်အောင် အေးခဲသွားခဲ့ပြီးနောက်၊ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားကာ လေထဲသို့ ပျံတက်သွားကြတော့သည်။ ထိုရေခဲစများမှာ စုစည်းသွားခဲ့ပြီးနောက် ပေပေါင်း သောင်းနှင့်ချီ၍ မြင့်မားလှသော ဧရာမ နှင်းခဲဘီလူးကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။ ၎င်းသည် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ရေခဲရိုက်ပစ်နိုင်မည့် အရှိန်အဝါများကို ထုတ်လွှတ်နေတော့သည်။

“မိုင်ပေါင်း တစ်ထောင်ကို ရေခဲရိုက်စမ်း”

ဘီလူးကြီး၏ ဦးခေါင်းထက်၌ ရပ်နေသော ရေခဲမိစ္ဆာက အမိန့်ပေးလိုက်၏။ သူသည် မည်သူ့ကိုမျှ အသက်ရှူရန် အချိန်မပေးတော့ပါချေ။ ကြောက်မက်ဖွယ်ကောင်းလှသော အအေးဓာတ် လှိုင်းလုံးကြီးများမှာ နှင်းခဲဘီလူးကြီး၏ ခန္ဓာကိုယ်မှနေ၍ ပေါက်ကွဲထွက်လာတော့၏။

လူတိုင်းမှာ ရှေ့မှ တိုးဝင်လာသော နှင်းမုန်တိုင်းကြီးကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားကြရရှာသည်။ သူတို့အားလုံးမှာ သေခြင်းတရားနှင့် ထိပ်တိုက် တွေ့ဆုံနေရသည့်နှယ် ခံစားလိုက်ကြရသည်။ ဤမုန်တိုင်းအတွင်းသို့ ရောက်ရှိသွားသော မည်သည့် သက်ရှိမဆို သေဆုံးသွားရမည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်တော့၏။

“အမေရေ... ကယ်တော်မူကြပါဦး”

အော့ချွမ်းမှာ ကြောက်လန့်တကြားဖြင့် ထွက်ပြေးရန် ကြိုးစားနေသော်လည်း၊ အဘယ်ကြောင့်မှန်းမသိဘဲ သူ၏ သိစိတ်အတွင်းမှ ထူးဆန်းလှသော ခံယူချက်တစ်ခုက သူ့အား ထိုနေရာမှာတင် ဆက်လက် ရပ်တည်နေရန် တိုက်တွန်းနေပြန်၏။

“ကြယ်တာရာ မဟာဝင်္ကပါ... ပွင့်စေ”

အရေးကြီးဆုံး အချိန်မှာပင် မြူခိုးတောင်ထိပ်ထက်မှ ယဲ့ဖုန်း၏ အသံကြီးမှာ ဟိန်းထွက်လာခဲ့တော့၏။ ထိုအသံကြောင့် ရှိနေသမျှသော လူတိုင်း၏ နှလုံးသားများမှာ နွေးထွေးသွားကြရတော့၏။ ၎င်းနောက်တွင်မူ...

ကျယ်ပြန့်လှသော ကြယ်တာရာ အလင်းတန်းများမှာ ကောင်းကင်ယံထက်၌ ပေါက်ကွဲထွက်လာပေတော့သည်။ ၎င်းမှာ ကြယ်တာရာ ဟင်းလင်းပြင်ကြီး တစ်ခုလုံး အထက်သို့ ရောက်ရှိလာသည့်အလား စူးရှတောက်ပလှကာ၊ အဆုံးအစမရှိသော ကြယ်တာရာ စွမ်းအားများမှာ အထက်မှနေ၍ တလိပ်လိပ် ကျဆင်းလာတော့၏။

"အုန်း"

နှင်းမုန်တိုင်းကြီးမှာ ကြယ်တာရာ စွမ်းအားများကို ချေမှုန်းနိုင်ခဲ့သော်လည်း၊ သူ၏ အရှိန်အဟုန်မှာမူ သိသိသာသာ အားနည်းသွားခဲ့တော့၏။

“ဒါ အခွင့်အရေးပဲ”

အော့ချွမ်းမှာ အံကို တင်းတင်းကြိတ်လိုက်ကာ သူ၏ နဂါးမျိုးနွယ် သွေးမျိုးဆက်ကို အသက်သွင်းလျက် ကောင်းကင်ယံထက်၌ ဧရာမ နဂါးရိပ်ကြီးတစ်ခုကို ဖော်ဆောင်လိုက်သည်။

အားနည်းသွားသော နှင်းမုန်တိုင်းကို ထိပ်တိုက် ရင်ဆိုင်ကာ နှစ်ဖက်စလုံးကို တစ်ခါတည်း ချေမှုန်းပစ်လိုက်တော့၏။

“ဖူး”

သို့သော်ငြားလည်း အော့ချွမ်းမှာ နောက်သို့ လွင့်ထွက်သွားခဲ့ရကာ သွေးများ အန်ထုတ်လိုက်ရရှာတော့သည်။ သူ၏ မျက်နှာထက်တွင်လည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေရ၏။

“ဂိုဏ်းစောင့် ဝင်္ကပါ တစ်ခုနဲ့ တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိတဲ့ ကောင် တစ်ကောင်က ပထမဆုံး လှိုင်းကိုပဲ တားနိုင်တာပါ... အဲဒီနောက်မှာတော့ မင်းတို့ အားလုံး သေကြရမှာပဲ”

ရေခဲမိစ္ဆာက အေးစက်စွာ ဆိုလိုက်၏။ သူသည် နောက်ထပ် အမိန့်တစ်ခုကို ထပ်မံ ပေးလိုက်ပြန်ရာ ဧရာမ နှင်းခဲဘီလူးကြီးမှာ ဒုတိယမြောက် နှင်းမုန်တိုင်းကို ထုတ်လွှတ်လိုက်ပြန်သည်။ ၎င်းတိုက်ကွက်က အော့ချွမ်းကို အလွယ်တကူပင် လွင့်စင်သွားစေကာ ၊ ရှိနေသမျှသော သန်းပေါင်းများစွာသော ကျင့်ကြံသူများကိုလည်း မျှော်လင့်ချက် ကင်းမဲ့သွားစေတော့၏

“ဟူး…ကောင်းကင်ဘုံက ငါ့ရဲ့ မြူခိုးဂိုဏ်းကို တကယ်ပဲ ဖျက်ဆီးချင်နေတာလား”

ယဲ့ဖုန်း၏ သက်ပြင်းချသံကြီးမှာ မြူခိုးတောင်ထိပ်ထက်၌ ပဲ့တင်ထပ်သွားတော့သည်။

“ဟား... ကောင်းကင်ဘုံက မင်းတို့ မြူခိုးဂိုဏ်းကို ဖျက်ဆီးချင်တာ မဟုတ်ဘူး... ငါကသာ မိုင်ပေါင်း တစ်ထောင်ကို အေးခဲပစ်ပြီးတော့ ဒီနယ်မြေထဲမှာ ရှိသမျှသော သက်ရှိတွေကို အမြစ်ပြတ် သုတ်သင်မှာလေ... မြူခိုးဂိုဏ်း ပျက်စီးသွားတာကတော့ ဘေးထွက်ဆိုးကျိုး တစ်ခုပဲ... နားလည်လား”

ရေခဲမိစ္ဆာက မထီမဲ့မြင် ပြန်လည် ကဲ့ရဲ့လိုက်၏။

“ဂိုဏ်းချုပ်ယဲ့ တောင်မှ ဘာမှ မတတ်နိုင်တော့ဘူးလား”

ယဲ့ဖုန်း၏ သက်ပြင်းချသံကို ကြားလိုက်ရသောအခါ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားကြရတော့၏။ သို့သော်လည်း သူတို့သည် ယဲ့ဖုန်းမှာ ကျင့်ကြံခြင်း အစွမ်းများ ဆုံးရှုံးထားရသဖြင့် မည်သို့မျှ လှုပ်ရှားနိုင်စွမ်း မရှိတော့ကြောင်းကို ပြန်လည် သတိရလိုက်ကြ၏။ ကြီးမားလှသော အားကိုးရာမဲ့သည့် ခံစားချက်ကြီးက သူတို့ကို လွှမ်းမုံသွားတော့သည်။

သို့ဖြစ်သော်ငြားလည်း နောက်တစ်ခဏမှာတော့...

နူးညံ့သိမ်မွေ့လှသော အသံလေးတစ်ခုမှာ ကောင်းကင်ယံ တစ်ခုလုံးကို ပြည့်နှက်သွားစေတော့၏။

“စီနီယာအစ်ကိုကြီး ယဲ့... ကျွန်တော် ရောက်လာပါပြီဗျာ”

ထ်ုစကားသံနှင့်အတူ၊ အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားသော ၊ နှင်းပွင့်များအလား ဖြူစင်လှသော လူရိပ်တစ်ခုမှာ ကောင်းကင်မှနေ၍ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့တော့၏။ သူသည် အရပ်ရှည်လျက် ခန့်ညားလှကာ လက်ထဲတွင်မူ စက္ကူယပ်တောင်လေး တစ်ခုကို ကိုင်ဆောင်လျက် အသာအယာ ခတ်နေသည်။

‘လူအုပ်ကြီးကြားတွင် ကျောက်စိမ်းကဲ့သို့ တန်ဖိုးရှိလှသော ပုဂ္ဂိုလ်... ဤလူသားလောက၌ ယှဉ်နိုင်သူ မရှိသည့် သခင်လေး...’

ဤစကားလုံးများမှာ ရုတ်တရက် ပေါ်ထွက်လာသော ထိုဆန်းကြယ်လှသည့် သခင်လေးအတွက် အသင့်တော်ဆုံးသော တင်စားမှုပင် ဖြစ်တော့၏။

နောက်တစ်ခဏ၌မူ ထိုဝတ်ရုံဖြူနှင့် သခင်လေးထံမှနေ၍ ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဒုတိယအလွှာ (၂) ၏ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများမှာ ပေါက်ကွဲထွက်လာခဲ့တော့သည်။ ၎င်းမှာ ပတ်ဝန်းကျင် တစ်ခုလုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားခဲ့ကာ ရေခဲမိစ္ဆာ ထုတ်လွှတ်ထားသော အအေးဓာတ်များကို နေမင်းအောက်မှ နှင်းပွင့်များအလား မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားစေတော့၏။

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရေခဲမိစ္ဆာ၏ မျက်လုံးအိမ်များမှာ ထိတ်လန့်မှုကြောင့် ကျုံ့သွားရတော့၏။

မြူခိုးဂိုဏ်းမှာ ဤကဲ့သို့သော ထူးချွန်လှသည့် အကူအညီပေးမည့်သူ ဘယ်ကနေ ရောက်လာရသနည်း။

မှောင်ရိပ်အတွင်း၌မူ နတ်ဆိုး ဘုရားကျောင်းသခင်သည် မြူခိုးဂိုဏ်း၏ အခြေအနေကို မှန်ပြင်မှတစ်ဆင့် စောင့်ကြည့်နေ၏။ ဝတ်ရုံဖြူနှင့် သခင်လေး ပေါ်လာသည့် တစ်ခဏ၌ နန်းတော်သခင်မှာ အံ့ဩလွန်းသဖြင့် မျက်လုံးများပင် ပြူးထွက်သွားရသည်။

“ငလူး... မြူခိုးဂိုဏ်းမှာ ဘယ်လိုဖြစ်ပြီး အကူအညီ ရှိနေရတာလဲ”

သူသည် လုံးဝကို နားမလည်နိုင်အောင် ဖြစ်နေရတော့သည်။ ခုနတင်ပဲ သူသည် လင်မြောင်ဘိုးဘေးနှင့် ကျန်းလင်းဘိုးဘေးတို့မှာ ဝေးကွာလှသော အရပ်တွင် အချင်းချင်း နတ်ဘုရားစွမ်းရည်များ ဖလှယ်နေကြသဖြင့် မြူခိုးဂိုဏ်းကို လာရောက် ကူညီနိုင်မည် မဟုတ်ကြောင်း အသေအချာ စစ်ဆေးခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့်ပင် သူသည် ယနေ့တွင် ယဲ့ဖုန်းမှာ သေချာပေါက် သေရမည်ဟု ယုံကြည်နေခဲ့ခြင်းပင် ဖြစ်သည်။

ရေပေါ်ဖြူမြို့တော်နှင့် နိုင်ငံနှစ်ခုလုံးမှ ပါရမီရှင်များမှာလည်း ရေခဲမိစ္ဆာ၏ လက်အောက်တွင် သေဆုံးကြရမည်ဟု သူ မျှော်လင့်ထားခဲ့၏။ သို့သော်လည်း မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်က ဝင်ရောက် စွက်ဖက်ခဲ့တော့သည်။

“ဒီလူက တကယ်ပဲ ဘယ်သူလဲဟေ”

နတ်ဆိုး ဘုရားကျောင်းသခင်သည် ဝတ်ရုံဖြူနှင့် သခင်လေးကို စူးစူးစိုက်စိုက် ကြည့်နေသော်လည်း အချိန်အတော်ကြာသည့်တိုင် သူ၏ မှတ်ဉာဏ်ထဲတွင် ထိုလူနှင့် ပတ်သက်၍ ဘာမှ ရှာမတွေ့ခဲ့ပါချေ။

အမှတ် (၆) စင်မြင့်ထက်၌မူ...

“ဒါ... မြူခိုးသခင်လေး ပါလား။ သူက တကယ်ပဲ ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိတဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်နေတာလား”

ဟိုယွင်ကျဲက တအံ့တသြ ရေရွတ်လိုက်၏။

ရှီလေ့၊ လုံထျန်းရှင်းနှင့် ဝမ်ဖင်းအန်းတို့မှာလည်း တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ပါးစပ်များပင် ဟောင်းလောင်း ဖြစ်နေကြရတော့သည်။ အတိတ်ကာလက ဟိုင်ကျင်းမြို့အနီးတွင် သူတို့ ကျင့်ကြံနေစဉ်က ဖေးဟွာဂိုဏ်းမှ နင်ယွီကျဲ၏ ချောင်းမြောင်း တိုက်ခိုက်ခံခဲ့ရစဉ်မှာ သူတို့ကို ကယ်တင်ပေးခဲ့သူမှာ ဤမြူခိုးသခင်လေးပင် ဖြစ်သည်။ ထိုစဉ်က သူသည် နွယ်ပင်နတ်ဆိုးကိုပင် ဖျက်ဆီးပစ်ခဲ့သဖြင့် ဟိုင်ကျင်းမြို့ရှိ ကျင့်ကြံသူ အားလုံးကို မှင်သက်သွားစေခဲ့သည် မဟုတ်ပါလော။

ယနေ့တွင်မူ သူသည် နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြန်တော့၏။ ဟင်းလင်းပြင်ဖြိုခွဲအဆင့်၏ အရှိန်အဝါများဖြင့် ရောက်ရှိလာကာ ရေခဲမိစ္ဆာကို အလွယ်တကူပင် ဖိနှိပ်လိုက်ပြီး သန်းပေါင်းများစွာသော လူများကို ကယ်တင်လိုက်ခြင်းပင် ဖြစ်သည်။

“မင်းက ဘယ်သူလဲဟေ”

ရေခဲမိစ္ဆာမှာ မြူခိုးသခင်လေး၏ အရှိန်အဝါအောက်တွင် လုံးဝ လှုပ်ရှား၍ မရတော့ဘဲ ၊ ကြောက်စရာကောင်းလှသော သားရဲကြီး တစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံနေရသည့်နှယ် ခံစားနေရတော့၏။

“ငါက မြူခိုးသခင်လေး ပဲ... မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ရဲ့ ဂိုဏ်းတူညီလေးပေါ့... ပြီးတော့ ငါက မြူခိုးဂိုဏ်းရဲ့ အဆင့်မြင့်ဆုံး အကြီးအကဲ တစ်ယောက်လည်း ဟုတ်တယ်လေ... ရေခဲမိစ္ဆာ အညတရ တစ်ကောင်ကများ ငါ့ဂိုဏ်းမှာ လာပြီး သောင်းကျန်းရဲတယ်ပေါ့... မင်းကို ငါ ဘယ်လို သုတ်သင်မလဲဆိုတာ ကြည့်ထားလိုက်စမ်း”

မြူခိုးသခင်လေးက ကြွေးကြော်လိုက်၏။

ထိုသို့ ပြောပြီးနောက်တွင်မူ မြူခိုးသခင်လေးသည် စတင် လှုပ်ရှားလိုက်၏။ သူသည် ရှေ့သို့ ပြင်းထန်သော ခြေလှမ်း (၃) လှမ်းကို လှမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများမှာ ပေါက်ကွဲထွက်လာခဲ့ပြီး သူ၏ ခြေထောက်ဖြင့် ရေခဲမိစ္ဆာ၏ ဦးခေါင်းထိပ်ကို ပြင်းထန်စွာ နင်းချလိုက်တော့၏။

“ဂျွတ်... ... ... ”

ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိသော ဘိုးဘေးကြီး တစ်ယောက်မှာ မရေမတွက်နိုင်သော လူအုပ်ကြီး၏ ရှေ့မှောက်၌ပင် မြူခိုးသခင်လေး၏ ခြေထောက်အောက်တွင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့ရရှာတော့သည်။ သူသည် ရေခဲစများအလား ပြိုကွဲသွားခဲ့ကာ လေထဲ၌ လွင့်ပျံသွားရတော့၏။ လူတိုင်း၏ နှလုံးသားပေါ်၌ ဖိနှိပ်ထားသော အေးစက်လှသည့် အရှိန်အဝါများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သဖြင့် အားလုံးမှာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ကြရတော့၏။

“ဟမ့်... မင်းက ပြန်လာတတ်သေးတာပဲလား ညီလေး”

ထိုအခိုက်အတန့်၌ မြူခိုးတောင်ထိပ်ထက်မှ အနည်းငယ် မကျေနပ်သော အသံကြီး တစ်ခု ထွက်ပေါ်လာ၏။ လူတိုင်းက မော့ကြည့်လိုက်ကြရာ ယဲ့ဖုန်းသည် ဂိုဏ်းချုပ်နန်းဆောင်၏ ရှေ့တွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ မျက်နှာမှာလည်း လုံးဝ စိတ်မကြည်မလင် ဖြစ်နေသည့်အသွင် ရှိ၏။

“စီနီယာ အစ်ကိုကြီး... ကျွန်တော် ပြန်လာတာ နောက်ကျသွားတဲ့အတွက်... အပြစ်ပေးတာကို ခံယူပါ့မယ် ခင်ဗျာ”

လူအုပ်ကြီး၏ အံ့ဩနေသော အကြည့်များအောက်တွင် ၊ ခုနတင်ပဲ ရေခဲမိစ္ဆာကို အပိုင်းပိုင်း ချေမှုန်းခဲ့သည့် အစွမ်းထက်လှသော မြူခိုးသခင်လေးသည် မြူခိုးတောင်ထိပ်ထက်ရှိ ယဲ့ဖုန်းအား ရိုသေကိုင်းညွတ်စွာဖြင့် ဦးညွှတ် ဂါရဝပြုလိုက်တော့၏။

“ဟူး... ... ... ”

“မြူခိုးသခင်လေးက တကယ်ပဲ ဂိုဏ်းချုပ်ယဲ့ရဲ့ ဂိုဏ်းတူညီလေး ဖြစ်နေတာလား”

“ဘုရားရေ... ... ... ”

“ဒါဆို မြူခိုးဂိုဏ်းရဲ့ နောက်ကွယ်မှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိတဲ့ အဆင့်မြင့်ဆုံး အကြီးအကဲ တစ်ယောက်က အမြဲတမ်း ရှိနေခဲ့တာပေါ့လေ”

“မြူခိုးဂိုဏ်း ဘာလို့ ဒီလောက်အထိ အောင်မြင်နေသလဲဆိုတာ မထူးဆန်းတော့ပါဘူး... အဓိက အချက်က ဒီမှာကိုး”

“ဂိုဏ်းချုပ်ယဲ့က ကျင့်ကြံခြင်းတွေ ဆုံးရှုံးထားတာတောင်မှ ၊ မြူခိုးသခင်လေးက သူ့အပေါ်မှာ ဒီလောက်အထိ ရိုသေလေးစားနေတာကို ကြည့်ပါဦး... ဂိုဏ်းချုပ်ယဲ့ရဲ့ ဆွဲဆောင်မှုက တကယ်ကို ကြီးမားလွန်းလှတာပဲနော်”

အင်အားစု အသီးသီးမှ လူများမှာ စိတ်ဝင်တစား တွတ်ထိုး ပြောဆိုနေကြတော့၏။

ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး + (၁၂၇၆၅၃)

အသက်ရှူအကြိမ် (၁၀) ကြိမ်ပင် မပြည့်သေးမီမှာပင် မြူခိုးဂိုဏ်း၏ ဂုဏ်သတင်း တန်ဖိုးများမှာ တစ်သိန်းကျော်အထိ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့တော့သည်။

ယဲ့ဖုန်းသည် ထိုနေရာမှာပင် မာန်ပါပါ ရပ်နေ၏။

သူသည် စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသည့်အခါ အကျယ်ကြီး အော်ရယ်ပစ်ချင်သော်လည်း ၊ ယနေ့၏ ပြဇာတ်မှာ မပြီးဆုံးသေးသဖြင့် ဆက်လက် သရုပ်ဆောင်နေရသေးသည် မဟုတ်ပါလော။

သူသည် မြူခိုးသခင်လေးကို တစ်ချက်ကြည့်လိုက်ကာ မှာကြားလိုက်၏။

“ညီလေး... မင်း လောကအနှံ့ လှည့်လည်သွားလာရတာကို ဝါသနာပါမှန်း ငါ သိပါတယ်... ဒါပေမဲ့ အားတဲ့ အချိန်မျိုးမှာတော့ အိမ်ကို ခဏခဏ ပြန်လာသင့်တယ် မဟုတ်လား... နားလည်လား”

“နားလည်ပါပြီ စီနီယာ အစ်ကိုကြီး... ဒါပေမဲ့ ကျွန်တော် အခု ကြယ်တာရာ ဟင်းလင်းပြင်ထဲမှာ တိုက်ပွဲကြီးတစ်ခုနဲ့ ကြုံတွေ့နေရလို့ ကြာကြာ နေလို့ မရဘူး ဖြစ်နေတယ်ဗျ... ကျွန်တော် အခုပဲ ပြန်သွားရတော့မယ်” ဟု မြူခိုးသခင်လေးက အံကို တင်းတင်းကြိတ်လျက် လေးနက်စွာ ဆိုလိုက်၏။

“ဟူး... ဒါဆိုရင်လည်း သွားပါတော့လေ”

ယဲ့ဖုန်းက ဘာမှ မတတ်နိုင်သည့် မျက်နှာပေးဖြင့် လက်ယမ်းပြလိုက်သည်။

“စီနီယာ အစ်ကိုကြီး... ကျွန်တော် သွားပါရစေဦး ခင်ဗျာ”

နောက်တစ်ခဏတွင်မူ...

လူတိုင်း၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်များကြားမှာပင် မြူခိုးသခင်လေးသည် ကောင်းကင်ယံသို့ တစ်ဟုန်ထိုး ပျံတက်သွားခဲ့ကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်အဆုံး၌ ပျောက်ကွယ်သွားခဲ့တော့၏။

သူသည် များစွာသော တွေးတောဖွယ်ရာများကိုသာ ချန်ထားရစ်ခဲ့တော့သည်။

--

All Chapters