← Chapters

အခန်း ၅၈၁

Vol. 39 Ch. 581

အခန်း ၅၈၁

Vol. 39 Ch. 581

အခန်း (၅၈၁) - အပေးအယူမျှသော ပြဇာတ်နှင့် နှင်းခဲဘီလူး၏ သွေးကြော

~“ဟူး... နောက်ဆုံးတော့ ဒီပြဇာတ်က ပြီးသွားခဲ့ပြီပေါ့”

မြူခိုးသခင်လေး ပျောက်ကွယ်သွားရာ အရပ်မျက်နှာဆီသို့ ကြည့်ရင်း ယဲ့ဖုန်းသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိ၏။ အမှန်စင်စစ်တွင်မူ မြူခိုးသခင်လေး ဆိုသည်မှာ သူနှင့် အသွင်ပြောင်းသားရဲတို့ ပေါင်းစပ်ဖန်တီးထားသော ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။

သူသည် ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဒုတိယအလွှာ (၂) ၏ အရှိန်အဝါများကို ထုတ်ဖော်နိုင်ခဲ့ခြင်းမှာ မူလအနှစ်သာရ စွမ်းအား၏ ပံ့ပိုးမှုကြောင့်ပင် ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် ‘ကောင်းကင်ဘုံသို့ ခုနစ်လှမ်း’ ကျင့်စဉ်၏ ပထမခြေလှမ်း သုံးလှမ်းကို အသုံးပြုကာ ရေခဲမိစ္ဆာကို အလွယ်တကူပင် အပိုင်းပိုင်း ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းကတည်းက ယဲ့ဖုန်းသည် မြူခိုးတောင်ထိပ်၌ သူ၏ ရုပ်သွင်တူ လူသားပုံရိပ်တစ်ခုကို ချန်ထားခဲ့ကာ၊ သူကိုယ်တိုင်မှာမူ အသွင်ပြောင်းသားရဲနှင့်အတူ မြူခိုးသခင်လေးအဖြစ် ဟန်ဆောင်ကာ အရေးကြီးသော အချိန်တွင် ပေါ်ထွက်လာခဲ့ခြင်းပင်။ ယခုမူ ဤပြဇာတ်မှာ တကယ့်ကို အောင်မြင်စွာ နိဂုံးချုပ်သွားခဲ့ပြီ ဖြစ်တော့၏။

ယဲ့ဖုန်းသည် ရလဒ်ကို ကြည့်ရင်း များစွာ ကျေနပ်နေမိသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရှိနေသမျှသော သူများကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

“ငါ့ရဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်လှတဲ့ ညီလေးက အိမ်ပြန်လာတတ်သေးတာပဲနော်... ဂိုဏ်းရဲ့ အကျပ်အတည်းကိုလည်း အချိန်မီ ဖြေရှင်းပေးသွားခဲ့တယ်လေ”

"ဝှစ်"

ဟိုယွင်ကျဲ၊ ရှီလေ့နှင့် အခြားသော တပည့်များမှာ မြူခိုးဂိုဏ်းဆီသို့ တစ်ဟုန်ထိုး ပျံသန်း ရောက်ရှိလာကြ၏။

“ဂိုဏ်းချုပ်ဦးလေး... ကျွန်မတို့မှာ တကယ်ပဲ ဂိုဏ်းတူဦးလေး တစ်ယောက် ရှိနေတာလားဟင်” လီကျောက်ကျောက်က လူတိုင်းကိုယ်စား မေးမြန်းလိုက်သည်။

“ရှိတာပေါ့... ရှိတာပေါ့”

ယဲ့ဖုန်းက ခေါင်းညိတ်ကာ အတည်ပြုလိုက်၏။

သူသည် ဝေးကွာသော အရပ်ဆီသို့ အကြည့်ပို့လွှတ်ရင်း သူ၏ လုပ်ကြံဖန်တီးထားသော သမိုင်းကြောင်းကို လွမ်းမောစွာဖြင့် ပြောဆိုလိုက်တော့သည်။

“အမှန်တော့ ငါရယ်၊ ငါ့ရဲ့ စီနီယာ အစ်ကိုကြီးရယ်၊ ပြီးတော့ အဲဒီညီလေးရယ်က ရှေးဟောင်းဂိုဏ်း တစ်ခုတည်းကနေ လာကြတာလေ။ နောက်ပိုင်းမှာ ငါ့ရဲ့ စီနီယာ အစ်ကိုကြီးက မြူခိုးတောင်ထိပ်ကို ရောက်လာပြီးတော့ မြူခိုးဂိုဏ်းကို တည်ထောင်ခဲ့တာပေါ့”

“အဲဒီနောက်မှာတော့ သူက ငါ့ကို ရှာတွေ့ပြီး မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်အဖြစ် တာဝန်ယူဖို့ တောင်းဆိုခဲ့လို့ ငါကလည်း သဘောတူခဲ့တာ... အဲဒီညီလေးကတော့ ဂိုဏ်းထဲမှာပဲ အမြဲတမ်း နေထိုင်နေခဲ့တာပေါ့”

ယဲ့ဖုန်း၏ အသံမှာ သိပ်မကျယ်လှသော်လည်း၊ နိုင်ငံနှစ်ခုလုံးမှ ကျင့်ကြံသူများမှာမူ ရှင်းလင်းစွာ ကြားလိုက်ရသဖြင့် အံ့ဩလွန်း၍ မျက်လုံးများပင် ပြူးကျယ်သွားကြရရှာတော့၏။

“ဘုရားရေ... ... ... ”

“ဂိုဏ်းချုပ်ယဲ့က တကယ်ပဲ ရှေးဟောင်းဂိုဏ်းကြီး တစ်ခုကနေ လာတာပေါ့လေ။ ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဒုတိယအလွှာ ရှိတဲ့ တပည့်တွေ ရှိနေတယ်ဆိုမှတော့... အဲဒီဂိုဏ်းက ဒဏ္ဍာရီထဲက ကြယ်ငါးပွင့် အင်အားစု တစ်ခုများ ဖြစ်နေမလား”

“ဖြစ်နိုင်တာပေါ့ဗျာ”

“ဒါပေမဲ့ ထူးဆန်းတာက... အဲဒီလောက် သန်မာတဲ့ ဂိုဏ်းကြီးက ဘာလို့ ဂိုဏ်းချုပ်ယဲ့ကို မြူခိုးဂိုဏ်း တည်ထောင်ခွင့် ပေးရတာလဲ”

“မင်းကတော့ လူအပဲ... ခုနကပဲ ပြောသွားတယ်လေ... ဂိုဏ်းချုပ်ယဲ့ရဲ့ စီနီယာ အစ်ကိုကြီးက တည်ထောင်ခဲ့တာပါဆိုမှ”

လူအုပ်ကြီးက တစ်ဦးကိုတစ်ဦး တီးတိုး ဝေဖန်နေကြကာ အမျိုးမျိုးသော ထင်မြင်ချက်များကို ပေးနေကြသဖြင့် ယဲ့ဖုန်းမှာ ရင်ထဲတွင် တိတ်တဆိတ် ဝမ်းသာနေမိတော့၏။

အဘယ်ကြောင့်ဆိုသော် လူတွေက အသေးစိတ် အချက်အလက်များကို သူတို့ဘာသာ ဖြည့်စွက်ပေးလေလေ၊ သူ၏ အခြေအနေမှာ ပိုမို ခိုင်မာလာလေလေ ဖြစ်သောကြောင့်ပါပင်။

ယဲ့ဖုန်းက လည်ချောင်းကို တစ်ချက် ရှင်းလိုက်ကာ ပါရမီရှင် လူငယ်များကို ကြည့်ရင်း ကြေညာလိုက်သည်။

“ဒီနေ့ ဖြစ်သွားတဲ့ အဖြစ်အပျက်ကတော့ ဒီ ဂိုဏ်းချုပ်တောင်မှ မမျှော်လင့်ထားတဲ့ ကိစ္စပါပဲ။ ကဲ... ရှေ့ဆက်ပြီးတော့ နိုင်ငံနှစ်ခုကြား ပါရမီရှင်တွေရဲ့ တိုက်ပွဲကို ဆက်လက် ကျင်းပကြရအောင်”

“ဟုတ်ကဲ့ပါ ခင်ဗျာ”

လူအုပ်ကြီးမှာ စင်မြင့်များဆီသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိသွားကြ၏။ ယဲ့ဖုန်းမှာမူ ရေခဲမိစ္ဆာ ကျဆုံးသွားသော နေရာဆီသို့ လျှောက်လှမ်းသွားကာ၊ ပြန့်ကျဲနေသော ရေခဲစများကို လက်ဖြင့် ဆုပ်ကိုင်လိုက်ရာ ၊ လက်သီးဆုပ်ခန့်ရှိသော ရေခဲပုံဆောင်ခဲ တစ်ခုအဖြစ် စုစည်းသွားခဲ့တော့သည်။

၎င်းအတွင်း၌ အဆုံးအစမရှိသော ခွန်အားများမှာ ပင်လယ်ပြင်အလား ကိန်းဝပ်နေလေသည်။

*“တီ..တီ.. နှင်းခဲဘီလူးရဲ့ သွေးကြောကို ရရှိပါပြီ”*

ယဲ့ဖုန်းသည် ဝိညာဉ်သားရဲစင်မြင့် ရှိရာ အရပ်သို့ အကြည့်ပို့လွှတ်လိုက်မိ၏။ လက်ရှိ အခြေအနေတွင် မြူခိုးဂိုဏ်းအတွင်း၌ ဤသွေးကြောကို စုပ်ယူရန် သင့်တော်သော ဝိညာဉ်သားရဲကို ရှာမတွေ့သေးပေ။

“ဪ... သိပြီ... မိုးကြိုးသားရဲလေးကို ပေးမယ်လေ”

ယဲ့ဖုန်းသည် လျှပ်စီးတန်းများ ဝန်းရံနေသော ဝဖြိုးသည့် ပြာလဲ့လဲ့ အရိပ်လေးကို မြင်လိုက်ရသဖြင့် ပြုံးလျက် ပျံသန်းသွားတော့သည်။ မိုးကြိုးသားရဲလေးမှာ ဝိညာဉ်သားရဲစင်မြင့်ထက်၌ အိပ်မောကျနေဆဲပင် ဖြစ်သည်။

“မိုးကြိုးသားရဲလေးရေ... ငါ မင်းကို ဆုချမယ်နော်”

သူသည် လက်ကို ဆန့်ထုတ်လိုက်ကာ ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိသော ထိုသွေးကြောကို မိုးကြိုးသားရဲလေး၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးလိုက်၏။

"ဝှစ်"

သွေးကြောသစ်နှင့် ပေါင်းစပ်သွားသည်နှင့်တစ်ပြိုင်နက် မိုးကြိုးသားရဲလေး၏ အရှိန်အဝါမှာ တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့ကာ ၊ အဆင့်တက်ခြင်း အတားအဆီးများကို ဆက်တိုက် ချိုးဖျက်လျက် မိစ္ဆာဘုရင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့တော့၏။ သူ၏ ခန္ဓာကိုယ်မှာလည်း သိသိသာသာ ကြီးမားလာတော့၏။

“ဝုန်း... ... ... ”

မိုးကြိုးသားရဲလေးမှာ နာကျင်မှုကြောင့် အော်ဟစ်လိုက်ရကာ သူ၏ တစ်ကိုယ်လုံးမှာ နှင်းပွင့်များဖြင့် ဖုံးလွှမ်းသွားခဲ့တော့၏။ အေးစိမ့်လှသော အအေးဓာတ်များက ဝိညာဉ်သားရဲစင်မြင့် တစ်ခုလုံးကို ရေခဲရိုက်ပစ်လိုက်တော့၏။

“ဒါ ဘာဖြစ်တာလဲဗျ” လူသားအသွင်ဖြင့် ရှိနေသော အော့ချွမ်းက အံ့ဩတကြီး မေးမြန်းလိုက်၏။

ယဲ့ဖုန်းက ရှင်းပြလိုက်သည်မှာ -

“ငါ့မှာ ဝိညာဉ်သွေးကြော လွှဲပြောင်းပေးနိုင်တဲ့ နည်းလမ်း ရှိတယ်လေ... အခုတော့ မိုးကြိုးသားရဲလေးက နှင်းခဲဘီလူးရဲ့ သွေးကြောကို စုပ်ယူနေတာပေါ့”

အော့ချွမ်း၏ မျက်လုံးများမှာ ဝင်းလက်သွားကာ စိတ်မကောင်းစွာ ဆိုလိုက်၏။

“ဂိုဏ်းချုပ်... ဒီလောက် ကောင်းတဲ့ အရာကို ကျွန်တော့်ကိုကျတော့ ဘာလို့ မပေးတာလဲဗျာ”

အကယ်၍ သူသာ ထိုသွေးကြောကို စုပ်ယူနိုင်မည်ဆိုပါက သူ၏ ကျင့်ကြံခြင်းမှာ များစွာ တိုးတက်သွားမည် မဟုတ်ပါလော။

“မင်းနဲ့က မကိုက်ညီဘူးလေ” ယဲ့ဖုန်းက ခေါင်းခါယမ်းပြလိုက်၏။

သူသည် အိပ်မောကျနေဆဲ ဖြစ်သော်လည်း ခွန်အားများ တိုးတက်နေဆဲဖြစ်သော မိုးကြိုးသားရဲလေးကို ကြည့်ကာ စိတ်သက်သာရာ ရသွားပြီးနောက် မြူခိုးတောင်ထိပ်သို့ ပြန်လည် ဆင်းသက်လိုက်သည်။ ပါရမီရှင် လူငယ်များ၏ တိုက်ပွဲမှာမူ ဆက်လက် ရှိနေဆဲပင်။ သို့သော်လည်း ယဲ့ဖုန်းမှာမူ ၎င်းကို စိတ်ဝင်တစား မရှိတော့ပါချေ။

သူသည် ရေခဲမိစ္ဆာ၏ မူလအနှစ်သာရများ ကျန်ရှိနေသော ရေခဲလုံးကို ထုတ်ယူကာ အတွေးနက်နေမိ၏။ သွေးကြောကို ဖယ်ထုတ်လိုက်စေဦးတော့၊ ကျန်ရှိနေသော စွမ်းအင်များမှာလည်း တကယ့်ကို ကြောက်စရာ ကောင်းလှသည်။

“ရှလူး... ... ... ”

ရုတ်တရက်ဆိုသလို တံတွေးမျိုချလိုက်သည့် အသံကြီး တစ်ခုမှာ သူ၏ နားထဲသို့ တိုးဝင်လာ၏။ ယဲ့ဖုန်းက အသံလာရာဆီသို့ အကြည့်ပို့လွှတ်လိုက်ရာ ဟူဖေးဖေးမှာ မြေပြင်ပေါ်၌ ဒူးထောက်လျက် ရေခဲလုံးကို နမ်းရင်း တံတွေးများကို အသည်းအသန် မျိုချနေသည်ကို မြင်တွေ့လိုက်ရတော့သည်။

“ဂိုဏ်းချုပ်... ကျွန်မ အဲဒါကို စားချင်တယ်ရှင်”

“မင်းကတော့ နောက်တစ်ခါ ထပ်လာပြန်ပြီပေါ့”

ယဲ့ဖုန်းမှာ ဘာမှပင် မပြောနိုင်တော့ပါချေ။ သူ ရတနာကောင်း တစ်ခုခု ရတိုင်း ဟူဖေးဖေးက စားပွဲပြင်ရန် ပြင်နေတတ်သည်မှာ တကယ့်ကို စိတ်ပျက်စရာ ကောင်းလှသည် မဟုတ်ပါလော။

“မစားဘဲ မနေနိုင်ဘူးလား”

“မနေနိုင်ဘူးရှင်”

ဟူဖေးဖေးက ရေခဲလုံးကို ကိုက်လျက် မျက်လုံးလေးများ ဝိုင်းသွားအောင် ကြည့်ကာ အသနားခံလိုက်၏။

“ဟူး... ထားလိုက်ပါတော့လေ”

ယဲ့ဖုန်းက လက်လွှတ်ပေးလိုက်ရတော့သည်။

ဟူဖေးဖေးမှာ ဝမ်းသာအားရဖြင့် ရေခဲလုံးကို စတင် ဝါးစားနေတော့၏။

ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး (ဟူဖေးဖေး) - (၅၅) ရာခိုင်နှုန်း ... ... ... (၉၅) ရာခိုင်နှုန်း

မကြာမီမှာပင် ဟူဖေးဖေးမှာ ရေခဲလုံးကို စားသောက်ပြီးသွားခဲ့ကာ ၊ သူမအတွင်းရှိ စွမ်းအင်များမှာလည်း (၉၅) ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့တော့သည်။

အဆင့်တက်ရန်အတွက် (၅) ရာခိုင်နှုန်းသာ လိုအပ်တော့သည် မဟုတ်ပါလော။

“ဝိုး... အရသာက တကယ့်ကို ကောင်းလိုက်တာ”

ဟူဖေးဖေးက သူမ၏ နှုတ်ခမ်းလွှာလေးကို သပ်လိုက်ရင်း ကျေနပ်စွာ ဆိုလိုက်၏။

“ဟင်းလင်းပြင်ဖြိုခွဲအဆင့် ရှိတဲ့ မူလအနှစ်သာရက အဆင့်မြှင့်တင်ရေး စွမ်းအင် အနည်းငယ်ပဲ တိုးပေးနိုင်တာလား... တကယ့်ကို တွက်ခြေမကိုက်လိုက်တာ”

ယဲ့ဖုန်း၏ မျက်နှာတွင် နှမြောတသ ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ထွက်နေလေသည်။

“ဘုန်း... ... ... ”

ထိုအခိုက်အတန့်၌ အမှတ် (၇) စင်မြင့်ထက်မှနေ၍ ပြင်းထန်လှသော အသံကြီး တစ်ခု ထွက်ပေါ်လာ၏။ လေဝူမင်းဆက်မှ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် သတ္တမအလွှာရှိ ပါရမီရှင် တစ်ဦးမှာ စင်ပေါ်မှ လွင့်ထွက်သွားခဲ့ကာ မြေပြင်ပေါ်သို့ ဝုန်းခဲ ကျရောက်လျက် သတိလစ်သွားရှာတော့သည်။

“ဘာဖြစ်တာလဲ”

“လှံဘုရင်တောင်မှ ရှုံးသွားတာလား”

ပရိသတ်များမှာ ထိတ်လန့်တုန်လှုပ်သွားကြကာ ၊ တိုက်ခိုက်လိုက်သော ဆန်းကြယ်လှသည့် လူငယ်ကို အံ့ဩတကြီး စိုက်ကြည့်နေမိကြတော့၏။

“ဒါ လျူယွင်ဂိုဏ်းက တုန်းချန် မဟုတ်လား”

“သူက ဘယ်အချိန်ကတည်းက ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် သတ္တမအလွှာ (၇) ကို ရောက်သွားတာလဲ... ဒါ မဖြစ်နိုင်တာပဲလေ”

လူတိုင်းမှာ လက်သီးပုန်း ပုံစံဖြင့် ရှိနေသော မျက်လုံးသေးသေးလေးများနှင့် လူငယ်ကို ကြည့်ရင်း မှင်သက်နေကြရတော့သည်။

“ဟေ... သူ ပါလား”

ယဲ့ဖုန်းသည်လည်း တုန်းချန်ကို အကြည့်ပို့လွှတ်လိုက်ရာ သူ၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ကွေးသွားရ၏။

သူသည် တုန်းချန်ကို အစောပိုင်းကတည်းက သတိထားမိခဲ့သော်လည်း သေသေချာချာ မဆန်းစစ်မိခဲ့ပါချေ။ သို့သော် ယနေ့တွင်မူ ထိုလူမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း သူ ရိပ်မိလိုက်သည်။

တစ်ချက်ကြည့်လိုက်လျှင်မူ သူ၏ ရုပ်ရည်မှာ မပြောင်းလဲသော်လည်း၊ ထိုအေးစက်လှသော ရေခဲမျက်ဝန်းများမှာမူ လုံးဝကို အခြားလူ တစ်ယောက် ဖြစ်နေသည့်နှယ် ခံစားချက်မျိုးကို ပေးစွမ်းနေတော့၏။

--

All Chapters