အခန်း ၅၈၃
Vol. 39 Ch. 583
အခန်း (၅၈၃)- ဟေးလော့ရှားရဲ့ ပထမဆုံး လုပ်ကြံသတ်ဖြတ်သူ တာဝန်
~“ဒီသောက် မြူခိုးဂိုဏ်းကတော့ကွာ... အခြေခံအုတ်မြစ်တွေက ဘာလို့ ဒီလောက်တောင် နက်နဲနေရတာလဲ”
ယပ်တောင်ကိုင် သခင်လေးသည် သူ၏ခြေထောက်ဖြင့် မြေပြင်ပေါ်ရှိ ယပ်တောင်ကို အစိတ်စိတ်အမွှာမွှာ နင်းခြေပစ်လိုက်၏။ ၎င်းနောက်တွင်တော့ အသစ်စက်စက် ယပ်တောင်တစ်ချောင်းကို ထပ်မံထုတ်ယူလိုက်ကာ သူ၏မျက်ခုံးအစုံမှာလည်း တင်းတင်းကြပ်ကြပ် တွန့်ကွေးနေတော့သည်။
“နန်းတော်သခင်... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ ခင်ဗျာ”
ဘေးနားရှိ ကျူးယုံဖုမှာလည်း အကြီးအကျယ် ထိတ်လန့်တုန်လှုပ်နေရှာသည်။ ရှောင်ဖန်ကူမှာမူ မယုံကြည်နိုင်လောက်အောင်ပင် မျက်လုံးများ ပြူးကျယ်နေမိတော့၏။
'ဒါဆိုရင် ဂိုဏ်းချုပ်ဟောင်းမှာ မြူခိုးသခင်လေးလိုမျိုး ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိတဲ့ ဂိုဏ်းတူညီလေးတစ်ယောက်တောင် ရှိနေတာပေါ့။ အဲဒီတုန်းက ငါ မြူခိုးဂိုဏ်းကနေ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တာက... တကယ့်ကို အမှားကြီး ဖြစ်နေခဲ့ပြီလား... အား...'
ရှောင်ဖန်ကူ၏ ရင်ထဲတွင် နောင်တတရားများက တောင်ပုံရာပုံ ပြည့်နှက်နေတော့သည်။ သူ၏ လက်သီးကို တင်းတင်းဆုပ်ထားမိရာ လက်သည်းများမှာ အသားထဲသို့ စူးဝင်နေသော်လည်း သူကိုယ်တိုင်ပင် သတိမပြုမိတော့ပါချေ။ ဤခံစားချက်မှာကား ရွှေအိုးကြီးကို လက်လွတ်စပယ် ပစ်ပယ်မိလိုက်သည့်နှယ်ပင် ဖြစ်သည်။
ယပ်တောင်ကိုင် သခင်လေးသည် ကျင့်ကြံခြင်း စွမ်းအားများ ကုန်ခမ်းနေသော်လည်း မိမိအား ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ပေးနိုင်စွမ်းရှိသည့် ယဲ့ဖုန်းကို ပြန်လည် အမှတ်ရနေမိသည်။ ယခုအခါ မြူခိုးဂိုဏ်း၌ ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိသော အဆင့်မြင့်ဆုံး အကြီးအကဲတစ်ဦးပင် ရှိနေပြီဖြစ်ရာ သူ၏ရင်ထဲ၌ ပိုမို၍ စိုးရိမ်ထိတ်လန့်နေမိတော့၏။
“နန်းတော်သခင်... ကျွန်တော်တို့ဆီကို အကူအညီတွေ လာဦးမှာ မဟုတ်လား ခင်ဗျာ”
ထိုအခိုက်အတန့်၌ ကျူးယုံဖုသည် တစ်စုံတစ်ခုကို သတိရသွားကာ အလျင်အမြန်ပင် မေးမြန်းလိုက်သည်။ ယပ်တောင်ကိုင် သခင်လေးက ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ဤသို့ ဆိုလိုက်၏။
“အကူအညီတွေကတော့ လာမှာပါ။ ဒါပေမဲ့ အဲဒီလူတွေက တပိုင်း ဟင်းလင်းပြင်ဖြိုခွဲအဆင့်နဲ့ ပထမအလွှာ ကြားမှာပဲ ရှိကြတာလေ။ သိပ်ပြီးတော့ မသန်မာကြဘူး။ အခုအချိန်မှာ ဒီကိုလာတာက သေတွင်းထဲ ဆင်းတာနဲ့ အတူတူပဲ ဖြစ်မှာပေါ့”
“ဒါဆိုရင်... ကျွန်တော်တို့ ဘာလုပ်ကြမလဲ” ကျူးယုံဖုမှာ ပျာယာခတ်နေတော့သည်။
“ဘာကို ကြောက်နေတာလဲ”
ယပ်တောင်ကိုင် သခင်လေးက မျက်မှောင်ကြုတ်လိုက်ကာ -
“ခဏနေဦး... ငါ တွက်ချက်ကြည့်လိုက်မယ်”
သူသည် ချက်ချင်းပင် ယုတ်မာလှသော အငွေ့အသက်ပေါင်း သောင်းနှင့်ချီ၍ ထုတ်ဖော်လိုက်ကာ ရှည်လျားလှသော ဟောကိန်းထုတ်ခြင်း အတတ်ကို စတင်တော့သည်။ မန္တန်များကို ရွတ်ဆိုနေသည်မှာပင် တစ်နာရီခန့် ကြာမြင့်သွားတော့၏။
ဝုန်း...
မန္တန်ရွတ်ဆိုသံ အဆုံးတွင် ပန်းချီလိပ်တစ်ခု ပေါ်ထွက်လာသည်။ ပန်းချီလိပ်ပေါ်ရှိ ပုံရိပ်များကို ကြည့်ရင်း ယပ်တောင်ကိုင် သခင်လေးသည် ဉာဏ်အလင်းပွင့်သွားသည့်နှယ် ခံစားလိုက်ရကာ သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ဝမ်းသာအားရ ဆိုလိုက်တော့၏။
“ရှာတွေ့ပြီဟေ့”
“ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုရဲ့ ကမ္ဘာထဲက မြေအောက်လှိုဏ်ဂူနက်ကြီးထဲကို ဝင်ပြီးတော့ ထူးခြားတဲ့ လမ်းကြောင်းတစ်ခုကို ဖွင့်နိုင်မယ်ဆိုရင်... ဝေးကွာလှတဲ့ ကြယ်တာရာ ဟင်းလင်းပြင်ထဲက ကြောက်စရာကောင်းတဲ့ ပြင်ပလောက မိစ္ဆာဆိုးတွေကို လွှတ်ထုတ်ပေးလို့ ရမှာပဲ”
“ကောင်းပြီ... ငါတို့ အခုပဲ ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုဆီကို သွားကြတာပေါ့”
“ဟေ... ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုက ဘယ်နားမှာ ရှိတာပါလိမ့်... တောက်... ငါ နောက်တစ်ခါ ထပ်ပြီး တွက်ချက်ရဦးမှာပေါ့”
ယပ်တောင်ကိုင် သခင်လေးမှာ ဒေါသထွက်လွန်းသဖြင့် အံကို တင်းတင်းကြိတ်လိုက်မိသည်။ သူသည် တွက်ချက်ခြင်းအတွက် များပြားလှသော ယုတ်မာသည့် အငွေ့အသက်များကို ဆက်လက် အသုံးပြုနေရတော့၏။
...
နတ်ဆိုး ဘုရားကျောင်း၏ အနက်ရှိုင်းဆုံးသော နေရာ၌။
ပျောက်ကွယ်သွားသော ရေခဲနယ်မြေကို ကြည့်ရင်း နတ်ဆိုး ဘုရားကျောင်းသခင်သည် သူ၏ ရှေ့ရှိ ကျောက်စားပွဲကို လက်ဝါးဖြင့် ရိုက်ချကာ အမှုန့်ဖြစ်သွားအောင် ဖျက်ဆီးပစ်လိုက်သည်။
“ငါလည်း ဒေါသထွက်ဖို့ ကောင်းတာပဲကွာ”
“ယဲ့ဖုန်းက ကျင့်ကြံခြင်းတွေ အကုန်ဆုံးရှုံးသွားချိန်က အခွင့်အရေးကောင်းလို့ ငါ ထင်ခဲ့တာလေ။ ဒါပေမဲ့ မြူခိုးဂိုဏ်းရဲ့ နောက်ကွယ်မှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဒုတိယအလွှာ ရှိတဲ့ မြူခိုးသခင်လေးလိုမျိုး အဆင့်မြင့်ဆုံး အကြီးအကဲ တစ်ယောက် ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
မြူခိုးသခင်လေး မထွက်ခွာမီ ပြောသွားသော စကားများကို ပြန်လည် အမှတ်ရလိုက်သည့်အခါ နတ်ဆိုး ဘုရားကျောင်းသခင်၏ အကြည့်များမှာ စူးရှသွားတော့၏။
“ဟုတ်သားပဲ”
“မြူခိုးသခင်လေးက သူ ကြယ်တာရာ ဟင်းလင်းပြင်ထဲမှာ တိုက်ပွဲကြီးတစ်ခုနဲ့ ကြုံနေရတယ်လို့ ပြောသွားတာပဲ။ ဒါဆိုရင်တော့ သူ ခဏတစ်ဖြုတ်အတွင်း ပြန်လာနိုင်မှာ မဟုတ်ဘူးပေါ့”
“ဒါပေမဲ့... အဲဒါက တခြားလူတွေကို ထောင်ချောက်ဆင်ဖို့အတွက် သူ တမင်တကာ ပြောသွားတဲ့ အလိမ်အညာ စကားများလား ဆိုတာ ဘယ်သူ သိနိုင်မှာလဲ”
နတ်ဆိုး ဘုရားကျောင်းသခင်သည် အတွေးနက်နေမိတော့သည်။ သူသည် မြူခိုးဂိုဏ်းနှင့် ပတ်သက်၍ ပိုမို၍ပင် ဝေခွဲမရ ဖြစ်နေရတော့၏။
...
ထိုအခိုက်အတန့်၌ မြူခိုးတောင်ထိပ်ထက်တွင်။
လင်မြောင်ဘိုးဘေးနှင့် ကျန်းလင်းဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားတို့သည် မြူခိုးဂိုဏ်းသို့ ရောက်ရှိလာကြကာ ယဲ့ဖုန်းနှင့်အတူ လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောဆိုနေကြ၏။
“ဂိုဏ်းချုပ်ယဲ့... ခင်ဗျားတို့ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်တွေက ဒီလောက်အထိ နက်နဲလိမ့်မယ်လို့ ကျုပ်တို့ လုံးဝ မထင်ထားခဲ့ဘူးဗျာ။ ကျုပ်တို့ အဘိုးကြီး နှစ်ယောက်လုံး တကယ့်ကို အံ့ဩသွားရတယ်လေ”
လင်မြောင်ဘိုးဘေးက သက်ပြင်းတစ်ချက်ချလျက် ဆိုလိုက်သည်။
ကျန်းလင်းဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားကလည်း ဝင်ရောက်ပြောဆိုသည်မှာ -
“ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဒုတိယအလွှာ ဆိုတာက ကျုပ်တို့ နှစ်ယောက်ထက် အများကြီး ပိုပြီး သန်မာတာပဲ”
သူ၏ မူလကိုယ်စစ်မှာမူ အဆင့်တက်ရန် ကြိုးစားနေဆဲဖြစ်ပြီး အောင်မြင်ရန်မှာလည်း လက်တစ်ကမ်းအကွာ၌သာ ရှိတော့သည်။ သို့သော်လည်း သူ၏ အမြင်တွင် သူကိုယ်တိုင် ဒုတိယအလွှာသို့ ရောက်ရှိသွားစေဦးတော့ မြူခိုးသခင်လေးအား ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု ယူဆနေခြင်း ဖြစ်သည်။
“အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော့်ရဲ့ အဲဒီ ထိန်းမနိုင်သိမ်းမရ ဖြစ်လှတဲ့ ညီလေး ပြန်လာလိမ့်မယ်လို့ ကျွန်တော်လည်း မသိခဲ့ဘူးဗျ။ ကျွန်တော့် မှတ်ဉာဏ်ထဲမှာတော့ သူက အရင်က မူလနတ်ဘုရားအဆင့်မှာပဲ ရှိသေးတာလေ။ ဒါပေမဲ့ တစ်နှစ်၊ နှစ်နှစ်လောက် မတွေ့လိုက်ရတဲ့ အချိန်အတွင်းမှာ ဒီလောက်အထိ အဆင့်ချိုးဖြတ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
ယဲ့ဖုန်းသည် အလွန်ပင် အံ့အားသင့်နေသည့်ဟန်ဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။ သူ၏ သရုပ်ဆောင်မှုမှာ တကယ့်ကို ပြောင်မြောက်လှသဖြင့် ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိသော ဘိုးဘေးကြီး နှစ်ဦးပင်လျှင် ၎င်းမှာ အမှန်တရားဟု အကြွင်းမဲ့ ယုံကြည်သွားကြရတော့၏။
“ဒါနဲ့... နောက်တစ်ခဏ ကြာရင် လေဝူဘိုးဘေးက ကျောင်းယန် သန့်စင်သော မြို့တော်မှာ သောက်ပွဲသဘင် ကျင်းပဖို့ ရှိတယ်ဗျ။ ကျုပ်တို့ကိုလည်း ဖိတ်ကြားထားတာမို့လို့ ဂိုဏ်းချုပ်ယဲ့ အနေနဲ့လည်း အားရင် တက်ရောက်ပေးပါဦး”
ကျန်းလင်းဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားက ဖိတ်စာတစ်စောင်ကို ထုတ်ယူလိုက်သည်။
ယဲ့ဖုန်းက ၎င်းကို ဖွင့်ကြည့်လိုက်ရာ သူ့အား တရားဝင် ဖိတ်ကြားထားခြင်း ဖြစ်ပြီး ၊ ဖိတ်ကြားသူမှာလည်း လေဝူမင်းဆက်၏ ဘိုးဘေးကြီး ဖြစ်နေ၏။
“နောက်တစ်လခွဲ ကြာရင်ပေါ့... ကောင်းပါပြီ ခင်ဗျာ”
ယဲ့ဖုန်းက ခေါင်းညိတ်လိုက်၏။
ထိုအခိုက်အတန့်၌ ကျန်းလင်းဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားက သူ၏ မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်ရင်း ဆိုလိုက်တော့၏။
“လေဝူဘိုးဘေးက ကျုပ်ရဲ့ မူလကိုယ်စစ် အဆင့်တက်တော့မှာကို သိနေလို့ ၊ ကျုပ်အတွက် ဂုဏ်ပြုပွဲ အဖြစ်နဲ့ တမင်တကာ ပြင်ဆင်ပေးတာ ဖြစ်ရမယ်ဗျ”
“အော်... ဒီလိုကိုး”
ယဲ့ဖုန်းမှာ ချက်ချင်းပင် သဘောပေါက်သွားသည်။
၎င်းနောက်တွင်မူ ထိုသူသုံးဦးမှာ အချိန်အတော်ကြာအောင် စကားများ ပြောဆိုနေခဲ့ကြပြီး ၊ နေဝင်မိုးချုပ်သည့် အခါမှသာ ဘိုးဘေးကြီး နှစ်ဦးမှာ မြူခိုးတောင်ထိပ်မှ ထွက်ခွာကာ လျှို့ဝှက်ဆန်းကြယ် မင်းနေပြည်တော်သို့ ပြန်သွားကြတော့၏။ ဧည့်သည်များကို ပို့ဆောင်ပြီးနောက် ယဲ့ဖုန်းသည် သူ၏ ကုလားထိုင်ပေါ်တွင် ပြန်လည် လဲလျောင်းလိုက်၏။
'ဒီအတိုင်းတော့ မဖြစ်သေးဘူး'
'အသွင်ပြောင်းသားရဲက ငါ့ဘေးမှာ အမြဲတမ်း ရှိနေနိုင်မှာ မဟုတ်ဘူး။ အရေးကြီးတဲ့ အချိန်မျိုးမှာ ကိုယ်ပွားဖန်တီးနိုင်တဲ့ နတ်ဘုရားစွမ်းရည် တစ်ခုခုကို ငါ သင်ယူရမယ်။ တစ်ယောက်က မူလကိုယ်စစ်အဖြစ် ဟန်ဆောင်ပြီး ၊ နောက်တစ်ယောက်က မြူခိုးသခင်လေးအဖြစ် ပြောင်းလဲဖို့ပေါ့'
'အဲဒီလိုဆိုမှပဲ ငါ့ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားမှာကို ရှောင်ရှားနိုင်လိမ့်မယ်'
ယဲ့ဖုန်းက မိမိဘာသာ တွေးတောနေမိတော့သည်။
သို့သော်ငြားလည်း အခြေခံကျသည့် မူလကျင့်စဉ် မရှိဘဲနှင့်တော့ မည်မျှပင် တော်သည့် ဇနီးသည် ဖြစ်စေဦးတော့ ဆန်မရှိဘဲ ထမင်းချက်လို့ မရနိုင်ပါလေ။
သူသည် ကိုယ်ပွားဖန်တီးခြင်း အတတ်ကို တွက်ချက်ဖော်ထုတ်ချင်နေသော်လည်း စတင်ရန်အတွက် အခြေခံ သိုင်းကျမ်းပင် မရှိသဖြင့် အောင်မြင်ခြင်း မရှိသေးပါချေ။
“ထားလိုက်ပါတော့လေ... ကျောင်းယန် သန့်စင်သော မြို့တော်ကို ရောက်တဲ့ အခါကျမှ ၊ အဲဒီက သိုင်းကျမ်းနန်းတော်မှာ သက်ဆိုင်ရာ ရှေးဟောင်းသိုင်းကျမ်းတွေကို ရှာဖွေပြီး ငါ့ရဲ့ တွက်ချက်မှုတွေအတွက် အသုံးပြုရမှာပေါ့”
ယဲ့ဖုန်းက ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
“ဂိုဏ်းချုပ်”
ထိုအခိုက်အတန့်၌ ကုန်းချင်းချိုး ရောက်ရှိလာခြင်းပါ။
“ဘာကိစ္စ ရှိလို့လဲဗျ”
ယဲ့ဖုန်းက အကြည့်ပို့လွှတ်လိုက်၏။
ကုန်းချင်းချိုးက ပြန်လည် တင်ပြသည်မှာ -
“ဂိုဏ်းချုပ်ရေ.. အသည်းအသန် လေ့ကျင့်မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ ၊ အနက်ရောင် လော့ရှား အဖွဲ့ဝင်တွေရဲ့ ခွန်အားက တကယ်ကို တိုးတက်လာခဲ့ပါပြီ။ အားလုံးက ဝိညာဉ်သန့်စင်ခြင်း အဆင့် သတ္တမအလွှာ (၇) အထက်ကို ရောက်ရှိသွားကြပြီး ၊ အသန်မာဆုံး (၁၀) ယောက်ကတော့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကိုတောင် အဆင့်ချိုးဖြတ်သွားကြလို့ ၊ တာဝန်တွေကို ထမ်းဆောင်ဖို့ အသင့် ဖြစ်နေကြပါပြီ”
ယဲ့ဖုန်း၏ မျက်လုံးများမှာ ဝင်းလက်သွားတော့၏။ သူသည် အချိန်အတော်ကြာအောင် တိုးတက်မှု နှေးကွေးနေခဲ့သော အနက်ရောင် လော့ရှား အဖွဲ့ဝင်များအပေါ်တွင် မျှော်လင့်ချက်များစွာ မထားခဲ့ဘဲ ၊ သူမတို့ဘာသာ သူမတို့ ဖွံ့ဖြိုးတိုးတက်အောင်သာ ထားရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူမတို့က ဤမျှ လျင်မြန်စွာ အဆင့်တက်နိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပါချေ။
ဒါက တကယ့်ကို မမျှော်လင့်ထားသော ဝမ်းမြောက်စရာ ကိစ္စတစ်ခုပင် ဖြစ်သည်။
'အနက်ရောင် လော့ရှား အဖွဲ့ဝင်တွေက မြူခိုးဂိုဏ်းထဲကို တိုက်ရိုက် မဝင်နိုင်တာကတော့ နှမြောစရာပဲ။ မဟုတ်ရင် သူမတို့ရဲ့ ကျင့်ကြံခြင်း မြှင့်တင်မှုတွေကနေ ငါလည်း အကျိုးကျေးဇူး ခံစားရမှာ မဟုတ်ပါလား'
ယဲ့ဖုန်းက အနည်းငယ် နှမြောတသ ဖြစ်နေမိတော့သည်။
“တီ..တီ.. ဂိုဏ်းချုပ်အနေနဲ့ သူတို့ကို ‘လော့ရှားခန်းမ’ အဖြစ် စုစည်းနိုင်ပါတယ်၊ ကုန်းချင်းချိုးအား ခန်းမသခင်အဖြစ် ခန့်အပ်ပြီး ၊ အဖွဲ့ဝင်များရဲ့ ခွန်အား တစ်ဝက်ကို ခန်းမသခင် ကုန်းချင်းချိုးကို မြှင့်တင်ပေးနိုင်သလို ၊ အဲ့ကတဆင့် ဂိုဏ်းချုပ်ဆီကိုလည်း ပြန်လည် စီးဆင်းစေနိုင်ပါတယ်”
စနစ်က အကြံပြုလိုက်၏။ ထိုစကားအား ကြားလိုက်ရသောအခါ ယဲ့ဖုန်းက မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။
'ဒီလိုမျိုးလည်း လုပ်လို့ရတာလား'
သူက စိတ်ထဲမှ မေးမြန်းလိုက်သည်။
“ရပါတယ်”
'ဒါပေမဲ့ အဲဒီလိုဆိုရင် ၊ ကုန်းချင်းချိုး အနေနဲ့ ထူးဆန်းတဲ့ အရာတစ်ခုခုကို သတိမပြုမိသွားနိုင်ဘူးလား... ဪ... သိပြီ... ဝင်္ကပါ ကို သုံးရမှာပဲ'
ယဲ့ဖုန်းသည် တစ်စုံတစ်ခုကို သတိရသွားကာ ၊ စနစ်၏ လမ်းညွှန်မှုအရ ကုန်းချင်းချိုး၏ ရှေ့မှောက်မှာပင် ကျင့်ကြံခြင်း မီးဖိုကို အသုံးပြုလျက် ရှေးဟောင်း အဆောင်အယောင် ရှိသည့် တံဆိပ်ပြားတစ်ခုကို ပြုလုပ်လိုက်တော့၏။
“လော့ရှားခန်းမ ပါလား”
ကုန်းချင်းချိုးသည် တံဆိပ်ပြား၏ ရှေ့မျက်နှာစာပေါ်ရှိ စာလုံးသုံးလုံးကို ကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။
“ဂိုဏ်းချုပ်... လော့ရှားခန်းမ ကို တည်ထောင်ဖို့ ပြင်နေတာလား ရှင့်”
ယဲ့ဖုန်းက ခေါင်းညိတ်လိုက်ကာ -
“မှန်တာပေါ့။ အခုကစပြီး အနက်ရောင် လော့ရှား အဖွဲ့ဝင်တွေကို လော့ရှားခန်းမ အဖြစ် စုစည်းလိုက်မယ်။ ၎င်းက ခင်ဗျား ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိတဲ့ ကျွန်တော်တို့ မြူခိုးဂိုဏ်းရဲ့ ပြင်ပခန်းမ တစ်ခု ဖြစ်လာမှာပေါ့။ သူတို့ရဲ့ အဆင့်အတန်းကလည်း နာမည်ခံတပည့်တွေနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်”
“ဒီတံဆိပ်ပြားကတော့ ခန်းမသခင်ရဲ့ အမိန့်နာခံခြင်း အဆောင်အယောင်ပဲ”
“ဒါကို ခင်ဗျားကိုယ်တိုင် သန့်စင်လိုက်ပါ။ ပြီးရင်တော့ အနက်ရောင် လော့ရှား အဖွဲ့ဝင် တစ်ဦးချင်းစီကို သူတို့ရဲ့ သွေးတစ်စက်စီ ထည့်ခိုင်းလိုက်ပါ... အဲဒီအခါကျရင် ထူးခြားလှတဲ့ ‘လော့ရှား အမိန့်ပေး ဝင်္ကပါ’ တစ်ခု ဖြစ်ပေါ်လာပြီး ၊ ခင်ဗျားအနေနဲ့ အဖွဲ့ဝင် တစ်ဦးချင်းစီဆီက ခွန်အား မြှင့်တင်မှု အချို့ကို ရရှိနိုင်လိမ့်မယ်”
ထိုသို့ ပြောဆိုပြီးနောက်တွင်မူ ယဲ့ဖုန်းသည် လော့ရှားတံဆိပ်ပြားကို ကုန်းချင်းချိုးအား ပေးအပ်လိုက်၏။
“ဂိုဏ်းချုပ်... ကျွန်မ... ကျွန်မ ဒါကို မယူဝံ့ပါဘူး ရှင့်” ကုန်းချင်းချိုးက လက်ယမ်းကာ ငြင်းဆန်လိုက်သည်။
“ယူလိုက်ပါ”
ယဲ့ဖုန်းက အာဏာပါလှသော လေသံဖြင့် အမိန့်ပေးလိုက်တော့၏။
ကုန်းချင်းချိုးသည် သူမ၏ ရဲရဲနီသော နှုတ်ခမ်းလွှာလေးကို အသာအယာ ကိုက်လိုက်ကာ ၊ လော့ရှားတံဆိပ်ပြားကို ယူဆောင်လျက် အလျင်အမြန်ပင် သန့်စင်လိုက်၏။
ထိုအခါ ၎င်းအတွင်း၌ အလွန်ပင် ရှုပ်ထွေးလှသော ဝင်္ကပါတစ်ခု ကိန်းဝပ်နေရုံတင်မကဘဲ ၊ ၎င်းကိုယ်တိုင်ကလည်း အဆင့်မြင့်ဆုံး ဝိညာဉ်ရတနာ တစ်ခု ဖြစ်နေကြောင်း သူမ သိရှိလိုက်ရတော့သည်။
'နောက်ဆုံးတော့ သူ့ကို ဖြားယောင်းနိုင်ခဲ့ပြီပဲ'
ကုန်းချင်းချိုး အနေဖြင့် လော့ရှားတံဆိပ်ပြားကို လက်ခံလိုက်သည်ကို မြင်တွေ့ရသောအခါ ယဲ့ဖုန်းသည် စိတ်သက်သာရာ ရသွားတော့သည်။
လော့ရှားခန်းမသည် ပြင်ပခန်းမ တစ်ခုဖြစ်သည့်အတွက် ၊ ယဲ့ဖုန်းအား တိုက်ရိုက် ခွန်အား မြှင့်တင်ပေးနိုင်ခြင်း မရှိပါချေ။ ၎င်းမှာ မြူခိုးဂိုဏ်း၏ တပည့်များ သို့မဟုတ် အကြီးအကဲများ၏ ခွန်အားကို အရင်ဆုံး မြှင့်တင်ပေးပြီးမှသာ ၊ ထိုမှတစ်ဆင့် ဂိုဏ်းချုပ်ထံသို့ ပြန်လည် ရောက်ရှိလာရခြင်း ဖြစ်၏။
မဟုတ်လျှင်မူ ယဲ့ဖုန်း အနေဖြင့် လော့ရှားခန်းမကို တမင်တကာ တည်ထောင်နေစရာ အကြောင်း မရှိပါလေ။
လော့ရှားမြို့တော်၏ အဓိက စီမံခန့်ခွဲသူ ဖြစ်သည့်အလျောက် ၊ ကုန်းချင်းချိုးသည်သာ လော့ရှားခန်းမသခင် ဖြစ်ရန်အတွက် အသင့်တော်ဆုံးသော ပုဂ္ဂိုလ်ပင် ဖြစ်တော့သည်။
“ဂိုဏ်းချုပ်... ကျွန်မ အခုပဲ လော့ရှားမြို့တော်ကို သွားလိုက်ပါဦးမယ် ရှင့်”
“သွားပါတော့လေ”
ယဲ့ဖုန်းသည် ကုန်းချင်းချိုး ထွက်ခွာသွားသည်ကို ကြည့်ရင်း လက်ခုပ်တစ်ချက် တီးလိုက်ကာ ၊ သူ၏ မျက်နှာထက်တွင်လည်း ကျေနပ်အားရသော အပြုံးတစ်ချက် ပေါ်ထွက်လာတော့၏။
--