အခန်း ၅၈၅
Vol. 39 Ch. 585
အခန်း (၅၈၅) - ဘိုးဘေးနှစ်ဦး၏ ပြိုင်ဘက်ကင်း အရှိန်အဝါနှင့် ယဲ့ဖုန်း ဆိုက်ရောက်လာခြင်း
~“ဘာတွေ ဖြစ်ကုန်ပါလိမ့်”
ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု၏ သူတော်စင်ကြီးသည် တောင်နောက်ဘက်ရှိ ထူးခြားသော လှုပ်ရှားမှုကို ပထမဆုံး သတိပြုမိလိုက်၏။ သူမသည် ကောင်းကင်ယံသို့ ကပျာကယာ ပျံတက်လိုက်ပြီး ထိုအရပ်ဆီသို့ အကြည့်ပို့လွှတ်လိုက်သည့်အခါ... အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားရတော့၏။ ယဲ့ဖုန်း ပြန်လည် ပိတ်ဆို့ထားခဲ့သော မြေအောက်ထွက်ပေါက်မှာ ယခုအခါ နွယ်ပင်များ ဖုံးလွှမ်းနေသည့် လက်ညှိုးကြီးတစ်ချောင်းဖြင့် ထွင်းဖောက်ခံထားရသည် မဟုတ်ပါလော။
ကောင်းကင်ယံ မြင့်မားသော နေရာ၌မူ ဧရာမ ဟောင်းလောင်းပေါက်ကြီး တစ်ခုမှာလည်း ပေါ်ထွက်နေ၏။ ၎င်းမှာ ဆန်းကြယ်လှသော ကျူးကျော်သူ၏ လက်ညှိုးခွန်အားကြောင့် ဟင်းလင်းပြင်ကြီးပင် ဆွဲဖြဲခံလိုက်ရခြင်း ဖြစ်ပြီး ၊ အက်ကွဲကြောင်းများမှတစ်ဆင့် အခြားသော ကမ္ဘာတစ်ခုဆီသို့ ဦးတည်နေသည့် ယာယီလမ်းကြောင်းတစ်ခု ပေါ်ထွက်နေခြင်းပင် ဖြစ်သည်။
“ဒီပုဂ္ဂိုလ်က ဘယ်လောက်တောင်မှ သန်မာနေလို့လဲ... ... ... ”
ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စု သူတော်စင်ကြီးမှာ မှင်သက်သွားရရှာတော့သည်။ ဟင်းလင်းပြင်ကို ဖြိုခွဲနိုင်ရန်အတွက် အနည်းဆုံး မူလနတ်ဘုရားအဆင့် အဆင့်မြင့်ပိုင်း သို့မဟုတ် အထွတ်အထိပ်တွင် ရှိနေရမည် မဟုတ်ပါလော။ ယခုမူ လက်ညှိုးတစ်ချောင်းတည်းဖြင့် ဟင်းလင်းပြင်ကို ထွင်းဖောက်နိုင်သော ဤတည်ရှိမှုမှာကား သေချာပေါက် ဟင်းလင်းပြင်ဖြိုခွဲအဆင့်ရှိသော ဘိုးဘေးကြီးတစ်ဦးသာ ဖြစ်ရပေမည်။
“ဟီးဟီးဟီး.. ... ... ”
နောက်တစ်ခဏ၌ လူရိပ်နှစ်ခုသည် မြေအောက်အဝင်ဝမှတစ်ဆင့် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံ၌ ရပ်လျက် ရှန်ကျိုးတိုက်ကြီးကို ငုံ့ကြည့်နေကြ၏။ ထိုဘိုးဘေးနှစ်ဦးမှာ အောက်ဘက်ရှိ ရှေးဟောင်း ဝိညာဉ်မျိုးနွယ်စုကို အနည်းငယ်မျှပင် အရေးအလုပ်ကြပါချေ။ သူတို့၏ အမြင်တွင်မူ ဤမျိုးနွယ်စုမှာ အလွန်ပင် အားနည်းလွန်းလှသည် မဟုတ်ပါလော။
မူလနတ်ဘုရားအဆင့်ရှိသူ တစ်ဦးတစ်ယောက်မျှ မရှိသဖြင့် သူတို့သည် ကြည့်ရန်ပင် စိတ်မဝင်စားကြဘဲ ၊ လျှို့ဝှက်ဆန်းကြယ် မင်းနေပြည်တော် ရှိရာ အရပ်သို့သာ လှည့်၍ ကြည့်လိုက်ကြတော့သည်။ ထိုအရပ်ဆီမှနေ၍ လူရိပ်နှစ်ခုမှာ အရှိန်အဟုန်ဖြင့် တိုးဝင်လာနေကြ၏။
“တောက်... ဒါ သစ်ပင်နတ်ဆိုး ဘိုးဘေး ကိုယ်တိုင် ပါလား”
“ကျန်တဲ့ တစ်ယောက်ကရော ဘယ်သူလဲဟေ”
ရောက်ရှိလာသူများမှာ လင်မြောင်ဘိုးဘေးနှင့် ကျန်းလင်းဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားတို့ပင် ဖြစ်ကြသည်။ သူတို့သည် ဟင်းလင်းပြင် ကူးပြောင်းခြင်းအတတ်ကို အသုံးပြုကာ အမြန် ရောက်ရှိလာကြခြင်း ဖြစ်သော်လည်း ၊ မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်နှစ်ဦးကို ကြည့်ရင်း မျက်နှာများမှာ ချက်ချင်းပင် ပြာနှမ်းသွားကြရတော့၏။
သစ်ပင်နတ်ဆိုး ဘိုးဘေးနှင့် ဦးချို မွှေးပွ မျိုးနွယ်စု အကြီးအကဲတို့၏ ကျင့်ကြံခြင်း အဆင့်ကို အာရုံခံမိလိုက်သည့် တစ်ခဏ၌ ၊ ကျန်းလင်းဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားနှင့် လင်မြောင်ဘိုးဘေးတို့မှာ အရာအားလုံး နိဂုံးချုပ်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။
ဟင်းလင်းပြင်ဖြိုခွဲအဆင့် ပထမအလွှာ (၁) အနေဖြင့် တတိယအလွှာ (၃) အထွတ်အထိပ်၌ ရှိနေသော ပညာရှင်များကို ယှဉ်ပြိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သည်ပါလေ။
တိုက်ပွဲ ဖြစ်ပွားခဲ့မည်ဆိုလျှင်မူ သူတို့မှာ မျက်တောင်တစ်ခတ်အတွင်း အပိုင်းပိုင်း ပြတ်သွားကြရမည်မှာ ဧကန်မလွဲပင် ဖြစ်တော့၏။
မြေပြင်ပေါ်၌မူ ယပ်တောင်ကိုင် သခင်လေးသည် မြေအောက်လမ်းကြောင်းမှ တိတ်တဆိတ် ထွက်လာခဲ့ကာ ၊ ထိတ်လန့်နေသော သူတော်စင်ကြီးကို တစ်ချက်ကြည့်ပြီးနောက် လှည့်၍ ထွက်ပြေးတော့၏။
“ဟားဟားဟား... ... ... ”
ထွက်ပြေးနေစဉ်မှာပင် သူသည် ဟားတိုက်မရယ်မိအောင် မထိန်းနိုင်တော့ပါချေ။
‘ကြည့်ရတာ ဒီနှစ်ယောက်က သစ်ပင်နတ်ဆိုး ဘိုးဘေးနဲ့ ဦးချို မွှေးပွ အကြီးအကဲတွေပဲ။ တတိယအလွှာ အထွတ်အထိပ်ဆိုတော့... မြူခိုးဂိုဏ်းတင်မကဘူး လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော် တစ်ခုလုံးတောင် တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး’
ယပ်တောင်ကိုင် သခင်လေးသည် ဝမ်းသာအားရ ရယ်မောရင်း ဝေးကွာသော အရပ်ဆီသို့ ထွက်ပြေး ပျောက်ကွယ်သွားတော့သည်။ လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော် တစ်ခုလုံးတွင်လည်း ပြင်ပလောကမှ ဘိုးဘေးနှစ်ဦး၏ ဆင်းသက်လာမှုကြောင့် ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများမှာ ဖုံးလွှမ်းသွားခဲ့ကာ ၊ ရှိသမျှသော သက်ရှိများမှာလည်း အကြောက်တရားကြောင့် မျက်နှာများ ပြာနှမ်းနေကြရတော့၏။ ဤကဲ့သို့သော ဖိအားမျိုးကို တောင့်ခံနိုင်သူ မရှိသလောက်ပင် ဖြစ်သည်။
“ဒါ လောကပျက်တော့မယ့် နိမိတ်များလားဟေ... ... ... ”
တစ်စုံတစ်ယောက်က သူ၏ အသည်းနှင့် နှလုံးသားများ တုန်ရီနေသည့်ကြားမှ တီးတိုး ရေရွတ်လိုက်မိ၏။
မြူခိုးတောင်ထိပ်ထက်၌မူ ယဲ့ဖုန်းသည် မိုင်ပေါင်း သောင်းနှင့်ချီ၍ ဝေးကွာသော အရပ်မှ ထိုဧရာမ လူရိပ်ကြီးနှစ်ခုကို အကြည့်ပို့လွှတ်နေ၏။ သူသည် သူ၏ လက်ချောင်းများကို အသုံးပြုကာ အလျင်အမြန်ပင် တွက်ချက်လိုက်၏။
‘အင်း... ယပ်တောင်ကိုင် သခင်လေးက စည်းတံဆိပ်ကို ဖျက်ဆီးပြီး ဒီနှစ်ယောက်ကို လွှတ်ပေးလိုက်တာကိုး’
ယဲ့ဖုန်းသည် အကြောင်းရင်းကို သိရှိသွားခဲ့တော့သည်။ သို့သော်လည်း သူသည် ဒေါသထွက်နေမည့်အစား ကျေနပ်နေမိတော့၏။ အဘယ်ကြောင့်ဆိုသော် ‘သန့်ရှင်းသော နတ်ဘုရားပုံစံ’ ရှိနေသရွေ့ သူသည် မည်သူ့ကိုမဆို ရင်ဆိုင်ရန် အသင့် ရှိနေသောကြောင့်ပင် ဖြစ်သည်။ လျှို့ဝှက်ထားရမည့် အချိန်မှာ ကုန်ဆုံးသွားခဲ့တော့၏ မဟုတ်ပါလော။ လှုပ်ရှားရမည့် အချိန်တွင်မူ အပြတ်အသတ် လှုပ်ရှားရပေမည်။
ကောင်းကင်ယံ မြင့်မားသော နေရာ၌မူ... ကျန်းလင်းဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားနှင့် လင်မြောင်ဘိုးဘေးတို့မှာ မျက်နှာများ ဖြူဖျော့နေကြရှာသည်။ သူတို့သည် သစ်ပင်နတ်ဆိုး ဘိုးဘေးကို မယှဉ်နိုင်မှန်း သိထားသလို ၊ ဘေးနားရှိ ဆန်းကြယ်လှသော ဦးချို မွှေးပွ အကြီးအကဲကိုလည်း ကြည့်ရင်း မျှော်လင့်ချက်များ ကင်းမဲ့နေကြရတော့၏။ မြူခိုးသခင်လေး ပြန်လာခဲ့လျှင်ပင် ဤအခြေအနေကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ဟု သူတို့ ယူဆမိကြသည်။
ဘိုးဘေးနှစ်ဦး၏ နှလုံးသားအတွင်း၌ ခါးသက်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေ၏။
“ကောင်းကင်ဘုံက ငါ့ရဲ့ လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်ကို တကယ်ပဲ ဖျက်ဆီးချင်နေတာလား”
လင်မြောင်ဘိုးဘေးမှာ သူ၏ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိသည်။ ဟင်းလင်းပြင်ဖြိုခွဲအဆင့် တတိယအလွှာ (၃) ရှိသော ပုဂ္ဂိုလ်နှစ်ဦးသည် ဤနိုင်ငံတော်ကို ငရဲဘုံအဖြစ်သို့ အလွယ်တကူ ပြောင်းလဲပစ်နိုင်သည် မဟုတ်ပါလော။
“မဟုတ်သေးဘူး... မျှော်လင့်ချက် ရှိသေးတယ်လေ”
ကျန်းလင်းဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားက တစ်စုံတစ်ခုကို သတိရသွားကာ သစ်မာလွင်ပြင် ရှိရာ အရပ်သို့ အကြည့်ပို့လွှတ်လိုက်မိ၏။ သူသည် မြေအောက်၌ မြှုပ်နှံထားသော ရှေးဟောင်း သူတော်စင်နတ်ဘုရား၏ ဦးခေါင်းခွံကြီးကို သတိရလိုက်ခြင်းပင်။ အကယ်၍ သစ်ပင်နတ်ဆိုး ဘိုးဘေးက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်လာခဲ့လျှင် ထိုပုဂ္ဂိုလ်ကြီးက လှုပ်ရှားလာနိုင်သည် မဟုတ်ပါလော။ သို့သော်လည်း သူ၏ ရင်ထဲတွင်မူ ယုံကြည်ချက်တော့ မရှိလှပါချေ။
“သစ်ပင်နတ်ဆိုး ဘိုးဘေး... မင်းက ဘာတွေ လုပ်ဖို့ ကြံစည်နေတာလဲဟေ” လင်မြောင်ဘိုးဘေးက တည်ကြည်လေးနက်စွာ မေးမြန်းလိုက်သော်လည်း ၊ သူ၏ ဝတ်ရုံစအောက်မှ လက်များမှာမူ အနည်းငယ် တုန်ရီနေသည်။
သူသည် မယှဉ်နိုင်သည်ကို သိထားသဖြင့် တုန်ရီနေရုံမှတစ်ပါး အခြား မတတ်နိုင်ရှာပေ။
ပြန်လည် ခုခံမည်လား။
သစ်ပင်နတ်ဆိုး ဘိုးဘေး၏ လက်ဝါးတစ်ချက်အောက်မှာတင် အသက်ပျောက်သွားမှာကို သူ စိုးရိမ်နေရသည်လေ။
“ဒါကို မေးနေဖို့ လိုသေးလို့လား။ ငါကိုယ်တိုင် ဒီကို လာရတာက လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်ကို အမြစ်ပြတ် ချေမှုန်းပြီးတော့ ၊ မရေမတွက်နိုင်တဲ့ သက်ရှိတွေကို ဝါးမြိုဖို့ပဲလေ... အဲဒီလို လုပ်မှပဲ ငါ ဟင်းလင်းပြင်ဖြိုခွဲအဆင့် စတုတ္ထအလွှာ (၄) ကို အဆင့်ချိုးဖြတ်နိုင်မှာပေါ့”
သစ်ပင်နတ်ဆိုး ဘိုးဘေးက ရူးသွပ်စွာ ရယ်မောလိုက်၏။
သူ၏ ခန္ဓာကိုယ်မှာ သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းသွားခဲ့ပြီး ၊ သူ၏ နောက်ကျောဘက်တွင် ပေပေါင်း သောင်းနှင့်ချီ၍ မြင့်မားလှသော ရှေးဟောင်းသစ်ပင်ကြီး တစ်ပင် ပေါ်ထွက်လာတော့၏။ ထိုသစ်ပင်အတွင်းမှနေ၍ တူညီသော အရပ်အမောင်းရှိသည့် လူ့ဘီလူးကြီး တစ်ကောင်မှာလည်း လှမ်း၍ ထွက်ပေါ်လာတော့၏။
ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားများမှာ မျက်တောင်တစ်ခတ်အတွင်း ပေါက်ကွဲထွက်လာသည်။
"အုန်း"
ဟင်းလင်းပြင်ကြီးပင်လျှင် ထိုအရှိန်အဝါကြောင့် တွန့်ကွေးသွားခဲ့ကာ ၊ လင်မြောင်ဘိုးဘေးနှင့် ကျန်းလင်းဘိုးဘေးတို့၏ အပေါ်သို့ တောင်ကြီးပေါင်းများစွာ ဖိနှိပ်လိုက်သည့်အလား ကျရောက်လာသဖြင့် ၊ သူတို့မှာ မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဝုန်းခဲ ကျရောက်သွားကြရသည်။ တစ်ကိုယ်လုံး ကြေမွမတတ် ခံစားလိုက်ကြရရှာတော့၏။
“ကြည့်ရတာ ငါ လှုပ်ရှားဖို့တောင် မလိုတော့ဘူး ထင်တယ်နော်... လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်ကိုတော့ အသာလေးပဲ ဖယ်ရှားပစ်လို့ ရနေပြီပဲ”
ဦးချို မွှေးပွ အကြီးအကဲက မထီမဲ့မြင် ပြန်လည် ကဲ့ရဲ့လိုက်၏။ သူသည် ဤနိုင်ငံတော်မှာ အလွန်ပင် အားနည်းလွန်းသဖြင့် မည်သည့် စိန်ခေါ်မှုမျှ မရှိဟု ခံစားနေရသည် မဟုတ်ပါလော။
“ရွှေရောင်အလင်းတန်း လောကကို လွှမ်းခြုံစမ်း”
“လျှို့ဝှက်ဆန်းကြယ် နတ်ဘုရားပုံစံ”
ထိုအခိုက်အတန့်၌ ကျန်းလင်းဘိုးဘေး၏ ဝိညာဉ်ကိုယ်ပွားနှင့် လင်မြောင်ဘိုးဘေးတို့မှာ အစွမ်းထက်လှသော နတ်ဘုရားစွမ်းရည်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသဖြင့် သူတို့၏ ကိုယ်ဟန်မှာ ပြန်လည်၍ မတ်လာတော့၏။
“ကြည့်လိုက်စမ်း... ဘိုးဘေးနှစ်ဦး ပြန်ပြီးတော့ ထရပ်နိုင်ပြီဟေ့”
“သူတို့တွေ သေချာပေါက် ဒီအကျပ်အတည်းကို ပြောင်းလဲပေးနိုင်မှာပါလေ”
လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်မှ ပညာရှင်များမှာ မှောင်မိုက်နေသည့် လမ်းခရီးတွင် လမ်းပြကြယ်လေးကို မြင်တွေ့လိုက်ရသည့်အလား အားတက်သွားကြရရှာသည်။
သို့သော်ငြားလည်း နောက်တစ်ခဏမှာတော့...
သစ်ပင်နတ်ဆိုး ဘိုးဘေး၏ ခြေလှမ်းတစ်လှမ်းကြောင့် ပြင်းထန်လှသော ဖိအားများ ကျဆင်းလာခဲ့ကာ ၊ ဘိုးဘေးနှစ်ဦးစလုံး သွေးများ ဝေါ့ခနဲ အန်ချလိုက်ရပြီး မြေပြင်ပေါ်သို့ လွင့်စင်သွားကြရရှာတော့၏။ သူတို့၏ မျက်နှာများမှာလည်း စာရွက်တစ်ရွက်အလား ဖြူဖျော့သွားခဲ့တော့၏။ သူတို့မှာ လုံးဝကို ပြန်လည် ခုခံနိုင်စွမ်း မရှိတော့သည်မှာ ထင်ရှားလှသည်။
“ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး ဖြစ်ရတာလဲဟေ”
လူအုပ်ကြီးမှာ ထိတ်လန့်တုန်လှုပ်မှုများကြောင့် မှင်သက်နေကြရတော့၏။ သူတို့၏ အမြင်တွင် ဘိုးဘေးနှစ်ဦးမှာ နတ်ဘုရားများအလားပင် ဖြစ်သည်။ သို့သော်လည်း အခုမူ ထိုသူတို့မှာ တိုက်ကွက် တစ်ကွက်တည်းကိုပင် တောင့်မခံနိုင်ကြသည် မဟုတ်ပါလော။ ဒါဟာ တကယ့်ကို ရူးသွပ်စရာ ကောင်းလှပေစွ။
“ပုရွက်ဆိတ်တွေကများ ငါတို့ကို ဆန့်ကျင်ချင်နေသေးတယ်ပေါ့... တကယ့်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ” သစ်ပင်နတ်ဆိုး ဘိုးဘေးက မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။
သူသည် ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့် သူ၏ လက်ကြီးကို မြှောက်လိုက်ကာ ၊ ဘိုးဘေးနှစ်ဦးကို အမှုန့်ဖြစ်သွားအောင် ချေမှုန်းရန် ပြင်လိုက်တော့၏။
“ရပ်စမ်း”
သို့သော်လည်း ထိုအခိုက်အတန့်၌ ဝေးကွာလှသော ကောင်းကင်ယံဆီမှနေ၍ စူးရှအေးစက်လှသော အသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံကြောင့် ရှိသမျှသော ကျင့်ကြံသူများ အားလုံးမှာ ထိုဘက်သို့ အာရုံရောက်ရှိသွားကြတော့သည်။
ခန့်ညားတည်ကြည်လှသော လူငယ်တစ်ဦးသည် ဟင်းလင်းပြင်ကို နင်းလျှက် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့တော့၏။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားကာ ၊ သူ၏ မျက်နှာထက်တွင် မည်သည့် လှိုင်းကယက်မျှ မရှိသော်လည်း မျက်ဝန်းအစုံမှာမူ အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။
“ဒါ ဂိုဏ်းချုပ်ယဲ့ ပါလား”
အရပ်မျက်နှာ အသီးသီးမှ ကျင့်ကြံသူများမှာ ရောက်ရှိလာသူအား ချက်ချင်းပင် မှတ်မိသွားကြတော့၏။
“ဟားဟားဟား... ယဲ့ဖုန်း... မင်းက အခုထိ မသေသေးဘူးပေါ့လေ... ဒါပေမဲ့ ပေါ်လာရဲတယ်ဆိုမှတော့ ၊ အချိန်စောပြီး သေချင်နေတာပဲ ဖြစ်ရမယ်” သစ်ပင်နတ်ဆိုး ဘိုးဘေးက ယဲ့ဖုန်းကို စူးစိုက်ကြည့်ရင်း သူ၏ မျက်ဝန်းများအတွင်း၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့၏။
ဦးချို မွှေးပွ အကြီးအကဲကလည်း ယဲ့ဖုန်းဆီသို့ သူ၏ အကြည့်များကို စုစည်းလိုက်ကာ အေးစက်စွာ ဆိုလိုက်သည်။
“မင်းကတော့ တကယ့်ကို သူပဲကိုး... ‘ထူးဆန်းတဲ့ သားရဲတွေရဲ့ ကြယ်စင်’ ဆီကို သွားတဲ့ လမ်းကို အခုချက်ချင်း ပြောစမ်း... အဲဒီလိုဆိုရင်တော့ ငါက မင်းရဲ့ အညတရ အသက်ကို ချမ်းသာပေးကောင်း ပေးနိုင်လိမ့်မယ်”
“မင်းတို့မှာ သိခွင့်ရတော့မယ့် အခွင့်အရေး မရှိတော့ဘူး... ဘာလို့လဲဆိုတော့... ဒီနေ့ဟာ မင်းတို့ အားလုံးရဲ့ နောက်ဆုံးနေ့ ဖြစ်သွားမှာ မို့လို့ပဲလေ”
ယဲ့ဖုန်းက အေးစက်လှသော အသံဖြင့် မှာကြားလိုက်၏။
နောက်တစ်ခဏတွင်မူ သူသည် သူ၏ ကျင့်ကြံခြင်း စွမ်းအားများကို အသက်သွင်းရန် ပြင်လိုက်စဉ်မှာပင်... ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သွားခဲ့တော့၏။
သစ်မာလွင်ပြင်၏ အောက်ခြေရှိ ရှေးဟောင်း သူတော်စင်နတ်ဘုရား၏ ဧရာမ ဦးခေါင်းခွံကြီးအတွင်းမှနေ၍ ဝေဝါးလှသော ဝိညာဉ်အသိတစ်ခု နိုးထလာခဲ့လေသည်။
‘မြူခိုးဂိုဏ်း... ယဲ့ဖုန်း... ရွေးချယ်ခံရသူ... ... ... ’
“ဝုန်း... ... ..”
လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော် တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့တော့၏။
ကောင်းကင်မှနေ၍ ကြီးမားလှသော ခွန်အားတစ်ခုမှာ ယဲ့ဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားခဲ့ကာ ၊ သူ၏ အရှိန်အဝါများကို ဟင်းလင်းပြင်ဖြိုခွဲအဆင့် ဆဋ္ဌမအလွှာ (၆) အထိ တစ်ဟုန်ထိုး မြင့်တက်သွားစေတော့သည်။
ထိုအခိုက်အတန့်၌ သူသည် ဤကမ္ဘာကြီးတစ်ခုလုံး၏ ဗဟိုချက် ဖြစ်လာသည့်နှယ် ရှိနေတော့၏။
ရှိနေသမျှသော သူတိုင်းမှာလည်း မှင်သက်သွားကြရတော့သည်။
--