အခန်း ၄၃၉
Vol. 30 Ch. 439
အခန်း (၄၃၉) အစပျိုး လှုပ်ရှားမှု အပိုင်း (၂)
"အဲဒါလည်း ဟုတ်တာပါပဲလေ"
သွမ့်ဆုန် က ခေါင်းညိတ်လိုက်၏။ ထို့နောက် ဆုမို ၏ လက်ထဲတွင် ဖမ်းဆုပ်ခံထားရသော အဘိုးအို ကို တစ်ချက် စောင်းကြည့်လိုက်သည်။
"ကဲ... ကဲ... သူ့ကို ဆက်ပြီး ကိုင်ထားစရာ မလိုတော့ပါဘူး... သူ့ရဲ့ သွေးကြောကွက် တွေကို ပိတ်လိုက်ပြီး ဘေးကို ဖယ်ထားလိုက်ပါ"
ဆုမို က အမိန့်နာခံကြောင်း ပြသလိုက်ပြီး အဘိုးအို ကို ဘေးသို့ ပစ်ချလိုက်သည်။
ယခုအခါ သူ၏ လက်များ လွတ်လပ်သွားပြီ ဖြစ်ရာ၊ လူတိုင်းကို လိုက်လံ နှုတ်ဆက်လိုက်၏။
ထိုနေရာ တစ်ခုလုံးမှာ ချက်ချင်းပင် သက်ဝင် လှုပ်ရှားလာတော့သည်။
သွမ့်ဆုန် ၏ နောက်တွင် လိုက်ပါလာသူများမှာ ဇီယန်ဂိုဏ်း ၏ ထူးချွန်သော တပည့်များ ဖြစ်ကြပြီး၊ ဆုမို အပေါ် အလွန်တရာ နွေးထွေး ပျူငှာစွာ ဆက်ဆံကြသည်။ သူ့အား အပြင်လူ တစ်ယောက်ကဲ့သို့ လုံးဝ သဘောမထားကြချေ။
ပေါ့ပေါ့ပါးပါး စကားပြောဆိုနေကြစဉ်အတွင်း၊ ဘေးဘက်ရှိ ဗလတောင့်တောင့် လူမိုက် လေးဦးမှာမူ ကြွက်သူငယ်များပမာ ငြိမ်ကုပ်နေကြတော့၏။
ဆုမို နှင့် သူ၏ အဖွဲ့သားများမှာ အစကတည်းက ပေါ့ပေါ့ဆဆ သဘောထား၍ ရသော သူများ မဟုတ်ကြောင်းကို သူတို့ သိထားပြီး ဖြစ်သည်။
သို့သော် သူတို့သည် ဤမျှလောက် ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်ကြီးများ ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ် မထားခဲ့ကြချေ။
တစ်ဦးက လန်ယွဲ့နန်းတော် ၏ တပည့် ဖြစ်ပြီး၊ အခြား တစ်ဦးကမူ ဇီယန်ဂိုဏ်း နှင့် အလွန်တရာ ရင်းနှီးသော ဆက်ဆံရေး ရှိနေသည် မဟုတ်ပါလော။
ဤအခြေအနေသို့ ရောက်သောအခါ ခေါင်းဆောင်ဖြစ်သူ က အရာအားလုံးကို ရှင်းလင်းစွာ နားလည် သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။ ဆုမို ၏ သိုင်းပညာ ဖြင့်သာဆိုလျှင်၊ အကယ်၍ ဆုမိုကသာ တကယ် ကယ်တင်ချင်စိတ် ရှိခဲ့မည်ဆိုပါက သူ၏ လက်အောက်ငယ်သား သေဆုံးသွားစရာ အကြောင်း လုံးဝ မရှိပေ။
ထိုလူ ယခင်က လုပ်ဆောင်ခဲ့သော အောက်တန်းကျသည့် လုပ်ရပ်များကြောင့်သာ ဆုမို က သေခွင့်ပေးလိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် ဆုမို ၏ လုပ်ရပ်များမှာ အလွန်အကျွံ ဖြစ်လွန်းသည်ဟု မဆိုသာပေ။ ခေါင်းဆောင်ဖြစ်သူ သည် အကြောင်းရင်းကို ကောင်းကောင်း နားလည်ထားသော်ငြားလည်း သူ ပြောနိုင်မည့် စကား တစ်ခွန်းမျှ မရှိခဲ့ချေ။
လူတစ်ယောက်ကို မကယ်တင်ခဲ့သည့် အတွက် တစ်ဖက်လူကို သူက တကယ်ပဲ အပြစ်တင်ရဲပါသလား။
သူတို့ ကြားတွင် အကွာအဝေး တစ်ခုသာ ရှိပြီး မည်သည့် သံယောဇဉ်မျှ မရှိပေ။
လူ တစ်ယောက်ကို ကယ်တင်တာက စေတနာ၊ မကယ်တင်တာကလည်း သူ့ရဲ့ အခွင့်အရေး ပဲလေ။ ဘာကို သွားပြီး ညည်းညူ အပြစ်တင် နေစရာ ရှိလို့လဲ။ ဘယ်သူကရော အပြစ်တင်ရဲမှာလဲ။
လောလောဆယ်တွင်မူ သူသည် သူ၏ လူများကို ခေါ်ဆောင်ကာ စောစောက သေဆုံးသွားသော သူ၏ အလောင်းကို သွားရောက် ကောက်ယူရန် ရည်ရွယ်လိုက်သည်။
သို့သော် ဆုမို က ရုတ်တရက် အသံထွက်လာတော့၏။
"လူကြီးမင်းတို့... အကယ်၍ ကျွန်တော်သာ ခင်ဗျားတို့ နေရာမှာ ဆိုရင်၊ သူ့ရဲ့ အလောင်းကို လုံးဝ သွားမထိဘူး ဗျ"
"ဗျာ"
ခေါင်းဆောင်ဖြစ်သူ ၏ နှလုံးသား တစ်ချက် ခုန်ပေါက်သွားပြီး၊ ဆုမို ကို ကပျာကယာ လှည့်ကြည့်ကာ ရိုသေလေးစားစွာဖြင့် ပြန်ထူးလိုက်သည်။
"ဟုတ်ကဲ့ပါ"
"... ဟုတ်ကဲ့ပါ ဆိုတာက ဘာကို ဆိုလိုတာလဲ"
ဆုမို တစ်ယောက် အနည်းငယ် စကားပြောမထွက်အောင် ဖြစ်သွားရသည်။
"အငတ်ဘေးဂိုဏ်း ရဲ့ သိုင်းပညာ တွေမှာ အလောင်းကောင်တွေကို ပုပ်ပွစေတဲ့ အဆိပ်တွေ ပါဝင်တယ်လေ... တစ်ခါ ကူးစက်ခံရပြီ ဆိုတာနဲ့ ကျွန်တော်တို့မှာ ကုသဖို့ ဖြေဆေး မရှိနိုင်ဘူး... အကယ်၍ ခင်ဗျားတို့က သူ့ရဲ့ အလောင်းကို ကောက်ယူချင်တယ် ဆိုရင်တော့... တခြား နည်းလမ်း တစ်ခုခုကို စဉ်းစားတာ အကောင်းဆုံးပဲ"
"ဪ... အဲဒီလိုကိုး"
ခေါင်းဆောင်ဖြစ်သူ လည်း နောက်ဆုံးတွင် သတိဝင်လာပြီး အကြိမ်ကြိမ်အခါခါ ကျေးဇူးတင်စကား ဆိုတော့သည်။
ဆုမို က အရေးမကြီးသည့်အလား လက်ကို ဝှေ့ယမ်းလိုက်ပြီး နံရံဘက်တွင် ကပ်နေသော သားအဖ နှစ်ဦး ကို တစ်ချက် လှမ်းကြည့်လိုက်၏။
ဤအဖြစ်အပျက်များ ပြီးဆုံးသွားပြီးနောက် သူတို့ သားအဖ နှစ်ဦးစလုံးမှာ အတော်လေး ကြောက်လန့် တုန်လှုပ်နေကြသည်။
ထို့ပြင် သွမ့်ဆုန် နှင့် အခြားသူများမှာ ဇီယန်ဂိုဏ်း မှ ဖြစ်ကြောင်း သိရှိလိုက်ရသောအခါ သူတို့မှာ ပို၍ပင် စကားမဟရဲအောင် ဖြစ်သွားကြတော့၏။
ဤ နယ်မြေ တစ်ဝိုက်တွင် ဇီယန်ဂိုဏ်း သည် ယုံမှားဖွယ်မရှိ သော အမြင့်မားဆုံး အာဏာပိုင် အဖွဲ့အစည်းကြီး ပင်တည်း။
ဇီယန်ဂိုဏ်း ၏ တပည့်များကို သာမန် ပြည်သူများ၏ မျက်စိထဲတွင် အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်များ အဖြစ် ရှုမြင်ကြပြီး၊ သာမန်လူများနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးကျယ်ခမ်းနား လှပေသည်။
ထိုအခါ ဆုမို က ပြုံး၍ ပြောလိုက်သည်။
"အစ်ကိုကြီး... စိုးရိမ်နေတုန်းပဲလား... စိတ်ချလက်ချ သာ နေပါဗျာ... တရားခံ ကို ဖမ်းမိသွားပါပြီ"
လူလတ်ပိုင်း အမျိုးသားမှာ အနည်းငယ် တက်ကြွမှု ရှိလာပြီး ခေါင်းညိတ်ကာ တုံ့ပြန်လိုက်၏။
"အဲဒါလည်း ဟုတ်တာပဲ... အခုဆိုရင် ကျွန်တော်တို့ ကြောက်နေစရာ မလိုတော့ပါဘူး... ကျေးဇူးတင်ပါတယ် ညီလေး"
"ဒီလို ပြောနေစရာ မလိုပါဘူးဗျာ... တိုက်ဆိုင်သွားလို့ပါ"
ဆုမို က ခပ်ပြုံးပြုံး ဖြင့် ပြန်ဖြေလိုက်သည်။ ထိုလူအား သွမ့်ဆုန် နှင့် အခြားသူများနှင့် လာရောက် မိတ်ဆက်ရန် သူက အတင်းအကျပ် ဖိအားမပေးခဲ့ပေ။
တစ်ဖက်လူ၏ စိုးရိမ်ပူပန်မှုများကို လျော့ပါးသွားစေရန် စကားအနည်းငယ် ပြောဆိုပေးရုံဖြင့် လုံလောက်ပြီ ဖြစ်၏။
ထိုအချိန်တွင် ဝေဇီယီ က မိန်းမငယ်လေး ၏ လက်ကို ဆွဲကိုင်ကာ သူမ၏ နားနားသို့ ကပ်၍ လျှို့ဝှက်စွာ တီးတိုး ပြောဆိုနေသည်။ မိန်းမငယ်လေး ၏ မျက်ဝန်းများ အရောင်တလက်လက် တောက်ပလာပြီး ခေါင်းကို အဆက်မပြတ် ညိတ်ပြနေတော့၏။
ထို့နောက် သူတို့နှစ်ဦးသည် ပင်မ ခန်းမဆောင်ကြီး ၏ အနောက်ဘက်သို့ ခိုးကြောင်ခိုးဝှက် ပြေးသွားကြပြီး သီးသန့် တီးတိုး စကားပြောနေကြသည်။
ဆုမို က သွမ့်ဆုန် နှင့် အဘိုးအို ၏ အခြေအနေကို ဆက်လက် ဆွေးနွေးလိုက်သည်။
သွမ့်ဆုန် က သက်ပြင်းချရင်း ဆို၏။
"အငတ်ဘေးဂိုဏ်း ရဲ့ အဆိပ်တွေက အဝေးကြီးထိ ပျံ့နှံ့နိုင်စွမ်း ရှိတယ်... လွန်ခဲ့တဲ့ နှစ်တွေတုန်းက တိုက်ပွဲ ပြီးသွားတဲ့ အချိန်မှာ တစ်ယောက်မှ အသက်ရှင်ကျန်ရစ်ခဲ့မှာ မဟုတ်ဘူးလို့ ငါတို့ ထင်ခဲ့ကြတာ... ဒါပေမဲ့ သူတို့က ခြေထောက် တစ်ရာ ပါတဲ့ ပိုးကောင်ကြီး လိုပဲ... အလွယ်တကူ သတ်ပစ်ဖို့ အရမ်း ခက်ခဲတဲ့ ပုံပဲ"
"အထူးသဖြင့် မကြာသေးခင် အချိန်တွေ အတွင်းမှာ... အဲဒီဂိုဏ်း က တစ်ဖန် ပြန်လည် အသက်ဝင် လာမယ့် အရိပ်အယောင်တွေ ပြသနေသလို ငါ ခံစားနေရတယ်... ငါတို့ တကယ်ကို သတိထားဖို့ လိုအပ်နေပြီ"
ဆုမို က ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့... ကျွန်တော့်ကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ကိစ္စတစ်ခုတော့ ရှိနေတယ် ဗျ"
"ဪ"
သွမ့်ဆုန် က ဆုမို ကို ကြည့်လိုက်၏။
"ပြောကြည့်ပါဦး"
"စောစောက... ဒီလူ ပြောသွားတဲ့ စကားတစ်ခွန်း က အတော်လေး ထူးဆန်းနေတယ် လို့ ခံစားရတယ်"
ဆုမို က ပြုံးလိုက်သည်။
"သခင်မလေး ဝေ က နေမင်းကြယ်ပျံဓားသိုင်း ကို သုံးလိုက်တဲ့ အချိန်မှာ... ဒီလူက သူမရဲ့ စွမ်းရည်တွေကို ဖောက်ထွင်းမြင်သွားပြီး 'အရင်တုန်းက မင်းတို့ လန်ယွဲ့နန်းတော် က လူတွေက အငတ်ဘေးဂိုဏ်း ကို အမြစ်ပြတ် သုတ်သင်တဲ့ နေရာမှာ ပါဝင်ခဲ့တယ်... မင်းတို့ထဲက တစ်ယောက်ကို စားပစ်ပြီး သူတို့ကို ကူညီပေးလိုက်တာက... သေးငယ်တဲ့ လက်စားချေ မှု တစ်ခုပဲ' လို့ ပြောခဲ့တယ်လေ"
"ဒီစကားကို တိုက်ပွဲ အတွင်းမှာ ပြောခဲ့တာ ဆိုပေမဲ့... ကျွန်တော် အဲဒါကို ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်"
"ဘာ"
သွမ့်ဆုန် တစ်ယောက် လန့်ဖျပ်သွားတော့၏။
"ဒါဆိုရင်... ဒီလူ က အငတ်ဘေးဂိုဏ်း က မဟုတ်ဘူးပေါ့"
သူက အဘိုးအို ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
"ပြောစမ်း...ခင်ဗျားက တကယ်ပဲ ဘယ်သူလဲ... ဘာလို့ အငတ်ဘေးဂိုဏ်း ရဲ့ သိုင်းပညာ တွေကို ကျင့်ကြံထားရတာလဲ"
အဘိုးအို သည် ဆုမို ၏ အတွင်းအား ဖြင့် သွေးကြောများ ပိတ်ဆို့ခံထားရသဖြင့် မလှုပ်ရှားနိုင်သော်ငြားလည်း စကားပြောနိုင်စွမ်း ရှိသေး၏။
ထိုစကားကို ကြားသောအခါ သူက မဲ့ပြုံးတစ်ချက် ပြုံး လိုက်သည်။
"ငါ က မင်းရဲ့ အဘိုး လေ"
သွမ့်ဆုန် ၏ နှုတ်ခမ်းထောင့်များ လှုပ်ရွသွားပြီး အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားပုံရကာ ဆုမို ကို မနေနိုင်တော့ဘဲ လှမ်းကြည့်လိုက်သည်။
"ငါတို့ သူ့ကို ထုပ်တန်း ပေါ်မှာ ဆွဲကြိုးချပြီး သုံးနာရီ လောက် အရင် ရိုက်နှက်ကြမလား"
"..."
ဆုမို ၏ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားတော့၏။
"စီနီယာ... ရိုင်းတယ်လို့တော့ မထင်ပါနဲ့... ခင်ဗျား မှာ စစ်ဆေးမေးမြန်း တဲ့ နေရာမှာ ဒီထက် ပိုပြီး ဉာဏ်ရည်ထက်မြက် တဲ့ နည်းလမ်းတွေ မရှိတော့ဘူးလား ဗျာ"
သွမ့်ဆုန် က ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်သည်။
"မရှိဘူး"
ဆုမို ၏ အကူအညီမဲ့နေသော အမူအရာကို မြင်သောအခါ သွမ့်ဆုန် က ရှင်းပြလိုက်၏။
"ငါတို့ ဇီယန်ဂိုဏ်း က ဖြောင့်မတ် မှန်ကန်တဲ့ လမ်းစဉ် ကိုပဲ လိုက်နာကျင့်သုံးတာလေ... လူတွေကို ညှဉ်းပန်း နှိပ်စက်တဲ့ ကိစ္စတွေမှာ... ငါတို့ တကယ်ကို မကျွမ်းကျင်ဘူး"
ဆုမို က သက်ပြင်းချလိုက်သည်။
"အရာရာတိုင်းက ဘယ်လို အသုံးပြုသလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ် ဗျာ"
"ဟင်"
သွမ့်ဆုန် ၏ မျက်ဝန်းများ အရောင်တလက်လက် တောက်ပသွားတော့၏။
"မင်းမှာများ နည်းလမ်း တစ်ခုခု ရှိနေလို့လား"
ဆုမို က ပြုံးလိုက်သည်။
"သန့်စင်သော ယန် အတွင်းအား ကို သုံးပြီး သူ့ရဲ့ ယုံချွမ် သွေးကြောကွက် ကို ထိုးဖောက်ဝင်ရောက် သွားအောင် လုပ်လိုက်လေ... အဲဒါက သေချာပေါက် မခံမရပ်နိုင်အောင် ပူလောင်မှု နဲ့ ယားယံမှု တွေကို ဖြစ်ပေါ်စေပြီး... သာမန် နည်းလမ်းတွေထက် အဆတစ်ထောင်လောက် ပိုပြီး ပြင်းထန်တဲ့ နာကျင်မှုမျိုးကို ပေးစွမ်းနိုင်တယ်..."
သွမ့်ဆုန် တစ်ယောက် မှင်တက်သွားပြီးနောက် သူ၏ ပေါင်ကို ဖျတ်ခနဲ ရိုက်ချလိုက်မိ၏။
"အိုး..အဲဒါ အတိအကျပဲ... မင်းက ဆုထျန်းယန် ရဲ့ သား ဆိုတဲ့ နာမည် နဲ့ တကယ့်ကို ထိုက်တန်ပါတယ်... ကောက်ကျစ်ပြီး ပါးနပ်တယ်... အဟမ်း... အဟမ်း... အဟမ်း... ငါ ဆိုလိုချင်တာက... ဉာဏ်ကောင်းပြီး ပါးနပ်တယ် ဆိုတဲ့ စကားလုံးတွေက မင်းရဲ့ အရိုးထဲထိ စိမ့်ဝင်နေတာပဲ"
ဆုမို: "..."
'ခင်ဗျား ကိုယ်တိုင် သတိလက်လွတ် နဲ့ ဖော်ကောင် လုပ်နေပြီလေ’
--