အခန်း ၄၄၀
Vol. 30 Ch. 440
အခန်း (၄၄၀) အစပျိုး လှုပ်ရှားမှု အပိုင်း (၃)
ဆုမိုက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
"ဒါပေမဲ့ ဒီလူရဲ့ အကြံအစည်တွေက တိမ်ပြီး ရယ်စရာကောင်းတယ်။ ဘာလှည့်ကွက်မှ မပါဘဲ ကျွန်တော် သိလိုက်ပြီ။ သူက... ညသခင် ရဲ့ လက်အောက်ငယ်သားပဲ"
"မင်း"
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အဘိုးအို၏ မျက်နှာ ကွက်ခနဲ ပျက်သွားတော့၏။
ထိုစကားကို ကြားသောအခါ သွမ့်ဆုန်က နောက်သို့ ချာခနဲ လှည့်ကြည့်လိုက်သည်။
ဆုမိုက ရုတ်တရက် နားလည်သွားဟန်ဖြင့် ဆိုလိုက်၏။
"တကယ်ပဲကိုး"
"မဟုတ်ဘူး"
အဘိုးအိုက လွှတ်ခနဲ အော်ဟစ်ငြင်းဆန်လိုက်သည်။
သို့သော် ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ ချက်ချင်း နောင်တရသွားတော့၏။
ဤသို့ ငြင်းဆန်လိုက်ခြင်းအားဖြင့် သူသည် ညသခင် ၏ လက်အောက်ငယ်သား အစစ်အမှန် ဖြစ်ကြောင်းကို ဆုမိုက သေချာပေါက် သိရှိသွားမည် မဟုတ်ပါလော။
သွမ့်ဆုန်က မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ "မင်းက သူ့ကို လှည့်စားလိုက်တာလား"
"ဒါပေါ့ဗျာ"
ဆုမိုက ပြုံးလိုက်သည်။ "ဒါပေမဲ့ ဒီစကားတွေကို ပေါ့ပေါ့ဆဆ ပြောလိုက်တာတော့ မဟုတ်ဘူး။ တခြား အဖြစ်အပျက်တွေ ရှိခဲ့ဖူးလို့ ဒီလို ခန့်မှန်းမိသွားတာ"
"ပြောပြပါဦး"
သွမ့်ဆုန်က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။
ဆုမိုက ခဏတာ စဉ်းစားတွေးတောလိုက်သည်။ သူ ဖြတ်သန်းကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို အသေးစိတ် ပြန်လည် ပြောပြတော့၏။
အငတ်ဘေးဂိုဏ်း က အနောက်တောင်ပိုင်း နယ်မြေသို့ လျှို့ဝှက် ခိုးဝင်လာခဲ့သည်။ ထာဝရည တောင်ကြား က မြစ်ကြောင်း တစ်လျှောက်ရှိ ရေလမ်းခရီးများကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည်။
ဝူရှန်းခန်းမ ၏ အဖွဲ့ဝင်များအဖြစ် ဟန်ဆောင်ထားသော မိစ္ဆာ ဂိုဏ်း မှ လူများဟု သံသယရှိရသူများက လော့ဖုန်း မဟာမိတ်အဖွဲ့ ကို လျှို့ဝှက် လုပ်ကြံရန် ကြံစည်နေခဲ့ကြသည်။
တစ်ဆက်တည်း မဟုတ်ဟု ထင်ရသော ဤအဖြစ်အပျက်များ အားလုံးက ဆုမို၏ မျက်စိထဲတွင် မျဉ်းကြောင်း တစ်ကြောင်းတည်း အဖြစ် ဆက်စပ်သွားခဲ့လေပြီ။
သို့သော် နောက်ကွယ်မှ ကြိုးကိုင်နေသူမှာ ထာဝရည တောင်ကြား ဟုတ်၊ မဟုတ် ဆိုသည်ကိုမူ ဆုမို သေချာ မသိခဲ့ချေ။
အထူးသဖြင့် ပြီးခဲ့သည့် အကြိမ်က သူ ဆုံတွေ့ခဲ့ရသော အငတ်ဘေးဂိုဏ်း မှ လူသည် တုန်းချန် မိစ္ဆာ ဂိုဏ်း၏ မည်သည့် အဖွဲ့အစည်းမှ ဖြစ်ကြောင်းကို သူ အတိအကျ မဆုံးဖြတ်နိုင်ခဲ့ပေ။
ထို့ကြောင့်ပင် စောစောက စကားကို သူ ပြောလိုက်ခြင်း ဖြစ်၏။
အတိုချုပ် ပြောရလျှင် သတင်းအချက်အလက်များကို အတည်ပြုနိုင်ရန်အတွက် သူ့ကို လှည့်စားကြည့်ခြင်း ပင်တည်း။
ထင်မှတ်မထားဘဲ ထိုနည်းလမ်းက တကယ် အလုပ်ဖြစ်သွားခဲ့သည်။
ထို့ကြောင့် ယခင် အဖြစ်အပျက်များ အတွက် အတည်ပြုချက် အချို့ကို ရရှိသွားခဲ့ပြီ ဖြစ်၏။
မြစ်ကြောင်း တစ်လျှောက်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို ထာဝရည တောင်ကြား က ကြိုးကိုင် ခြယ်လှယ်ခဲ့သည်။ ကြီးမားသော အကြံအစည်များကို အကောင်အထည်ဖော်ရန် အနောက်တောင်ပိုင်း သို့ သွားရောက်ခဲ့သော အငတ်ဘေးဂိုဏ်း မှ လူများ၏ ဇာစ်မြစ်မှာလည်း ထာဝရည တောင်ကြား ပင် ဖြစ်သည်။
ထို့ပြင်၊ ဒီ အဖြစ်အပျက်က ဝူရှန်းခန်းမ က 'လူကြီး' တစ်ယောက် လော့ဖုန်း မဟာမိတ်အဖွဲ့ ပိုင်နက်ထဲကို လူတွေ လျှို့ဝှက် ဝင်ရောက်လာအောင် စီစဉ်ညွှန်ကြားနေတာနှင့် သွယ်ဝိုက်ပြီး ဆက်စပ်နေ၏။
ဒီအရာအားလုံးက ညသခင် ရဲ့ လက်ချက်ကြောင့် ဖြစ်လာတာလို့ ဆုမို အခု အခြေခံအားဖြင့် ကောက်ချက်ချနိုင်ပြီပင်။
'ဒါပေမဲ့ ညသခင်က တကယ်တမ်း ဘာလုပ်ချင်နေတာလဲ ဆိုတာကတော့ တကယ်ကို စိတ်ဝင်စားစရာပဲ... တစ်ဖက်မှာက ထျန်းချူမြို့ရဲ့ ဂိုဏ်းကြီး (၇) ဂိုဏ်းနဲ့ ရင်ဆိုင်နေတယ်... အခြားတစ်ဖက်မှာတော့ အနောက်တောင်ပိုင်းကို မျက်စိကျပြီး တုန်းဟွမ်နယ်မြေထဲကို ခြေလှမ်း ဝင်လာပြန်တယ်... သေချာတယ်... ဒီလူက စစ်တုရင်ပွဲကြီး တစ်ပွဲကို အကွက်ကျကျ ကစားနေတာပဲ...'
ဆုမို၏ စိတ်ထဲတွင် အတွေးများစွာ ကူးလူးယှက်သန်းနေလေ၏။
သို့သော်ငြား သေချာသည်က ထိုအကြောင်းအရာ အားလုံးကို ဆုမိုအနေဖြင့် သွမ့်ဆုန်အား ထုတ်ပြောမည် မဟုတ်ပေ။ အထူးသဖြင့် သူကိုယ်တိုင်ပင် ရေရေရာရာ မသိရှိသေးသော ဝူရှန်းခန်းမနှင့် ဖီးနစ်မဟာမိတ်အဖွဲ့တို့၏ ကိစ္စရပ်များပင် ဖြစ်တော့သည်။
အကြောင်းမူကား ထိုကိစ္စများ၏ အရေးကြီးသော အစိတ်အပိုင်းများကို အတည်ပြုနိုင်ခြင်း မရှိသေး၍ ဖြစ်လေသည်။ အချိန်မတိုင်မီ စောစီးစွာ ထုတ်ပြောလိုက်ပါက အထင်အမြင် လွဲမှားမှုများသာ ဖြစ်ပေါ်လာနိုင်ပြီး အနာဂတ်၌ မလိုလားအပ်သော ဆိုးကျိုးများသာ သက်ရောက်လာမည် ဖြစ်၏။
ထိုအခိုက် ဆုမို စကားပြောဆို အဆုံးသတ်သွားသည်နှင့် သွမ့်ဆုန်မှာ တခဏမျှ စဉ်းစားခန်း ဝင်သွားလေသည်။ ထို့နောက်... ရုတ်တရက်ပင် ဆုံးဖြတ်ချက် တစ်ခုခုကို ပြတ်သားစွာ ချမှတ်လိုက်သည့်အလား အဘိုးအိုအနီးသို့ လျှောက်သွားလိုက်၏။
လှစ်ခနဲ... သူက အဘိုးအို၏ ခြေထောက်ကို လှမ်းဆွဲလိုက်တော့သည်။
ရုတ်တရက် ဆန်လှသော အပြုအမူကြောင့် အဘိုးအိုမှာ အလွန်အမင်း လန့်ဖျပ်သွားလေ၏။
"မင်း ဘာလုပ်မလို့လဲ"
"ခင်ဗျား ပြောချင်ရင် ပြော... မဟုတ်ရင်တော့ ဇီယန်ဂိုဏ်း ရဲ့ နည်းလမ်းတွေကို ခင်ဗျား တွေ့ရလိမ့်မယ်"
သွမ့်ဆုန် ၏ မျက်နှာထားက တည်ကြည်လေးနက်နေသော်လည်း သူ့လေသံကတော့ အတော်လေး ကြမ်းတမ်းနေ၏။
"..."
အဘိုးအို စကားပြောမထွက်အောင် ဆွံ့အသွားသည်။ ဘာပြောရမှန်းမသိ ဖြစ်နေချိန်မှာပဲ သွမ့်ဆုန် က သူ့ဖိနပ်ကို အတင်း ဆွဲချွတ်လိုက်တော့၏။
နောက်တစ်စက္ကန့်မှာပဲ အပုပ်နံ့ကြီး တစ်ခုက သူတို့ကို လာမှန်သည်။
သွမ့်ဆုန်၏ မျက်နှာ ကွက်ခနဲ ပျက်သွား၏။ အလိုအလျောက် နောက်ကို ခြေလှမ်း နှစ်လှမ်း သုံးလှမ်းလောက် ဆုတ်လိုက်မိပြီး ဆုမို ကို လှမ်းကြည့်လိုက်သည်။
"ဒါက သူ့ကို နှိပ်စက်နေတာလား။ ဒါမှမဟုတ် ငါ့ကို နှိပ်စက်နေတာလား"
"မင်း ဒါကို ဘယ်လိုများ သည်းခံနိုင်ရတာလဲ"
ဆုမိုက ခဏလောက် စဉ်းစားပြီး ပြောလိုက်၏။
"ကျွန်တော်က ပုံမှန်အားဖြင့် ဒီလို မလုပ်ပါဘူး"
"... ဒါဆို မင်း ဘယ်လို လုပ်လဲ"
ထိုအခိုက် သွမ့်ဆုန်မှာ အလွန်တရာ အံ့အားသင့်သွားလေ၏။
ဆုမိုက အေးစက်စက် ပြုံးလိုက်သည်။ ထို့နောက် အဘိုးအို၏ အနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားလေ၏။
ထိုစဉ် ဖုဟန်ယွမ်မှအပ သူ မည်သည့်အရာကို ပြုလုပ်မည်ဆိုသည်ကို မည်သူကမျှ ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိပေ။
အကြောင်းမူကား ဖုဟန်ယွမ် တစ်ယောက်တည်းသာလျှင် ဆုမို မလှုပ်ရှားမီကတည်းက မည်သို့သော အဖြစ်အပျက်မျိုး ကျရောက်လာမည်ကို ကြိုသိနေ၍ ဖြစ်ပေသည်။ သူ၏ မျက်နှာကြီးမှာ အလွန်တရာ ရှုံ့မဲ့နေတော့၏။
“မင်း ဘာဖြစ်နေတာလဲ ကွ...”
ဟူဆန်းတောက်က ဖုဟန်ယွမ်အား အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်လေသည်။
ဖုဟန်ယွမ် ပြန်ဖြေရန် ဟန်ပြင်လိုက်သည့် ထိုအခိုက်မှာပင်... နောက်ထပ် အသံတစ်သံက ထပ်မံ ထွက်ပေါ်လာတော့၏။
“မင်း ဘာဖြစ်နေတာလဲ နော်...”
ထိုအသံရှင်ကား အမာရွတ်နှင့် လူစိမ်းပင် ဖြစ်ပေသည်။
ထိုလူက ဟူဆန်းတောက်ကို အထူးတလည် သဘောကျ နှစ်သက်နေပြီး နေ့စဉ် သူ၏ လှုပ်ရှားမှုတိုင်းကို တစ်သွေမတိမ်း လိုက်လံ အတုခိုးနေခြင်း ဖြစ်လေ၏။
ဆက်တိုက် ထွက်ပေါ်လာသော မေးခွန်း နှစ်ခုကြောင့် ဖုဟန်ယွမ် တစ်ယောက် မည်သို့ ပြန်လည် ဖြေကြားရမည်ကိုပင် မေ့လျော့သွားလုမတတ် ဖြစ်သွားရတော့သည်။
ထို့ကြောင့် သူက ထိုကိစ္စကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်စဉ်မှာပင်...
“အား...”
အလွန် စူးရှသော အော်ဟစ်သံကြီး တစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာလေ၏။
အသံရှင်ကား ဆုမို၏ လက်ချက်ဖြင့် ယွီထန် သွေးကြောကွက် ဖောက်ခွဲခံလိုက်ရသော အဘိုးအိုပင် ဖြစ်ပေသည်။
ထိုရုတ်တရက် တိုက်ခိုက်မှုက အဘိုးအိုကို လုံးဝ အငိုက်မိသွားစေတော့၏။
ဆုမို၏ ချဉ်းကပ်လာပုံက ကောင်းမြတ်သော ရည်ရွယ်ချက် မဟုတ်ကြောင်းကို သူ ကောင်းစွာ သိရှိထားသော်ငြား... ဤမျှလောက်အထိ အသည်းခိုက်မတတ် နာကျင်ရလိမ့်မည်ဟု ကြိုတင် မျှော်လင့်ထားခဲ့ခြင်း မရှိပေ။
စူးရှသော အော်ဟစ်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ ပျော့ခွေ ကျဆင်းသွားသည်။ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားလေ၏။ နာကျင်မှု ဒဏ်ကြောင့် မြေပြင်ပေါ်တွင် လူးလှိမ့်နေပြီး တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်ရီနေတော့သည်။
ထိုစဉ် ဆုမိုက နောက်သို့ လှည့်ကြည့်လိုက်ပြီး သွမ့်ဆုန်အား အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်လေ၏။
"ကျွန်တော်က ပုံမှန်ဆို ဒီလိုပဲ လုပ်လေ့ရှိတာပါ ..စီနီယာ.."
"..."
သွမ့်ဆုန်မှာ မှင်တက်သွားရ၏။ "ငါက မင်း နှာခေါင်းကို ပိတ်ထားမယ်လို့ ထင်နေတာ... ဒါက ဘယ်လို နည်းလမ်းတွေလဲ"
"ငါ့ကို ဦးလေးသွမ့် လို့ ခေါ်ပါ"
သွမ့်ဆုန် က သူ့စကားကို ဖြတ်ပြောလိုက်သည်။
"မင်းအဖေက ငါ့ရဲ့ ဂိုဏ်းတူ ညီအစ်ကိုပဲ။ ငါ့ကို 'ဦးလေးသွမ့်' လို့ ခေါ်လို့ မင်း ဘာမှ မနစ်နာပါဘူး"
"... ဦးလေးသွမ့်... ဒုက္ခသည် သိုင်းကျမ်း အကြောင်း ကြားဖူးလား"
"မိစ္ဆာဘုန်းကြီး ဟုန်ယဲ့"
သွမ့်ဆုန် လွှတ်ခနဲ အော်ဟစ်လိုက်မိ၏။ သို့သော်၊ ချက်ချင်းပဲ ခေါင်းခါယမ်းလိုက်သည်။
"အဲ... အရှင်ဟုန်ယဲ့ ပဲ .. မင်း... မင်းက တကယ်ပဲ ဒီသိုင်းပညာ ကို သိနေတာလား"
"ဟုတ်ပါတယ်"
ဆုမို ခေါင်းညိတ်လိုက်၏။ အဘိုးအို ကို လျစ်လျူရှုထားပြီး ပေါ့ပေါ့ပါးပါး ဝင်ထိုင်လိုက်သည်။
"သူ့ကို ခဏလောက် နာကျင်ပါစေဦး။ စကားမစပ် ပြောရရင်... အရှင်ဟုန်ယဲ့ က တကယ့်ကို ကြီးမြတ်တဲ့ ဘုန်းတော်ကြီး တစ်ပါးပါ။ သူနဲ့ ဆုံတွေ့ခွင့်ရတာ ကျွန်တော့်ရဲ့ ကံကောင်းမှုပါပဲ။ ပထမဆုံး စတွေ့တွေ့ချင်းပဲ သူက ကျွန်တော့်ကို ဒုက္ခသည် သိုင်းကျမ်း ရဲ့ နည်းလမ်းတွေကို သင်ပေးခဲ့တာ"
"ဒီလို ကိစ္စမျိုး တကယ် ရှိတာပဲ"
သွမ့်ဆုန် တစ်ယောက် ခဏတာ အတော်လေး အားကျသွားသည်။ သို့သော်၊ နောက်တစ်ကြိမ် ထပ်ပြီး အနံ့ခံကြည့်လိုက်တော့ အဘိုးအို၏ ခြေထောက်မှ ထွက်လာသော အလွန်အမင်း ဆိုးရွားလွန်းသည့် အနံ့ကြီးကို ရသွားပြန်၏။
"ဒါဆို... ခုလေးတင် မင်း ပြောခဲ့တဲ့ နည်းလမ်းကို မင်း ကိုယ်တိုင် မသုံးဖူးဘူးပေါ့"
"ကျွန်တော့်မှာ ဒုက္ခသည် သိုင်းကျမ်း ရှိနေတာပဲ... အဲဒီနည်းလမ်းကို သုံးစရာ ဘာအကြောင်း ရှိလို့လဲ"
"..."
ထိုအခိုက် သွမ့်ဆုန် တစ်ယောက် တခဏမျှ စကားပြောမထွက်အောင် ဆွံ့အသွားလေ၏။
ဆုမိုက နားမလည်နိုင်စွာဖြင့် လှမ်းမေးလိုက်သည်။
“ဦးလေးသွမ့်... ဘာဖြစ်လို့လဲ ဗျ...”
“ဘာမှမဖြစ်ပါဘူးကွာ... ရုတ်တရက် ရှေးစကားပုံ တစ်ခုကို သွားသတိရမိလို့ပါ... တကယ့်ကို အဓိပ္ပါယ်ရှိတဲ့ စကားပုံလေးပဲ...”
“ဘာစကားပုံများလဲ ဗျ...”
“နဂါးမွေးတဲ့ သားက နဂါးဖြစ်မယ်... ဖီးနစ်မွေးတဲ့ သားက ဖီးနစ်ဖြစ်မယ်... ကြွက်မွေးတဲ့ သားကတော့ တွင်းတူးတတ်လိမ့်မယ် တဲ့လေ...”
ထိုသို့ဆိုပြီးနောက် သွမ့်ဆုန်က သက်ပြင်းတစ်ချက် ချလိုက်သည်။
“မင်းက တကယ့်ကို ဆုထျန်းယန်ရဲ့ သား အစစ်ပါပဲလားကွာ...”
သွမ့်ဆုန်က ဆုမိုအား အလွန်တရာ ရှုပ်ထွေးနေသော အမူအရာဖြင့် စိုက်ကြည့်နေတော့၏။ သူ၏ မျက်ဝန်းထဲတွင် စိတ်သက်သာရာ ရသွားခြင်းလော၊ သို့တည်းမဟုတ် စိုးရိမ်ပူပန်သွားခြင်းလော ဆိုသည်ကိုပင် ကွဲကွဲပြားပြား မသိနိုင်တော့ပေ။
ထိုစဉ် ဆုမို တစ်ယောက် မည်သို့ ပြန်လည် တုံ့ပြန်ရမည်ကို မသိဘဲ ငုတ်တုတ်မေ့နေချိန်၌... ပင်မ ခန်းမဆောင်ကြီး၏ အနောက်ဘက်မှ ဝေဇီယီနှင့် မိန်းမငယ်လေးတို့ ထွက်ပေါ်လာသည်ကို မြင်လိုက်ရလေသည်။
မိန်းမငယ်လေးမှာ အတော်လေး ကျေနပ်နေဟန် ရှိပြီး သူမ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုများက အတိုင်းသား လွှမ်းခြုံနေ၏။
ဝေဇီယီက ဆုမိုအား တွေ့လိုက်ရသည့်အခါ စကားပြောနေခြင်းကို တခဏမျှ ရပ်တန့်လိုက်သည်။ ထို့နောက် သူမက...
“စီနီယာသွမ့်... ကျွန်မ ဒီကို ရောက်လာတာက ဆရာသခင်ရဲ့ သတင်းစကား တစ်ခုကို လာပို့ပေးတာပါ ရှင့်...”
“ဒီစာကို ပေးဖို့အတွက် ဇီယန်ဂိုဏ်းအထိ သွားရမယ်လို့ ထင်ထားခဲ့တာ... ဒါပေမဲ့ လမ်းခုလတ်မှာတင် ရှင်နဲ့ ဆုံရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူးလေ...”
“သတင်းစကား ပို့ပေးတယ် ဟုတ်လား...”
ရုတ်တရက် သွမ့်ဆုန် တစ်ယောက် မှင်သက်သွားတော့သည်။ သူ၏ နားရွက်များမှာ အနည်းငယ် လှုပ်ရွသွားပြီးနောက် လုံးဝ ယုံကြည်နိုင်စရာ မရှိသော လေသံဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်လေ၏။
“ငါ့ဆီကိုလားဟေ…”
--