← Chapters

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း ၂၄၁

Vol. 25 Ch. 241

အခန်း ၂၄၁ - အာဏာ

ကုမင်တာ့သည် ဤငတုံးကောင်က မိမိကိုယ်မိမိ ရာဇအာဏာကို မထိရဲပါဟု ပြောသော်လည်း သူက ဤမျှ အတိအလင်း မိတ်ဆက်ပေးခြင်းသည် ဧကရာဇ်မင်းမြတ်၏ သွားလာလှုပ်ရှားမှု လမ်းကြောင်းကို တိုက်ရိုက် ဖော်ကောင်လုပ်လိုက်ခြင်းနှင့် ဘာကွာခြားပါသနည်း။ ကုမင်တာ့သည် ခဏမျှသာ စိတ်မကောင်းဖြစ်လိုက်မိသည်။

ဧကရာဇ်မင်းမြတ်၏ ရှေ့မှောက်တွင် ကြိုတင်မျက်နှာပြခွင့်ရခြင်းက သူ၏ ရာထူးလမ်းကြောင်းအတွက် အမှန်ပင် အထောက်အကူဖြစ်စေနိုင်သော်လည်း ဆိုးကျိုးသက်ရောက်သွားဖို့က ပို၍ ရာခိုင်နှုန်းများလှသည်။

“ဆရာ့အပေါ်ထားတဲ့ မောင်ရင်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ် ... ဒါပေမဲ့ မလိုပါဘူး ... အရှင်မင်းကြီးက တခြားသူတွေကို ရှောင်ချင်လို့ တိတ်တဆိတ် ကြွလာတာလေ ... ဘယ်သူ့ကိုမှ တွေ့ဖို့ ရည်ရွယ်ချက် ရှိမှာ မဟုတ်ဘူး ... ငါ့မှာသာ အရည်အချင်းရှိရင် နောင်ကျရင် နန်းတွင်းစာမေးပွဲ ဖြေတဲ့အခါ အမြဲတမ်း တွေ့ခွင့်ရမှာပဲ”

ရှန်ချန်ဖုန်းက သက်ပြင်းချကာ ပြောလိုက်သည်။

“ဆရာက ကိုယ်ပိုင်အရည်အချင်းကိုပဲ အားကိုးမယ်ဆိုမှတော့ ကျွန်တော်လည်း ဒီလို အပိုအလုပ်တွေကို မလုပ်တော့ပါဘူး”

ဧကရာဇ်မင်းမြတ်သည် ပိုင်ယွင်ဘုရားကျောင်းသို့ ကြွရောက်ရသည်ကို နှစ်သက်ကြောင်း သိရှိသွားသဖြင့် ကုမင်တာ့သည် လူတိုင်းကို ထိုနေရာသို့ ထပ်မံ မခေါ်ဆောင်ရဲတော့ပေ။ ကုကျောက်ကို သမားတော်ကြီးယန်ထံသို့ ပြန်လည်ပို့ဆောင်ပြီးနောက် ကုမင်တာ့သည် ကလေးများကို ခေါ်၍ ပြန်လာခဲ့သည်။ ပြန်လမ်းခရီးရှိ ဝေါယာဉ်ပေါ်တွင် ထိုင်နေရင်း နျိုနျိုက မမေးဘဲ မနေနိုင်ဖြစ်သွားခဲ့သည်။

“ကိုကိုရှန် ... အရှင်မင်းကြီးက ဘယ်လိုပုံစံလဲဟင် ... သမီးအဘွားက ပြောတာတော့ သူ့မှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက် ရှိတယ်တဲ့ ... နတ်ဘုရားတွေလိုပဲ နေ့တိုင်း ရွှေပန်းကန်နဲ့ ထမင်းစားတာတဲ့ ... သူ့ကို လုပ်ကျွေးပြုစုတဲ့သူတွေလည်း အများကြီးပဲနော် ... နန်းတွင်းထဲမှာလည်း မိဖုရားတွေ ထောင်နဲ့ချီ ရှိတယ်ဆိုတာ အဲဒါ တကယ်ပဲလား”

ရှန်ချန်ဖုန်းသည် ရေ သောက်နေစဉ် ဤစကားကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် ရေ သီးသွားခဲ့သည်။

“လူမှာ ဘယ်လိုလုပ် ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက် ရှိမလဲ ... အဲဒါ နတ်ဘုရား မဟုတ်ဘူး ... မိစ္ဆာကောင်ကြီးပဲ ... ညီမလေး ... ဒီလို လျှောက်မပြောရဘူးလေ”

နျိုနျိုက ခေါင်းညိတ်ပြသော်လည်း အနည်းငယ် စိတ်ပျက်သွားဆဲပင်။

“အရှင်မင်းကြီးက သမီးတို့လို သာမန်လူတွေနဲ့ တူတူပဲလား ... အဲဒီလောက်လည်း မစွမ်းဘူးပေါ့”

ရှန်ချန်ဖုန်းက ထပ်မံ ဖျောင်းဖျလိုက်သည်။

“ညီမလေး ... အပြင်မှာ ဒီလို သွားမပြောနဲ့နော် ... သိလား”

နျိုနျိုက ဆက်လက် ခေါင်းညိတ်ပြသည်။

“သမီး သိပါတယ် ... အပြင်မှာ ဘယ်သူ့အကြောင်းမှ မကောင်းမပြောရဘူးဆိုတာ သမီးနားလည်တယ် ... ဒါပေမဲ့ ကိုကိုရှန်က သူစိမ်းမှ မဟုတ်တာ”

ရှန်ချန်ဖုန်းသည် ဤစကားလေးကြောင့် အလိုလို ချော့မြှူခြင်း ခံလိုက်ရသည်။

“ဧကရာဇ်မင်းမြတ်ရဲ့ အစွမ်းက သူ့ရဲ့ ရုပ်အဆင်းမှာ ရှိတာမဟုတ်ဘူး ... သူ့လက်ထဲက အာဏာမှာ ရှိတာ”

ကုမင်တာ့က ပြောလိုက်သည်။

နျိုနျိုက ခေါင်းလှည့်ကာ မေးလိုက်သည်။

“ဖေဖေ ... အာဏာဆိုတာ ဘာလဲဟင်”

ရှန်ချန်ဖုန်းသည်လည်း ကုမင်တာ့၏ ရှင်းပြချက်ကို နားစွင့်နေခဲ့သည်။ ကုမင်တာ့က ပြောလိုက်သည်။

“မေမေနဲ့ ဖေဖေက သမီးကို မုန့်တွေ မစားခိုင်းရင် သမီးက နာခံရတယ်မလား ... အဲဒါက မိဘဖြစ်တဲ့ ဖေဖေတို့ရဲ့ အာဏာပဲ”

“ဧကရာဇ်မင်းမြတ်ရဲ့ အာဏာကျတော့ လောကမှာရှိတဲ့ လူအားလုံးကို သူ့စကား နာခံစေပြီး သူ့စိတ်တိုင်းကျ လုပ်ခိုင်းနိုင်တာ ... သူက လူတိုင်းကို စီရင်ပိုင်ခွင့် ရှိတယ် ... အဲဒါကြောင့် သူက ကမ္ဘာပေါ်မှာ အရှိန်အဝါ အကြီးမားဆုံးလူပဲ”

နျိုနျိုသည် ထိုစကားကို ကြားသောအခါ မျက်လုံးလေး အဝိုင်းသားဖြင့် မေးလိုက်သည်။

“ဒါဆို သူက သမီးလက်ထဲက မုန့်တွေကို လုယူသွားလို့ ရတာပေါ့ ... သမီးကလည်း ပြန်မပြောရဘူးလား”

ကုမင်တာ့သည် သမီးဖြစ်သူ၏ ဦးခေါင်းကို အသာပွတ်သပ်ပေးရင်း ပြောလိုက်သည်။

“သူ့မှာ အဲဒီလို လုပ်နိုင်စွမ်း ရှိတာတော့ အမှန်ပဲ ... ဒါပေမဲ့ သူ အဲဒီလို မလုပ်သင့်ဘူးလေ”

သမီးဖြစ်သူသည် ချက်ချင်းပင် စိတ်အေးသွားကာ မေးလိုက်ပြန်သည်။

“သမီးက မုန့်တွေ တကယ် စစားချင်တာကို ဖေဖေတို့က မစားခိုင်းဘူး ... ဒါပေမဲ့ ဖေဖေတို့က သမီးကောင်းဖို့အတွက် လုပ်ပေးမှန်း သမီးသိတယ် ... အရှင်မင်းကြီးကလည်း သူ့အာဏာကို သူများတွေ ကောင်းဖို့အတွက် သုံးတာလားဟင်”

ကုမင်တာ့သည် မိမိ၏သမီးလေးက ဤမျှ ထက်မြက်ပြီး အချိန်တိုအတွင်း တွေးတောဆင်ခြင်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ကုမင်တာ့က ဤသို့ ပြောပြလိုက်သည်။

“ဧကရာဇ်မင်းမြတ်က လောကမှာရှိတဲ့ ပြည်သူအားလုံးရဲ့ အရှင်သခင်ပဲ ... ပြည်သူတွေကို စောင့်ရှောက်ဖို့ တာဝန်လည်း ရှိတယ် ... အဲဒါကြောင့် သူ အာဏာသုံးတဲ့အခါ သူများတွေ ကောင်းဖို့အတွက်ပဲ လုပ်သင့်တာပေါ့”

“သမီးတို့ရဲ့ အရှင်မင်းကြီးကရော အဲဒီလို လုပ်လားဟင်”

နျိုနျိုက ထပ်မံမေးမြန်းလိုက်သည်။

ကုမင်တာ့သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။ နျိုနျိုသည် စိတ်သက်သာရာရသွားသည့် ပုံစံဖြင့် ပြောလိုက်သည်။

“ဒါဆို ကောင်းတာပေါ့ ... အဲဒီလိုဆိုရင် သမီးလည်း အဲဒီလို အရှင်သခင်မျိုးကို သဘောကျတယ်”

သို့သော်လည်း ကုမင်တာ့က သက်ပြင်းချမိသည်။ စာတွေ့က စာတွေ့၊ လက်တွေ့က လက်တွေ့သာ ဖြစ်သည်။ ဧကရာဇ်မင်းမြတ်သည် ပြည်သူကို ချစ်မြတ်နိုးပြီး လုံ့လဝီရိယရှိသော အရှင်မင်းကြီးတစ်ပါး ဖြစ်နေဆဲ ဖြစ်သော်လည်း ဤသို့ဖြစ်လင့်ကစား လူများစွာသည် ဒုက္ခပင်လယ်ဝေနေကြရဆဲပင်။

ထိုစဉ် ဝေါယာဉ်က ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

“ဘာဖြစ်လို့လဲ”

ကုမင်တာ့က ဝေါယာဉ်မောင်းနေသော ချီတာရှန်းကို မေးလိုက်သည်။

ချီတာရှန်းက ပြောလိုက်သည်။

“သခင်ကြီး ... ရှေ့မှာ ပျက်နေတဲ့ ဝေါယာဉ်တစ်စီး လမ်းလယ်ခေါင်မှာ ရပ်ထားလို့ လမ်းပိတ်နေပါတယ်”

ကုမင်တာ့သည် ချီတာရှန်းက ဝေါယာဉ် ပြင်တတ်သည်ကို သိသဖြင့် ပြောလိုက်သည်။

“မင်း ရှေ့ကို သွားကြည့်ပြီး ကူညီပေးလို့ရမလားကြည့်လိုက်ဦး”

ချီတာရှန်းသည် ဝေါယာဉ်ပေါ်မှ ခုန်ဆင်းကာ ရှေ့သို့ လျှောက်သွားခဲ့ပြီး အချိန်အတော်ကြာသည်အထိ ပြန်မလာခဲ့ပေ။ ဝေါယာဉ်က ထိုနေရာ၌ပင် ဆက်လက်ရပ်တန့်နေသဖြင့် နျိုနျိုသည် ပျင်းရိလာပြီး ပြတင်းပေါက်လိုက်ကာကို ဖွင့်၍ အပြင်သို့ မကြည့်ဘဲ မနေနိုင်ဖြစ်သွားခဲ့သည်။ သူမ တစ်ချက်ကြည့်လိုက်ရာ ရှေ့ဘက် လမ်းဘေးတွင် လူအချို့ ဝိုင်းရံထားခြင်း ခံရသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။

“ဖေဖေ ... သမီး အသိတစ်ယောက်ကို တွေ့တယ်”

ကုမင်တာ့သည် အံ့အားသင့်သွားခဲ့သည်။

“သမီးက မြို့တော်မှာ အသိရှိတယ် ဟုတ်လား”

သူသည် နျိုနျိုကို ပွေ့ချီကာ ဝေါယာဉ်ပေါ်မှ ဆင်းလိုက်ပြီး ရှန်ချန်ဖုန်းကလည်း နောက်မှ ကပ်လျက် လိုက်လာခဲ့သည်။

“လူကြီးမင်း ... လူကြီးမင်းရဲ့ ဝေါယာဉ် ပျက်နေတာလားဟင်”

နျိုနျိုက မေးလိုက်သည်။

လီယုံသည် အသံကြားသဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ နျိုနျို ဖြစ်နေသည်ကို မြင်သောအခါ သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လွင်သွားခဲ့သည်။ သူသည် နျိုနျိုနှင့် တစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးသော်လည်း အကြောင်းပြချက်မရှိဘဲ သဘောကျမိသည်။ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း သူမအကြောင်းကိုပင် ပြန်လည်တွေးတောမိပြီး မိမိတွင်သာ သမီးမိန်းကလေးတစ်ဦး ရှိခဲ့လျှင် နျိုနျိုကဲ့သို့ ချစ်ဖို့ကောင်းနေလိမ့်မည်ဟု အမြဲ စဉ်းစားနေခဲ့သည်။

“ပြန်တွေ့ကြပြန်ပြီပဲ သမီးလေး ... မိသားစုနဲ့ အတူတူ လာတာလား”

လီယုံက ဤသို့ပြောလိုက်စဉ် သူ၏မျက်ဝန်းများက နျိုနျိုကို ပွေ့ချီထားသည့် ကုမင်တာ့ထံသို့ ကျရောက်သွားခဲ့သည်။ ကုမင်တာ့သည် ခန့်ညားထည်ဝါပြီး အရပ်ရှည်လှသဖြင့် ထိုနေရာ၌ မတ်တပ်ရပ်နေရုံမျှဖြင့်ပင် လူကို ကြည်နူးစေသည်။ လီယုံသည် နောက်ဘက်သို့ ထပ်မံကြည့်လိုက်ရာ ငတုံးကောင်လေး ရှန်ချန်ဖုန်းကို မြင်လိုက်ရသဖြင့် ထိုကလေးငယ်ထံသို့ တိတ်တဆိတ် ခေါင်းခါပြလိုက်သည်။

ရှန်ချန်ဖုန်းသည်လည်း ဤအချိန်တွင် မျက်လုံးပြူးသွားခဲ့သည်။ သူသည် မူလက ကုမင်တာ့အား မိတ်ဆက်ပေးရန် ကူညီချင်ခဲ့သော်လည်း လမ်းခုလတ်တွင် ဆုံစည်းမိလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ကံတရားကို တကယ် ပြောရခက်လှသည်။ ရှန်ချန်ဖုန်းသည် လီယုံအား အဝေးမှသာ အလေးပြုနိုင်ခဲ့ပြီး သူက မိမိ၏ အဆင့်အတန်းကို ဖော်ပြရန် ဆန္ဒမရှိသည်ကို မြင်သောအခါ ပါးစပ်ကိုသာ ပိတ်ထားလိုက်ရသည်။

နျိုနျိုက မိတ်ဆက်ပေးလိုက်သည်။

“ဒါက သမီးဖေဖေလေ ... လူကြီးမင်းကို ဘယ်လိုခေါ်ရမှန်း သမီးမသိသေးဘူး”

လီယုံသည် ထိုစကားကို ကြားသောအခါ ပြုံးလျက် ပြောလိုက်သည်။

“လူကြီးမင်းလို့ပဲ ခေါ်တာ ကောင်းပါတယ် ... သမီးရဲ့ဖခင်က စာပေတတ်မြောက်တဲ့ ပညာရှိတစ်ဦးနဲ့ တူတယ်နော်”

နျိုနျိုက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

“သမီးဖေဖေက စာမေးပွဲမှာ ပထမဆုရတဲ့ ဟွီယွမ်လေ ... တကယ့်ကို တော်တာ”

ကုမင်တာ့သည် ထိုစကားကို ကြားသောအခါ နျိုနျို၏ ဦးခေါင်းလေးကို အသာအယာ ပုတ်လိုက်သည်။

“ဒီကလေးလေးကတော့ ... နည်းနည်းပါးပါးတော့ နှိမ့်ချဦးလေ”

နျိုနျိုက ပြောလိုက်သည်။

“ဖေဖေက တကယ် တော်တာပဲကို ... နှိမ့်ချနေစရာ မလိုပါဘူး”

ဤကလေးဆန်သော စကားများကို နားထောင်ရင်း လီယုံသည် မရယ်ဘဲ မနေနိုင်ဖြစ်သွားခဲ့သည်။ သူသည် ကုမင်တာ့ကို အားကျသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိသည်။ ဤမျှ ချစ်စဖွယ်ကောင်းသော သမီးငယ်လေး ဘေးနားတွင် ရှိနေခြင်းက စိတ်သောကအားလုံး ကင်းဝေးစေမည်မှာ အမှန်ပင်။

“လူကြီးမင်းကြီးက ပိုင်ယွင်ဘုရားကျောင်းကို ဇနီးသည်နဲ့ တွေ့ဖို့ ထပ်လာတာလားဟင်”

နျိုနျိုက မေးမြန်းလိုက်သည်။

လီယုံသည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်သည်။

“အခု ပိုင်ယွင်ဘုရားကျောင်းမှာ လူတွေ သိပ်များနေပြီဆိုတော့ နောက်ဆို ငါဒီကို လာဖြစ်တော့မှာ မဟုတ်ဘူး ... ငါမမြင်နိုင်တဲ့ နေရာတစ်ခုမှာ သူ ဘေးကင်းပြီး ပျော်ရွှင်နိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်”

လီယုံ၏ မျက်နှာတွင် အထီးကျန်ရိပ်များ သန်းသွားခဲ့သည်။ နျိုနျိုက ဖျောင်းဖျလိုက်သည်။

“သေချာပေါက် ပျော်ရွှင်ရမှာပါ”

ထိုအချိန်တွင် ချီတာရှန်းက ဝေါယာဉ်ကို နောက်ဆုံး၌ ပြင်ဆင်ပေးပြီးသွားခဲ့သည်။

“သမီးလေး ... ငါပြန်ရတော့မယ် ... ငါတို့ ရေစက်ရှိရင် ပြန်တွေ့ကြတာပေါ့”

လီယုံသည် ပြောပြီးနောက် ကုမင်တာ့အား ခေါင်းညိတ်ပြကာ အစေခံများ၏ အကူအညီဖြင့် ဝေါယာဉ်ပေါ်သို့ လှည့်၍ တက်သွားခဲ့သည်။ ကုမင်တာ့သည် နျိုနျိုကို ပွေ့ချီလျက် လှည့်ကာ မိမိ၏ ဝေါယာဉ်ထဲသို့ ဝင်လိုက်သည်။

ရှန်ချန်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်ရန် ပြင်ရုံရှိသေးသော်လည်း ကုမင်တာ့က တိုက်ရိုက် မေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“စောစောက လူကြီးမင်းက အရှင်မင်းကြီးမလား”

All Chapters