အခန်း ၂၄၂
Vol. 25 Ch. 242
အခန်း ၂၄၂ - လေဖြန်းခြင်း
ရှန်ချန်ဖုန်း၏ သံသယများသည် ရုပ်လုံးပေါ်လုနီးပါး ဖြစ်သွားခဲ့သည်။ မိမိဘက်မှ လျှို့ဝှက်ချက် တစ်စုံတစ်ရာ မပေါက်ကြားခဲ့သည်ကို သူ သတိရမိသဖြင့် ကုမင်တာ့က မည်သို့ တိတိကျကျ ခန့်မှန်းနိုင်ရသနည်း။
“ဆရာ ... ဆရာက ဘယ်လို မြင်သွားတာလဲဟင်”
ကုမင်တာ့က ရှင်းပြလိုက်သည်။
“နျိုနျိုက စောစောက လူကြီးမင်းကို စကားပြောလိုက်တဲ့အချိန်မှာ သူ့ဘေးက အစေခံတွေက အသံကြားတာနဲ့ ချက်ချင်း ကာကွယ်မယ့် အနေအထား ဖြစ်သွားကြတယ် ... ဒါက သာမန် အစေခံတွေ မဟုတ်ဘူး”
“ပြီးတော့ နျိုနျို ပြောတာလည်း ငါကြားဖူးတယ် ... အဲဒီလူကြီးမင်းက ပြီးခဲ့တဲ့အကြိမ်က ပိုင်ယွင်ဘုရားကျောင်းကို သွားခဲ့တယ်ဆိုတော့ မကြာသေးခင်က အရှင်မင်းကြီး ပိုင်ယွင်ဘုရားကျောင်းကို ခဏခဏ ကြွတာနဲ့ ကွက်တိပဲလေ”
“အဓိကကတော့ ငါက အလွတ်စမ်းပြီး လျှောက်ပြောကြည့်တာကို မင်းက ချက်ချင်း တိုက်ရိုက် ဝန်ခံလိမ့်မယ်လို့ ထင်မထားဘူး ... တကယ်တော့ ငြင်းလိုက်ရင် ရသားပဲကို”
ရှန်ချန်ဖုန်းသည် ဤစကားကို ကြားပြီးနောက် သူ၏နှာခေါင်းကို သုတ်ရင်း ပြောလိုက်သည်။
“ကျွန်တော်က အလိမ်အညာတွေကို မခံနိုင်လို့ပါ”
ကုမင်တာ့က ပြုံးလျက် ပြောလိုက်သည်။
“အကြိမ်အနည်းငယ် အလိမ်ခံရပြီးရင်တော့ မှတ်မိသွားမှာပါ”
နျိုနျိုသည် သူတို့ စကားပြောပြီးသွားသည်ကို မြင်သောအခါ ခေါင်းလေးစောင်းကာ မေးလိုက်သည်။
“လူကြီးမင်းက ဘယ်လိုလုပ် အရှင်မင်းကြီး ဖြစ်နိုင်မှာလဲ ... သူ့မှာ မိဖုရားခေါင်ကြီး မရှိဘူးလားဟင်”
ရှန်ချန်ဖုန်းက ခေါင်းခါယမ်းကာ ပြောလိုက်သည်။
“အရှင်မင်းကြီးက အသက်ငယ်ငယ်နဲ့ နန်းတက်ခဲ့တာဆိုတော့ ဇနီးသည် လက်ထပ်ဖို့ အချိန်မရခဲ့ဘူး ... နန်းတွင်းထဲမှာ မိဖုရားငယ်တွေ ရှိပေမဲ့ မိဖုရားခေါင်ကြီးနေရာကတော့ လစ်လပ်နေတုန်းပဲ”
ကုမင်တာ့က နျိုနျိုအား ပြီးခဲ့သည့်အကြိမ်က ဧကရာဇ်မင်းမြတ်ကို ဘာတွေ ပြောခဲ့သနည်းဟု ထပ်မံ မေးမြန်းလိုက်သည်။
“သူ့ဇနီးသည် အကြောင်းပါ”
နျိုနျိုက ပြောလိုက်သည်။
ကုမင်တာ့က ချက်ချင်းပင် မှာကြားလိုက်သည်။
“ဒါဆို နောက်ဆို အဲဒီအကြောင်းတွေကို ထပ်မပြောနဲ့တော့နော် ... အရှင်မင်းကြီးက သူ့ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို သူများတွေ အပြင်မှာ လျှောက်ပြောနေတာကို ကြိုက်မှာ မဟုတ်ဘူး”
နျိုနျိုက နားလည်သည့်အလား ခေါင်းညိတ်ပြလိုက်သည်။ ကုမင်တာ့က ရှန်ချန်ဖုန်းဘက်သို့ လှည့်၍ ပြောလိုက်သည်။
“မောင်ရင့်ရဲ့ အဆင့်အတန်းက သူများတွေနဲ့ မတူဘူး ... မောင်ရင်က အရှင်မင်းကြီးရဲ့ တူတော်လေ ... သေချာပေါက် ငါတို့ထက် ပိုသိမှာပဲ ... အရှင်မင်းကြီးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အပြင်မှာ လျှောက်မဖြန့်ရဘူးဆိုတာ တော်ဝင်မင်းသမီးကြီးလည်း မောင်ရင့်ကို သွန်သင်ထားမှာပဲ”
ကုမင်တာ့က အကြောင်းအရာကို တိုက်ရိုက် လွှဲပြောင်းလိုက်သည်။
“ဒီနေ့ ကဗျာတစ်ပုဒ်လောက် ရေးလို့ရမလား”
ရှန်ချန်ဖုန်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။
“ကျွန်တော့်မှာ စိတ်ကူးတော့ ရှိပါတယ် ... ဒါပေမဲ့ နှစ်ကြောင်းပဲ ရေးရသေးတယ် ... အကုန်လုံး ပြီးအောင် ရေးဖို့အတွက် ခဏလောက် ထပ်စဉ်းစားရဦးမယ် ထင်တယ်”
ကုမင်တာ့က သူ့ကို မတိုက်တွန်းဘဲ ပြောလိုက်သည်။
“မောင်ရင့်မှာ ဒီလို စိတ်ဆန္ဒ ရှိရင်ပဲ ရပါပြီ ... အေးအေးဆေးဆေးပဲ လုပ်ပါ ... မလောပါနဲ့”
ဝေါယာဉ်က အိမ်သို့ ပြန်ရောက်လာပြီး တံခါးထဲသို့ မဝင်မီ လမ်းဘေးတွင် စွန်းမိသားစုမှ လူတစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။ စွန်းမိသားစုက လူလွှတ်၍ ဖိတ်စာလာပို့ခြင်း ဖြစ်သည်။ အခြားနေရာသို့ သွားရောက်လည်ပတ်ရန် မဟုတ်ဘဲ ဇာတ်ရုံသို့ သွားရောက်ရန် ဖြစ်သည်။
“လူကြီးမင်းကု ... ဒါက ကျွန်တော့်သခင်နဲ့ သခင်မတို့ ရေးထားတဲ့ ပြဇာတ်ပါ ... အဆင်ပြေရင် အားလုံးပဲ ကြွရောက် အားပေးကြပါဦး”
အစေခံက ပြုံးလျက် ရှင်းပြခဲ့သည်။
ကုမိသားစုဝင်များက ၎င်းကို ကြားရသောအခါ အားလုံး အံ့အားသင့်သွားကြသည်။ ကျန်းယွင်နန်နှင့် လျူရှောင်ရူတို့သာ သခင်မလီအတွက် အလွန် ဝမ်းမြောက်သွားခဲ့ကြသည်။
“သူမ မြို့တော်ကို လာတဲ့ လမ်းမှာ ပြဇာတ်စာအုပ် ရေးမလို့ဆိုတာ ကြားဖူးတယ် ... ဒါပေမဲ့ ဒီလောက် မြန်မြန်ဆန်ဆန် ဇာတ်စင်ပေါ် ရောက်လိမ့်မယ်လို့ ထင်မထားဘူး ... ဒါကို ကြည့်ရင် သူက ဒီပြဇာတ်ကို အလွန် ကောင်းကောင်း ရေးနိုင်ခဲ့တာပဲ”
နျိုနျိုသည်လည်း အလွန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ပြဇာတ်ထဲမှာ ဖေဖေတို့ မေမေတို့နဲ့ အဒေါ်လျူတို့အကြောင်း ပါလားဟင် ... သမီးတို့ မိသားစုအကြောင်းကို တကယ်ပဲ သီဆိုမှာလား ... ပြဇာတ်ထဲမှာ သမီးကော ပါလားဟင်”
ကုမင်တာ့သည် သမီးဖြစ်သူ၏ မျက်နှာလေးကို အသာအယာ ကိုင်ရင်း ပြောလိုက်သည်။
“သမီးလေးကတော့ ပါမှာ မဟုတ်လောက်ပါဘူး ... ဇာတ်အဖွဲ့ထဲမှာ သမီးအရွယ် ကလေးတွေက စင်ပေါ်တက် ဖျော်ဖြေခွင့် မရသေးဘူးလေ”
နျိုနျိုသည် ထိုစကားကို ကြားသော်လည်း စိတ်မပျက်ဘဲ ပြောလိုက်သည်။
“သမီးတို့အကြောင်း သီဆိုပေးရင်ပဲ တကယ့်ကို ကောင်းလှပါပြီ”
ကုမင်တာ့သည် ဤမျှ လျင်မြန်စွာ ဇာတ်စင်ပေါ် ရောက်ရှိနိုင်ခြင်းမှာ အနောက်မှ ပံ့ပိုးကူညီသူများ ရှိနေခြင်းကြောင့် ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။
နောက်တစ်နေ့ည ရောက်သောအခါ ကုမိသားစုတစ်စုလုံး ဇာတ်ရုံအဝသို့ ရောက်သည်နှင့် ဆိုင်ရှင်လော်၊ ဆရာစွန်းနှင့် သူ၏ဇနီးတို့ကို မြင်တွေ့လိုက်ရသည်။ ဆရာစွန်းက လေသံအေးအေးဖြင့် ရှင်းပြသည်။
“ဒါက အစက ဇနီးသည် ရေးထားတဲ့ စာအုပ်ပါ ... သူ ရေးပြီးတော့ ကျွန်တော်က ပြန်လည် မွမ်းမံပြင်ဆင်ပေးခဲ့တာ ... ပြင်ပြီးသွားတော့လည်း စိတ်မချရသေးဘူး ထင်လို့ ဟန်လင်းကျောင်းတော်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြံပြုချက်အတိုင်း လူကြီးမင်းကျန့်ဆီမှာ သွားရောက် လမ်းညွှန်မှု ခခံယူခဲ့တာပါ”
ဤလူကြီးမင်းကျန့်သည် သာမန် ပညာရှိတစ်ဦး မဟုတ်ဘဲ ဟန်လင်းကျောင်းတော်၏ အကြီးအကဲဖြစ်ပြီး ယနေ့ခေတ် နန်းတွင်းအမတ်ကြီးများထဲမှ တစ်ဦးလည်း ဖြစ်သည်။ အခြားသူများက သူ့ကို တွေ့ဆုံရန် အလွန်ခက်ခဲလှသော်လည်း ဆရာစွန်း၏ စကားအရမူ ဟန်လင်းကျောင်းတော်မှ လုပ်ဖော်ကိုင်ဖက်တစ်ဦးမျှသာ။
လူကြီးမင်းကျန့်သည် ပြဇာတ်ဝါသနာအိုးကြီးတစ်ဦး ဖြစ်ပြီး ကိုယ်တိုင်လည်း ပြဇာတ်စာအုပ်များနှင့် အော်ပရာစာအုပ်များစွာကို ရေးသားခဲ့ဖူးသည်။ သူ၏ မိသားစုတွင်လည်း အော်ပရာခြံဝင်းတစ်ခု ရှိသည်။ သူသည် ဆရာစွန်း၏ ပြဇာတ်စာအုပ်ကို အလွန်နှစ်သက်သဖြင့် ၎င်းကို ပြဇာတ်တစ်ခုအဖြစ် အကောင်အထည်ဖော်ရန် အကြံပြုခဲ့ခြင်းပင်။
ဒီနေ့ကတော့ ဒီပြဇာတ်ကို ပထမဆုံးအကြိမ် ကပြဖျော်ဖြေတဲ့နေ့ ဖြစ်သည်။ ဆရာစွန်းနှင့် သခင်မလီတို့နှစ်ဦးစလုံးသည် ပရိသတ်များက အားမပေးမည်ကို စိုးရိမ်သဖြင့် ရင်တထိတ်ထိတ် ဖြစ်နေခဲ့ကြသည်။ သခင်မလီက ကျန်းယွင်နန်နှင့် လျူရှောင်ရူတို့ကို ထိုအချိန်တွင် ပြောလိုက်သည်။
“ကျွန်မ တကယ် ကြောက်တာက ကပြနေတုန်း မင်းသားမင်းသမီးတွေ စင်ပေါ်ကနေ အဆွဲချခံရမှာကိုပဲ”
လျူရှောင်ရူက ဖျောင်းဖျလိုက်သည်။
“အဲဒီလို မဖြစ်နိုင်ပါဘူး အစ်မလီ ရာ ... အစ်မ အတွေးလွန်နေတာပါ ... လူကြီးမင်းကျန့်လို လူကြီးလူကောင်းတွေ ကြိုက်တဲ့ ဇာတ်လမ်းက သေချာပေါက် မဆိုးနိုင်ပါဘူး ... တကယ်လို့ ဆိုးခဲ့ရင်တောင် ကျွန်မတို့ရဲ့ နှပ်ဟင်း ရှိသေးတာပဲဥစ္စာ”
လျူရှောင်ရူသည် ဆိုင်ရှင်လော်ထံမှ ယနေ့သည် ပြဇာတ်စတင်ကပြသည့် ပထမဆုံးနေ့ ဖြစ်ရုံတင်မကဘဲ နှပ်ဟင်းနှင့်ပါ တွဲဖက်လုပ်ဆောင်ထားကြောင်း မကြာသေးခင်ကမှ သိရှိခဲ့ရသည်။ လော်မိသားစုသည် ယခုအခါ မြို့တော်တွင် နှပ်ဟင်းဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ထားပြီး ဖြစ်သည်။ မြို့တော်သည် စွမ်းရည်ရှိသူများ ပုန်းအောင်းရာနေရာ ဖြစ်လှသည်။ နှပ်ဟင်းဆိုင်သည် ဖွင့်လှစ်ပြီးသည်နှင့် ၎င်း၏ ထူးခြားသော အရသာကြောင့် ရောင်းကောင်းခဲ့သော်လည်း အရှိန်အဝါကမူ ပိုမိုမြင့်တက်မလာသေးပေ။
လော်မိသားစုတွင် ပြင်ဆင်နေဆဲ ဆိုင်ခွဲနှစ်ဆိုင် ရှိသေးသည်။ ဆိုင်ရှင်လော်သည် ဤပြဇာတ်ကပြမှုကို အလွန်အလေးထားသဖြင့် ဇာတ်ရုံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်စောင့်ကြည့်နေပြီး စားသောက်ဆိုင်မှ ဧည့်သည်များအတွက်လည်း ဇာတ်ရုံလက်မှတ်အမြောက်အမြားကို ဝယ်ယူပေးခဲ့သည်။ ယခုအခါ ပြဇာတ် မစတင်သေးသော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ပရိသတ်များ ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
ခဏမျှ နှုတ်ဆက်ကြပြီးနောက် ဆိုင်ရှင်လော်နှင့် ဆရာစွန်းတို့သည် ဇာတ်ရုံအဝ၌ ဧည့်သည်များကို ဆက်လက် ကြိုဆိုနေခဲ့ကြသည်။ ဆရာစွန်းသည် ဟန်လင်းကျောင်းတော်မှ လုပ်ဖော်ကိုင်ဖက်များကိုလည်း ဇာတ်ရုံလက်မှတ်များစွာ ပေးခဲ့သည်။ သူ၏ ရက်ရောမှုကြောင့် လုပ်ဖော်ကိုင်ဖက်များနှင့် အထက်လူကြီးများကို မကြာခဏ ထမင်းဖိတ်ကျွေးလေ့ရှိသည်။ ယခုအခါ သူသည် လူကြီးမင်းကျန့်၏ ချီးမွမ်းခြင်းကို ခံရသဖြင့် ယခင်က သူ့ကို နှိပ်ကွပ်ခဲ့သော စီနီယာသည်လည်း သူ့ကို ရန်မရှာရဲတော့ပေ။