အခန်း ၂၄၃
Vol. 25 Ch. 243
အခန်း ၂၄၃ - အမှန်တော့ ကျွန်မကလေ
ဇာတ်ရုံ၏ သီးသန့်ခန်းထဲ၌ သခင်မလီက ကျန်းယွင်နန်အား တိုးတိုးလေး ပြောလိုက်သည်။
“နျိုနျိုလေးက တကယ့်ကို ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ ... ကျွန်မတို့အိမ်ကို တစ်ခေါက်လာတာနဲ့ သူ့မွေးစားအဖေရဲ့ မကောင်းတဲ့ အကျင့်ဆိုးကြီးတစ်ခု ပျောက်သွားတာ ... နျိုနျိုလေး နေ့တိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကျွန်မတို့အိမ်မှာပဲ လာနေရင် တကယ် ကောင်းမှာပဲ”
ကျန်းယွင်နန်က ထိုစကားကို ကြားသောအခါ ချက်ချင်း ပြောလိုက်သည်။
“ဆရာစွန်းက ဘာဖြစ်လို့လဲဟင် ... သူကလည်း ရှားမှရှားတဲ့ လူကောင်းတစ်ယောက်ပဲဥစ္စာ”
သခင်မလီက ပြောလိုက်သည်။
“သူက အရင်တုန်းက အရာရာကို ရင်ထဲမှာပဲ အောင့်အည်းထားပြီး ကျွန်မကို ဘာမှမပြောဘူးလေ ... အခုတော့ ကျွန်မတို့ ပွင့်ပွင့်လင်းလင်း ပြောဖြစ်သွားကြပြီ ... သူ ကြုံတွေ့ရသမျှ အရာရာကို ကျွန်မနဲ့ တိုင်ပင်တယ် ... ပြီးတော့ အရင်ကထက်လည်း ကျွန်မရဲ့ အခက်အနေတွေကို ပိုပြီး နားလည်ပေးလာတယ်”
“အစ်မ သိတဲ့အတိုင်း ကျွန်မရဲ့ ယောက္ခမက အရင်တုန်းက သားလတ်နဲ့ သားထွေး မိသားစုတွေကိုပဲ ဘက်လိုက်ခဲ့တာလေ ... ဒီတစ်ခါလည်း ဇာတိရွာမှာပဲ နေမယ်ဆိုပြီး ပြဿနာရှာနေပြန်ရော ... ကျွန်မတို့ မြို့တော်ကို ရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ် ... သားလတ်နဲ့ သားထွေးတို့က ပြဿနာ ထပ်ရှာလို့ ရုံးတော်အထိတောင် ရောက်သွားကြတယ်လေ ... အဘွားကြီးက လန့်ဖြန့်ပြီး ကျွန်မခင်ပွန်းဆီ ချက်ချင်း စာပို့ပြီး ကူညီခိုင်းတော့တာပဲ”
“ကျွန်မခင်ပွန်းက ဒီတစ်ခါတော့ စိတ်ပြတ်သွားတယ် ... သွားပြီးတော့လည်း မကူညီပေးတဲ့အပြင် ဇာတိရွာကို စာပြန်ပို့လိုက်တယ် ... ကျွန်မက အဘွားကြီးကို ပြုစုပေးလို့ ရပေမဲ့ အဘွားကြီးကို ဇာတိရွာကနေ ဒီကို ပို့ပေးရမယ်တဲ့ ... သားလတ်နဲ့ သားထွေးတို့ နောက်တစ်ခါ အမှားမလုပ်မိစေဖို့ ရွာမှာ ဆက်မနေခိုင်းတော့ဘဲ သူတို့ပါ အဘွားကြီးကို ပြုစုဖို့ မြို့တော်ကို လိုက်လာခဲ့ရမယ်လို့ ပြောလိုက်တယ်”
“သားလတ်နဲ့ သားထွေးတို့က အဘွားကြီးနောက်ကို လိုက်ပြီး မြို့တော်ကို ဘယ်လာချင်ပါ့မလဲ ... မြို့တော်ကို လာရင် အစ်ကိုကြီးရဲ့ ထိန်းချုပ်မှုကို ခံရမှာဖြစ်ပြီး နေ့တိုင်းလည်း အဘွားကြီးကို ပြုစုဖို့ ဖိအားပေးခံရမှာလေ ... အဲဒါကြောင့် သူတို့က ဒီကိစ္စကို လုံးဝ သဘောမတူကြဘူး”
“ကျွန်မခင်ပွန်းကလည်း ရွာမှာ သူတို့ကို သဘောအတိုင်း လွှတ်မထားတော့ဘဲ မျိုးနွယ်စုဆီ စာရေးပြီး မျိုးနွယ်စုထဲက လူကြီးတွေကို သားလတ်နဲ့ သားထွေးကို သေချာစောင့်ကြည့်ပြီး အဘွားကြီးကို ကောင်းကောင်း ပြုစုခိုင်းဖို့ တောင်းဆိုလိုက်တယ်”
ယခုအခါ စွန်းမိသားစုတစ်ခုလုံးတွင် အနာဂတ် အရှိဆုံးလူမှာ ဆရာစွန်း ဖြစ်သည်။ သဘာဝကျကျပင် စွန်းမျိုးနွယ်စုသည် သူ၏ စကားကို မနာခံဘဲ မနေရဲသဖြင့် ယောက္ခမကြီးမှာ ဇာတိရွာ၌ပင် ကျန်ရစ်ခဲ့ရသည်။
အစ်မကြီးဖြစ်သော သခင်မလီသည် ယောက္ခမ၏ နှိပ်စက်မှုကို ခံရမည့်ဘေးမှ ကင်းဝေးသွားခဲ့ရုံသာမက ၎င်းအစား သားလတ်နှင့် သားထွေး မိသားစုများကို ရံဖန်ရံခါ စာရေး၍ ဆူပူကြိမ်းမောင်းနိုင်ပြီး အဘွားကြီးကို အစွမ်းကုန် ပြုစုစောင့်ရှောက်ရန် တိုက်တွန်းနိုင်ခွင့် ရရှိသွားခဲ့သည်။
ကျန်းယွင်နန်သည် အခြေအနေများ ဤသို့ ဖြစ်ပျက်သွားလိမ့်မည်ဟု ထင်မထားခဲ့သဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“အခုတော့ ညည်းလည်း ဒုက္ခတွေ ပြီးဆုံးပြီး သာယာတဲ့ ဘဝကို ရောက်သွားပြီပေါ့”
သခင်မလီ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားခဲ့သည်။ ယခုအခါ သူမတွင် သားသမီးများ ရှိနေပြီဖြစ်ပြီး မိမိကို ချစ်မြတ်နိုးသော ခင်ပွန်းလည်း ရှိသည်။ သူမကို နှိပ်စက်လေ့ရှိသော ယောက္ခမမှာလည်း မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာတွင် ရှိနေသည်။ သူမ ကိုယ်တိုင်ရေးသားခဲ့သော ပြဇာတ်စာအုပ် ဇာတ်စင်ပေါ် ရောက်ရှိချိန်တွင် ဤထက် ပိုမိုကောင်းမွန်သော ဘဝမျိုး ရှိနိုင်ပါဦးမည်လော။ သူမသည် ခင်ပွန်းဖြစ်သူကို ဖျောင်းဖျပြီးနောက် နျိုနျိုကို ချစ်မြတ်နိုးလှသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
နျိုနျိုသည် မွေးစားမေမေ၏ အကြည့်ကို သတိပြုမိသွားသဖြင့် မိမိလက်ထဲတွင် ကိုင်ထားသော မြေပဲများကို သခင်မလီထံသို့ ကမ်းပေးလိုက်သည်။
"မွေးစားမေမေ ... ဒီမြေပဲလေး မြန်မြန်စားကြည့်ဦး ... အစ်မရှူးယင်း လုပ်ပေးတာလောက် မကောင်းပေမဲ့ ... ဒါလည်း အရသာ ရှိတာပဲ"
နျိုနျိုသည် မိမိ၏ ရင်ဘတ်ကို အသာပွတ်ရင်း ‘တော်သေးတယ် ... အစ်မရှူးယင်းအကြောင်းကို လျှောက်ပြောမိတော့မလို့’ ဟု လျှို့ဝှက်စွာ တွေးလိုက်သည်။ သခင်မလီသည် အများကြီး မတွေးတောဘဲ နျိုနျို ကမ်းပေးသော မြေပဲများကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။ သူမသည် ကလေးကို မြင်သောအခါ ရုတ်တရက် အကြောင်းအရာတစ်ခုကို သတိရသွားသဖြင့် ကျန်းယွင်နန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။
“အစ်မ ... ကျွန်မမှာ ကိစ္စတစ်ခု ရှိလို့ အစ်မကို ကူညီခိုင်းချင်လို့ပါ”
ကျန်းယွင်နန်က ခေါင်းညိတ်ပြသည်။
“တို့တွေ ဆက်ဆံရေးနဲ့ ဘာတွေ အားနာနေတာလဲ ... ပွင့်ပွင့်လင်းလင်းပဲ ပြောပါ”
“ကျွန်မခင်ပွန်းရဲ့ လုပ်ဖော်ကိုင်ဖက် ဇနီးသည်အကြောင်းပါ ... သူက လွန်ခဲ့တဲ့ ရက်ပိုင်းကမှ သမီးလေး တစ်ယောက် မွေးထားတာလေ ... အစ်မကို သူနဲ့ သွားတွေ့စေချင်လို့ပါ”
“သူ့ရဲ့ အခြေအနေက ကျွန်မနဲ့ နည်းနည်း တူတယ် ... ဒါပေမဲ့ သူက ကျွန်မထက် ပိုပြီး သနားဖို့ကောင်းပါတယ် ... အစ်မ သွားတွေ့တဲ့အခါ နည်းနည်းပါးပါး ရှင်းပြပေးပြီး ခန္ဓာကိုယ် ပြုစုစောင့်ရှောက်ဖို့ နည်းလမ်းအချို့ သင်ပေးရင် သဘာကျကျပဲ ပိုကောင်းသွားမှာပါ”
သခင်မလီ၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျန်းယွင်နန်သည် မိမိအား မီးဖွားပြီးနောက် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အတွေ့အကြုံများကို သွားရောက် သင်ကြားပေးခိုင်းခြင်း ဖြစ်ကြောင်း အကြမ်းဖျင်း သဘောပေါက်သွားခဲ့သည်။
“အစ်မ ခင်ပွန်းရဲ့ လုပ်ဖော်ကိုင်ဖက် ဇနီးသည်ရဲ့ မိခင်ကကော ဘယ်မှာလဲဟင်”
ကျန်းယွင်နန်က မေးမြန်းလိုက်သည်။
အကြောင်းမူကား ပုံမှန်အားဖြင့် မီးဖွားပြီးနောက် ကျန်းမာရေး ပြုစုခြင်းကို မိခင်ဖြစ်သူက သမီးဖြစ်သူအား ပြုစုပေးလေ့ရှိပြီး သို့မဟုတ်ပါက မိသားစုကြီးထဲတွင် အတွေ့အကြုံရှိသော အဘွားအိုများ ရှိတတ်ကြသောကြောင့် ဖြစ်သည်။ သခင်မလီက သက်ပြင်းချကာ ပြောလိုက်သည်။
“သူကလည်း သနားစရာ လူတစ်ယောက်ပါပဲ ... မိဘအိမ်က ချမ်းသာပေမဲ့ အမေဖြစ်သူက စောစောစီးစီး ဆုံးပါးသွားခဲ့တာလေ ... မိထွေးကလည်း သူမကို သိပ်ဂရုမစိုက်ဘူး ... ဖခင်ဖြစ်သူက မင်္ဂလာဆောင်ပန်းကန် အများကြီး ပေးခဲ့ပေမဲ့ ဒီလို ကိစ္စမျိုးတွေမှာတော့ ဘယ်သူမှ သူမကို ဂရုတစိုက် ကြည့်ရှုမပေးကြဘူး”
“မိန်းကလေးတစ်ယောက်အတွက် ကလေးမွေးရတာ မလွယ်ကူလှဘူး ... မွေးပြီးရင်လည်း ပိုပြီး အားနည်းတတ်တာမို့ ကူညီပေးနိုင်ရင် ကောင်းမယ်လို့ တွေးမိလို့ပါ”
ကျန်းယွင်နန်သည် ထိုစကားကို ကြားသောအခါ ထပ်မံ ငြင်းပယ်ခြင်း မပြုတော့ပေ။ လူအချို့ စကားပြောနေကြစဉ် ဇာတ်စင်ပေါ်မှ ပြဇာတ်စတင်တော့မည်ဖြစ်သဖြင့် ဆရာစွန်းနှင့် ဆိုင်ရှင်လော်တို့လည်း ဝင်လာခဲ့ကြသည်။ သခင်မလီ၏ မျက်လုံးများက အလွန် စူးရှလှသဖြင့် တစ်ချက်ကြည့်ရုံဖြင့် တစ်ခုခု ထူးခြားနေသည်ကို မြင်သွားပြီး မေးလိုက်သည်။
“လျူရှောင်ရူနဲ့ ဆိုင်ရှင်လော် ... မင်္ဂလာသတင်း ရှိနေတာလားဟင်”
ကျန်းယွင်နန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ သခင်မလီက ချက်ချင်းပင် ပြောလိုက်သည်။
“ဒါဆိုရင်တော့ ကျွန်မ ကောင်းကောင်း ဆုလာဘ် ပေးရတော့မှာပေါ့”
မောင်းသံနှင့်အတူ ဇာတ်စင်ထက်တွင် စည်ကားသွားခဲ့သည်။ ပရိသတ်များအားလုံး တိတ်ဆိတ်သွားကြပြီး လူတိုင်း ဇာတ်စင်ထက်သို့ အာရုံစိုက်၍ ကြည့်နေကြသည်။ ဤအချိန်တွင် နျိုနျိုပင် မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။ ဇာတ်လမ်းသည် သေသေချာချာ ကြည့်လျှင် ရိုးရှင်းပြီး မရှုပ်ထွေးလှသော်လည်း သခင်မလီ စတင်ရေးသားစဉ်က ဖြစ်စေ၊ နောက်ပိုင်းတွင် ဆရာစွန်းက မွမ်းမံပြင်ဆင်စဉ်က ဖြစ်စေ သုံးနှုန်းထားသော စကားလုံး အသုံးအနှုန်းများမှာ အလွန် စနစ်ကျလှသည်။ ဇာတ်စင်ပေါ်မှ လူယုတ်မာကောင် ကံဆိုးမိုးမှောင်ကျသည့် အခိုက်အတန့်တိုင်းတွင် ပရိသတ်များထံမှ လက်ခုပ်ဩဘာသံများ ထွက်ပေါ်လာခဲ့သည်။
ဇာတ်ရုံထဲတွင် သာမန် အသီးအနှံ မုန့်ပဲသရေစာများအပြင် စားပွဲတိုင်းတွင် နှပ်ဟင်းတစ်ပွဲစီပါ တွဲဖက်ပေးထားသည်။ ပုံစံမကျသကဲ့သို့ ထင်ရသော်လည်း ကုမိသားစု နှပ်ဟင်း၏ မွှေးပျံ့လှသော ရနံ့မှာ လူတိုင်း၏ နှာခေါင်းဝသို့ ပျံ့လွင့်သွားခဲ့သဖြင့် တံတွေးပင် ထွက်စေခဲ့သည်။
“မင်းတို့ ဘာလုပ်တာလဲ ... စားပွဲတစ်လုံးကို ဒီလိုပွဲအသေးလေးပဲ ပေးရလား ... ငှက်စာကျွေးနေတာလား ... ငါ့မှာ ပိုက်ဆံရှိတယ် ... ပွဲကြီးတစ်ပွဲ ပေးစမ်း”
ဧည့်သည်တစ်ဦးက ဇာတ်ရုံအစေခံကို ဆွဲ၍ မေးမြန်းလိုက်သည်။
ဇာတ်ရုံအစေခံက သနားစဖွယ် ရှင်းပြရှာသည်။
“လူကြီးမင်း ... ကျွန်တော်တို့က ဇာတ်ရုံဝန်ထမ်းတွေပါ ... နှပ်ဟင်း မရောင်းပါဘူး ... ဒါတွေက ဖူဝမ်နှပ်ဟင်းဆိုင် ကနေ စားသောက်ဆိုင် ဧည့်သည်တွေကို လက်ဆောင်ပေးတာပါ ... စားပွဲတစ်လုံးကို တစ်ပွဲပဲ ပေးတာမို့ ကျွန်တော်တို့ဆီမှာလည်း အများကြီး မရှိပါဘူး”
“ဖူဝမ်နှပ်ဟင်းဆိုင် ဟုတ်လား ... ဇာတ်စင်ပေါ်မှာ သီဆိုနေတဲ့ ဆိုင်မလား ... အဲဒီဆိုင်က တကယ်ပဲ ရှိတာလား”
ဧည့်သည်က မေးလိုက်သည်။
ကွမ်အန်းမြို့နယ်တွင် နှပ်ဟင်းဆိုင်ကို ဤအမည်ဖြင့် မခေါ်ဆိုခဲ့ပေ။ ယခု အမည်မှာ ဆိုင်ရှင်လော်က ကျွမ်းကျင်သူများကို ဖိတ်ခေါ်၍ စနစ်တကျ ရွေးချယ်ပေးထားခြင်း ဖြစ်သည်။ စီးပွားရေးသမားများသည် မင်္ဂလာရှိပြီး နားဝင်ချိုသော အမည်များကို နှစ်သက်ကြရာ ဆိုင်ရှင်လော်သည် ‘ဖူဝမ်’ ဟူသော စကားလုံးကို အလွန် သဘောကျလှသည်။
ဇာတ်ရုံဝန်ထမ်းသည်လည်း ဆိုင်ရှင်လော်ထံမှ ဆုလာဘ် ရရှိထားဖူးသဖြင့် သဘာဝကျကျပင် မည်သို့ ပြောဆိုရမည်ကို သိရှိနေပြီး ပြောလိုက်သည်။
“ဖူဝမ်နှပ်ဟင်းဆိုင်က အခု မြို့မြောက်ပိုင်းမှာ ဖွင့်ထားပြီးပါပြီ ... မကြာခင်လည်း မြို့အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ အနောက်ပိုင်းတွေမှာ ထပ်ဖွင့်တော့မှာပါ ... လူကြီးမင်းက ဘယ်နားမှာ နေလဲဟင်”
“ငါက မြို့အရှေ့ပိုင်းမှာ နေတာ”
“မြို့အရှေ့ပိုင်း ယွမ်ပေါင်လမ်းက ဆိုင်ခွဲက မနက်ဖြန် စဖွင့်မှာပါ ... ဒီလို အရသာတူတဲ့ နှပ်ဟင်းတွေကိုပဲ ရောင်းမှာဖြစ်ပါတယ်”
ဧည့်သည်သည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။
“အရသာ တူတူပဲပေါ့ ... ငါတို့အိမ်က ယွမ်ပေါင်လမ်း ဘေးတင်တင်ပဲဥစ္စာ”
ဇာတ်ရုံဝန်ထမ်းက ပြုံးလျက် ပြောလိုက်သည်။
“ဒီလို အရသာရှိတဲ့ နှပ်ဟင်း မဟုတ်ရင် ပြဇာတ်ထဲကလို လူယုတ်မာတွေရဲ့ လောဘဇော တက်ခြင်းကို ခံရမှာ မဟုတ်ဘူးလေ”
ဧည့်သည်က ပိုမို စိတ်ဝင်စားသွားပြီး မေးလိုက်သည်။
“ဇာတ်စင်ပေါ်မှာ သီဆိုနေတာတွေက တကယ်ပဲ ဟုတ်တာလား”
“ဒါကတော့ အမှန်ပေါ့ ... ဒါပေမဲ့ ကျွန်တော်တို့ မြို့တော်မှာ ဖြစ်တာ မဟုတ်ပါဘူး ... ကွမ်လင်းမြို့နယ်က အကြောင်းအရာအဟောင်းတွေပါ ... အရှင်မင်းကြီးရဲ့ ခြေတော်ရင်းမှာ ဒီလို လူယုတ်မာမျိုး ဘယ်ရှိပါ့မလဲ”
ဧည့်သည်သည် မြို့တော်သား ဖြစ်သဖြင့် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ပြသည်။
“အရှင်မင်းကြီးရဲ့ ခြေတော်ရင်းမှာတော့ ပတ်ဝန်းကျင်က သဘာဝကျကျ ကောင်းမွန်တာပေါ့ ... ကွမ်လင်းမြို့နယ် ဟုတ်လား ... ငါ ဝေဝေဝါးဝါး မှတ်မိတာတော့ နန်းတွင်းက မိသားစုကြီးတစ်ခုက ကွမ်လင်းမြို့နယ်က လာတာထင်တယ် ... ဩော် ... မှတ်မိပြီ ... လီမိသားစုက ကွမ်လင်းမြို့နယ်က လာတာပဲ”
လီမိသားစုသည် နန်းတွင်းရှိ မိဖုရားလီ၏ မိဘအိမ် ဖြစ်သည်။ လီမိသားစု၏ ဦးလေးဖြစ်သူမှာ နန်းတွင်း၌ အာဏာအလွန် ကြီးမားလှသဖြင့် ဇာတ်ရုံဝန်ထမ်းငယ်သည် ဤစကားကို ဆက်မပြောရဲတော့ပေ။ ပြဇာတ်၏ ပထမပိုင်း ကပြပြီးသွားသောအခါ တစ်ရုံလုံးထံမှ ဟစ်ကြွေးအားပေးသံများ ထွက်ပေါ်လာခဲ့သည်။
“ပြဇာတ်ထဲမှာ သမီးတောင် ပါတယ်နော်”
နျိုနျိုက သခင်မလီ၏ လက်ကို ဆွဲကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကုမင်တာ့သည် မူလက ဤပြဇာတ်ထဲတွင် နျိုနျို ပါလိမ့်မည်မဟုတ်ဟု ထင်ခဲ့သော်လည်း သရုပ်ဆောင်တစ်ဦးက ကုန်းကုန်းလေးထိုင်၍ ကလေးငယ်အဖြစ် ဟန်ဆောင်သရုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သခင်မလီက လက်ညှိုးလေးဖြင့် နျိုနျို၏ နှာခေါင်းထိပ်လေးကို တို့ကာ ပြောလိုက်သည်။
“မွေးစားမေမေက ဘယ်သူ့ကိုပဲ မေ့မေ့ ... သမီးလေးကိုတော့ ဘယ်တော့မှ မမေ့ပါဘူး”
ဘေးနားရှိ အဖွားကုက အလေးအနက် ပြောလိုက်သည်။
“ဇာတ်စင်ပေါ်က သရုပ်ဆောင်တွေက ကောင်းကောင်း သီဆိုနိုင်ကြပေမဲ့ ... ငါတို့အိမ်က သမီးလေးလောက်တော့ လူချစ်လူခင်ပေါအောင် မစွမ်းနိုင်ကြပါဘူး”