အခန်း ၂၄၄
Vol. 25 Ch. 244
အခန်း ၂၄၄ - ဝမ်းကွဲညီမ
ဤပြဇာတ်သည် ကြီးမားသော အောင်မြင်မှု ရရှိခဲ့သဖြင့် ‘ဖူဝမ်နှပ်ဟင်းဆိုင်’ သည်လည်း ချက်ချင်းပင် နာမည်ကြီးသွားခဲ့သည်။ စာအုပ်ဆိုင်အချို့သည်လည်း စာအုပ်အဖြစ် ထုတ်ဝေရန် ဆရာစွန်းနှင့် သူ၏ဇနီးထံသို့ လာရောက် ဆွေးနွေးခဲ့ကြသည်။ လျူရှောင်ရူ၏ နှပ်ဟင်းအလုပ်ရုံသည်လည်း စတင်လည်ပတ်ခဲ့သဖြင့် သူမသည် တစ်နေ့လုံး အလွန် အလုပ်များနေခဲ့သည်။
သို့သော်လည်း ကုမိသားစုသည် ပြဇာတ်၏ မူပိုင်ခွင့်အဖြစ် ငွေကြေးနောက်တစ်သုတ် ထပ်မံရရှိခဲ့သည်။ ဤငွေမှာ စွန်းမိသားစုက ပို့ပေးခြင်း မဟုတ်ဘဲ ဆိုင်ရှင်လော်က ပို့ပေးခြင်း ဖြစ်သည်။ ကျန်းယွင်နန်သည် ငြင်းပယ်ရန် အဆင်မပြေသဖြင့် လက်ခံလိုက်ရပြီး ထိုငွေများကို လျူရှောင်ရူထံ တိုက်ရိုက်ပေးအပ်ကာ နှပ်ဟင်းအလုပ်ရုံ၏ အများပိုင်စာရင်းထဲသို့ ထည့်သွင်းလိုက်သည်။
ရက်ပိုင်းအတွင်းမှာပင် သခင်မလီက အိမ်သို့ ရောက်ရှိလာခဲ့သည်။ ကျန်းယွင်နန်က သူမနှင့်အတူ အပြင်သို့ ထွက်ရန် ပြင်လိုက်စဉ် နျိုနျိုက မျက်လုံးလေး အဝိုင်းသားဖြင့် မျှော်လင့်တကြီး ကြည့်နေသည်ကို မြင်လိုက်ရသည်။
“နျိုနျိုလေးကိုပါ ခေါ်သွားပါ ... သမီးလေးလည်း အပြင်ထွက်လည်ချင်နေရှာတာ”
သခင်မလီက ကျန်းယွင်နန်အား ဖျောင်းဖျလိုက်သည်။
ကျန်းယွင်နန်က ငြင်းပယ်လျက် ပြောလိုက်သည်။
“သူများအိမ်ကို ကလေးခေါ်ပြီး အလောတကြီး သွားရတာ ... ပုံစံမကျလှပါဘူး”
ကျန်းယွင်နန် ထုတ်မပြောမိသည့် အချက်မှာ သူစိမ်းအိမ်သို့ ကလေးခေါ်သွားပါက အိမ်ရှင်မိသားစုက လက်ဆောင် ပေးရတတ်သဖြင့် အခြားသူများကို ပိုက်ဆံအကုန်အကျ မများစေချင်သောကြောင့် ဖြစ်သည်။
သခင်မလီကမူ ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး ... သူမက ကျွန်မရဲ့ မွေးစားသမီးလေးကို တွေ့ချင်နေတာ ကြာပြီ ... နျိုနျိုလေးကို ခေါ်သွားမှ ကျွန်မရဲ့ သမီးလေးက ဘယ်လောက်တောင် အလိုလိုက်ခံရလဲဆိုတာ သူမ သိမှာပေါ့”
နျိုနျိုသည်လည်း ဘေးနားမှ မေမေ၏ အင်္ကျီလက်ကို ဆွဲကာ ပူဆာလိုက်သည်။
“မေမေ ... မွေးစားမေမေက သဘောတူတယ်လေ ... သမီး တကယ်ပဲ လိုက်သွားလို့ မရဘူးလားဟင်”
ကျန်းယွင်နန်သည် နျိုနျို ဤကဲ့သို့ ကလေးဆိုးပူဆာသည်ကို မလွန်ဆန်နိုင်ဘဲ လူမှုရေးလက်ဆောင်များထဲသို့ ပစ္စည်းအချို့ ထပ်မံဖြည့်စွက်ပြီးမှသာ နျိုနျိုကို ခေါ်ဆောင်သွားရန် သဘောတူလိုက်သည်။ ဆရာစွန်း၏ လုပ်ဖော်ကိုင်ဖက် အမည်မှာ ချန် ဖြစ်ပြီး သူ၏ဇနီးမှာလည်း နန်းတွင်းမှ တရားဝင် ကတော်ဘွဲ့ ချီးမြှင့်ခြင်း ခံထားရသဖြင့် သခင်မချန် ဟု ခေါ်ဆိုကြသည်။
သခင်မချန်သည် အသက် နှစ်ဆယ်ကျော်မျှသာ ရှိသေးသည်။ လွန်ခဲ့သည့် ငါးရက်က မွေးဖွားခဲ့သော ကလေးငယ်မှာ ယခုအခါ အသားအရေ ညှိုးမှိန်ဝါကြင်နေသဖြင့် ကြည့်ရသူကို သနားချင်လာစေဖွယ် ဖြစ်စေသည်။
“အစ်မ ... ဒါက ကျွန်မ ပြောဖူးတဲ့ ကုကတော်လေ ... သူက မိန်းကလေးတွေရဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုမှာ အရမ်း တော်တာ ... ကျွန်မတုန်းကလည်း ပြဿနာအချို့ ရှိခဲ့ပေမဲ့ မြို့တော်ကို လာတဲ့လမ်းမှာ သူပြောတဲ့အတိုင်း လိုက်နာလိုက်တာ အခုတော့ လုံးဝ သက်သာသွားပြီ”
သခင်မချန်သည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ကျန်းယွင်နန်ကို ကြည့်လိုက်သည်။
“ကျွန်မက သမားတော်တစ်ဦးတော့ မဟုတ်ပါဘူး ... သေသေချာချာ တွက်ကြည့်ရင် ကျွန်မကိုယ်တိုင်လည်း ဖျားနာဖူးတာ ကြာပြီဖြစ်ပြီး သားသမီး သုံးယောက် မွေးဖွားခဲ့ပေမဲ့ ခန္ဓာကိုယ်မှာ ဘာဘေးထွက်ဆိုးကျိုးမှ မကျန်ခဲ့လို့ပါ”
ကျန်းယွင်နန်က အခြားတစ်ဖက်မှ မျှော်လင့်ချက် ကြီးမားသွားမည်ကို စိုးရိမ်သဖြင့် မိမိကိုယ်မိမိ ကြိုတင် ရှင်းပြလိုက်သည်။
“အစ်မက တကယ့်ကို ကံကောင်းတာပဲ ... သားသမီး သုံးယောက်တောင် ရှိတယ် ... ကျွန်မကတော့ အိမ်ထောင်ကျတာ ဒီလောက်ကြာမှ ဒီသမီးလေးတစ်ယောက်ပဲ ရတာ”
သခင်မချန်က အနည်းငယ် စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
ကျန်းယွင်နန်သည် သမီးမိန်းကလေးက သားထက် ညံ့သည်ဟု ဘယ်သောအခါမှ မတွေးဖူးသော်လည်း ဤစကားကို ထုတ်ပြောရန် အဆင်မပြေသဖြင့် သခင်မချန်၏ ကုတင်ဘေးတွင် အိပ်ပျော်နေသော ကလေးငယ်ကို အသာအယာ ကြည့်ရင်း ပြောလိုက်သည်။
“ဒီကလေးလေးက မျက်ခုံးမျက်လုံးလေးတွေ သန့်ပြန့်နေတာပဲ ... အစ်မနဲ့ တကယ့်ကို တူတာပဲနော်”
သခင်မချန်သည် ထိုစကားကို ကြားသောအခါ ခေါင်းငုံ့၍ သမီးဖြစ်သူကို မြတ်နိုးမဝစွာ ကြည့်လိုက်သည်။
“သူက သားယောကျာ်းလေး မဟုတ်ပေမဲ့လည်း ကျွန်မ ဝမ်းနဲ့လွယ်မွေးထားရတဲ့ သမီးလေးပဲဥစ္စာ ... သူမကို မြင်လိုက်ရတာနဲ့တင် ကျွန်မရင်ထဲမှာ အလွန် နူးညံ့သွားပြီး ဘေးကင်းကျန်းမာဖို့ပဲ ဆုတောင်းမိတော့တာပဲ”
နျိုနျိုသည်လည်း ဤအချိန်တွင် အနားသို့ တိုးလာခဲ့ပြီး ချစ်စဖွယ် ကလေးငယ်လေးကို ကြည့်ကာ မျက်မှောင်လေး မကုပ်ဘဲ မနေနိုင်ဖြစ်သွားခဲ့သည်။ ကျန်းယွင်နန်က မီးဖွားပြီးနောက် ကျန်းမာရေး ပြုစုနည်းများကို ဆက်လက် ပြောပြရာ သခင်မချန်သည် စိတ်မပါဘဲ နားထောင်နေခဲ့သည်။
“ညီမ ... တခြား သိချင်တာမျိုး ရှိသေးလားဟင်”
ကျန်းယွင်နန်က အစပျိုး၍ မေးမြန်းလိုက်သည်။
“ကုကတော် ... အစ်မက ကလေးအချို့ကို ပြုစုပျိုးထောင်ခဲ့ဖူးတာဆိုတော့ သေချာပေါက် ကောင်းကောင်း သိမှာပဲ ... ကျွန်မရဲ့ သမီးလေး သန်မာလာအောင် ဘယ်လိုနည်းလမ်းမျိုး သုံးရမလဲဆိုတာ သိလားဟင်”
သခင်မချန်သည် စိတ်အားတက်ကြွလာပြီး မေးလိုက်သည်။
အသက် ဆယ်ရက်ပင်မပြည့်သေးသော ကလေးငယ်မှာ ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ သေးငယ်လှပြီး ပွေ့ချီထားလျှင်ပင် အလွန် ပေါ့ပါးလှသည်။ ဤသို့သော အခြေအနေမျိုးတွင် သခင်မချန်မှာ သမီးဖြစ်သူအတွက် စိုးရိမ်ပူပန်နေရှာသည်။
“ သမားတော်ကကော ဘာပြောလဲဟင်”
ကျန်းယွင်နန်က မေးလိုက်သည်။
“ကလေးက ငယ်လွန်းသေးတော့ သမားတော်ကလည်း ဆေးမတိုက်ရဲဘူး ... ကောင်းကောင်း ပြုစုဖို့ပဲ ပြောတယ် ... ကျွန်မတို့အိမ်က အထိန်းတော်ကို နေ့တိုင်း ကောင်းကောင်းမွန်မွန် ကျွေးမွေးထားပေမဲ့ ဒီကလေးက နေ့တိုင်း ပိန်ပိန်လာတယ် ... အခုအထိ ပြုစုလာတာတုန်းပဲကို မွေးတုန်းကထက်တောင် ပိုပိန်ပြီး ပေါ့သွားသေးတယ်”
သခင်မချန်သည် ဤသို့ပြောရင်း မျက်ရည်များ ဝေါခနဲ ကျဆင်းလာခဲ့သည်။ သခင်မလီက လျင်မြန်စွာ ဖျောင်းဖျလိုက်သည်။
“ညီမ ... မငိုပါနဲ့တော့ ... မီးတွင်းထဲမှာ ငိုရင် မျက်စိ ထိခိုက်တတ်တယ်နော်”
သခင်မချန်သည် မျက်ရည်များကို မထိန်းနိုင်ဘဲ ပြောရှာသည်။
“သမီးလေးက ဒီလိုပုံစံ ဖြစ်နေတာကို ကျွန်မ ဘာလုပ်ရမလဲ”
ကျန်းယွင်နန်သည် ယခုအခါ ကလေးငယ်ကို သေသေချာချာ အကဲခတ်နေပြီး မျက်မှောင်ကလည်း ပိုမို ကြုတ်လာခဲ့သည်။ ကလေး၏ မျက်နှာမှာ ဝါကြင်နေပြီး ခန္ဓာကိုယ်မှာ ပိန်လှီနေသဖြင့် မကျန်းမာသည့် အကြောင်းရင်းကို ရှာမတွေ့ဘဲ ရှိနေသည်။
“ဝမ်းကွဲမမ... အားဆေးရည် သောက်ရအောင်”
အသက် တစ်ဆယ့်ခုနစ်၊ တစ်ဆယ့်ရှစ်အရွယ်ခန့် ရှိပြီး လှပချောမောသော မိန်းကလေးတစ်ဦးသည် လင်ဗန်းတစ်ခုကို ကိုင်၍ ဝင်လာခဲ့သည်။ သခင်မချန်၏ မျက်ဝန်းများ နီမြန်းနေသည်ကို မြင်သည်နှင့် ထိုမိန်းကလေးက ညင်သာစွာ ဆူပူလိုက်သည်။
“ဝမ်းကွဲမမ ... ဘာလို့ ထပ်ငိုနေပြန်တာလဲဟင် ... မီးတွင်းထဲမှာ ငိုလွန်းရင် ခန္ဓာကိုယ် ထိခိုက်လိမ့်မယ်”
ထိုမိန်းကလေးသည် လက်ကိုင်ပုဝါကို ထုတ်ကာ သခင်မချန်၏ မျက်နှာပေါ်မှ မျက်ရည်များကို အသာအယာ သုတ်ပေးလိုက်သည်။ သခင်မချန်က ထိုမိန်းကလေးအား သခင်မလီနှင့် ကျန်းယွင်နန်တို့အား အမြန် မိတ်ဆက်ပေးလိုက်သည်။
“ဒါက ကျွန်မ ယောက္ခမရဲ့ ညီမအရင်းရဲ့ သမီးလေ ... သူ့နာမည်က လျူရုယီ တဲ့”
သခင်မလီနှင့် ကျန်းယွင်နန်တို့သည် ထိုမိန်းကလေးအား အသာအယာ ခန်းညိတ်ပြလိုက်ကြသည်။ သခင်မချန်က ထပ်မံ ပြောကြားသည်။
“ဒီကလေးမလေးက ပုံမှန်ဆို ကလေးဆန်ပေမဲ့ ... ဒီတစ်ခါတော့ သူစောင့်ရှောက်ပေးလို့ တော်သေးတာ”
လျူရုယီက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး သခင်မချန်အား တိုက်တွန်းလိုက်သည်။
“ဝမ်းကွဲမမ ... ဒီအားဆေးရည်ကို မြန်မြန် သောက်လိုက်တာ ပိုကောင်းမယ် ... အေးသွားရင် ဆေးစွမ်းပြယ်သွားလိမ့်မယ်”
သခင်မချန်က မတတ်သာဘဲ ခေါင်းညိတ်ပြလျက် အလိုလိုက်သော လေသံဖြင့် မေးလိုက်သည်။
“ဒါက ညီမလေး ကိုယ်တိုင် ထပ်ချက်ပေးတာလားဟင်”
“ဝမ်းကွဲမမ သောက်မယ့်ဆေးကို ကျွန်မကိုယ်တိုင် စောင့်ကြည့်မှ စိတ်ချရမှာမို့လို့ပါ”
လျူရုယီက ရှင်းပြလိုက်သည်။
အိမ်ထဲရှိ လူတိုင်းက ထိုစကားကို ကြားသောအခါ သခင်မချန်အား ဤမျှ ကောင်းမွန်သော ဝမ်းကွဲညီမလေး ရှိသည်မှာ တကယ့်ကို ကံကောင်းလှသည်ဟု မချီးမွမ်းဘဲ မနေနိုင်ဖြစ်သွားကြသည်။ သခင်မချန်ကလည်း သူမ၏ ဝမ်းကွဲညီမအား ပြောလိုက်သည်။
“အိမ်မှာ အစေခံတွေ အများကြီး ရှိတာပဲကို ... ညီမလေးက ဘာလို့ ကိုယ်တိုင် လာလုပ်နေရတာလဲ”
လျူရုယီက ထိုစကားကို မနာခံဘဲ ပြုံးလျက် ပြောလိုက်သည်။
“ဝမ်းကွဲမမဆီမှာ ဧည့်သည်တွေ ရှိနေတာဆိုတော့ ကျွန်မ ဒီမှာ မရှုပ်တော့ပါဘူး ... အထိန်းတော်တွေအတွက် အားဆေးရည် သွားကြည့်လိုက်ဦးမယ်”
လျူရုယီ အိမ်ထဲမှ ထွက်သွားသောအခါ သခင်မချန်သည် ထိုဆေးရည်ပန်းကန်ကို ကြည့်ကာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ဖြစ်သွားခဲ့သည်။
“အဒေါ် ... ဆေးမသောက်ချင်ဘူးလားဟင်”
နျိုနျိုက ကြည်လင်ပြတ်သားသော အသံလေးဖြင့် မေးလိုက်သည်။
သခင်မချန်သည် ဖြူဖွေးနုနယ်ပြီး ချစ်စဖွယ်ကောင်းသော နျိုနျိုလေးကို မြင်သောအခါ အလွန် သဘောကျသွားပြီး ရှင်းပြလိုက်သည်။
“ဒီဆေးရည်က ခါးလွန်းလို့ပါသမီးရဲ့ ... အဒေါ် သောက်တိုင်း အန်ချင်ချင် ဖြစ်လာလို့”
နျိုနျိုက မေးလိုက်သည်။
“အန်ထုတ်လိုက်ရင် ဆေးက ထိရောက်ပါဦးမလားဟင်”
သခင်မချန်က ထိုစကားကို ကြားသောအခါ ပြောလိုက်သည်။
“အဲဒါကြောင့် အဒေါ်က အမြဲတမ်း အောင့်အည်းပြီး မျိုချလိုက်ရတာပေါ့”
“အားဆေးရည် သောက်တာက ခန္ဓာကိုယ်အတွက် ကောင်းပြီး ... အဲဒါက ညီမလေးရဲ့ စေတနာလည်း ဖြစ်တာမို့ ငြင်းပယ်လို့ မကောင်းဘူးလေ”
နျိုနျိုက ခေါင်းလေးစောင်းကာ အပြစ်ကင်းစင်စွာဖြင့် ပြောလိုက်သည်။
“ဆေးရည်က သောက်မကောင်းရင် ဆေးရည်အရသာ မဆိုးတဲ့ တခြားဆေးနည်း ပြောင်းပေးဖို့ သမားတော်ကို ပြောလို့ရတာပဲကို”
“ဒါက စောစောက ဝင်လာတဲ့ ညီမလေးရဲ့ မိသားစုက လက်ဆင့်ကမ်းလာတဲ့ ခန္ဓာကိုယ် အားဖြည့်ဆေးနည်း လျှို့ဝှက်ချက်လေ ... အဲဒီဆေးနည်းက သူများကို ပြလို့မရဘူး တဲ့ ... မျိုးဆက်အပြောင်းပြောင်း သုံးလာခဲ့တာမို့ ကျွန်မတို့ ဆက်ဆံရေး မကောင်းရင် သူက ကျွန်မကို ပေးမှာ မမဟုတ်ဘူး”
နျိုနျိုက ပြောလိုက်သည်။
“အဲဒီအဒေါ်က အဒေါ်အပေါ် ကောင်းပေမဲ့ သမီးကတော့ သူ့ကို အရမ်းကြောက်တာပဲ”
သခင်မချန်သည် ထိုစကားကို ကြားသောအခါ မေးလိုက်သည်။
“ဘာလို့ သူ့ကို ကြောက်ရတာလဲသမီးရဲ့ ... သူက နျိုနျိုလေးကို အနိုင်ကျင့်လို့လားဟင်”
နျိုနျိုက အသာအယာ ခေါင်းခါပြသည်။
“သမီးလည်း မသိဘူး ... ကြောက်လို့ပဲ”
သခင်မချန်ကမူ ကလေးငယ်တစ်ဦး၏ ကလေးစကားမျှသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်လိုက်သည်။ သို့သော်လည်း ကျန်းယွင်နန်သည် နျိုနျို၏ ထူးခြားသော အရည်အချင်းကို သိရှိထားသဖြင့် ချက်ချင်းပင် သတိကြီးစွာ ထားလိုက်မိသည်။ သခင်မချန်သည် ဆေးရည်ပန်းကန်ကို မှုတ်လျက် ပါးစပ်ထဲသို့ လောင်းထည့်ရန် ပြင်နေသည်ကို မြင်လိုက်ရသည်။ ကျန်းယွင်နန်က လျင်မြန်စွာပင် တားမြစ်လိုက်သည်။
“ညီမ ... ဆေးသောက်ဖို့ မလောပါနဲ့ဦး”