← Chapters

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း ၂၄၅ - အားဆေးရည်

သခင်မချန်သည် ထိုစကားကို ကြားသောအခါ ကျန်းယွင်နန်ကို ကြောင်အမ်းအမ်း ကြည့်လိုက်သည်။

“မီးတွင်းထဲမှာ အားဆေး သောက်လို့ မရဘူးလားဟင်”

ကျန်းယွင်နန်က ခေါင်းခါပြလျက် မိမိနှင့် မရင်းနှီးပါက အကြံမပေးသင့်သည့် သဘောတရားကိုလည်း နားလည်ထားသည်။

“အားဆေးတွေက သောက်လို့ ရပါတယ် ... ဒါပေမဲ့ လျှောက်မသောက်သင့်ဘူးလေ ... အားဆေးတစ်မျိုးစီရဲ့ ဆေးစွမ်းက မတူကြဘူး ... တချို့က သက်ကြီးရွယ်အိုတွေနဲ့ သင့်တော်ပြီး တချို့က မီးဖွားပြီးစ အမျိုးသမီးတွေနဲ့ သင့်တော်တာမို့ အခြေအနေအလိုက်ပဲ သောက်သုံးရတာ”

သခင်မချန်က ချက်ချင်းပင် ရှင်းပြသည်။

“ရုယီရဲ့ ဘိုးဘေးတွေက နန်းတွင်းသမားတော်ကြီးတွေ ဖြစ်ခဲ့ကြတာလေ ... သူတို့အဖေကလည်း ဒေသတွင်းမှာ နာမည်ကြီးတဲ့ သမားတော်တစ်ဦးပဲ ... သူပြောတာတော့ ဒီအားဆေးက မီးဖွားပြီးစ သွေးလေအားနည်းတာကို အထူးကုသပေးတာဆိုတော့ မှားနိုင်စရာ မရှိပါဘူး”

ကျန်းယွင်နန်သည် ထိုစကားကို ကြားပြီးနောက် ထပ်မံ မေးမြန်းလိုက်သည်။

“သူ စောစောက ဆေးဆက်ချက်ရဦးမယ်လို့ ပြောသွားတာက အထိန်းတော်အတွက်လားဟင် ... ဆေးနည်းကရော အတူတူပဲလား”

သခင်မချန်က ခေါင်းညိတ်ပြသည်။

“ညီမလေးက ပြောတာတော့ ဒီဆေးနည်းက အထိန်းတော်ရဲ့ နို့ရည်ထွက်နှုန်းကိုလည်း အထောက်အကူပြုတယ် တဲ့”

သခင်မချန်သည်လည်း မနေနိုင်ဘဲ စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။

“ဒီလို သောက်လို့ မရဘူးလားဟင် ... ဘာများ မှားနေလို့လဲ”

ကျန်းယွင်နန်က သက်ပြင်းချကာ ပြောလိုက်သည်။

“ဒါက သဘာဝကျကျပဲ မသင့်တော်ပါဘူး ... အထိန်းတော် သောက်လိုက်တဲ့ အားဆေးတွေက နို့ရည်ကတစ်ဆင့် ကလေးရဲ့ ပါးစပ်ထဲကို ရောက်သွားနိုင်တာကို အစ်မ သိရဲ့လားဟင်”

သခင်မချန်သည် ဤအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သော်လည်း ဘာမှားယွင်းနေသည်ကို မသိသေးဘဲ မေးလိုက်သည်။

“ကလေးတွေက ဒါကို သောက်လို့ မရဘူးလားဟင်”

သခင်မချန်က ခေါင်းညိတ်ပြသည်။

“ အရင်တုန်းက သမားတော် ပင့်ခဲ့ဖူးတယ်မလား ... ကလေးက ငယ်လွန်းသေးတော့ ဆေးတိုင်းမှာ အဆိပ်အတောက် အနည်းနဲ့အများ ပါတတ်တာမို့ သမားတော်က ကလေးကို ဆေးမတိုက်ရဲခဲ့ဘူးလေ ... အဲဒါကို အခု အရွယ်ရောက်ပြီးသား လူကြီးသောက်တဲ့ အားဆေးကို နို့ရည်ကတစ်ဆင့် ကလေးကို မဆင်မခြင် ဘယ်လိုလုပ် တိုက်လို့ ရပါ့မလဲ”

သခင်မချန်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

“ဒါဆို ကျွန်မ ... ကျွန်မ လူလွှတ်ပြီး အထိန်းတော်ကို ချက်ချင်း သွားတားလိုက်ဦးမယ်”

“အထိန်းတော်က အဲဒီအားဆေး သောက်လာတာ ဘယ်လောက်တောင် ကြာပြီလဲဟင်”

ကျန်းယွင်နန်က ထပ်မံ မေးလိုက်သည်။

သခင်မချန်သည် ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။

“သောက်လာတာကတော့ ... ကလေး မွေးကတည်းက သောက်တာပဲ ... သမီးလေးက နေ့တိုင်း ပိုပိန်လာတာ အဲဒီအားဆေးတွေကြောင့် ဖြစ်မလားမသိဘူး”

ကျန်းယွင်နန်က အတိအကျ အာမမခံရဲသဖြင့် ပြောလိုက်သည်။

“ကဲပါ ... အရင်ဆုံး ရပ်ထားလိုက်ပါဦး ... တခြား သမားတော်တစ်ဦးကို ထပ်ပင့်ပြီး မေးကြည့်တာ ပိုကောင်းပါလိမ့်မယ် ... အမှန်အတိုင်း ပြောရရင် လျူရုယီက သမားတော်မျိုးရိုးကဆိုတော့ ဒီအချက်ကို တခြားသူတွေထက် ပိုနားလည်သင့်တာပေါ့”

သခင်မချန်က ခေါင်းညိတ်ပြလျက် ပြောရှာသည်။

“ညီမလေးက သမားတော်မျိုးရိုးက ဆိုပေမဲ့ အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတစ်ဦးပဲ ရှိသေးတာဆိုတော့ ... ဒီလို ကိစ္စတွေကို ရှင်းရှင်းလင်းလင်း သိချင်မှ သိမှာပါ”

ကျန်းယွင်နန်က ဤအကြောင်းအရာကို ဆက်စပ်၍ မေးမြန်းလိုက်သည်။

“ဒါနဲ့ စကားမစပ် ... လျူရုယီက ဘာလို့ ညီမတို့အိမ်မှာ လာနေတာလဲဟင်”

သခင်မချန်၏ မျက်ဝန်းများတွင် သနားစဖွယ် အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။

“ညီမလေးရဲ့ ဖခင်က ဆေးမြစ်သွားရှာရင်း လမ်းချော်ပြီး ကုန်းပါးကနေ ပြုတ်ကျပြီး ဆုံးပါးသွားခဲ့ရှာတာ ... သူ့မိခင်ကလည်း ကျန်းမာရေး မကောင်းတော့ အဲဒီနောက် မကြာခင်မှာပဲ ဆုံးပါးသွားခဲ့ပြန်တယ်”

“သူတို့မှာ သမီးတစ်ယောက်ပဲ ရှိတာလေ ... လျူမိသားစုက သူ့ပစ္စည်းတွေကို လုယူချင်ကြတာမို့ ကျွန်မ ယောက္ခမက ဒီကလေးမလေးကို သနားလို့ လူလွှတ်ပြီး ဘေးနားခေါ်စောင့်ရှောက်ထားတာ”

ကျန်းယွင်နန်က ထပ်မေးလိုက်သည်။

“ကြည့်ရတာ ညီမတို့ ဆက်ဆံရေးက အလွန် ကောင်းတဲ့ပုံပဲနော်”

သခင်မချန်က ခေါင်းညိတ်ပြသည်။

“ကျွန်မ အိမ်ထောင်ကျတာ ကြာပြီဖြစ်ပြီး အခုမှ သမီးလေးတစ်ယောက် မွေးတာမို့ ယောက္ခမက အရမ်း စိမ်းကားခဲ့တာလေ ... ဒါပေမဲ့ ညီမလေး ရောက်လာကတည်းက ကြားထဲကနေ ကူညီဖျောင်းဖျပေးလို့ ယောက္ခမက ကျွန်မအပေါ် နည်းနည်း ပိုကောင်းလာတာ ... သူက လူကြီးတွေရဲ့ ပင်ပန်းမှုကို နားလည်ပေးတတ်တဲ့ ကလေးပါ ... ဒုက္ခပေးမယ့် ယောက်မမျိုး မဟုတ်ပါဘူး”

သခင်မချန်သည် ယခင်က ယောက္ခမ၏ နှိပ်စက်မှုကို ခံခဲ့ရသည်များကို တွေးတောရင်း လျူရုယီအပေါ် အလွန် ကျေးဇူးတင်နေမိသည်။

“ယောက္ခမကြီးက သူ့ရဲ့ အိမ်ထောင်ရေးအတွက်ကော ဘာတွေ စီစဉ်ထားလဲဟင်”

ကျန်းယွင်နန်က ထပ်မံ မေးမြန်းလိုက်သည်။

သခင်မချန်သည် ထိုစကားကို ကြားသောအခါ မျက်နှာတွင် စိတ်မကောင်းသည့် အရိပ်အယောင် ပေါ်လာခဲ့သည်။

“ဒီကလေးမလေးက တကယ့်ကို တော်တာမို့ ကျွန်မကတော့ ကျွန်မရဲ့ မောင်အရင်းနဲ့ ပေးစားချင်

ခဲ့တာ ... ဒါပေမဲ့ ကျွန်မရဲ့ အဒေါ်က ကောင်မလေးရဲ့ မိဘတွေ မရှိတော့ဘဲ အားကိုးရာမဲ့နေတာကို မြင်တော့ လူချင်းတောင် မတွေ့ဘဲ ငြင်းပယ်ခဲ့တယ်လေ”

“ဒါပေမဲ့ ကံကောင်းတာက ဒီကလေးမလေးက စိတ်ထားပွင့်လင်းရှာတယ် ... လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကတော့ စိုးရိမ်ပူပန်ခဲ့ပေမဲ့ ဒီနှစ်ထဲမှာတော့ အဆင်ပြေသွားပါပြီ ... ကျွန်မကတော့ သူ့ကို နောက်ထပ် နှစ်နှစ်လောက် ထပ်ထားပြီး ဖြည်းဖြည်းချင်းပဲ အိမ်ထောင်ဖက် ရှာပေးတော့မယ်လို့ တွေးထားတာ ... မိန်းကလေးတစ်ယောက်ရဲ့ ဘဝက ပြောင်းလဲတတ်တာမို့ သင့်တော်မယ့်သူနဲ့ ဆုံစည်းခွင့် ရမှာပါ”

ကျန်းယွင်နန်သည် ၎င်းကို ကြားရသောအခါ ရင်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခုကို မခံစားရဘဲ မနေနိုင်ဖြစ်သွားခဲ့သည်။

စိုးရိမ်ပူပန်ခြင်း မရှိတော့တာလား၊ ဒါမှမဟုတ် ရည်မှန်းထားတဲ့သူ ရှိနေပြီမို့လား။

ရသခင်မချန်သည် အစေခံမလေးအား အထိန်းတော်၏ ဆေးသောက်ခြင်းကို သွားရောက် တားမြစ်ခိုင်းလိုက်သော်လည်း မိမိကိုယ်တိုင်မူ ဆေးရည်ပန်းကန်ကို ပြန်လည် ကိုင်မြှောက်လိုက်ပြန်သည်။

ကျန်းယွင်နန်က ထပ်မံ ပြောလိုက်သည်။

“ဆေးနည်းတွေက ပုံသေမရှိပါဘူး ... ခန္ဓာကိုယ် အခြေအနေအလိုက် တိုးတာလျော့တာ လုပ်ရတာ ဖြစ်ပါတယ် ... ညီမ ဒီဆေးတွေကို သောက်လာတာ ရက်ပေါင်းများစွာ ရှိပြီဆိုတော့ ခန္ဓာကိုယ်မှာ တစ်စုံတစ်ရာ တိုးတက်မှု ရှိလာတယ်လို့ ခံစားရလားဟင်”

သခင်မချန်သည် ထိုစကားကို ကြားသောအခါ တစ်ချက် တုံ့ဆိုင်းသွားပြီးမှ ခေါင်းခါပြလျက် ပြောလိုက်သည်။

“ဘာမှ ထူးခြားမလာတဲ့အပြင် ခန္ဓာကိုယ်မှာ နေလို့မကောင်းတာတွေ ပိုများလာသလိုပဲ ... ညဘက်ဆိုရင်လည်း အိပ်မပျော်ဘဲ လူးလိမ့်နေတတ်ပြီး ရင်တုန်ပြီး လန့်လန့်နိုးတတ်တယ် ... ကလေးကို ခဏလောက် ပွေ့ချီလိုက်ရင်တောင် အားမရှိသလို ထိတ်လန့်တုန်လှုပ်မိတယ်”

ကျန်းယွင်နန်က ပြောလိုက်သည်။

“ကျွန်မရဲ့ ကိုယ်ပိုင် အမြင်အရဆိုရင်တော့ ညီမရဲ့ ဆေးနည်းကို ပြောင်းရမယ် ထင်တယ် ... တခြား သမားတော်အချို့ကို ထပ်ပင့်ပြီး အားလုံး အတူတူ သေသေချာချာ စမ်းသပ်ကြည့်တာ ပိုကောင်းပါလိမ့်မယ်”

ကျန်းယွင်နန်သည် အစမှအဆုံးအထိ လျူရုယီတွင် ပြဿနာ ရှိနေသည်ဟု တိုက်ရိုက် မပြောခဲ့ပေ။ သူမ၏ အကြံဉာဏ်ပေးမှုမှာ ဤမျှသာ တတ်နိုင်ပေသည်။ အကြောင်းမူကား သခင်မချန်သည် သခင်မလီ မဟုတ်သဖြင့် သူတို့ချင်း မရင်းနှီးကြသေးပေ။ အကယ်၍ စကားများများ ပြောမိပါက ကြားထဲကနေ သွေးထိုးပေးသည်ဟု သံသယဝင်ခြင်း ခံရနိုင်သောကြောင့် ဖြစ်သည်။ သခင်မချန်သည် အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။

“ဒီလောက်အထိတော့ မလိုလောက်ပါဘူး ... ညီမလေးက သူစိမ်းမှ မဟုတ်တာ ..ကျွန်မ သူ့ကို ယုံကြည်ပါတယ်”

ကျန်းယွင်နန်က အမြန် ပြောလိုက်သည်။

“ကျွန်မက မိန်းကလေးလျူရဲ့ ဆေးနည်း မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး ... ဒါပေမဲ့ သူက တကယ့် သမားတော် မဟုတ်တာမို့ တရားဝင် သမားတော်ကို ပင့်ပြီး သွေးခုန်နှုန်း စမ်းသပ်ကာ ဆေးနည်း ပြောင်းလဲတာ ပိုကောင်းပါတယ် ... ခန္ဓာကိုယ် ကျန်းမာရေးက သေးငယ်တဲ့ ကိစ္စမဟုတ်တာမို့ မီးဖွားပြီးနောက်မှာ ဒုက္ခခံနေစရာ မလိုပါဘူး”

“ဟင် ... ”

သခင်မချန်သည် ကျန်းယွင်နန်၏ စကားကို နားမလည်နိုင်ဘဲ ဖြစ်သွားသည်။ ကျန်းယွင်နန်က သူမအား ရည်ရွယ်ချက်ရှိရှိ ခြောက်လှန့်သည့်အနေဖြင့် ပြောလိုက်သည်။

“ကျွန်မတို့ ကျေးလက်မှာ တုန်းက မီးဖွားပြီးနောက် အဆင်ပြေသွားပြီလို့ ထင်ခဲ့တဲ့ အမျိုးသမီးတစ်ဦး ရှိဖူးတယ် ... သူလည်း အရမ်း အားနည်းနေခဲ့ပေမဲ့ မိသားစုက နှမြောလို့ သမားတော် ပင့်ပြီး ဆေးမတိုက်ခဲ့ကြဘူး ... ကလေးမွေးပြီး ရက်ပေါင်း နှစ်ဆယ်မြောက်တဲ့နေ့ ညမှာပဲ ရုတ်တရက် သွေးလွန်ပြီး ဆုံးပါးသွားခဲ့ရတယ် ... သမားတော် ရောက်လာတဲ့အချိန်မှာ သူ့ရဲ့ ရုပ်အလောင်းက အေးစက်နေပြီလေ”

သခင်မချန်သည် မီးတွင်းထဲ ရောက်နေသူ ဖြစ်သဖြင့် ဤစကားကို ကြားလိုက်ရသောအခါ မျက်နှာ ချက်ချင်း ဖြူဖျော့သွားခဲ့သည်။ ကျန်းယွင်နန်က ထပ်မံ၍ ပြင်းထန်သော စကားလုံးများဖြင့် ဖိပြောလိုက်သည်။

“သူဆုံးပါးသွားပြီး မကြာခင်မှာပဲ ခင်ပွန်းဖြစ်သူက ဇနီးအသစ် ထပ်ယူခဲ့တယ် ... ကံဆိုးတာက သူအပင်ပန်းခံ မွေးထားခဲ့ရတဲ့ ကလေးငယ်လေးဟာ မိထွေးလက်အောက်မှာ ဒုက္ခရောက်ရတော့တာပဲ ... တကယ့်ကို သနားစဖွယ် ဘဝပါပဲ ... အိမ်က အပင်ပန်းဆုံး အလုပ်မှန်သမျှ လုပ်ရပြီး မိထွေးက ပြဿနာအနည်းငယ် ရှိတာနဲ့ ရိုက်နှက်ဆူပူလေ့ရှိတာမို့ တကယ့်ကို သနားဖို့ကောင်းပါတယ်”

သားသမီးရှိသော မိခင်တိုင်းသည် ဤကဲ့သို့သော စကားမျိုးကို နားမထောင်ရက်ကြပေ။ ထို့ပြင် သခင်မချန် ကိုယ်တိုင်လည်း မိထွေးလက်အောက်တွင် ကြီးပြင်းခဲ့ရသူ ဖြစ်သဖြင့် ထိုနှစ်များက ဝမ်းနည်းပူဆွေးမှုနှင့် နာကျင်မှုများကို အခြားသူများထက် ပိုမို သဘောပေါက် နားလည်နေခဲ့သည်။ သူမသည် ဘေးနားတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော သမီးဖြစ်သူကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းပါပြီ ... ကျွန်မ အစ်မရဲ့ စကားကို နားထောင်ပြီး ရက်ပိုင်းအတွင်း သမားတော် ပင့်လိုက်ပါ့မယ်”

သခင်မလီက ထိုစကားကို ကြားသောအခါ ပြောလိုက်သည်။

“ဒါမှ မှန်တာပေါ့ ... ရောဂါကို ဖုံးကွယ်ပြီး ကုသမှုကို မရှောင်ရဘူးလေ ... ကျွန်မတို့ မိန်းကလေးတွေက တခြားအရာတွေ မလုပ်နိုင်ရင်တောင် သားသမီးတွေအတွက် ခန္ဓာကိုယ် ကျန်းမာအောင် ပြုစုရမှာပေါ့”

နျိုနျိုက တိုးတိုးလေး ပြောရှာသည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းက ဖေဖေ သမီးကို သင်ပေးဖူးတယ် ... မနက်ဖြန်ဆိုတာ ပြီးရင် နောက်ထပ် မနက်ဖြန်တွေ အများကြီး ရှိသေးတယ် ဆိုတာလေ”

သခင်မလီသည် ထိုစကားကို ကြားသောအခါ မရယ်ဘဲ မနေနိုင်ဖြစ်သွားပြီး ချီးမွမ်းလိုက်သည်။

“သမီးလေးက တကယ့်ကို တော်တာပဲ ... ဖေဖေ သင်ပေးသမျှ အရာရာကို သေချာ မှတ်မိနေတာပဲနော်”

ကျန်းယွင်နန်သည် ၎င်းကို ကြားသောအခါ စဉ်းစားတွေးခေါ်သည့် အမူအရာ ပေါ်လာပြီး သခင်မချန်အား ဦးဆောင်၍ ပြောလိုက်သည်။

“ရက်ရွေးနေတာထက် တိုက်ဆိုင်တုန်း လုပ်လိုက်တာ ပိုကောင်းပါတယ် ... အဲဒါကြောင့် မနက်ဖြန်အထိ မစောင့်ဘဲ အခုပဲ လူလွှတ်ပြီး သမားတော် ပင့်လိုက်ရအောင်လေ ... တိုက်တိုက်ဆိုင်ဆိုင် ကျွန်မလည်း သမားတော်ကို မီးတွင်း ပြုစုနည်းအချို့ မေးမြန်းပြီး ညီမ သုံးစွဲနိုင်အောင် တွဲဖက်ပေးလို့ ရတာပေါ့”

All Chapters