← Chapters

အခန်း ၂၄၆

Vol. 25 Ch. 246

အခန်း ၂၄၆

Vol. 25 Ch. 246

အခန်း ၂၄၆ - ဆေးအမည်များ

သခင်မချန်သည် ၎င်းကို ကြားသောအခါ အများကြီး မတွေးတောဘဲ ပြောလိုက်သည်။

"ဘာလို့ ရုတ်တရက်ကြီး ဒီလောက် လောနေရတာလဲ ..."

ကျန်းယွင်နန်က တည်ကြည်သော မျက်နှာထားဖြင့် ဖျောင်းဖျလိုက်သည်။

"ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ကိစ္စဆိုတော့ သွေးခုန်နှုန်းကို စောစော စမ်းသပ်နိုင်လေ ပိုကောင်းလေပဲ မဟုတ်လား ..."

သမီးဖြစ်သူက ဤသို့ ဖြစ်နေသည်ကို မြင်လျှင် သခင်မချန်က သမားတော် သွားပင့်ရန် အခြား အစေခံမလေးတစ်ဦးကို ချက်ချင်း လှမ်းခေါ်လိုက်သည်။ သို့သော်လည်း သမားတော်က တံခါးဝသို့ လျှောက်လာရုံရှိသေး လျူရုယီနှင့် မျက်နှာချင်းဆိုင် တိုးမိတော့သည်။

မူလက ဆေးချက်ရန် ပြင်ဆင်နေသော လျူရုယီသည် သတင်းရရှိလျှင် သခင်မချန်ထံသို့ ပြေးလာခဲ့သည်။ သူမသည် အိမ်ထဲသို့ ဝင်လာသည်နှင့် ညည်းညူပြောဆိုလိုက်သည်။

"ဝမ်းကွဲမမ ... ဘာလို့ အကောင်းကြီးကနေ အထိန်းတော်တွေကို ဆေးမတိုက်တော့ဘူးလို့ ပြောရတာလဲ ... ဘယ်သူက ဘာတွေ လျှောက်ပြောတာကို ကြားလို့လဲ ..."

သခင်မချန်က ပြောလိုက်သည်။

"ငါလည်း ကုကတော်ရဲ့ စကားကို နားထောင်ပြီးမှ အထိန်းတော် သောက်တဲ့ ဆေးတွေက နို့ရည်နဲ့အတူ ကလေးရဲ့ ပါးစပ်ထဲ စီးဝင်သွားနိုင်မှန်း သိလိုက်ရလို့ပါ ..."

လျူရုယီသည် ၎င်းကို ကြားသောအခါ ပြောလိုက်သည်။

"ကလေးက အားဆေးသောက်တော့ကော ဘာဖြစ်မှာမို့လို့လဲ ..."

သခင်မချန်က မျက်မှောင်အနည်းငယ် ကြုတ်ကာ မေးလိုက်သည်။

"ကလေးတွေ နို့ရည်ကတစ်ဆင့် ဆေးသောက်မိတာကို ညီမလေး သိရဲ့လား ..."

လျူရုယီက အများကြီး မတွေးဘဲ ပြောလိုက်သည်။

"ကလေးက အားနည်းနေတာလေ ... အဲဒါကြောင့် ညီမက ဒီနည်းလမ်းနဲ့ အားဖြည့်ပေးတာပါ ... ညီမက သူ့အကျိုးအတွက် လုပ်ပေးတာပါ ..."

သခင်မချန်၏ မျက်နှာတွင် ဤအချိန်၌ ဝေခွဲမရ ဖြစ်သွားခဲ့သည်။

"ဒါပေမဲ့ အရင်က သမားတော်ကလည်း ကလေးက ဒီလောက် ငယ်သေးတာကို ကောင်းကောင်း ပြုစုရုံပဲ လုပ်ရမယ် ... ဆေးတွေ လျှောက်မတိုက်ရဘူးလို့ ပြောခဲ့တယ်လေ ..."

လျူရုယီ၏ မျက်ဝန်းများ ဝေ့ဝဲသွားပြီး ပြောလိုက်သည်။

"အဲဒီသမားတော်က အဲလိုပြောတာ ... သူ့ရဲ့ ဆေးပညာက သိပ်မတော်လို့ ဖြစ်မှာပါ ... သူက အမှားလုပ်မိမှာ စိုးလို့ ဆေးမတိုက်ရဲတာ နေမှာပေါ့ ..."

သခင်မချန်သည် ၎င်းကို ကြားသောအခါ ခေါင်းငုံ့သွားပြီး ဘာတွေ တွေးတောနေသည်ကို မသိနိုင်ပေ။ လျူရုယီသည် မိမိက သခင်မချန်၏ သံသယကို နှိုးဆွမိလိုက်မှန်း မသိဘဲ ဆက်လက်၍ ဖျောင်းဖျနေခဲ့သည်။

"ဝမ်းကွဲမမ ... ဆေးသောက်တာသာ ရပ်လိုက်ရင် အရင်က အကြာကြီး သောက်လာသမျှ ဆေးတွေ အလကား ဖြစ်ကုန်လိမ့်မယ် ... အဲဒါကြောင့် ဆေးကို လျှောက်ပြီး မရပ်လိုက်ပါနဲ့ ..."

လျူရုယီသည် သခင်မချန်အား ပေးထားသော အားဆေးရည်ကို မသောက်ရသေးသည်ကို ထပ်မံ သတိပြုမိသွားသဖြင့် တိုက်တွန်းလိုက်ပြန်သည်။

"ဝမ်းကွဲမမ ... ဘာလို့ ဆေးမသောက်သေးတာလဲ ... ဆေးကောင်းရင် ခါးတတ်တာပဲ ... ခါးတာကို မခံနိုင်လို့ဆိုပြီး ခန္ဓာကိုယ်ကို အပျက်စီးမခံပါနဲ့နော် ..."

သူမ ပို၍ လောလေလေ သခင်မချန် ပို၍ ထူးဆန်းသည်ဟု ခံစားရလေလေ ဖြစ်သည်။

"ဒီအတိုင်းပဲ ထားလိုက်ဦး ... နောက်မှ သောက်မယ် ..."

သခင်မချန်က ဝတ်ကျေတန်းကျေ ပြောလိုက်သည်။

လျူရုယီသည်လည်း ဆေးရည်ပန်းကန်ကို ဝမ်းကွဲမမ၏ ပါးစပ်ထဲသို့ အတင်းလောင်းထည့်၍ မရသဖြင့် စကားဟောင်းကိုသာ ထပ်မံ ပြောနိုင်တော့သည်။

"ကလေးက ငယ်သေးတော့ အားဖြည့်ဖို့ မလွယ်ဘူးလေ ... အထိန်းတော်ရဲ့ နို့ရည်ကတစ်ဆင့်ပဲ အားဖြည့်လို့ ရတာပါ ... ဝမ်းကွဲမမလည်း ညီမအကြောင်း သိတာပဲ ... ညီမက ဝမ်းကွဲမမနဲ့ ကလေးကို ကောင်းစေချင်တာပါ ... ဝမ်းကွဲမမကို လျှောက်ပြီး ဒုက္ခမပေးပါဘူး ... တခြားသူတွေ ပြောတာကို ယုံပြီး စိတ်ပျော့မသွားပါနဲ့နော် ..."

လျူရုယီက ဤသို့ ပြောနေစဉ် သူမ၏ မျက်ဝန်းများက ကျန်းယွင်နန်ထံသို့ မကြာခဏ ဝေ့ဝဲကြည့်နေခဲ့ပြီး ကျန်းယွင်နန်က ပိုက်ဆံရချင်သဖြင့် လျှောက်ပြောနေခြင်း ဖြစ်သည်ဟု တိုက်ရိုက်ပြောရန်သာ ကျန်တော့သည်။

ကျန်းယွင်နန်သည် ယခင်က လျူရုယီအပေါ် မည်သည့်အခါမျှ သံသယမရှိခဲ့ဖူးပေ။ သို့သော် နျိုနျိုလေးက အချက်ပြပြီးနောက် သူမ လျူရုယီကို ထပ်မံ ကြည့်လိုက်သောအခါ ထိုမိန်းကလေးတွင် တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို မြင်လိုက်ရသည်။ လျူရုယီသည် အပြင်သို့ မထွက်ဘဲ အိမ်ထဲ၌သာ နေသော်လည်း မျက်နှာတွင် ခြယ်သပြင်ဆင်ထားပြီး ဆံပင်ကိုလည်း သေသေချာချာ ထုံးဖွဲ့ထားသည်ကို မြင်တွေ့နိုင်သည်။ အဝတ်အစားများ၏ အရောင်အသွေး တွဲဖက်မှုမှာလည်း အလွန် စိတ်တိုင်းကျ ရွေးချယ်ထားပုံ ရသည်။

လျူရုယီသည် စကားပြောနေစဉ် မျက်လုံးများ ဝေ့ဝဲလျက် သခင်မချန်၏ အခန်းထဲရှိ အလှဆင် ပစ္စည်းများကို တိတ်တဆိတ် လှမ်းကြည့်နေခဲ့ပြီး ရံဖန်ရံခါ လောဘဇောသန်သော အမူအရာ ပေါ်လွင်နေခဲ့သည်။

"ညီမလေးကလည်း ဘာတွေ လျှောက်ပြောနေတာလဲ ... အစ်မက သူများပြောတိုင်း ယုံတတ်တဲ့ လူမျိုးလား ... စိတ်ချပါ ... အစ်မရင်ထဲမှာ အစီအစဉ် ရှိပါတယ်"

သခင်မချန်သည် ဤသို့ ပြောလိုက်စဉ် ကျန်းယွင်နန် စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်သဖြင့် သူမဘက်သို့ လှမ်းကြည့်လိုက်သည်။ ကျန်းယွင်နန်က သဘောထားကြီးစွာ ပြုံးပြလျက် မိမိအနေဖြင့် စိတ်ထဲမထားကြောင်း ပြသလိုက်ပြီး ဤအငြင်းပွားမှုထဲသို့ ဆီလောင်းလိုက်ပြန်သည်။

"မိန်းကလေးလျူ ... အကယ်၍ သာမန်သမားတော်တွေကို မယုံကြည်ဘူးဆိုရင်လည်း လူကြီးမင်းချန်ကို နန်းတွင်းသမားတော်ကြီး ပင့်ခိုင်းပြီး ဝမ်းကွဲမမရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ခိုင်းလို့ ရတာပဲ မဟုတ်လား ..."

လျူရုယီသည် ၎င်းကို ကြားသောအခါ မျက်ဝန်းထဲ၌ ထိတ်လန့်တုန်လှုပ်မှုတစ်ချက် ဖြတ်ပြေးသွားပြီး ပြောလိုက်သည်။

"ဝမ်းကွဲအစ်ကိုက အလုပ်များနေတာလေ ... ဒီလို ကိစ္စအသေးအမွှားလေးနဲ့ သူ့ကို ဘယ်လိုလုပ် သွားနှောင့်ယှက်လို့ ရပါ့မလဲ ..."

သခင်မချန်သည် ၎င်းကို ကြားလိုက်ရသောအခါ မျက်နှာပေါ်မှ အပြုံးများ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး လျူရုယီကို ကြည့်သော မျက်ဝန်းများတွင် သံသယများ ပြည့်နှက်သွားခဲ့သည်။ သူမသည် လျူရုယီက မိမိအပေါ် အလွန်ကောင်းသည်ဟု ထင်ခဲ့သော်လည်း ယခု စကားလုံးများထဲမှ အဓိပ္ပာယ်မှာမူ စိတ်ဝင်စားစရာ ကောင်းလှသည်။

လျူရုယီသည် ဇနီးဖြစ်သူထက် ခင်ပွန်းဖြစ်သူကို ပိုမို ဂရုစိုက်နေပုံ ရသည်။

သခင်မချန်သည် မိမိဘေးနားရှိ ကိစ္စရပ်များတွင် အနည်းငယ် ထုံထိုင်းတတ်သော်လည်း ခင်ပွန်းဖြစ်သူနှင့် ပတ်သက်လာလျှင်မူ ချက်ချင်းပင် အသိစိတ်များ နိုးကြားလာခဲ့သည်။

"ငါတောင် ညီမလေးရဲ့ ဝမ်းကွဲအစ်ကိုကို မမေးရသေးဘူး ... ညီမလေးက ဘာလို့ အရင်လောနေရတာလဲ ..."

သခင်မချန်က ရည်ရွယ်ချက်ရှိရှိ မေးလိုက်သည်။ လျူရုယီ၏ မျက်နှာတွင် အပြစ်ရှိသကဲ့သို့ ခံစားချက်တစ်ချက် ပေါ်လာသော်လည်း မကြာမီမှာပင် သူမက ပြန်ပြောလိုက်သည်။

"ညီမ မနေ့က အဒေါ်နဲ့အတူ ထမင်းစားတုန်းက ဝမ်းကွဲအစ်ကို ညည်းညူတာကို ကြားလို့ပါ ... မကြာသေးခင်က အလုပ်တွေ သိပ်များနေလို့ အပြင်ထွက်ဖို့ မလွယ်ဘူးလို့ ပြောတာနဲ့ သိလိုက်ရတာပါ ..."

သခင်မချန်သည် ၎င်းကို ကြားလိုက်ရသောအခါ ရုတ်တရက် အရာတစ်ခုကို သဘောပေါက်သွားခဲ့သည်။ သူမ ကိုယ်ဝန်ဆောင်ကတည်းက သူမနှင့် ခင်ပွန်းဖြစ်သူသည် အတူတူရှိချိန် နည်းပါးခဲ့ပြီး ကိုယ်ဝန်မဆောင်မီကကဲ့သို့ အကဲမခတ်နိုင်ခဲ့ပေ။

ယခုအချိန်တွင် သေသေချာချာ ပြန်တွေးကြည့်လျှင် လျူရုယီက အဘွားအိုနှင့်အတူ ထမင်းစားလေ့ရှိပြီး ခင်ပွန်းဖြစ်သူကလည်း နေ့တိုင်း အဘွားအိုထံ သွားရောက် ဂါရဝပြုလေ့ရှိသည်။ သူတို့နှစ်ဦးသည် နေ့တိုင်းနီးပါး ဆုံတွေ့နေကြခြင်း ဖြစ်သည်။ အားလုံးကို ခြုံငုံကြည့်လျှင် ခင်ပွန်းဖြစ်သူသည် မိမိထက်ပင် လျူရုယီနှင့် ပိုမို ဆုံတွေ့နေရသည်။

လျူရုယီသည် ယခုနှစ်အတွင်း အိမ်ထောင်ဖက်ရှာရန် အလောတကြီး မဖြစ်တော့ခြင်းမှာ သူမ ရည်မှန်းထားသူကို ရှာတွေ့သွားခြင်းကြောင့် ဖြစ်လိမ့်မည်ဟု သူမ ထပ်မံ တွေးမိသွားခဲ့သည်။ သခင်မချန်သည် ရင်ထဲ၌ လှုပ်ခတ်လာသော အတွေးများကို အတင်းအကြပ် ဖိနှိပ်လိုက်သည်။

သူမသည် ယခုအခါ လျူရုယီကို သတိကြီးစွာ ထားလိုက်ပြီး ထိုမိန်းကလေးမှာ ကုလားထိုင်ပေါ်တွင် ကပ်နေသကဲ့သို့ ထွက်ခွာမည့် အရိပ်အယောင် လုံးဝမရှိဘဲ မိမိအား ကျန်းယွင်နန်တို့နှင့် စကားပြောခွင့် မရအောင် အချိန်ဆွဲနေသည်ကို ကြည့်နေမိသည်။

သခင်မချန်သည် ခဏမျှ တွေးတောပြီးနောက် လျူရုယီအား ပြောလိုက်သည်။

"ညီမလေး ချက်ပေးဖူးတဲ့ ကြက်သားစင်းကောနဲ့ ဝက်ပေါင်ခြောက် ဟင်းရည်ကို အစ်မ မှတ်မိနေတုန်းပဲ ... အခု အစ်မ သိပ်စားချင်နေလို့ ခဏခဏ တွေးမိနေတာ ... အဲဒီဟင်းက ချက်ရတာ သိပ်အချိန်ကုန်တာမို့ ညီမလေးကို တိုက်ရိုက်ပြောဖို့ အားနာနေတာ ..."

သခင်မချန်က ဤမျှ ရှင်းရှင်းလင်းလင်း ပြောလိုက်သဖြင့် လျူရုယီသည် အနိုင်နိုင် ပြုံးပြလျက် ပြောလိုက်ရတော့သည်။

"ဝမ်းကွဲမမကလည်း ကျွန်မတို့ချင်း ဘာတွေ အားနာနေတာလဲ ... စားချင်တယ်ဆိုရင် ပြောရုံပဲလေ ..."

သခင်မချန်သည် အခွင့်အရေးကို အသုံးချကာ သူမအား ထပ်မံ၍ အကွက်ဆင်လိုက်ပြီး ကျန်းယွင်နန်နှင့် သခင်မလီတို့အား ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။

"ဒီကောင်မလေးကို ကြည့်ပါဦး ... ကျွန်မအပေါ် သိပ်ကောင်းတာပဲ ... ကျွန်မက စားချင်တယ်လို့ ပြောလိုက်တာနဲ့ ကျွန်မ မစားရမှာ စိုးလို့ အခုပဲ မီးဖိုချောင်ထဲ သွားချက်ပေးတော့မလို့တဲ့"

လျူရုယီ၏ မျက်ဝန်းထဲ၌ မကျေနပ်ရိပ်များ သန်းသွားသော်လည်း သူမသည် မတ်တပ်ရပ်ကာ ပြောလိုက်ရသည်။

"ဝမ်းကွဲမမ ... ဒါဆို ညီမ မီးဖိုချောင်ထဲ သွားကြည့်လိုက်ဦးမယ်"

သခင်မချန်သည် လျူရုယီ ထွက်သွားသည်အထိ စောင့်ဆိုင်းပြီးနောက် အစေခံမလေးအား ချက်ချင်း မှာကြားလိုက်သည်။ ၎င်းနောက် အစေခံမလေးက သမားတော်ကြီးကျန်းကို ပင့်ဆောင်လာခဲ့သည်။ သမားတော်ကြီးကျန်းသည် သွေးခုန်နှုန်းကို စမ်းသပ်လိုက်သော်လည်း သူ၏မျက်မှောင်များမှာ ပို၍ပို၍ ကြုတ်လာခဲ့သည်။ အိမ်ထဲရှိ လူအားလုံးလည်း ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။

"သမားတော်ကြီး ... ကျွန်မတို့ သခင်မမှာ ဘာများ မှားယွင်းနေလို့လဲဟင်"

အစေခံမလေးက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ သမားတော်ကြီးကျန်းက ခေါင်းခါယမ်းလျက် သခင်မချန်အား နေ့စဉ် စားသောက်မှုပုံစံကို မေးမြန်းလိုက်ပြီး ပြောလိုက်သည်။

"ထူးဆန်းတယ် ... သခင်မ ပြောတာကို နားထောင်ရသလောက်တော့ မစားသင့်တာ ဘာမှမစားခဲ့ဘူးပဲ ... မီးတွင်းထဲမှာ ဒုက္ခများခဲ့လို့လား ... အဲဒါကြောင့် အခု သွေးလေ အလွန်အမင်း အားနည်းနေတာ ဖြစ်မယ်"

သခင်မချန်သည် ၎င်းကို ကြားလိုက်ရသောအခါ မျက်နှာ ဖြူဖျော့သွားခဲ့သည်။

"ကျွန်မမှာ သွေးလွန်မယ့် လက္ခဏာတွေ ရှိနေလို့လား ..."

သခင်မချန်သည် မိမိကိုယ်မိမိ ကျန်းယွင်နန် ပြောပြသော ပုံပြင်ထဲမှ အမျိုးသမီးကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။ သမားတော်ကြီးက ခက်ခဲသော လေသံဖြင့် ပြောလိုက်သည်။

"အကယ်၍ သခင်မက ဒီအတိုင်းပဲ ဆက်ပြီး အားနည်းနေမယ်ဆိုရင်တော့ ပြောရခက်လိမ့်မယ် ..."

သခင်မချန်၏ ခန္ဓာကိုယ်မှာ လဲပြိုလုနီးပါး ဖြစ်သွားခဲ့သည်။ ကျန်းယွင်နန်က ဘေးနားရှိ မသောက်ရသေးသော အားဆေးရည်ကို ဦးဆောင်၍ ယူလိုက်ပြီး သမားတော်ကြီးအား မေးမြန်းလိုက်သည်။

"သမားတော်ကြီး ... ဒီအားဆေးရည်မှာ တစ်စုံတစ်ရာ မှားယွင်းနေတာ ရှိပါသလား ..."

သမားတော်ကြီးက ဆေးရည်ပန်းကန်ကို ယူ၍ ချက်ထားသော ဆေးအမည်များကို ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

All Chapters