အခန်း ၂၄၇
Vol. 25 Ch. 247
အခန်း ၂၄၇ - အိမ်တွင်းရေး လျှို့ဝှက်ချက်
"ဒါက ... ဘယ်သူက မီးဖွားပြီးစ အမျိုးသမီးကို ဒီဆေးရည်တွေ တိုက်ခိုင်းတာလဲ ..."
သမားတော်ကြီးကျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သခင်မချန်သည် ရုတ်တရက် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။
"ဒီအားဆေးတွေကြောင့် ကျွန်မ ခန္ဓာကိုယ် အားနည်းသွားတာလား ... ကလေးရဲ့ အထိန်းတော်လည်း ဒီဆေးရည်တွေကို သောက်နေတာလေ ... အဲဒါက ကျွန်မရဲ့ ကလေးကို ထိခိုက်နိုင်မလားဟင် ..."
သမားတော်ကြီးကျန်းက မျက်လုံးပြူးလျက် ပြောလိုက်သည်။
"အားဆေး ဟုတ်လား ... ဒီဆေးက ဘယ်နားကို အားဖြည့်ပေးမှာလဲ ... ဒါက အသက်ကို အန္တရာယ်ပြုမယ့် အဆိပ်အတောက်ပဲ ... သခင်မက ဒီဆေးရည်တွေကို နေ့တိုင်း သောက်နေတာကိုး ... ခန္ဓာကိုယ် တဖြည်းဖြည်း အားနည်းလာတာ မဆန်းတော့ပါဘူး ... ဒီအတိုင်းသာ ဆက်သောက်ရင် မီးတွင်းက မထွက်နိုင်ခင်မှာတင် အသက်ဆုံးပါးသွားလိမ့်မယ် ..."
သခင်မချန်သည် ၎င်းကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ သူမ အလေးအနက်ဆုံး ထားသည်မှာ မိမိကိုယ်မိမိ မဟုတ်ဘဲ ကလေးငယ် ဖြစ်သည်။
"သမီးလေး ... သမီးလေးလည်း အထိန်းတော်ရဲ့ နို့ရည်ကတစ်ဆင့် အားဆေးရည်တွေ သောက်မိထားတာ ..."
"ဒုက္ခပဲ ... ချက်ချင်း ရပ်လိုက်တော့ ... နောက်ထပ် သောက်မယ်ဆိုရင်တော့ မင်းတို့ သားအမိနှစ်ယောက်လုံး အသက်ဘေးနဲ့ ကြုံရလိမ့်မယ်"
သမားတော်ကြီးကျန်းက မုတ်ဆိတ်မွှေးများ လွင့်မတတ် မျက်လုံးပြူးကာ ပြောလိုက်သည်။ သခင်မချန်၏ တစ်ကိုယ်လုံး နုံးခွေသွားခဲ့သည်။ ဤအချိန်တွင် သူမ၏ မျက်ဝန်းများမှာ ငေးငိုင်နေခဲ့သည်။
"ဘာလို့လဲ ... သူက ဘာလို့ ကျွန်မအပေါ် အဲဒီလို လုပ်ရတာလဲ ..."
သမားတော်ကြီးကျန်းသည် ၎င်းကို ကြားသောအခါ ထိုနေရာ၌ပင် နားကို ပိတ်ထားချင်စိတ် ပေါ်လာပြီး ပြောလိုက်သည်။
"သခင်မ ... အိမ်တွင်းရေး လျှို့ဝှက်ချက်တွေကို ကျွန်တော့်ကို အများကြီး မပြောပါနဲ့ ... သခင်မရဲ့ ခန္ဓာကိုယ်အတွက် ကျွန်တော် အစားအစာနဲ့ အားဖြည့်ဖို့ ဆေးနည်း အချို့ ရေးပေးပါ့မယ်"
သခင်မချန်က ချက်ချင်း မေးမြန်းလိုက်သည်။
"ဒါဆို ကျွန်မရဲ့ သမီးလေးကိုကော ဘယ်လိုလုပ်ရမလဲ ... ကျွန်မမှာ ဒီကလေးတစ်ယောက်ပဲ ရှိတာလေ ..."
သမားတော်ကြီးကျန်းက ပြောလိုက်သည်။
"အထိန်းတော်ကိုလည်း သခင်မနဲ့အတူ အာဟာရဖြစ်မယ့် အစားအစာတွေပဲ အတူတူ စားခိုင်းလိုက်ပါ"
သခင်မချန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး သမားတော်ကြီးကျန်းကို နောက်ဆုံး၌ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။ သူမသည် အစေခံမလေးအား တိုးတိုးလေး ထပ်မံ မှာကြား၍ တခြားသမားတော်တစ်ဦးကို ထပ်မံ သွားပင့်ခိုင်းလိုက်ပြန်သည်။ အမှန်စင်စစ် တစ်ကြိမ် မြွေကိုက်ခံရဖူးသူ ဖြစ်သဖြင့် သခင်မချန်သည် ယခုအခါ လူတစ်ဦးတည်း၏ စကားကို နားထောင်တော့မည် မဟုတ်ပေ။ သူမသည် စိတ်ချရစေရန်အတွက် နောက်ထပ် လူအချို့ကို ထပ်မံ ရှာဖွေရမည်။
ကျန်းယွင်နန်သည် ၎င်းမှာ အိမ်တွင်းရေး လျှို့ဝှက်ချက် ဖြစ်သွားသည်ကို မြင်လျှင် စိုးရိမ်စိတ် ပေါ်လာသဖြင့် သခင်မလီဘက်သို့ လှည့်ကြည့်လိုက်သည်။ သခင်မလီက သူမအား အသာအယာ ခေါင်းညိတ်ပြလိုက်ပြီးနောက် အေးအေးဆေးဆေးပင် ရှေ့သို့ တိုးလိုက်သည်။ သခင်မလီသည် လက်ကိုင်ပုဝါကို အရင်ဆုံး ထုတ်လိုက်ပြီး အချိန်တိုအတွင်း မျက်ရည်အချို့ ညှစ်ထုတ်ကာ သခင်မချန်အား ပြောလိုက်သည်။
"ကျွန်မက ညီမကို ကံကောင်းတယ်လို့ ထင်ခဲ့တာ ... ဒါပေမဲ့ မမျှော်လင့်ဘဲ ကျွန်မတို့ ဘဝတူတွေ ဖြစ်နေကြတာပဲ"
မိမိ၏ လုပ်ဖော်ကိုင်ဖက် ဇနီးသည်က မိမိအား ပြက်ရယ်ပြုစရာအဖြစ် ကြည့်နေသည်ကို မည်သူမျှ မနှစ်သက်ကြပေ။ သခင်မလီ ယခု လုပ်ဆောင်နေခြင်းမှာ မိမိနှင့် သခင်မချန်ကြား ဆက်ဆံရေးကို ပိုမို ရင်းနှီးစေရန် ဖြစ်သည်။ အကယ်၍ လုံးဝ မိမိလူ ဖြစ်သွားအောင် လုပ်နိုင်လျှင် သူမဘက်မှ မုန်းတီးစရာအဖြစ် အထင်သေးခြင်း ခံရမည် မဟုတ်ပေ။ ရင်းနှီးမှု ရရှိရန် အကောင်းဆုံး နည်းလမ်းမှာ တူညီသော လျှို့ဝှက်ချက်တစ်ခု ရှိနေခြင်း သို့မဟုတ် အခြားသူ၏ လျှို့ဝှက်ချက်ထဲတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေခြင်း ဖြစ်သည်။
သခင်မလီသည် မိမိအကြောင်းကို အများကြီး မပြောဘဲ သခင်မချန်အတွက် အကြံဉာဏ်များ လျင်မြန်စွာ ပေးလိုက်သည်။
"လျူရုယီဆိုတဲ့ ကောင်မလေးက စိတ်ထား မကောင်းဘူးပဲ ... ညီမလည်း သိသွားပြီဆိုတော့ ဒါကို ဘယ်လို ဖြေရှင်းမလဲဆိုတာ စဉ်းစားပြီးပြီလား ..."
သခင်မလီက မေးလိုက်သည်။ သခင်မချန်က ပြောလိုက်သည်။
"တခြား ဘာလုပ်လို့ ရဦးမှာလဲ ... ခင်ပွန်းနဲ့ ယောက္ခမကို ပြောပြပြီး သူတို့ကိုပဲ ဖြေရှင်းခိုင်းရမှာပေါ့"
သခင်မလီက ချက်ချင်းပင် ပြောလိုက်သည်။
"ညီမရဲ့ ခင်ပွန်းကတော့ မမဘက်က ရပ်တည်ပေးမှာ သေချာပေမဲ့ ... ယောက္ခမကတော့ ဖြစ်ချင်မှ ဖြစ်မှာနော် ... သေသေချာချာ စဉ်းစားရမယ်"
အမျိုးသမီးတစ်ဦးသည် မိမိခင်ပွန်းက မိမိကို ဂရုမစိုက်ဟူသော စကားကို မကြားချင်မှန်း သိသဖြင့် သခင်မလီက ရည်ရွယ်ချက်ရှိရှိ ဤသို့ ပြောလိုက်ခြင်း ဖြစ်သည်။ မျှော်လင့်သည့်အတိုင်း သခင်မချန်က ပြောလိုက်သည်။
"တကယ်ပဲ ... ကျွန်မယောက္ခမက အဲဒီမိန်းမကို သိပ်အလိုလိုက်တာ ... ဒီကိစ္စသာ စလိုက်ရင် သူက ကာကွယ်ပေးဖို့ များတယ်"
သခင်မလီက ဆက်ပြောသည်။
"ညီမရဲ့ ခင်ပွန်းက ညီမဘက်က ရပ်တည်ပေးရင်တောင် ယောက္ခမက ပြဿနာရှာရင် ဘာဖြစ်ကုန်မလဲ ..."
သခင်မချန်သည် တည်တင်းသော မျက်နှာထားဖြင့် မေးလိုက်သည်။
"ကျွန်မ ဘာလုပ်ရမလဲဟင်"
သခင်မလီက ပြောလိုက်သည်။
"ညီမ ကိုယ်တိုင်တော့ ရှေ့ထွက်လို့ မဖြစ်သေးဘူး ... ခင်ပွန်းကိုပဲ ဖြေရှင်းခိုင်းလိုက်ပါ"
"ဒါပေမဲ့ ကျွန်မခင်ပွန်းက ..ယောက္ခမ ပြဿနာရှာတာကို မလွန်ဆန်နိုင်ရင်ကော ..."
သခင်မချန်က ပြောလိုက်သည်။ သခင်မလီက သက်ပြင်းချကာ ပြောလိုက်သည်။
"ဒါဆိုရင်တော့ ယောက္ခမ ပြဿနာမရှာနိုင်အောင် နည်းလမ်း စဉ်းစားရမှာပေါ့ ... စဉ်းစားကြည့်လေ ... ယောက္ခမအတွက် အရေးကြီးဆုံးက ခင်ပွန်း မဟုတ်ဘူးလား ..."
သခင်မချန်သည် ဝေဝေဝါးဝါး မျက်ဝန်းများဖြင့် သခင်မလီကို ကြောင်ကြည့်နေခဲ့သည်။
"ဒါပေမဲ့ ဒီကိစ္စက ကျွန်မခင်ပွန်းနဲ့ ဘာဆိုင်လို့လဲ ..."
သခင်မချန်သည် နားမလည်နိုင်ဘဲ ဖြစ်သွားသည်။ သူမ၏ ခင်ပွန်းသည် အမှန်စင်စစ် သမီးဖြစ်သူကို သိပ်ပြီး မချစ်မြတ်နိုးလှပေ။ အခြေအနေ ဤနှစ်ခုကို ဆက်စပ်ရန် သူမအတွက် ခက်ခဲလှသည်။ သခင်မလီသည် ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ ယခုအခါ စဉ်းစားတွေးခေါ်ဉာဏ်များ ပွင့်လင်းလာခဲ့ပြီ ဖြစ်သည်။
"ဝမ်းကွဲညီမက ညီမရဲ့ နေရာကို လုဖို့ ကြံစည်ပြီး လုပ်ကြံတယ် ... အိမ်ထဲမှာ ဒီလို အရှုပ်တော်ပုံမျိုး ဖြစ်ပွားတာက ... ခင်ပွန်းရဲ့ ရာထူးလမ်းကြောင်း နာမည်ပျက်စေချင်လို့လား ..."
သခင်မလီက လေသံတိုးတိုးဖြင့် မေးလိုက်သည်။ သခင်မချန်၏ မျက်ဝန်းများ ရုတ်တရက် လင်းလက်သွားခဲ့သည်။
"သခင်မလီမှာ နည်းလမ်း ရှိတာပဲ ... ဒီနေ့ အစ်မသာ ကုကတော်ကို ခေါ်မလာခဲ့ရင် ကျွန်မတော့ အသက်ဆုံးပါးသွားတော့မှာပဲ"
သခင်မလီသည် သခင်မချန်၏ စိုးရိမ်ပူပန်မှုများကို သိသဖြင့် သူမ၏လက်ကို ပုတ်ကာ ပြောလိုက်သည်။
"စိတ်ချပါ ... ကုကတော်က ယုံကြည်စိတ်ချရတဲ့ လူမျိုးမို့ လျှောက်မပြောပါဘူး ... ညီမရဲ့ ခင်ပွန်းက အဲဒီဝမ်းကွဲညီမကို ဖြေရှင်းလိုက်သရွဲ့ ... ဒီကိစ္စနဲ့ သူ့ရဲ့ ရာထူးလမ်းကြောင်းကို ဘယ်သူမှ လာပြီး ခြိမ်းခြောက်ရဲမှာ မဟုတ်ဘူး"
သခင်မချန်သည် ယခုအခါ သခင်မလီ၏ စကားကို အလွန် ယုံကြည်သွားခဲ့သည်။ သူမသည် ဘေးနားရှိ နျိုနျိုလေးကို လှမ်းကြည့်လိုက်ရာ ထိုမိန်းကလေးငယ်မှာ အဝေးတွင် ရှိနေပြီး စားပွဲပေါ်ရှိ အလှဆင်ပစ္စည်းများကိုသာ အာရုံစိုက်၍ ဆော့ကစားနေသည်ကို မြင်လိုက်ရသည်။ လူကြီးများ စကားပြောသည်ကို သူမ နားလည်နိုင်မည် မဟုတ်သဖြင့် သခင်မချန်သည် လုံးဝ စိတ်အေးသွားခဲ့သည်။
"ကျွန်မ သခင်မလီစကားအတိုင်း နားထောင်ပါ့မယ်"
သခင်မလီက စာနာသော လေသံဖြင့် ထပ်မံ ပြောကြားသည်။
"ကျွန်မတို့ မိန်းကလေးတွေအတွက် ခန္ဓာကိုယ်ကို ကောင်းကောင်း ပြုစုပြီး အသက်ရှည်ရှည် နေရဖို့က အရေးကြီးဆုံးပဲ ... ကိုယ့်အတွက်ကိုယ် မတွေးရင်တောင် ကလေးအတွက် ပိုပြီး တွေးပေးရမယ်လေ"
သခင်မချန်က ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်သည်။ မိမိကိုယ်တိုင်လည်း မိထွေးလက်အောက်တွင် ဒုက္ခခံခဲ့ရဖူးသဖြင့် သမီးဖြစ်သူအား ထပ်မံ၍ ဒုက္ခမရောက်စေချင်သည်မှာ သေချာလှသည်။ သခင်မလီက ကျန်းယွင်နန်အား တစ်ချက် ကြည့်လိုက်သည်။
ကျန်းယွင်နန်က အမြန် ပြောလိုက်သည်။
"သခင်မချန် ... မိန်းကလေးတွေက အားနည်းတတ်ပြီး ခန္ဓာကိုယ် ပြုစုတဲ့အခါ ဂရုစိုက်ရမယ့် အချက်တွေ အများကြီး ရှိပါတယ် ... ကျွန်မ ပြောပြတာကို သေသေချာချာ နားထောင်ပါဦး ..."
ကျန်းယွင်နန်သည် သခင်မချန်အား ဆေးသောက်ရန် မညွှန်ကြားဘဲ ခန္ဓာကိုယ်ကို ပိုမို လှုပ်ရှားပေးရန်သာ မှာကြားခဲ့သည်။ သခင်မချန်သည် စိုးရိမ်ထိတ်လန့်နေချိန် ဖြစ်သဖြင့် ပါးစပ်ထဲ သွင်းမည့်အရာများကို အလွန် သတိထားနေခဲ့ရာ ကျန်းယွင်နန် သင်ကြားပေးသော နည်းလမ်းမှာ သူမ၏ စိတ်ကြိုက်နှင့် ကွက်တိပင် ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် ကျန်းယွင်နန်က ထပ်မံ မှာကြားလိုက်သည်။
"ကျွန်မရဲ့ သားထွေးက အခု အဘိုးသမားတော်ကြီးဆီမှာ ဆေးပညာ သင်ယူနေတာလေ ... အဘိုးသမားတော်ကြီး ပြောတာ ကြားဖူးတယ် ... ပါးစပ်ထဲ သွင်းမယ့် ဆေးရည်တွေတင်မကဘဲ တခြား ချက်ပြုတ်သောက်သုံးမယ့် ဆေးမြစ်တွေကိုလည်း အလွန်အမင်း သတိထားရမယ် တဲ့ ... ကိုယ်တိုင် လျှောက်မသောက်ဘဲ သမားတော်ကို သေချာ မေးမြန်းရမယ်"
သခင်မချန်က ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်သည်။ ကျန်းယွင်နန်တို့တစ်စု ထွက်ခွာသွားသောအခါ ယခင်က လူလွှတ်၍ ပင့်ဖိတ်ထားသော တခြားသမားတော်များလည်း ရောက်ရှိလာခဲ့ကြသည်။ သူတို့သည် ဆေးဖတ်များကို ကြည့်ရှုပြီးနောက် သမားတော်ကြီးကျန်း၏ ကောက်ချက်နှင့် ဆင်တူသော ကောက်ချက်ကို ချခဲ့ကြပြီး သခင်မချန်၏ ခန္ဓာကိုယ် ပြုစုစောင့်ရှောက်မှု အစီအစဉ်ကို ရေးဆွဲပေးခဲ့ကြသည်။
သခင်မချန်သည် ကျန်းယွင်နန် သင်ကြားပေးခဲ့သော ကျန်းမာရေး ပြုစုနည်းများကို အသေးစိတ် ထပ်မံ မေးမြန်းခဲ့သည်။
"ဒီနည်းလမ်းတွေက တကယ်ပဲ ခန္ဓာကိုယ်ကို သန်မာစေပါတယ် ... အကယ်၍ စွဲစွဲမြဲမြဲ လုပ်နိုင်ရင် ခန္ဓာကိုယ်က ပိုပြီး ကျန်းမာလာမှာ သေချာတယ်"
သမားတော်အားလုံးနီးပါးက ကျန်းယွင်နန် သင်ကြားပေးခဲ့သော ပြုစုစောင့်ရှောက်မှု နည်းလမ်းများကို ထောက်ခံခဲ့ကြသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သမားတော်အားလုံးနီးပါးက ဤသို့ သွေးလေအားနည်းသွားခြင်းကြောင့် သခင်မချန်အနေဖြင့် နောင်တွင် ကိုယ်ဝန်ထပ်ရရန် ခက်ခဲလိမ့်မည်ဟု ကောက်ချက်ချခဲ့ကြသည်။
"တခြား နည်းလမ်း လုံးဝ မရှိတော့ဘူးလားဟင်"
သခင်မချန်က အတင်းအကြပ် ထပ်မံ မေးမြန်းလိုက်သည်။ တခြားသမားတော်များက ခေါင်းခါပြကြပြီး လူငယ်သမားတော်တစ်ဦးကသာ ရိုးရိုးသားသားပင် ပြောပြရှာသည်။
"သခင်မ ... သခင်မက ခန္ဓာကိုယ် ဒီလောက်အထိ အားနည်းသွားတာလေ ... ကိုယ်ဝန် တကယ် ရခဲ့ရင်တောင် ဒါက ကောင်းတဲ့အရာ မဟုတ်ပါဘူး ... မိခင်က အားနည်းနေရင် မိခင်ရော ကလေးပါ အသက်ဘေး ကြုံရတတ်ပါတယ် ..."
သခင်မချန်၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။