အခန်း ၂၄၈
Vol. 25 Ch. 248
အခန်း ၂၄၈ - ချီးမွမ်းခြင်းအဖွဲ့ဝင် နျိုနျိုလေး
သမားတော်အားလုံး ထွက်ခွာသွားပြီးနောက် အချိန်မည်မျှ ကုန်လွန်သွားသည်မသိဘဲ သခင်မချန်သည် ကျန်းယွင်နန် မှာကြားခဲ့သော မီးတွင်းထဲတွင် အနားယူရန် စကားကို တွေးတောရင်း ဝေဝေဝါးဝါးဖြင့် အိပ်ပျော်သွားခဲ့သည်။ သခင်မချန်သည် အိပ်မက်တစ်ခု မက်ခဲ့သည်။ ထိုအိပ်မက်ထဲတွင် ကျန်းယွင်နန်ရော နျိုနျိုလေးပါ မရှိခဲ့ပေ။ သခင်မလီသည် တတိယလပိုင်းလောက်မှ ရောက်လာခဲ့သည်။ သူမသည် ဘာမှမသိဘဲ ထို "အားဆေးရည်" များကို ဆက်လက် သောက်သုံးခဲ့ရာ မီးတွင်းက မထွက်ခင်မှာတင် ရုတ်တရက် သွေးလွန်မှု ဖြစ်ပွားခဲ့သည်။
သမီးဖြစ်သူ အသက် နှစ်လ၊ သုံးလအရွယ် ရောက်သောအခါ အချိန်မီ မကုသနိုင်သော ဖျားနာမှုကြောင့် ဆုံးပါးသွားခဲ့ရသည်။ သူမ ဆုံးပါးသွားပြီး တစ်နှစ်အကြာတွင် ခင်ပွန်းဖြစ်သူက လျူရုယီနှင့် အိမ်ထောင်အသစ် ထပ်မံ ထူထောင်ခဲ့ပြီး လင်မယားနှစ်ဦး အဆင်ပြေချောမွေ့စွာဖြင့် ကွယ်လွန်သူ မိမိအား မကြာမီမှာပင် မေ့လျော့သွားခဲ့ကြသည်။
သခင်မချန်သည် အိပ်မက်ဆိုးမှ လန့်နိုးလာခဲ့ရာ နေ့ခင်းကြောင်တောင် ဖြစ်သော်လည်း ထိတ်လန့်မှုကြောင့် တစ်ကိုယ်လုံး ချွေးစေးများ ထွက်နေခဲ့သည်။ အိပ်မက်ထဲတွင် သားအမိနှစ်ဦးလုံး သေဆုံးရသည့် အတွေးက သူမအား နာကျည်းမှုများ ပြည့်နှက်စေခဲ့သည်။
"သခင်မ ... တစ်ခုခု စားလိုက်ပါဦး ... ခန္ဓာကိုယ်က အရေးကြီးပါတယ် ... စားမဝင်ရင်တောင် အတင်းစားရမယ်လို့ ကုကတော်က မှာသွားတာလေ ... သခင်မလေးအတွက် ပိုပြီး တွေးပေးပါဦး ..."
အနီးကပ် အစေခံမလေးက တိုးတိုးလေး ပြောရှာသည်။ သခင်မချန်သည် အိပ်မက်ဆိုးကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသဖြင့် စားချင်စိတ် မရှိခဲ့ပေ။ သို့သော် ကလေး၏ ငိုသံနှင့် အထိန်းတော်က သီချင်းဆို၍ ချော့မြှူနေသော အသံမှာ နားထဲသို့ ရောက်ရှိလာခဲ့သည်။
သခင်မချန်သည် တဖြည်းဖြည်း သတိပြန်ဝင်လာခဲ့သည်။ မိမိဘေးနားရှိ အစေခံမလေးကို ကြည့်ရင်း အချိန်အတော်ကြာမှ နောက်ဆုံး၌ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"မနက်ဖြန် မင်း အစေခံပွဲစားဆီ သွားပြီး မိန်းကလေးအချို့ သွားဝယ်ချေ ... ရိုးသားပြီး လှပတဲ့သူ ဖြစ်ရမယ် ... စိတ်သဘောထား မကောင်းတဲ့သူတွေကို မရွေးနဲ့ ... ထားလိုက်ပါ ... အများကြီး ဝယ်ခဲ့ပြီး အနည်းဆုံး နှစ်ယောက်လောက် သေသေချာချာ ရွေးချယ်မယ်"
သခင်မချန်သည် ယနေ့တွင် ထိုးနှက်ချက်များစွာ ခံလိုက်ရသဖြင့် တစ်ကိုယ်လုံး ခေါင်းအစ ခြေအဆုံး ရေအေးဖြင့် အလောင်းခံရသကဲ့သို့ ခံစားနေရသည်။ ဘေးနားရှိ လူများက သူမအား ခင်ပွန်းဖြစ်သူက အလွန် ရိုသေချစ်မြတ်နိုးပါသည်ဟု ပြောကြသော်လည်း အိပ်မက်ထဲတွင်မူ ခင်ပွန်းမှာ ထူးခြားမှုမရှိဘဲ မိမိအတွက် တစ်နှစ်မျှသာ ဝတ်ပြုကာ အသစ်ထပ်ယူခဲ့သည်။ သို့သော်လည်း သခင်မချန် မလောင်းကြေး မထပ်ရဲတော့ပေ။ သူမသည် ချမ်းသာသော ကုန်သည်မိသားစုမှဆင်းသက်လာသူ ဖြစ်သည်။
ယခင်က မင်္ဂလာဆောင်ကြေး အမြောက်အမြားကြောင့် ခင်ပွန်းဖြစ်သူက သူမအား အလွန် ချစ်မြတ်နိုးခဲ့သည်။ သို့သော် ခင်ပွန်းဖြစ်သူ ကျင်ရှီအရာရှိ ဖြစ်လာပြီးနောက်တွင်မူ သူမ၏ ဖခင်ဖြစ်သူပင် ခင်ပွန်းနှင့် စကားပြောလျှင် သတိထားနေရသည်။ ခင်ပွန်းဖြစ်သူသည် သားယောကျာ်းလေးကို ပိုမို မျှော်လင့်နေမှန်း သူမ အခြားသူများထက် ပိုသိသည်။ နောင်တွင် လင်မယားချင်း စိမ်းကားသွားမည့်အစား ယခုကတည်းကပင် သူ့အား မယားငယ် ရှာပေးလိုက်တာ ပိုကောင်းပေလိမ့်မည်။
လူကြီးမင်းချန်သည် ညနေပိုင်းတွင် ပြန်ရောက်လာခဲ့သည်။ သူသည် နောက်ဖေးခြံရှိ အဘွားအိုထံသို့ အရင်ဆုံး သွားရောက်၍ ထမင်းစားပြီးမှသာ ပင်မဆောင်ကြီးသို့ လာခဲ့သည်။ သခင်မချန်သည် အရာရာကို လျှို့ဝှက်ထားသဖြင့် သူမ၏ ပိုင်ဆိုင်မှုများမှာ အိမ်ထဲ၌သာ ရှိနေသေးသည်။ လျူရုယီသည် မိမိ လျှို့ဝှက်ချက် ပေါက်ကြားသွားမှန်း မသိဘဲ ခင်ပွန်းဖြစ်သူ၏ ရှေ့တွင် သခင်မချန်က သမားတော်များစွာ ပင့်ဆောင်၍ ပိုက်ဆံများကို ဖြုန်းတီးနေပါသည်ဟု အဘွားအိုအား သွေးထိုးပေးခဲ့သည်။
"ဒီနေ့ သခင်မ နေလို့မကောင်းလို့လား ..."
ဤအချိန်တွင် လူကြီးမင်းချန်က သခင်မချန် သမားတော်ပင့်သည့် အကြောင်းကို မေးမြန်းလိုက်သည်။ သခင်မချန်က ယနေ့ ဖြစ်ပွားခဲ့သော အရှုပ်တော်ပုံကို ချက်ချင်းပင် ဖွင့်ချလိုက်တော့သည်။ လူကြီးမင်းချန်သည် ပုံမှန်အတိုင်း မေးမြန်းခြင်းသာ ဖြစ်သဖြင့် ဤမျှ ကြီးမားသော ပြဿနာကို လက်ခံရန် အဆင်သင့် မဖြစ်ခဲ့ပေ။
"နောင်ကျရင် ဝမ်းကွဲညီမကို သခင်မအတွက် ဆေးတွေ ဟင်းရည်တွေ မချက်ခိုင်းတော့ဘူး ... သူလည်း အခြေအနေကို သေချာမသိဘဲ ဝေဝေဝါးဝါးနဲ့ လုပ်မိတာ ဖြစ်မှာပါ ..."
လူကြီးမင်းချန်၏ ပထမဆုံး တုံ့ပြန်မှုမှာ စကားကို ရောချပစ်ရန် ဖြစ်သည်။ အကြောင်းမူကား ယခုအခါ သခင်မချန်မှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီ ဖြစ်ပြီး အဘွားအိုကလည်း လျူရုယီကို အမြဲတမ်း ချစ်မြတ်နိုးသောကြောင့်ပင်။ သခင်မချန်သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ဤအချိန်တွင် ကျောရိုးထဲ၌ စိမ့်ခနဲ ခံစားလိုက်ရသည်။ သူမသည် သခင်မလီ သင်ကြားပေးခဲ့သည့်အတိုင်း ခင်ပွန်းဖြစ်သူ၏ ရာထူးလမ်းကြောင်း နာမည်ပျက်မည့် ကိစ္စကို ထုတ်ပြောလိုက်သည်။
လူကြီးမင်းချန်သည် အနည်းငယ်မျှ မတုံ့ဆိုင်းတော့ဘဲ ထိုနေရာ၌ပင် စကားကို ပြောင်းလဲလိုက်တော့သည်။
"သခင်မ ပြောတာ မှန်တယ် ... ဒီလို ရက်စက်တဲ့ မိန်းမကို အမေ့ဘေးမှာ ပေးမနေနိုင်ဘူး ... မနက်ဖြန်ကျရင် လူလွှတ်ပြီး သူ့ကို ဇာတိရွာ ပြန်ပို့ခိုင်းမယ် ... လျူမိသားစုဆီ အပ်ပြီး ဖြေရှင်းခိုင်းလိုက်မယ်"
လျူမိသားစုသည် လျူရုယီ၏ ပိုင်ဆိုင်မှုများကို ဝါးမြိုခဲ့ကြပြီး မူလကတည်းကပင် တောခွေး၊ ကျား၊ သစ်ကဲ့သို့ လောဘကြီးသူများ ဖြစ်ကြသည်။ သူမ ယခုအချိန်တွင် ပြန်သွားရခြင်းမှာ သိုးငယ် ကျားပါးစပ်ထဲ ဝင်သွားသကဲ့သို့ ဖြစ်သဖြင့် ရလဒ်ကို ခန့်မှန်းကြည့်နိုင်သည်။ သခင်မချန်သည် ရုတ်တရက် အရာအားလုံးကို သဘောပေါက်သွားခဲ့သည်။
မိမိကိုယ်တိုင် ဖြစ်စေ၊ လျူရုယီ ဖြစ်စေ၊ နောက်ဖေးခြံမှ အဘွားအို ဖြစ်စေ ခင်ပွန်းဖြစ်သူ၏ မျက်စိထဲတွင်မူ သူ၏ ရာထူးလမ်းကြောင်းလောက် အရေးမကြီးလှပေ။ သခင်မချန် ဤသည်ကို တွေးမိသောအခါ မူလက ပြောရန် ခက်ခဲနေသော စကားများမှာ ယခုအခါ စိတ်အနှောင့်အယှက် မဖြစ်တော့ဟု ခံစားလိုက်ရသည်။
"ကျွန်မ အခု ခန္ဓာကိုယ် သိပ်မကောင်းတော့လို့ ရှင့်အတွက် မယားငယ် နှစ်ယောက်လောက် ရှာပေးချင်တယ် ... ခင်ပွန်းကော ဘယ်လို ထင်လဲဟင်"
လူကြီးမင်းချန်သည် ၎င်းကို ကြားသောအခါ ကြောင်အမ်းသွားခဲ့သည်။ အချိန်အနည်းငယ် ကြာမှ သူက ပြောလိုက်သည်။
"အိမ်တွင်းရေး ကိစ္စတွေကို သခင်မပဲ ဆုံးဖြတ်လိုက်ပါ"
သခင်မချန်သည် ခင်ပွန်းဖြစ်သူထံမှ ဤတုံ့ပြန်မှုကို ကြိုတင် မျှော်လင့်ထားသော်လည်း ရင်ထဲ၌ နာကျင်နေရဆဲပင်။ သူမသည် နောင်တွင် ခင်ပွန်းဖြစ်သူအား သမီးဖြစ်သူအတွက် စည်းစိမ်ချမ်းသာ ရှာဖွေပေးမည့် ကိရိယာတစ်ခုအဖြစ်သာ သတ်မှတ်တော့မည်ဖြစ်ပြီး မည်သည့် စစ်မှန်သော သံယောဇဉ်မျှ ပေးတော့မည်မဟုတ်ဟု မိမိကိုယ်မိမိ မှာကြားလိုက်တော့သည်။
ကျန်းယွင်နန်တို့တစ်စုသည် ချန်စံအိမ်မှ ထွက်ခွာလာပြီးနောက် ဝေါယာဉ်ပေါ်သို့ တက်ခဲ့ကြသည်။ နျိုနျိုလေးသည် မိမိ၏ မေမေနှစ်ဦးစလုံး စိတ်မကောင်းဖြစ်နေသော မျက်နှာများကို ကြည့်ကာ မေးလိုက်သည်။
"ဘာလို့ စိတ်မကောင်း ဖြစ်နေကြတာလဲဟင် ..."
ကျန်းယွင်နန်သည် အိမ်တွင်းရေး လျှို့ဝှက်ချက်များ ဖြစ်သဖြင့် နျိုနျိုလေးအား တိုက်ရိုက်ပြောပြရန် ခက်ခဲသဖြင့် ခဏမျှ ဘာပြောရမှန်း မသိ ဖြစ်နေခဲ့သည်။ သို့သော်လည်း နျိုနျိုလေးသည် မိမိလက်ထဲရှိ တိရစ္ဆာန်ရုပ်ပုံစံ ကျောက်စိမ်းအလှဆင်ပစ္စည်းများကို မြှောက်ပြကာ ပြောလိုက်သည်။
"မေမေ ... အဒေါ်ချန်က သိပ်ကောင်းတာပဲ ... ဒါက သမီးကို ပေးတာလေ"
သခင်မချန်သည် နျိုနျိုလေး ထိုပစ္စည်းဖြင့် ဆော့ကစားနေသည်ကို မြင်ပြီး သဘောကျသည်ဟု ထင်သဖြင့် နျိုနျိုလေးအား တိုက်ရိုက် လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ဤပစ္စည်းသာမက သူမသည် ကျန်းယွင်နန်အား အသက်ကယ်ကျေးဇူးအတွက် ကျေးဇူးတင်သောအားဖြင့် လက်ဆောင်များစွာ ပေးခဲ့သည်။ ကျန်းယွင်နန်သည် စိတ်ထဲ၌ မတင်မကျ ဖြစ်နေဆဲဖြစ်သဖြင့် သခင်မလီအား မေးလိုက်သည်။
“တို့ စကားမှားသွားမိလားဟင် ... သခင်မချန်ကို ကယ်တင်နိုင်ခဲ့ပေမဲ့ ညည်းကိုပါ ပြဿနာထဲ ဆွဲသွင်းမိသလို ဖြစ်သွားမလား”
သခင်မလီက ခေါင်းခါပြလျက် ပြောလိုက်သည်
“စိတ်ချပါ ... သူက အဲဒီလို လူမျိုးမဟုတ်ပါဘူး ... အိမ်ထဲမှာ လျှို့ဝှက်ချက်တွေ ပိုများလာတာမို့လို့ပါ ... ပျံ့နှံ့သွားရင်တောင် အတင်းအဖျင်းအဖြစ် ရက်ပိုင်းလောက်ပဲ ပြောကြမှာပါ ... သခင်မချန်က အဆိုးအကောင်းကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ပါတယ်”
“ဒါ့အပြင် တကယ်ပြောရရင် ညည်းကို ပြဿနာထဲ ဆွဲသွင်းမိတာက ကျွန်မပါ ... တို့က သခင်မချန်ရဲ့ အခက်အခဲကို ကူညီပေးနိုင်ရုံတင်မကဘဲ ညည်းရဲ့ အရည်အချင်းကိုပါ ပြသခွင့်ရမယ်လို့ ထင်ခဲ့တာလေ ... ဒါပေမဲ့ ပထမဆုံးအကြိမ်မှာတင် အိမ်တွင်းရေး လျှို့ဝှက်ချက်တွေထဲ ပါဝင်ပတ်သက်မိလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး”
သခင်မလီက အတိအလင်း မပြောသော်လည်း ကျန်းယွင်နန်က သခင်မလီ ဤသို့လုပ်ဆောင်ခြင်းမှာ မိမိအား ကျေးဇူးတုံ့ပြန်သည့် လက်ဆောင်များ ပိုမိုရရှိစေချင်၍ ဖြစ်မှန်း သဘောပေါက်သည်။ ဒီတစ်ခေါက် သခင်မချန်အိမ်သို့ သွားရောက်ခြင်းက နျိုနျိုလေး လက်ထဲရှိ ကျောက်များ မပါဘဲ တခြားလက်ဆောင်များ၏ တန်ဖိုးမှာတင် ငွေပြား နှစ်ရာ၊ သုံးရာခန့် ရှိလှသည်။ သူမသည် မနက်ခင်းအချိန်လေးသာ ကုန်ဆုံးခဲ့ပြီး ထိုနေရာ၌ စကားအနည်းငယ် ပြောခဲ့ရုံဖြင့် ဤမျှ ရရှိခဲ့ခြင်း ဖြစ်ရာ ဤကော်တော် အသိုင်းအဝိုင်းများ၏ ပိုက်ဆံရှာရလွယ်ကူပုံကို မြင်တွေ့နိုင်သည်။
ကျန်းယွင်နန်သည် ဤနေရာကို တွေးတောမိသောအခါ သက်ပြင်းမချဘဲ မနေနိုင်ဖြစ်သွားပြီး ပြောလိုက်သည်။
“ငါအမြဲထင်ခဲ့တာက အိမ်ကြီးအိမ်ကောင်းတွေမှာ နေပြီး အစေခံတွေ အခြံအရံတွေနဲ့ နေရတဲ့ မိန်းကလေးတွေမှာ ဘာသောကမှ မရှိဘူးလို့ပေါ့ ... အခု ပြန်တွေးကြည့်တော့ မိသားစု သဟဇာတဖြစ်ဖို့က ပိုက်ဆံအများကြီး ရှိတာထက် ပိုပြီး အရေးကြီးပုံရတယ်”
သခင်မလီသည်လည်း ခေါင်းညိတ်ပြရှာသည်။ နျိုနျိုလေးက မျက်နှာလေး မော့ကာ ပြောလိုက်သည်။
"မေမေက အဒေါ်ချန်တို့ မိသားစု အဆင်ပြေအောင် ဒီနေ့ ကူညီပေးခဲ့တာပဲ ... မေမေ တကယ့်ကို တော်တာပဲ"
ကျန်းယွင်နန်သည် ချီးမွမ်းခြင်းအဖွဲ့ဝင် မိမိ၏ သမီးငယ်လေးက မိမိအား ချီးကျူးရန် ထူးခြားသော အကြောင်းပြချက်ကို ရှာဖွေနိုင်လိမ့်မည်ဟု ထင်မထားခဲ့သဖြင့် အမြန် ရှင်းပြလိုက်သည်။
"သမီးလေး ... မေမေက ဒီနေ့ အဒေါ်ချန်တို့ မိသားစု အဆင်ပြေအောင် ကူညီပေးခဲ့တာ မဟုတ်ပါဘူး ... မေမေက အဒေါ်ချန်ကို ခန္ဓာကိုယ် ပြုစုဖို့ပဲ ကူညီပေးခဲ့တာပါ"
ကျန်းယွင်နန်သည် နောင်တွင် ဤကဲ့သို့သော ကိစ္စရပ်များကို ရပ်တန့်သင့်မလား စဉ်းစားနေခဲ့သည်။
"မဟုတ်ဘူးလားဟင် ..."
နျိုနျိုလေးက နားမလည်ဘဲ မေးလိုက်သည်။ ကျန်းယွင်နန်က ခေါင်းညိတ်ပြလိုက်သည်။
သို့သော်လည်း သခင်မလီက ပြောလိုက်သည်။
“ဟုတ်ပါတယ် ... အစ်မ တကယ်ပဲအဲဒီလို ကူညီပေးခဲ့တာပါ”
ကျန်းယွင်နန်၏ မျက်နှာတွင် သံသယများ ပြည့်နှက်သွားခဲ့သည်။ သခင်မလီက ဆက်ပြောသည်။
“ကျွန်မ သိပါတယ် ... အစ်မက ဒီနေ့ ကိစ္စကြောင့် အတွေးများနေတာကိုး ... ဒါပေမဲ့ သေသေချာချာ တွက်ကြည့်ရင် သခင်မချန်က အခု ရှင်းရှင်းလင်းလင်း သိသွားပြီး အသိသတိ ဝင်လာပြီလေ ... သူနောက်ကျရင် အိမ်တွင်းရေး ကိစ္စတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ သဘာဝကျကျ သိသွားမှာပဲ ... ဒါက မိသားစု သဟဇာတဖြစ်ဖို့ မဟုတ်ဘူးလား ... သူလည်း အိမ်မှာ ပိုပြီး အဆင်ပြေသွားမှာပေါ့”
“ဒါတင်မကဘူးနော် ... အစ်မက သခင်မချန်နဲ့ သူ့ရဲ့ သမီးလေးရဲ့ အသက်ကို တကယ် ကယ်တင်ခဲ့တာပဲဥစ္စာ”
နျိုနျိုလေးက သခင်မလီ၏ စကားနောက်သို့
ချက်ချင်း လိုက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။
"မေမေက အသက်နှစ်ချောင်းကို ကယ်တင်ခဲ့တာပဲ ... မေမေက သူရဲကောင်းကြီးပဲ"