အခန်း ၂၄၉
Vol. 25 Ch. 249
အခန်း ၂၄၉ - ရင်တွင်းခံစားချက်
ကျန်းယွင်နန်သည် တခြားအရာမှန်သမျှကို ခံနိုင်ရည် ရှိသော်လည်း မိမိ၏ သမီးငယ်လေး၏ ချီးမွမ်းစကားကိုမူ မလွန်ဆန်နိုင်ခဲ့ပေ။ ကောင်မလေးငယ်၏ နူးညံ့လှသော စကားသံက ကျန်းယွင်နန်အား ဤအလုပ်ကို ဆက်လက် လုပ်ဆောင်ချင်စိတ်များ ချက်ချင်း ပေါ်ပေါက်စေခဲ့သည်။
သခင်မလီက ဘေးနားမှ ထပ်မံ၍ ဖျောင်းဖျလိုက်သည်။
“နေ့တိုင်း အိမ်ထဲမှာပဲ အောင်းနေရင် သတင်းအချက်အလက်တွေ ပိတ်ဆို့နေတာ သဘာဝပဲလေ ... အပြင်ထွက်ပြီး ပိုပြီး လှုပ်ရှားသွားလာရင် စိတ်တက်ကြွလာပြီး အကြောင်းအရာတွေ ပိုသိလာ၊အမြင်လည်း ပိုကျယ်လာမှာပေါ့”
နျိုနျိုလေးက မရပ်မနား ခေါင်းညိတ်ပြလျက် ကျန်းယွင်နန်ကို ဆွဲကာ ကလေးဆိုးလေးလို ဆက်ပူဆာပြန်သည်။
"ဟုတ်တယ် ... ဟုတ်တယ် မေမေ ... တစ်နေ့လုံး အိမ်ထဲမှာပဲ နေရတာ သိပ်ပျင်းဖို့ကောင်းတာပဲ ... အပြင်ထွက်ရင် တခြား အဒေါ်တွေ အများကြီးနဲ့ သိခွင့်ရတာပေါ့"
ကျန်းယွင်နန်၏ စဉ်းစားတွေးခေါ်မှုက သူတို့နှင့် မတူဘဲ မိမိ၏ သားလတ်အကြောင်းကို တွေးတောမိသွားသည်။ အကယ်၍ ဤ အရှိန်အဝါရှိသော လူကုံထံများနှင့် တကယ်ပဲ မိတ်ဆွေကောင်းများ ဖြစ်နိုင်ခဲ့လျှင် တစ်နေ့နေ့တွင် မိမိ၏ သားလတ်ကို ကူညီပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။
“ကောင်းပါပြီ ... အားလုံးက ဒါကို လုပ်သင့်တယ်လို့ ထင်ကြမှတော့ ကျွန်မ ဆက်လုပ်ပါ့မယ်”
သခင်မလီက ပြုံးလျက် ပြောလိုက်သည်။
“ဒါမှ မှန်တာပေါ့ ... ကျွန်မ မြို့တော်ကို ရောက်လာပြီးမှ အမှန်တရားတစ်ခုကို သိလိုက်ရတာ ... ကျွန်မတို့ မိန်းကလေးတွေ အပြင်ထွက်နိုင်မှသာ လောကကြီးရဲ့ ကျယ်ပြောပုံကို မြင်နိုင်မှာ ... တစ်နေ့လုံး အိမ်တွင်းထဲမှာတင် ပိတ်မိနေရင် သူများ သတ်ချင်တိုင်း သတ်လို့ရတဲ့ သိုးငယ်တစ်ကောင်လို ဖြစ်မနေဘူးလား”
သခင်မလီလည်း ၎င်းကို ခံစားမိသည်။ ထိုနှစ်များက သူမသည် ဇာတိရွာ၏ ခြံဝင်းနက်ကြီးထဲတွင် ပိတ်မိနေခဲ့ရာ မျက်စိကန်းနေသကဲ့သို့ ဖြစ်ပြီး ယောက္ခမနှင့် ယောက်မများ၏ နှိပ်စက်မှုကိုသာ ခံခဲ့ရသည်။
ကုမိသားစုအိမ်သို့ ပြန်ရောက်သောအခါ သူမသည် ကုမင်တာ့အား ထိုအကြောင်းကို ပြောပြခဲ့သည်။
ကုမင်တာ့က အလွန် ထောက်ခံခဲ့သည်။ မိမိ၏ သားလတ်အတွက်ကြောင့်သာ မဟုတ်ဘဲ ကျန်းယွင်နန်သည် အိမ်တွင်းရေး အရှုပ်အထွေးများထဲ ပါဝင်ပတ်သက်မိမည်ကို စိုးရိမ်သော်လည်း သူမ၏ မျက်ဝန်းထဲမှ အရောင်အဝါများကိုမူ မည်သူ့ကိုမျှ လိမ်ညာ၍မရနိုင်မှန်း ကုမင်တာ့ ခံစားမိသည်။
ကျန်းယွင်နန်၏ တက်ကြွလှသော ပုံစံမှာ သိသာထင်ရှားစွာပင် မိမိလုပ်ဆောင်ချက်အပေါ် ဂုဏ်ယူနေခြင်းဖြစ်ပြီး ဤကိစ္စမှတစ်ဆင့် အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
နျိုနျိုလေးသည် ကုမင်တာ့၏ အင်္ကျီလက်ကို ဆွဲကာ ဖခင်ဖြစ်သူ၏ နားနားသို့ တိုး၍ တိုးတိုးလေး ပြောလိုက်သည်။
“မေမေက ပိုပြီး လှလာသလိုပဲနော်”
ကုမင်တာ့သည် ထိုစကားကို ကြားသောအခါ မရယ်ဘဲ မနေနိုင်ဖြစ်သွားခဲ့သည်။ ကျန်းယွင်နန်က မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။
“ရှင်တို့ သားအဖနှစ်ယောက် ... ကျွန်မကွယ်ရာမှာ ဘာတွေ တိုးတိုး တိုးတိုး ပြောနေကြတာလဲ”
နျိုနျိုလေးက မျက်လုံးလေး ဝေ့ဝဲကာ ပြောလိုက်သည်။
"မေမေကို မပြောပြဘူး ... ဒါက သမီးနဲ့ ဖေဖေရဲ့ လျှို့ဝှက်ချက်လေးလေ"
ကုမင်တာ့က အပြင်းအထန် ခေါင်းညိတ်ပြလိုက်သည်။ ကျန်းယွင်နန်က သဝန်တိုဟန် ဆောင်လိုက်သည်။
“အဲလိုလား ... နျိုနျိုလေးက အခု ဖေဖေနဲ့ ဆက်ဆံရေး အကောင်းဆုံး ဖြစ်နေပြီပေါ့”
နျိုနျိုလေးသည် ၎င်းကို ကြားသောအခါ ချက်ချင်း လောသွားပြီး မေမေ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ပြောလိုက်သည်။
"မဟုတ်ပါဘူး ... မဟုတ်ပါဘူး ... သမီးက မေမေနဲ့ အမြဲတမ်း ဆက်ဆံရေးအကောင်းဆုံးပဲ ... ဘယ်တော့မှ မပြောင်းလဲဘူး"
ကျန်းယွင်နန်က မရယ်ဘဲ မနေနိုင်ဖြစ်သွားပြီး နျိုနျိုလေး၏ ဦးခေါင်းလေးကို တို့ကာ နို့ရနံ့လေး သင်းပျံ့နေသော ကောင်မလေးငယ်ကို ရင်ခွင်ထဲသို့ ပွေ့ပိုက်လိုက်သည်။ ကုမင်တာ့က ပြောလိုက်သည်။
“ယွင်နန် ... အကယ်၍ မင်းက အဲဒီမိန်းကလေးတွေကို တကယ် ကူညီပေးချင်တယ်ဆိုရင် သမားတော်ကြီးယန်ဆီမှာ အကြံဉာဏ် သွားတောင်းလို့ ရတယ်လေ ... သူက ဆေးကုသလာတာ နှစ်ပေါင်းများစွာ ရှိပြီဆိုတော့ အတွေ့အကြုံ အများကြီး ရှိမှာပဲ ... မင်းလည်း တစ်ခု၊ နှစ်ခုလောက် သင်ယူလို့ ရတာပေါ့”
ကျန်းယွင်နန်က ထိုအကြံပြုချက်ကို လက်ခံလိုက်ပြီး ပြောလိုက်သည်။
"ကျွန်မ အားတဲ့အခါ သူ့ဆီ သွားပြီး လမ်းညွှန်မှု ခံယူပါ့မယ်"
ကုမင်တာ့သည် ဇနီးဖြစ်သူအတွက် ရည်မှန်းချက်တစ်ခု ထပ်မံ စဉ်းစားပေးလိုက်ပြန်သည်။
"မင်း နောင်ကျရင် လုပ်စရာတွေ အများကြီး ရှိလာလိမ့်မယ် ... ဖြစ်နိုင်ရင် အဲဒါတွေကို အကျဉ်းချုပ်ပြီး စာအုပ်တစ်အုပ် ရေးသားလို့ ရတာပေါ့"
ကျန်းယွင်နန်သည် သူ့ကိုယ်သူ ယုံကြည်မှုမရှိဘဲ ပြောလိုက်သည်။
“ကျွန်မလို မိန်းကလေးတစ်ယောက်က အဲဒီလို အရည်အချင်းမျိုး ဘယ်မှာ ရှိပါ့မလဲ”
သို့သော် ကုမင်တာ့ရော နျိုနျိုလေးပါ သူမ မိမိကိုယ်မိမိ အထင်သေးခြင်းကို ခွင့်မပြုကြပေ။ နျိုနျိုလေးက ပြောလိုက်သည်။
"မေမေက အတော်ဆုံးလူပဲဥစ္စာ"
ကုမင်တာ့ကလည်း ထပ်လောင်း ပြောကြားသည်။
"မိန်းကလေး ဖြစ်တော့ကော ဘာဖြစ်လဲ ... ယောက်ျားရော မိန်းမရော လူသားတွေပဲ မဟုတ်ဘူးလား ... ယောက်ျားလုပ်နိုင်တဲ့အရာကို မိန်းမ မလုပ်နိုင်ဘူးလို့ ကိုယ် ဘယ်တော့မှ မထင်ဘူး ... ယွင်နန် ... မင်းသာ မိန်းကလေး ဘဝ မဖြစ်ခဲ့ဘဲ ကိုယ့်လို ကျောင်းတက်ခဲ့ရရင် ကိုယ့်ထက်တောင် တော်ဝင်စာမေးပွဲ အောင်မြင်တာ မြန်ဦးမှာ"
ကျန်းယွင်နန်က ပြုံးလျက် ပြောလိုက်သည်။
“ကျွန်မက ဘယ်နေရာမဆို တော်နေတာပဲပေါ့ ... ရှင်က ကျွန်မအပေါ် ဘက်လိုက်လို့ ကျွန်မကို အထင်ကြီးနေတာပါ ... ကျွန်မက သာမန် အမျိုးသမီးတစ်ယောက်ပါပဲ”
နျိုနျိုလေးက ကျယ်လောင်စွာ ငြင်းခုံလိုက်သည်။
"မေမေက သာမန်လူ မဟုတ်ပါဘူး ... မေမေက သမီးတို့ကို ပြုစုပေးနိုင်ပြီး စီးပွားရေးလည်း လုပ်နိုင်တာပဲ ... လူတိုင်းက မေမေကို သဘောကျကြတယ် ... မေမေက အကောင်းဆုံးပဲ"
ကုမင်တာ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ် ... သမီးရဲ့မေမေက တကယ့်ကို တော်တာ ... ဖေဖေနဲ့ မတူဘူး ... ဖေဖေက စာကျက်ရတာနဲ့တင် အလုပ်ရှုပ်နေပြီး သမီးတို့ကို ပြုစုဖို့ အရည်အချင်း မရှိဘူးလေ”
နျိုနျိုလေးသည် ကျန်းယွင်နန်၏ မျက်နှာကို ပါးချင်းကပ်လျက် ပြောလိုက်သည်။
"သမီး ကြီးလာရင် မေမေလို တော်တဲ့လူ ဖြစ်အောင် လုပ်ရမယ်"
ကုမင်တာ့က ထပ်မံ ပြောကြားသည်။
"အိမ်တွင်းရေး ကိစ္စတွေမှာ ရှင်းရှင်းလင်းလင်း ပြောပြလို့မရတဲ့ အချက်တွေ အများကြီး ရှိတယ် ... မင်း ဒီနေ့ လုပ်တာ တကယ့်ကို ကောင်းတယ် ... စကားလုံး အရိပ်အမြွက် သုံးပြီး သူတို့ကိုယ်တိုင် တွေးတောနိုင်အောင် လမ်းညွှန်ပေးတာပေါ့ ... စိတ်သက်သာရာရစေမယ့် စကားတွေလည်း အများကြီး ပြောပေးပါ ... ရင်တွင်းခံစားချက်တွေက စိတ်ခံစားမှုကြောင့် အများဆုံး ဖြစ်တတ်တာမို့ သူတို့ရဲ့ စိတ်ကို ပြေလျော့စေတာ အချိန်ကုန်ရကျိုး နပ်ပါတယ်"
ကျန်းယွင်နန်၏ မူလက စိုးရိမ်မကင်း ဖြစ်နေသော စိတ်အခြေအနေမှာ သားအဖနှစ်ဦး၏ ဖျောင်းဖျမှုကြောင့် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ သို့သော်လည်း ကုမင်တာ့သည် ရှူးယင်းအကြောင်းကို တွေးတောနေဆဲ ဖြစ်သည်။ ကျန်းယွင်နန်က ရှူးယင်းသည် နျိုနျိုလေးအပေါ် အလွန် သစ္စာရှိပါသည်ဟု ပြောခဲ့လျှင်တောင် ထိုမိန်းကလေးမှာ အရူးမတစ်ဦး ဖြစ်နေဆဲသာ။ သူမအား ကိုယ်တိုင် မတွေ့ရသေးသရွေ့ သူ လုံးဝ စိတ်မချနိုင်သေးပေ။
ရှူးယင်းသည် ကုမင်တာ့နှင့် နျိုနျိုလေး အတူတူ လာသည်ကို မြင်သောအခါ သူမ၏ မျက်ဝန်းထဲတွင် နျိုနျိုလေးတစ်ဦးတည်းကိုသာ မြင်တွေ့နိုင်သည်။
"သခင်မလေး ... ကျွန်မ သခင်မလေးအတွက် လုပ်ပေးထားတဲ့ ဆပ်ပြာကို ကြည့်ပါဦး ... ဒါနဲ့ လက်ဆေးရင် ရေချိုးရင် ပိုပြီး မြန်မြန်ဆန်ဆန် စင်ကြယ်သွားလိမ့်မယ်"
ရှူးယင်းသည် စတုရန်းပုံစံ အကွက်ချ ဖြတ်တောက်ထားသော ဖျော့တော့တော့ အဝါရောင် အနှစ်ခဲတစ်ခုကို နျိုနျိုလေးရှေ့တွင် ရတနာတစ်ခုကဲ့သို့ ကိုင်မြှောက်ပြလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် နျိုနျိုလေး၏ လက်တွင် အညစ်အကြေးများ ပေကျံနေသဖြင့် ရှူးယင်းက သူမအား ဘေးနားရှိ ရေဇလုံထဲသို့ ပွေ့ခေါ်သွားပြီး လက်ဆေးနည်းကို လက်တွေ့ ပြသခဲ့သည်။ လက်မှ အမြှုပ်အမြောက်အမြား ထွက်ပေါ်လာသည်ကို မြင်သောအခါ နျိုနျိုလေးသည် အလွန် ဆန်းသစ်သည်ဟု ခံစားလိုက်ရသည်။
"ဒီတစ်ခါတော့ သာမန်ဆပ်ပြာပဲ လုပ်ရသေးတာ ... နောက်ကျရင် ပန်းပွင့်တွေ ရှာပြီး ပန်းရနံ့ဆပ်ပြာ လုပ်ပေးမယ် ... ကျွန်မတို့ သခင်မလေးက အမြဲတမ်း မွှေးပျံ့နေရမှာပေါ့"
ရှူးယင်းက ပျော်ရွှင်စွာ ပြောလိုက်သည်။
ကုမင်တာ့သည် မူလက သတိကြီးစွာ ထားနေခဲ့သော်လည်း ရှူးယင်းက နျိုနျိုလေးကို ထိတွေ့သည့်အခါ သတိကြီးစွာဖြင့် နတ်သမီးလေးတစ်ပါးကို ကိုင်တွယ်နေသကဲ့သို့ ဂရုစိုက်နေသည်ကို မြင်လိုက်ရသဖြင့် မိမိ၏ အကာအကွယ် စိတ်ဓာတ်မှာ အနည်းငယ် ရယ်စရာကောင်းနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သို့သော်လည်း သူ ရှူးယင်း၏ စကားကို နားထောင်ပြီး ဆပ်ပြာ၏ အာနိသင်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ ၎င်းထဲတွင် ကြီးမားသော စီးပွားရေး အခွင့်အလမ်းများ ရှိနေမှန်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ဝက်ဆီသည် သာမန်လူများ၏ အိမ်အတွက် ဈေးမချိုသော ပစ္စည်း ဖြစ်သဖြင့် ဝက်ဆီဖြင့် ပြုလုပ်ထားသော ဆပ်ပြာမှာ သာမန်လူများ၏ အိမ်သို့ ရောက်ရှိရန် မလွယ်ကူလှပေ။ ဒါပေမဲ့ စင်ကြယ်စေမည့် ရည်ရွယ်ချက်ကို အောင်မြင်စေနိုင်သရွေ့ ဂုဏ်သရေရှိ လူကုံထံများအတွက်မူ ဈေးနှုန်းက ဘယ်သောအခါမှ ပြဿနာမဟုတ်ပေ။ အကယ်၍ ရှူးယင်း ပြောသကဲ့သို့ ပန်းရနံ့များပါ ထပ်မံ ထည့်သွင်းနိုင်ခဲ့လျှင် ရောင်းမရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ကုမင်တာ့တွင် အတွေးပေါင်းများစွာ ရှိနေသော်လည်း အောက်သို့ ငုံ့ကြည့်လိုက်ရာ နျိုနျိုလေးနှင့် ရှူးယင်းတို့မှာ အတူတူ ပျော်ရွှင်စွာ ဆော့ကစားနေကြသည်ကို မြင်တွေ့ရသည်။ ရှူးယင်းသည် နျိုနျိုလေး၏ စကားမှန်သမျှကို နာခံပြီး နျိုနျိုလေး၏ စိတ်ကြိုက်ကိုသာ အဓိက ထားနေခဲ့သည်။ ကုမင်တာ့သည် မိမိ၏ ပိုက်ဆံရှာချင်သော အတွေးမှာ အလွန် သိမ်ဖျင်းနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ရှူးယင်းက တခြား သကြားဖြူအိုးတစ်အိုးကို ထုတ်ယူလိုက်ပြန်သည်။
"သခင်မလေး ... ဒါက ကျွန်မ လုပ်ထားတဲ့ သကြားဖြူလေ ... တစ်လုတ်လောက် စားကြည့်ဦးမလား"
ရှူးယင်းက နျိုနျိုလေးအတွက် ဇွန်းတစ်ဇွန်းစာ ခပ်ပေးလိုက်သည်။ နျိုနျိုလေးက ပါးစပ်ထဲ သွင်း၍ စားလိုက်ရာ မကြာမီမှာပင် သူမ၏ မျက်ဝန်းများ လင်းလက်သွားခဲ့သည်။
"အရသာ ရှိလိုက်တာ ... တကယ် အရသာရှိတယ် ... သိပ်ချိုတာပဲ ... သမီး နောက်ထပ်စားချင်သေးတယ်"
နျိုနျိုလေးသည် အသက် ခြောက်နှစ်အရွယ်သာ ရှိသေးသဖြင့် မည်သည့်ကလေးမျှ သကြား၏ သွေးဆောင်မှုကို မလွန်ဆန်နိုင်ကြပေ။ ရှူးယင်းသည် ဤတစ်ကြိမ်တွင်မူ ရှားရှားပါးပါး ငြင်းပယ်လျက် တုံ့ဆိုင်းသော လေသံဖြင့် ပြောလိုက်သည်။
"အများကြီး စားရင် သွားကိုက်တတ်တယ်လေ ... အဲဒါကြောင့် အများကြီး စားလို့ မဖြစ်ဘူး"
နျိုနျိုလေးက သက်ပြင်းအပြင်းချလျက် စိတ်ပျက်သော မျက်နှာလေးဖြင့် ခေါင်းငုံ့သွားခဲ့သည်။ ရှူးယင်းသည် ကောင်မလေးက ဤသို့ ဖြစ်သွားသည်ကို မြင်သောအခါ အိုးပူပေါ်က ပုရွက်ဆိတ်ကဲ့သို့ ချက်ချင်းပင် လောသွားပြီး ပြောလိုက်သည်။
"သခင်မလေး ... တခြား စားချင်တာမျိုး ရှိသေးလားဟင် ... ကျွန်မ လုပ်ပေးရမလား ... ဝက်သားခြောက် စားချင်လား ... ဒါမှမဟုတ် တခြားဟာ စားမလား ... ကျွန်မ ကြက်ပေါင်ကြော် ပေးရမလား ... ဒါမှမဟုတ် မုန့်ကြွပ် လုပ်ပေးရမလား ..."
သူမ၏ လက်ရှိပုံစံမှာ နျိုနျိုလေးအား မိမိ၏ နှလုံးသားကိုပင် ထုတ်ကျွေးချင်နေသည့်အတိုင်း ဖြစ်နေခဲ့သည်။