အခန်း ၂၅၀
Vol. 25 Ch. 250
အခန်း ၂၅၀ - ပြန်လည်ရောက်ရှိလာခြင်း
နျိုနျိုလေးသည် ကုမင်တာ့အား တိတ်တဆိတ် လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဖေဖေတို့ မေမေတို့က သမီးကို မုန့်တွေ အများကြီး မစားခိုင်းဘူး ... ကလေးတွေ အစာမကျေ ဖြစ်မှာ စိုးလို့တဲ့"
ရှူးယင်းက ပြောလိုက်သည်။
"ကောင်းပါပြီ ... သခင်မလေးရဲ့ ခန္ဓာကိုယ်က အရေးကြီးဆုံးပေါ့"
နျိုနျိုလေးသည် လိမ္မာယဉ်ကျေးသော်လည်း မုန့်နည်းနည်းပဲ စားရသဖြင့် စိတ်ပျက်နေရှာသည်။ ရှူးယင်းက ထပ်မံ ပြောလိုက်သည်။
"ဒါပေမဲ့ သခင်မလေးလည်း သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖွဲ့ရဦးမယ်လေ ... ကျွန်မ အရသာရှိတဲ့ မုန့်တွေ လုပ်ပေးမယ် ... သခင်မလေးက တခြားကလေးတွေကို သွားပြီး မျှဝေဆော့ကစားရင် ... လူတိုင်းက သခင်မလေးနဲ့ အတူတူ ဆော့ရတာ ပျော်ကြမှာပဲ ... သူတို့က သခင်မလေးကို မျှဝေတတ်တဲ့ ကလေးလေးလို့ ချီးမွမ်းကြလိမ့်မယ်"
နျိုနျိုလေးသည် ကလေးငယ်ကို ချော့မြှူသော ဤစကားများကို ကြားရသောအခါ တကယ်ပဲ ပျော်ရွှင်သွားခဲ့ပြီး ပြောလိုက်သည်။
"သမီး သူများကို မျှဝေပေးရင်းနဲ့ သမီးလည်း အတူတူ စားလို့ရတာပေါ့ ... သမီး အများကြီး မစားပါဘူး ... နည်းနည်းပဲ စားမှာပါ ..."
ကုမင်တာ့တစ်ဦးတည်းသာ စိတ်မကောင်းဖြစ်နေခဲ့သည်။ မိမိ၏သမီးလေးက မုန့်တွေ အများကြီး စားလိုက်လျှင် ထမင်းစားချိန်၌ ဗိုက်ထဲတွင် အစာဆံ့တော့မည် မဟုတ်ပေ။ ကုမင်တာ့သည် ဆပ်ပြာအကြောင်းကို ဦးဆောင်၍ မပြောရသေးမီ ရှူးယင်းက မေးမြန်းလိုက်သည်။
"သခင်မလေး ... ပိုက်ဆံ လိုအပ်နေလို့လားဟင် ... ဒါဆိုရင် ဒီဆပ်ပြာလုပ်နည်းကို ယူပြီး ပိုက်ဆံနဲ့ သွားလဲလိုက်မလား"
နျိုနျိုလေးက ခေါင်းခါပြလျက် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
"သမီး ပိုက်ဆံမလိုပါဘူး ... သမီးက သိပ်ချမ်းသာတာ ... အိမ်က အလုပ်ရုံက သမီးကို ရှယ်ယာ လေးဆယ်ရာခိုင်နှုန်း ပေးထားတာလေ ... သမီးက မိသားစုထဲမှာ အချမ်းသာဆုံးလူပဲ"
ရှူးယင်းသည် ၎င်းကို ကြားသောအခါ သူမအတွက် အလွန် ဝမ်းမြောက်သွားခဲ့ပြီး ပြောလိုက်သည်။
"မိသားစုက သခင်မလေးကို ပိုက်ဆံပေးတယ်ဆိုတာ ... သခင်မလေးကို တကယ် ရင်ထဲကနေ စောင့်ရှောက်တာပဲ ... အိမ်က မိန်းကလေးတွေကို ပိုက်ဆံမပေးချင်တဲ့သူတွေက စစ်မှန်တဲ့ စေတနာ မရှိကြဘူး"
နျိုနျိုလေးသည် ထိုစကားကို ကြားသောအခါ အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး ပြောလိုက်သည်။
"သမီး အစ်မကို အကြိမ်ကြိမ် ပြောဖူးတယ်လေ ... သမီးမိသားစုက သမီးအပေါ် သိပ်ကောင်းတာပါဆိုတာကို ... ဘာလို့ မယုံတာလဲ"
ရှူးယင်းက ခေါင်းငုံ့လျက် နှုတ်ခမ်းစူကာ ပြောရှာသည်။
"မိဖုရားက ဒီလို လူယုတ်မာမျိုးတွေနဲ့ မတွေ့ဖူးလို့ပါ ... သူတို့က တစ်နေ့လုံး မိန်းကလေးတွေဆီကနေ အမြတ်ထုတ်ဖို့ပဲ ချောင်းနေကြတာ"
ကုမင်တာ့သည် "မိဖုရား" ဟူသော အသုံးအနှုန်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ဤမိန်းကလေးသည် ဇနီးဖြစ်သူ ပြောပြခဲ့သည့်အတိုင်း စကားလုံးများ ရှုပ်ထွေးနေပြီး ဝေဝေဝါးဝါး ဖြစ်နေခဲ့သည်။
"သခင်မလေး ... ပိုက်ဆံကတော့ ပိုများလေ ပိုကောင်းလေပဲ ... ပိုက်ဆံပိုရှိမှ နောင်ကျရင် ဘာမဆိုလုပ်ဖို့ ယုံကြည်ချက် ရှိမှာပေါ့ ... နောက်ကျရင် လူလွှတ်ပြီး ကျွန်မဆီ စာရွက်နဲ့ ကလောင်တံ လာပေးပါဦး ... ကျွန်မ လုပ်နည်းကို ချရေးပေးပါ့မယ်"
ရှူးယင်းကမူ နျိုနျိုလေးအား ပိုက်ဆံများ စုဆောင်းရန် ဆက်လက် တိုက်တွန်းနေဆဲ ဖြစ်သည်။ နျိုနျိုလေးက အလွန် မကျေမနပ်ဖြစ်ကာ ပြောလိုက်သည်။
"ဒါက အစ်မရဲ့ လုပ်နည်းပဲဥစ္စာ ... ရောင်းရတဲ့ ပိုက်ဆံကလည်း အစ်မ ပိုက်ဆံပဲ ဖြစ်ရမှာပေါ့"
ရှူးယင်းက ပြောလိုက်သည်။
"ကျွန်မက သခင်မလေးရဲ့ အစေခံမလေ ... ကျွန်မရဲ့ အရာရာတိုင်းက သခင်မလေး ပိုင်တာပဲ"
နျိုနျိုလေးက အများကြီး မတွေးတောဘဲ ချက်ချင်းပင် ပြောလိုက်သည်။
"အစေခံလည်း လူသားပဲလေ ... လူတိုင်းက တန်းတူပဲဥစ္စာ ... အစ်မပစ္စည်းက အစ်မပစ္စည်းပဲ ဖြစ်ရမယ် ..."
သူမ ဤသို့ ပြောလိုက်သောအခါ ဘေးနားရှိ ကုမင်တာ့မှာ ခဏမျှ ကြောင်အမ်းသွားခဲ့ပြီးနောက် အလောတကြီး တားမြစ်လိုက်သည်။
“နျိုနျိုလေး ... ဒီလို စကားတွေကို လျှောက်မပြောရဘူးနော်”
နျိုနျိုလေးက ခေါင်းလှည့်ကာ ကုမင်တာ့အား ကြောင်တောင်တောင် ကြည့်လိုက်သည်။
“အရာရှိတွေက ဥပဒေချိုးဖောက်ရင် သာမန်ပြည်သူတွေလိုပဲ အပြစ်ပေးခံရတယ်လို့ ဆိုကြပေမဲ့ ... လက်တွေ့မှာတော့ အဲဒီလို ဘယ်တော့မှ မဖြစ်ခဲ့ဖူးဘူး ... အိမ်ထဲမှာ လူတိုင်း တန်းတူပဲလို့ ပြောတာက ကိစ္စမရှိပေမဲ့ ... အပြင်ထွက်လို့ အထက်တန်းလွှာ လူကြီးမင်းတွေ ကြားသွားရင် ဖေဖေတို့အတွက် ဒုက္ခရောက်ကုန်လိမ့်မယ်”
ကုမင်တာ့ ဤသို့ ပြောလိုက်စဉ် သူ၏ ရင်ထဲ၌ စိတ်မအေး ဖြစ်နေခဲ့သည်။ မည်သည့်ဖခင်မျှ မိမိ၏ ကလေးအား လောကကြီး၏ အမှောင်ဘက်ခြမ်းကို မသွန်သင်ချင်ကြပေ။ သို့သော်လည်း မသွန်သင်ပါကလည်း ကလေးငယ် ဒုက္ခရောက်မည်ကို စိုးရိမ်နေရသည်။
နျိုနျိုလေးက ခေါင်းညိတ်ပြသည်။
“ဖေဖေ ... စိတ်ချပါ ... သမီး အပြင်မှာ လျှောက်မပြောပါဘူး ... ဒါပေမဲ့ လူတိုင်း တန်းတူပဲဆိုတာ ဘာကို ပြောတာလဲဟင် ... သမီး ဘာလို့ အလိုလို ပါးစပ်က ထွက်သွားတာလဲမသိဘူး”
နျိုနျိုလေး၏ မျက်နှာပေါ်မှ ဝေခွဲမရ ဖြစ်နေသော အမူအရာမှာ ဟန်ဆောင်ထားပုံမရဘဲ မိမိကိုယ်တိုင် မသိလိုက်ဘဲ စကားလုံးများကို သင်ယူမိထားသည့်အတိုင်း ဖြစ်နေခဲ့သည်။ သို့သော်လည်း ကုမင်တာ့သည် သမီးဖြစ်သူ၏ လက်ရှိပုံစံကို ကြည့်ကာ အလွန် သနားမိသွားသည်။
“နားမလည်ရင်လည်း ဆက်မတွေးနဲ့တော့နော် ... ဒီအကြောင်းကို မေ့ပစ်လိုက်ရအောင် ... ဖေဖေလည်း သမီးကို အသေးစိတ် ရှင်းပြဖို့ မလွယ်လို့ပါ”
ကုမင်တာ့က စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်သည်။ ဘေးနားရှိ ရှူးယင်းက ရုတ်တရက် ငိုယိုကာ ပြောလိုက်သည်။
"မိဖုရားကြီးက မှတ်မိနေတုန်းပဲ ... ကျွန်မ မိဖုရားကြီးကို ပြောခဲ့တာတွေကို မှတ်မိနေတုန်းပဲ ... ကျွန်မကို ရင်ထဲမှာ အမြဲ ထားပေးတာပဲ"
ကုမင်တာ့သည် ရှူးယင်းက ကြားထဲကနေ ဝင်ပြီး မိမိဘာသာ သိမ်းကျုံးပြောလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဒါက အရူးမတစ်ဦး၏ စကားမျှသာ ဖြစ်သဖြင့် တကယ်ပဲ ယုံကြည်လို့ ရပါ့မလား။
“မင်းက ဒီစကားကို ဘယ်ကနေ ကြားဖူးတာလဲဟင်”
ကုမင်တာ့က အစအန ရှာဖွေရန် စမ်းသပ်မေးမြန်းလိုက်သည်။ သို့သော် ရှူးယင်းကမူ သတိကြီးစွာဖြင့် ပြောလိုက်သည်။
"ကျွန်မဆီက စကားနှိုက်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့ ... ကျွန်မရဲ့ ကိစ္စတွေကို မိဖုရားကြီးတစ်ဦးတည်းကိုပဲ ပြောပြမှာ"
ကုမင်တာ့ : . . . . .
နျိုနျိုလေးက ထပ်မံ ပြောလိုက်သည်။
"သမီးဖေဖေကို အဲဒီလို ကြမ်းကြမ်းတမ်းတမ်း မပြောနဲ့လေ"
ရှူးယင်းက ချက်ချင်းပင် မျက်နှာထားကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။
"လူကြီးမင်းကိုး ... လူကြီးမင်းက သဘောထားကြီးပါတယ် ... ကျွန်မကို စိတ်ထဲမထားပါနဲ့နော်"
ကုမင်တာ့သည် ၎င်းကို ကြားရသောအခါ အလွန် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ အခြားတစ်ဖက်က တောင်းပန်နေသော်လည်း ဤစကားကို ကြားရသည်မှာ စိတ်အနှောင့်အယှက် ဖြစ်ရဆဲပင်။ ရှူးယင်းက ဝတ်ကျေတန်းကျေ တောင်းပန်ပြီးနောက် နျိုနျိုလေးအား ပြောလိုက်သည်။
"ကျွန်မမှာ ပိုက်ဆံသုံးစရာ နေရာမရှိပါဘူး ... ကျွန်မရဲ့ ပိုက်ဆံက သခင်မလေးရဲ့ ပိုက်ဆံပဲပေါ့ ... အကယ်၍ မင်းသမီးလေးက ဒီဆပ်ပြာလုပ်နည်းက သိပ်ပြီး ထင်ရှားနေတယ်လို့ ထင်ရင် ... ကျွန်မ တခြား အစားအစာ လုပ်နည်းအချို့ ချရေးပေးမယ် ... အဲဒါတွေကို စားသောက်ဆိုင်တွေကို ရောင်းပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေ ဝယ်ဖို့ ပိုက်ဆံလဲလို့ ရတာပေါ့"
"သခင်မလေးရဲ့ ခန္ဓာကိုယ်က နုနယ်လှတာမို့ အဝတ်အစား အထည်အလိပ် နည်းနည်း ကြမ်းတာနဲ့တင် ခန္ဓာကိုယ်မှာ အနီကွက်တွေ ကျန်ခဲ့တတ်တာလေ ... သခင်မလေးက သူများတွေလောက် မကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ရမယ်လို့ တွေးမိတိုင်း ... ကျွန်မရင်ထဲမှာ ဘယ်လောက် နေလို့မကောင်းမှန်း မသိဘူး"
ကုမင်တာ့သည် နျိုနျိုလေးအား မသိမသာ လှမ်းကြည့်လိုက်မိသည်။ ကောင်မလေးသည် ယခုနှစ်မှ အသစ်ချုပ်လုပ်ထားသော အဝတ်အစားအသစ်များကို ဝတ်ဆင်ထားပြီး ၎င်းတို့မှာလည်း အဆင့်မြင့် အထည်အလိပ်များ ဖြစ်ကြသည်။ ဘာများ မှားယွင်းနေလို့လဲဟင်။ သို့သော် ရှူးယင်းက ဆက်လက် ပြောနေဆဲပင်။
"သခင်မလေးရဲ့ ဦးခေါင်းပေါ်မှာလည်း ဘာအလှဆင်ပစ္စည်းမှ မရှိဘူးပဲ ..."
နျိုနျိုလေးက ပြန်ငြင်းလိုက်သည်။
"သမီးမှာ အလှဆင်ပစ္စည်းတွေ အများကြီး ရှိပါတယ် ... သမီးက ဝတ်ရတာ မကြိုက်လို့ပါ ... သိပ်လေးလို့လေ"
သခင်မလီရော လျူရှောင်ရူပါ နျိုနျိုလေးအား ပြင်ဆင်ပေးရသည်ကို နှစ်သက်ကြသဖြင့် နျိုနျိုလေး၏ အဝတ်အစားနှင့် အလှဆင်ပစ္စည်းများမှာ အမှန်စင်စစ် ဤမိသားစုထဲတွင် အများဆုံး ဖြစ်သည်။ ရှူးယင်းသည် သူမအား ဖျောင်းဖျ၍ မရမှန်း သိသောအခါ ဟန်မဆောင်တော့ဘဲ ပြောလိုက်သည်။
"ကျွန်မက ဒီလုပ်နည်းကို သခင်မလေးကို ပေးချင်ရုံတင်ပါ ... သခင်မလေး ပိုက်ဆံအများကြီး ရှိစေချင်လို့ပါ ... ဒါကို လက်ဆောင်တစ်ခုအဖြစ် သတ်မှတ်လိုက်ပါဦး ... သူငယ်ချင်းအချင်းချင်း လက်ဆောင်ပေးရတယ် မဟုတ်ဘူးလား ... ကျွန်မ ဒါကို ပေးပြီးရင် နောက်တစ်ခါ သခင်မလေး လာတဲ့အခါ နို့ထွက်တဲ့ သိုးတစ်ကောင် ယူလာပေးဖို့ မျှော်လင့်ပါတယ်"
နျိုနျိုလေးသည် အသက်ငယ်သော်လည်း ပစ္စည်းဥစ္စာအပေါ် စည်းကမ်းချက် ရှိလှသဖြင့် ပြောလိုက်သည်။
"သမီး အခု မလိုချင်သေးပါဘူး ... နောင်ကျရင် လိုချင်တဲ့အခါမှ ပြောတော့မယ်"
ရှူးယင်းက အခွင့်အရေးကို ချက်ချင်း အရယူကာ ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်မ အရင်ဆုံး ချရေးထားလိုက်မယ် ... သခင်မလေး သိမ်းထားလိုက်ပေါ့ ... နောင်ကျရင် သုံးချင်တဲ့အခါ အဆင်ပြေတာပေါ့"
နျိုနျိုလေး မျက်မှောင်ကြုတ်သွားသည်။ ရှူးယင်း၏ မျက်ဝန်းများ ဝေ့ဝဲသွားပြီး ပြောလိုက်သည်။
"သခင်မလေးလည်း သိတာပဲ ... ကျွန်မက ရူးနေတာလေ ... တစ်ချိန်ချိန်မှာ မေ့သွားရင် ဒုက္ခရောက်မှာမို့ အရင်ဆုံး ချရေးထားရမယ်"
နျိုနျိုလေးသည် ခဏမျှ ငြင်းခုံရန် အကြောင်းပြချက် ရှာမတွေ့သဖြင့် နှာခေါင်းရှုံ့ကာ လက်ခံလိုက်ရတော့သည်။ ရှူးယင်းသည် စက္ကူနှင့် ကလောင်တံ ရရှိပြီးနောက် မရပ်မနားဘဲ နည်းပေါင်းများစွာကို ချရေးခဲ့သည်။ ကုမင်တာ့က ဘေးနားမှ တစ်ချက် လှမ်းကြည့်လိုက်ရာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ဤ အရူးမလေးသည် သကြားပြုလုပ်နည်းကို ချရေးရုံတင်မကဘဲ ဆားပြုလုပ်နည်းကိုပါ ချရေးနေခြင်း ဖြစ်သည်။ သံရည်ကျိုနည်းပင် ပါဝင်နေသေးသည်။ ဒါက တကယ့်ကို ရာဇဝတ်မှု မြောက်လှသည်။ အရူးမလေးက တကယ့်ကို ရူးသွပ်လှပေသည်။ ဆားနှင့် သံသည် မူလကတည်းက နိုင်ငံတော်က ထိန်းချုပ်ထားသော ပစ္စည်းများ ဖြစ်ကြပြီး အရာရှိများသာ ပြုလုပ်ခွင့် ရှိကြသည်။
ဆားနှင့် ပတ်သက်သော ပြစ်မှုက ပေါ့ပါးသေးသော်လည်း သံနှင့် ပတ်သက်လာလျှင်မူ ပေါက်ကြားသွားသည်နှင့် ဆွေမျိုးကိုးဆက်လုံး သေဒဏ် စီရင်ခြင်း ခံရနိုင်ခြေ ရှိသည်။ ကုမင်တာ့သည် သက်ပြင်းချလျက် ဆားနှင့် သံအကြောင်း ရေးသားထားသော စက္ကူများကို ယူ၍ အကြိမ်အနည်းငယ် ကြည့်ရှုပြီးနောက် အကြောင်းအရာများကို အလွတ်မှတ်သားလိုက်ပြီး ၎င်းစက္ကူနှစ်ရွက်လုံးကို အစစအနန ဖြဲပစ်လိုက်တော့သည်။
“ငါ အကုန်လုံး မှတ်ထားလိုက်ပြီ ... နျိုနျိုလေး လိုအပ်တဲ့အခါ ငါပြန်ပြောပြလိုက်ပါ့မယ်”
ကုမင်တာ့က ရှူးယင်းအား အာမခံလိုက်သည်။
ရှူးယင်းကမူ သတိကြီးစွာဖြင့် ကြည့်နေဆဲ ဖြစ်သည်။
"လူကြီးမင်းက ကြားထဲကနေ အလွဲသုံးစား မလုပ်ပါနဲ့နော် ... ဒါက မင်းသမီးလေး နောင်တစ်ချိန် ပြန်လည်ရောက်ရှိလာဖို့အတွက် အရင်းအနှီးတွေလေ"
ကုမင်တာ့သည် ၎င်းကို ကြားလိုက်ရသောအခါ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ ဤအရူးမလေး၏ စကားက ဘာကို ဆိုလိုတာလဲဟင်။
ဘာပြန်လည်ရောက်ရှိလာတာလဲ။ သူမက နျိုနျိုလေးအား အလံထောင်ပြီး ပုန်ကန်ခိုင်းဖို့ တကယ်ပဲ ကြံစည်နေတာလားမသိပေ။