← Chapters

အခန်း ၂၅၁

Vol. 26 Ch. 251

အခန်း ၂၅၁

Vol. 26 Ch. 251

အခန်း ၂၅၁- အကဲခတ်ခြင်း

ကုမင်တာ့သည် မိမိ၏ဆွေမျိုးကိုးဆက်ကို ဘေးဒုက္ခကြုံတွေ့စေနိုင်သည့် ထိုအတွေးများကို ဖိနှိပ်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှူကာ နျိုနျိုဘက်သို့ လှည့်၍ ပြောလိုက်သည်။

“ဖေဖေ ခွင့်မပြုဘဲနဲ့... ဒီမိန်းကလေးကို အပြင်ပေးမထွက်ရဘူး... နောက်ဖေးတံခါးမှာ သော့နှစ်ထပ် ထပ်ခတ်ထားရမယ်... သော့တစ်ထပ်တည်းဆို စိတ်မချရဘူးလို့ ဖေဖေ ထင်တယ်...”

မိမိ၏နောက်ဖေးခြံထဲတွင် ထိုမျှကြီးမားသော ဗုံးတစ်လုံး ရှိနေသည်ဟု ကုမင်တာ့ တွေးမိသောအခါ သူ၏ရင်ဘတ်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်မှုကြောင့် တဒိန်းဒိန်း ခုန်နေတော့သည်။ သူသည် မိမိသမီးလေးက ပြဿနာ၏ကြီးလေးပုံကို နားမလည်မည်စိုးသဖြင့် ထပ်ခါတလဲလဲ မှာကြားနေမိသည်။

နျိုနျိုသည် လိမ္မာယဉ်ကျေးစွာဖြင့် ခေါင်းညိတ်ပြရှာသည်။ ဘေးနားရှိ အရူးမလေးရှူးယင်းကမူ ပေါ့ပေါ့ပါးပါးပင် ဝင်ပြောလိုက်သည်။

“ရှင်တို့ ယောကျာ်းတွေက သရဲဘောကြောင်တာပဲ... ကျွန်မတို့ကို အိမ်ထဲမှာ သော့ပိတ်မထားရင်... ကျွန်မတို့ ဒီလောက်အများကြီး လုပ်နိုင်ခဲ့မှာ...”

ကုမင်တာ့ ဘာမှမပြောရသေးခင်မှာပင် နျိုနျိုက ပြန်လည်မကျေမနပ် ဖြစ်သွားကာ ပြောလိုက်သည်။

“အစ်မရှူးယင်း... ဖေဖေ့ကို အဲဒီလို မပြောနဲ့...”

ရှူးယင်းသည် ချက်ချင်းပင် လေသံပြောင်းကာ ပြောလိုက်သည်။

“ဒါပေါ့... လူကြီးမင်းကိုးကတော့... မတူပါဘူး...”

ကုမင်တာ့သည် ထိုအခေါ်အဝေါ်ကို ကြားရသောအခါ မမေးဘဲမနေနိုင် ဖြစ်သွားကာ မေးလိုက်သည်။

“လူကြီးမင်းကိုး ဟုတ်လား... အိမ်မှာ မောင်နှမ ကိုးယောက်ရှိလို့လား...”

အရူးမလေးသည် ကုမင်တာ့ကို ငတုံးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။

“လူကြီးမင်းကိုးဆိုတာ လူကြီးမင်းကိုးပေါ့... ရှင်က ဒါတောင် နားမလည်ဘူးလား... ရှင့်ကို ဦးလေးလို့ ခေါ်တာလေ...”

ကုမင်တာ့သည် ထိုအရူးမလေး၏ ထူးဆန်းသောလေသံကို နားထောင်ရင်းနှင့် ရုတ်တရက် သဘောပေါက်သွားကာ ပြောလိုက်သည်။

“ဦးလေး... ဦးလေးကြီးကို ပြောတာလား...”

သို့သော် သူက ထပ်မံမေးမြန်းလိုက်သည်။

“ငါက မင်းတို့မိဖုရားခေါင်ကြီးရဲ့ ဦးလေးလား... ဒါမှမဟုတ် သူ့ရဲ့မောင်လား...”

အရူးမလေးက ပုံမှန်အတိုင်းပင် ပြောလိုက်သည်။

“ရှင်က မိမိကိုယ်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါဆိုတာတောင်... ဘာလို့ မသိရတာလဲ... ရှင်က သခင်မလေးရဲ့ ဖခင်လေ...”

ကုမင်တာ့မှာမူ ဆွံ့အသွားရတော့သည်။ သူသည် အရူးတစ်ယောက်၏စကားကို သေသေချာချာ နားထောင်နေမိသည့် မိမိကိုယ်ကိုယ် တကယ်ပင် ငတုံးတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။

အရူးမလေးသည် နျိုနျိုကို တိုးတိုးလေး ဆွဲလိုက်ပြီး ကုမင်တာ့ထံသို့ လက်ညှိုးထိုးကာ လေသံအေးအေးဖြင့် ပြောလိုက်သည်။

“လူကြီးမင်းကိုးက... သိပ်ပြီးတော့ တော်ပုံမရဘူး... သခင်မလေးပဲ အစစအရာရာ ကိုယ်တိုင် ဆုံးဖြတ်ချက်ချရမယ်... သူများတွေရဲ့ ဆွဲချတာကို မခံနဲ့...”

သူမက မိမိအသံကို အလွန်တိုးသည်ဟု ထင်နေသော်လည်း နောက်ဖေးခြံထဲတွင် အခြားသူမရှိဘဲ ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသဖြင့် ကုမင်တာ့တစ်ယောက် အကုန်လုံးကို အတိုင်းသား ကြားလိုက်ရသည်။

နျိုနျိုသည် မျက်နှာလေးတည်သွားကာ ပြောလိုက်သည်။

“သမီး အကြိမ်ကြိမ် ပြောဖူးတယ်လေ... သူများအတင်းတွေကို လျှောက်မပြောနဲ့လို့... ဘာလို့ မေ့သွားရတာလဲ...”

အရူးမလေးသည် ချက်ချင်းပင် ခေါင်းငုံ့ကာ တောင်းပန်ရှာသည်။ နျိုနျိုသည် သူမကို ဆက်၍ အပြစ်မတင်တော့ဘဲ ပြောလိုက်သည်။

“အစ်မရှူးယင်း... ဖေဖေက အဲဒီလို ပြောလိုက်ပြီဆိုတော့... နောက်ဆို အစ်မ အပြင်ထွက်ဖို့ ပိုပိုပြီး ခက်ခဲသွားတော့မယ်... တောင်းပန်ပါတယ်နော်... သမီး ကတိပေးခဲ့တာကို မလုပ်ပေးနိုင်ခဲ့ဘူး...”

နျိုနျိုသည် ယခင်က ရှူးယင်းကို အပြင်ခေါ်သွားမည်ဟု ကတိပေးခဲ့ဖူးသော်လည်း ယခုအချိန်အထိ တစ်ကြိမ်မျှ မလုပ်ပေးနိုင်ခဲ့ပေ။ အရူးမလေးသည် နျိုနျိုကို အဘယ်မှာလျှင် အပြစ်တင်ရက်ပါမည်နည်း။ သူမက ချက်ချင်းပင် ပြောလိုက်သည်။

“အားလုံးက ကျွန်မအပြစ်တွေပါ... ကျွန်မက သိပ်ရူးလွန်းလို့ပါ... သခင်မလေး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့...”

ကုမင်တာ့သည် ထိုစကားကို နားထောင်ရင်း ဘေးနားမှ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ ဒီအရူးမလေးက မိမိကိုယ်ကိုယ် အခြေအနေကို ဒီလောက်တောင် ရှင်းရှင်းလင်းလင်း သိနေတာလား။ သူမက ရူးနေမှန်း ကိုယ်တိုင်သိနေတာလား။ ကုမင်တာ့၏ စိတ်ထဲတွင် ပို၍ပို၍ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

သူသည် ထိုအရူးမလေးကို ကြည့်လိုက်ရာ သူမ၏မျက်ဝန်းများသည် တစ်ခါတစ်ရံတွင် ကြည်လင်နေပြီး တစ်ခါတစ်ရံတွင်မူ မိန်းမောတွေဝေနေကာ အခြားတစ်ခါတစ်ရံတွင်မူ လောကဓံကို ကြံ့ကြံ့ခံကျော်ဖြတ်လာခဲ့သည့် အဘိုးအိုတစ်ဦးကဲ့သို့ ရင့်ကျက်တည်ငြိမ်နေတတ်သည်။ သူမ၏ လှုပ်ရှားမှုများကို ကြည့်လျှင်လည်း တစ်ခဏ၌ လွင့်မျောနေသော တိမ်တိုက်များကဲ့သို့ လှပလွန်းလှပြီး နောက်တစ်ခဏ၌မူ လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦးကဲ့သို့ လေးကန်လှုပ်ရှားနေပြန်သည်။

ထိုကဲ့သို့သောသူသည် ရင်ထဲ၌ လျှို့ဝှက်ချက်ပြည့်နှက်နေပြီး နျိုနျိုအတွက် အစားအစာ ပြင်ဆင်ပေးသည့်အခါ၌မူ သူမ၏လှုပ်ရှားမှုများသည် နှစ်ပေါင်းများစွာ လုပ်သက်ရင့် စားတော်ကဲကြီးတစ်ဦးကဲ့သို့ ကျွမ်းကျင်လှသည်။ သူမ၏ စရိုက်လက္ခဏာများစွာ ရောပြွမ်းနေပုံမှာ ဘဝပေါင်းများစွာကို ဖြတ်သန်းခဲ့ရသော်လည်း မှတ်ဉာဏ်များ ရှုပ်ထွေးနေသည့်ပုံစံမျိုး ဖြစ်နေသည်။

ကုမင်တာ့သည် မူလက ပိုမိုနက်နက်ရှိုင်းရှိုင်း ဆက်တွေးရန် ကြံရွယ်သော်လည်း တွေးလေလေ ခေါင်းရှုပ်လေလေ ဖြစ်လာသဖြင့် လုံးဝမတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ လက်ရှိအချိန်တွင် ထိုသူသည် နျိုနျိုကို အန္တရာယ်ပြုမည်မဟုတ်ကြောင်း သူ အသေအချာ ယုံကြည်နေသည်။

အရူးမလေးက လိမ္မာပါးနပ်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။

“ကျွန်မဆီကို ခဏခဏ လာကြည့်ပေးရင်တင်... ကျေနပ်ပါပြီ... နောက်ဖေးခြံထဲမှာ နေ့တိုင်း ဘာမှလုပ်စရာမရှိတော့... သခင်မလေးအတွက် ဘာလုပ်ပေးရမလဲဆိုတာပဲ... အမြဲတွေးနေမိတာ...”

နျိုနျိုသည်လည်း သူမကို သနားသွားကာ ထိုကဲ့သို့ သေးငယ်သော တောင်းဆိုမှုကို ငြင်းပယ်ရန် စိတ်မရက်သဖြင့် မတတ်သာဘဲ ကတိပေးလိုက်ရသည်။

“သမီး... နေ့တိုင်း စာတွေကို စောစောပြီးအောင်... ကြိုးစားပါ့မယ်...”

အရူးမလေးသည် နျိုနျိုနှင့် ပတ်သက်လာလျှင် အမြဲတမ်း ချော့ရလွယ်သဖြင့် ထိုကတိစကားလေးနှင့်တင် ကျေနပ်သွားရှာသည်။

ကုမင်တာ့သည် နျိုနျိုကို ကလေးသဘာဝအတိုင်း ပြောပြီးလျှင် မေ့သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ကတိပေးပြီးသည့်နောက်တွင် နျိုနျိုသည် နေ့စဉ်နေ့တိုင်း ပိုမိုအလေးအနက် စာကျက်ပြီး စာရေးသည့်အခါ၌လည်း အာရုံပျံ့လွင့်ခြင်း မရှိသလောက်ပင် နည်းပါးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူမသည် စစာကျက်ပြီးသည်နှင့် ချက်ချင်းပင် အခြားလူကြီးများကို အဖော်စပ်ကာ နောက်ဖေးခြံရှိ အရူးမလေးထံသို့ သွားရောက်လေ့ရှိသည်။

အရူးမလေးသည်လည်း ၎င်းတို့၏ မေတ္တာကို တုံ့ပြန်သည့်အနေဖြင့် ကုမိသားစုမှ ကလေးများအတွက် မုန့်အမျိုးအစားအမျိုးမျိုးကို ပိုမိုပြငဆင်ပေးတတ်သည်။ ရှန်ချန်ဖုန်းသည် ထိုမုန့်များကို မြည်းစမ်းခွင့်ရရန်အတွက် နေ့စဉ်နေ့တိုင်း ကုမိသားစုအိမ်သို့ ကိုယ်တိုင်လာရောက်လေ့ရှိသည်။

ကုမင်တာ့သည် ဆရာတစ်ဦးဟူသော မိမိ၏အဆင့်အတန်းကို သတိရဆဲဖြစ်သဖြင့် ရှန်ချန်ဖုန်းကို ဆူပူကြိမ်းမောင်းခြင်း မပြုဘဲ နေ့စဉ်နေ့တိုင်း ပုံပြင်များသာ ပြောပြနေသည်။ ပုံပြင်နားထောင်ရသည်ကို မကြိုက်သောသူဟူ၍ မရှိပေ။ လျှို့ဝှက်နက်နဲလှသော သမိုင်းဝင်ပုံပြင်များကိုပင် ကုမင်တာ့က ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပြောပြနိုင်စွမ်းရှိသည်။ ထို့ပြင် ကုမိသားစု၏ အစားအစာများသည်လည်း အလွန်ခံတွင်းတွေ့လှသဖြင့် ရှန်ချန်ဖုန်းသည် ကုမိသားစုအိမ်၌ ရက်ပေါင်းများစွာ ကြာအောင် နေထိုင်နိုင်သည်။

တစ်ရက်၌ ကုမင်တာ့သည် ရှန်ချန်ဖုန်းနှင့် နျိုနျိုတို့ကို ပုံပြင်ပြောပြနေရင်းက စကားပြောနေရာမှ ရုတ်တရက် ရှန်ချန်ဖုန်းကို ကြည့်ကာ မေးလိုက်သည်။

“မနက်က နှမ်းနက်မုန့် စားခဲ့တယ်မလား...”

ရှန်ချန်ဖုန်းသည် အသက်အရွယ်အရ ငယ်ရွယ်သေးသော်လည်း ထိုစကားကို ကြားရသောအခါ အပြစ်မကင်းသလို ခံစားလိုက်ရပြီး ပြောလိုက်သည်။

“ဆရာကြီး... ကျွန်တော် တစ်တုံးတည်း... စားခဲ့တာပါ... ခိုးစားတာ မဟုတ်ပါဘူး...”

ကုမင်တာ့သည် ထိုစကားကြောင့် မရယ်ဘဲမနေနိုင် ဖြစ်သွားကာ မေးလိုက်သည်။

“မင်း ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ...”

ရှန်ချန်ဖုန်းသည် ဝေခွဲမရဖြစ်သွားကာ ပြန်ပြောလိုက်သည်။

“တစ်ဆယ့်ခုနစ်နှစ်ပါ...”

ကုမင်တာ့က ဆက်၍ ပြောလိုက်သည်။

“မင်း အသက်တစ်ဆယ့်ခုနစ်နှစ်ရှိပြီဆိုတော့... ကိစ္စတော်တော်များများကို... ကိုယ်တိုင်ဆုံးဖြတ်နိုင်ပြီလေ... မုန့်တစ်တုံး စားတာတင်ကို... ဘာလို့ အပြစ်မကင်းသလို ခံစားနေရတာလဲ...”

ရှန်ချန်ဖုန်းသည် ထိုစကားကို ကြားရသောအခါ ရုတ်တရက် အမြင်လင်းပွင့်သွားသလို ခံစားလိုက်ရသည်။

ဟုတ်သားပဲ၊ သူ အသက်တစ်ဆယ့်ခုနစ်နှစ် ရှိနေပြီလေ။ လူကြီးသူမများ၏ မေးမြန်းမှုကို ဘာကြောင့် ထိတ်လန့်နေရဦးမည်နည်း။

ကုမင်တာ့သည် ရှန်ချန်ဖုန်းကို အလွန်ထူးဆန်းသည်ဟုသာ ထင်မြင်မိသည်။ သူသည် တော်ဝင်မင်းသမီးကြီး၏ ချစ်လှစွာသောသားဖြစ်သော်လည်း မောက်မာထောင်လွှားခြင်း လုံးဝမရှိဘဲ အမြဲတမ်း နေရထိုင်ရ ခက်ခဲနေသည့် ပုံစံမျိုး ဖြစ်နေသည်။

မိခင်ဖြစ်သူ၏ အလိုလိုက်ခြင်းကို ခံရသည့် ကလေးတစ်ဦးနှင့်မတူဘဲ တစ်နှစ်ပတ်လုံး ဖိအားအောက်တွင် နေထိုင်နေရကာ အမှားတစ်ခုခုလုပ်မိပါက အမြဲအဆူခံရတတ်သည့် ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်နေသည်။

နျိုနျိုသည်လည်း ဘေးနားမှ ရယ်မောကာ ပြောလိုက်သည်။

“ကိုကိုရှန်... ကိုကို လူကြီးဖြစ်နေပြီဆိုတာ မေ့သွားတာလား... သမီးလို ကလေးမျိုးမှ... မိဘတွေသိမှာစိုးလို့ ခိုးစားရတာလေ...”

ကုမင်တာ့သည် နျိုနျိုဘက်သို့ လှည့်၍ ကြည့်လိုက်ကာ ပြောလိုက်သည်။

“သမီးလေး... ပါးစပ်ပိတ်ထားတာ ပိုကောင်းမယ်... သူက ခိုးစားတာ... သမီးကျတော့ အများကြီးစားတာလေ... သမီး အချိုတွေမစားတော့ဘူးလို့... ကတိပေးထားတယ်မလား...”

နျိုနျိုသည် ထိတ်လန့်သွားကာ သူမ၏ပါးစပ်ကို ချက်ချင်းပိတ်၍ ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။

“မဟုတ်ပါဘူး...”

ရှန်ချန်ဖုန်းသည် ရိုးအစွာဖြင့် မေးလိုက်သည်။

“ဆရာကြီးက သိပ်တော်တာပဲ... ကျွန်တော်တို့ နှမ်းနက်မုန့် အတူတူစားခဲ့တာကို... ဘယ်လိုသိတာလဲ...”

ကုမင်တာ့က ပြောလိုက်သည်။

“သမီးလေးရဲ့ သွားတွေမှာ... နှမ်းနက်မှုန့်တွေ ကပ်နေတုန်းပဲ... မင်းရဲ့ပါးစပ်ကလည်း... သေချာသုတ်မထားဘူး...”

ရှန်ချန်ဖုန်းသည် လက်ကိုင်ပုဝါကို အမြန်ထုတ်၍ ပါးစပ်ကို သန့်ရှင်းအောင် သုတ်လိုက်ပြီးနောက် လက်အုပ်ချီ၍ ပြောလိုက်သည်။

“တပည့် ရိုင်းပျမိသွားပါတယ်...”

ကုမင်တာ့က ထပ်မံပြောကြားလိုက်သည်။

“တိုက်ဆိုင်သွားတာပဲ... အစက ဒီနေ့ မင်းတို့ကို သင်ပေးချင်တာက... အကဲခတ်ခြင်း ဆိုတဲ့ စကားလုံးပဲ...”

ရှန်ချန်ဖုန်းသည် ထိုစကားကို ကြားရသောအခါ အလွန်ဆန်းသစ်သည်ဟု ခံစားလိုက်ရသည်။ သူ ယခင်က အိမ်တွင် ငှားရမ်းခဲ့ဖူးသည့် ဆရာများသည် မည်သည့်အခါမျှ ဤကဲ့သို့ မသင်ကြားခဲ့ဖူးပေ။ သူက စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။

“ဆရာကြီး... ဘယ်လိုအကဲခတ်ရမှာလဲ... ဘာကိုကြည့်ရမှာလဲ... အားကျောက်လိုမျိုး... မြေကြီးပေါ်မှောက်ပြီး ပိုးကောင်တွေကို ကြည့်ရမှာလား...”

ကုမင်တာ့သည် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“မင်းတို့ အကဲခတ်ရမှာက ပိုးကောင်တွေ မဟုတ်ဘူး... လူတွေကို အကဲခတ်ရမှာ...”

All Chapters