← Chapters

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း ၂၅၄- နောက်ထပ်ဖိတ်စာ

တော်ဝင်မင်းသမီးကြီးသည် ခဏမျှ ဆွံ့အသွားရတော့သည်။ ပို၍အရှက်ရစရာကောင်းသည်မှာ သူမသည် မိမိကိုယ်ကိုယ် မှန်ထဲ၌ ကြည့်နေရသကဲ့သို့ ခံစားလိုက်ရခြင်ပင်။ အဘယ်ကြောင့်ဆိုသော် ကုမိသားစုနှင့် နှိုင်းယှဉ်ပါက သူမကိုယ်တိုင်လည်း အရည်အချင်းပြည့်မီသော မိခင်တစ်ဦး မဟုတ်သကဲ့သို့ ဖြစ်နေခဲ့၏။

သူမသည် ထိုနှစ်များအတွင်း အာဏာစက်အပေါ် စွဲလန်းခဲ့ပြီး ဧကရာဇ်မောင်တော်၏ အလိုလိုက်မှုကြောင့် နိုင်ငံရေးထဲ၌ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ခဲ့သဖြင့် သားသမီးများအပေါ် နေ့စဉ်ဂရုစိုက်မှုများသည် အပေါ်ယံမျှသာ ဖြစ်ခဲ့သည်။

“မေမေလည်း... သားကို မကူညီနိုင်ခဲ့ဘူး...”

တော်ဝင်မင်းသမီးကြီးသည် ထိုအချက်ကို တွေးမိကာ သားဖြစ်သူအား လေသံအေးအေးဖြင့် ပြောလိုက်သည်။ ရှန်ချန်ဖုန်းသည် မိခင်ဖြစ်သူထံမှ ရုတ်တရက် တောင်းပန်စကား ကြားရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ တော်ဝင်မင်းသမီးကြီးသည် အရည်အချင်းပြည့်မီသော မိခင်တစ်ဦး မဟုတ်သော်လည်း အရည်အချင်းမရှိသော ဖခင်ဖြစ်သူ ရှန်ဖူရှန်းနှင့် နှိုင်းယှဉ်ပါက ရှန်ချန်ဖုန်းသည် မိခင်ဖြစ်သူအပေါ် မည်သည့်အခါမျှ စိတ်နာကြည်းခြင်း မရှိခဲ့ဖူးပေ။

အဘယ်ကြောင့်ဆိုသော် မိခင်ဖြစ်သူသည် အနီးကပ်အဖော်မပြုနိုင်ခဲ့သော်လည်း ကလေးကို ဆူပူကြိမ်းမောင်းခြင်း မရှိသည့်အပြင် ငွေကြေးကိုလည်း ရက်ရက်ရောရော ပေးကမ်းသောကြောင့် ဖြစ်သည်။

“မေမေ သိပ်အလုပ်များတာကို သားသိပါတယ်... မေမေကလည်း ဒီမိသားစုအတွက် လုပ်နေတာပဲလေ... သား မေမေ့ကို တစ်ခါမှ အပြစ်မတင်ပါဘူး...”

ရှန်ချန်ဖုန်းက ထိုသို့ ပြောလိုက်သည်။ တော်ဝင်မင်းသမီးကြီးသည် အလွန်ပင် စိတ်သက်သာရာရသွားတော့သည်။ သူမသည် သားဖြစ်သူကို ကြည့်ကာ ဤလောကတွင် သူနှင့် ရှန်လင်တို့ထက် ပိုမိုလိမ္မာယဉ်ကျေးပြီး အလိုက်သိတတ်သော ကလေး မရှိတော့ဟု ခံစားလိုက်ရသည်။

“မင်းအဖေကလည်း သားကို ဂရုစိုက်တာ နေမှာပါ...”

ရှန်ချန်ဖုန်းက ခေါင်းခါပြကာ ပြောလိုက်သည်။

“မေမေ ဘာတွေးလဲဆိုတာ သားသိပါတယ်... ဒီလောက်ကြီးတဲ့ ကမ္ဘာကြီးမှာ ကိုယ့်သားသမီးကို မချစ်တဲ့အဖေ မရှိဘူးလို့ မေမေက ဘာလို့ အမြဲထင်နေရတာလဲ...”

တော်ဝင်မင်းသမီးကြီးသည် ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ ရှန်ချန်ဖုန်းက ဆက်၍ ပြောလိုက်သည်။

“မေမေ လူလွှတ်ပြီး သာမန်လူတွေကြားထဲမှာ စုံစမ်းခိုင်းကြည့်ပါဦး... သာမန်လူတွေရဲ့ အိမ်တွေမှာ သားသမီးတွေ အများကြီးရှိရင် အစွန်းရောက်အောင် ဘက်လိုက်တတ်ကြတယ်... မိမိအချစ်ဆုံး သားတစ်ယောက်ကို ထောက်ပံ့ဖို့အတွက် ကျန်တဲ့သားတွေအကုန်လုံးကို အနစ်နာခံခိုင်းချင်ကြတာ...”

“လွန်ခဲ့တဲ့ရက်ပိုင်းက ဆရာကြီးက သားကို သာမန်လူတွေကြားထဲက တကယ့်အဖြစ်အပျက်တစ်ခု အကြောင်း ပြောပြဖူးတယ်... မိဘအချို့က သူတို့ရဲ့ သားအငယ်ဆုံးကို အလိုလိုက်လွန်းလို့ သားကြီးဖြစ်သူရဲ့ ကလေးတွေကိုပါ ရောင်းစားပစ်ကြတာ... သားကြီးရဲ့ သားလေးကို သူဌေးအိမ်မှာ အစေခံအဖြစ် ရောင်းစားပြီး သမီးလေးကိုကျတော့ ပြည့်တန်ဆာအိမ်ကို ပို့ပစ်ကြတယ်... အဲဒါက သားအငယ်ဆုံးရဲ့ လောင်းကစားကြွေးတွေကို ဆပ်ဖို့အတွက်တင်ပဲလေ...”

“သားကြီးလင်မယားကိုတောင်မှ အဲဒီမိဘတွေက မိုင်းတွင်းထဲသွားပြီး တစ်နေ့လုံး အလုပ်လုပ်ရအောင် မသမာတဲ့နည်းနဲ့ ကြံစည်ခဲ့ကြသေးတယ်...”

“သားကြီးကလည်း အရင်းခေါက်ခပ်ပဲလေ... ဒါပေမဲ့ သူက မိဘတွေရဲ့ ဂရုစိုက်ခြင်းခံရတဲ့ ကလေးလို့ မေမေ ပြောနိုင်မလား...”

တော်ဝင်မင်းသမီးကြီးသည် ထိုကဲ့သို့သော ဝမ်းနည်းစရာ အဖြစ်အပျက်ကို ကြားရသောအခါ သက်ပြင်းချကာ မေးလိုက်သည်။

“အဲဒီ သားကြီးမိသားစုက... နောက်ဆုံး ဘာဖြစ်သွားလဲ...”

“ဘာဖြစ်ရဦးမလဲ... ဆရာကြီးက ဒီအကြောင်းကို ကြားကြားချင်းပဲ ငွေထုတ်ပြီး သွားကယ်ခဲ့တာ... ဒါပေမဲ့ ဆရာကြီးပြောတာက အဲဒါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဖြစ်အပျက်ဟောင်းတဲ့... သားကြီးလင်မယားက မိုင်းတွင်းထဲမှာပဲ သေဆုံးသွားခဲ့ကြပြီ...”

တော်ဝင်မင်းသမီးကြီးသည် ရုတ်တရက် စိတ်မကောင်းစွာ သက်ပြင်းချလိုက်မိသည်။ ရှန်ချန်ဖုန်းက ဆက်၍ ပြောလိုက်သည်။

“တကယ်လို့ ဖေဖေက သားတို့ကို တကယ်ဂရုစိုက်တယ်ဆိုရင် အရင်တုန်းက သားတို့နဲ့အတူ အချိန်ကုန်ဆုံးပေးပြီး သားနဲ့ ညီမလေးကို အရည်အချင်းတွေ ပိုရှိလာအောင် ပျိုးထောင်ပေးခဲ့ရမှာ... အခုလို တွေ့တာနဲ့ ဆူပူကြိမ်းမောင်းပြီး ဖခင်တစ်ယောက်ရဲ့ အာဏာကို ပြသရင်း သူရင်ထဲက စိတ်ပျက်စရာတွေကို လာပြီး ပေါက်ကွဲနေရမှာ မဟုတ်ဘူး...”

တော်ဝင်မင်းသမီးကြီးသည် စိတ်ထဲ၌ ခံစားချက်အမျိုးမျိုး ရောပြွမ်းနေပြီး ပြန်လည်ငြင်းခုံလိုသော်လည်း ခင်ပွန်းဖြစ်သူအတွက် မည်သည့်ဆင်ခြေမျှ ရှာမတွေ့နိုင် ဖြစ်နေသည်။ ခမည်းတော် ဧကရာဇ်မင်းမြတ်သည် တော်ဝင်မင်းသမီးကြီးကို အလွန်အလိုလိုက်ချစ်ခင်ခဲ့သဖြင့် တော်ဝင်မင်းသမီးကြီးသည်လည်း မိမိ၏သားကို မိဘများ၏ သာမန်မေတ္တာကို ခံစားစေချင်ခဲ့သည်။

ယခုအခါတွင် သူမသည် မင်းကြီးစွန်းကို ခေါ်ယူတွေ့ဆုံခဲသော်လည်း ကလေးများ၏ ရှေ့မှောက်တွင် ဖခင်ဖြစ်သူ၏ သိက္ခာကို အမြဲထိန်းသိမ်းပေးလိုသဖြင့် သူ ကလေးများကို ဆူပူကြိမ်းမောင်းသည်ကို မည်သည့်အခါမျှ တားဆီးခြင်း မပြုခဲ့ပေ။

“ဒါဆိုလည်း... နောက်ဆို သားအဖချင်း အဆင်မပြေမှတော့... ဝေးဝေးမှာပဲ နေလိုက်ကြပါတော့...”

တော်ဝင်မင်းသမီးကြီးသည် ထိုသို့ ပြောလိုက်သည်။ ရှန်ချန်ဖုန်းက ခေါင်းခါပြကာ ပြောလိုက်သည်။

“မေမေ... သားက ဖေဖေ့ကို မရှောင်ချင်တာ မဟုတ်ပါဘူး... ဖေဖေကပဲ သားကို ဆူဖို့အတွက် တမင်လိုက်ရှာနေတာ...”

သေသေချာချာ ပြန်လည်တွေးတောကြည့်လျှင် တော်ဝင်မင်းသမီးကြီးသည် ၎င်းတို့လင်မယား နှစ်ဦးတည်း ရှိချိန်၌ပင် ခင်ပွန်းဖြစ်သူသည် သားဖြစ်သူကြောင်းကို သီးသန့်တစ်ကြိမ်မျှပင် ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ သူ မွေးစားထားသည့် ဆွေမျိုးစုထဲမှ မိဘမဲ့ကလေးများအကြောင်းကိုသာ ပိုမိုပြောဆိုတတ်ကြောင်း သတိပြုမိလိုက်သည်။

“မေမေ သိပါပြီ... မင်းအဖေကို သေသေချာချာ... ပြောလိုက်ပါ့မယ်...”

တော်ဝင်မင်းသမီးကြီးသည် အလွန်ရိုးရှင်းစွာပင် တွေးလိုက်သည်။ သူမသည် မူလက သားအဖချင်း သင့်မြတ်စေရန် တွေးတောခဲ့သော်လည်း ယခုအခါ ရှောင်လွှဲ၍ပင် မရတော့သဖြင့် မူလအကြံအစည်အတိုင်း သားအဖ သင့်မြတ်ပုံစံကို ဟန်ဆောင်ပြသရန်သာ ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမသည် ခင်ပွန်းဖြစ်သူထက် မိမိ၏သားသမီးများကို ပိုမိုဂရုစိုက်လှသည်။

ရှန်ချန်ဖုန်းသည် မိခင်ဖြစ်သူကဲ့သို့ ယုံကြည်မှုမရှိသဖြင့် ပြောလိုက်သည်။

“ဖေဖေက သားကို မုန်းနေတာလေ... ဘယ်လိုလုပ်ပြီး စကားကောင်းကောင်း... ပြောနိုင်မှာလဲ...”

“သား စောင့်ရုံသာ စောင့်ကြည့်လိုက်ပါ...”

တော်ဝင်မင်းသမီးကြီးသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ထိုညတွင် တော်ဝင်မင်းသမီးကြီးသည် ခင်ပွန်းဖြစ်သူ မွေးစားထားသည့် ဆွေမျိုးစုထဲမှ မိဘမဲ့ကလေးကို ၎င်း၏ ဇာတိရွာသို့ ပြန်လည်ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း လူလွှတ်၍ အကြောင်းကြားလိုက်သည်။ မင်းကြီးစွန်းသည် အရက်ပင် မပြေသေးဘဲ တော်ဝင်မင်းသမီးကြီးထံသို့ ပြေး၍ တောင်းပန်တော့သည်။

“အရင် ဒူးထောက်စမ်း...”

တော်ဝင်မင်းသမီးကြီးက ပေါ့ပေါ့ပါးပါးပင် အမိန့်ပေးလိုက်သည်။ မင်းကြီးစွန်းသည် မတတ်သာဘဲ ဒူးထောက်လိုက်ရသည်။

“မင်း မှားမှန်းသိပြီလား... မင်း မှားမှန်း သိသေးတယ်ပေါ့...”

တော်ဝင်မင်းသမီးကြီးသည် မြင့်မားသောအဆင့်အတန်းဖြင့် မတ်မတ်ထိုင်ကာ ခင်ပွန်းဖြစ်သူအား အေးစက်စွာ စိုက်ကြည့်ရင်း မေးလိုက်သည်။ မင်းကြီးစွန်းသည် ခေါင်းငုံ့ထားသော်လည်း သူ၏မျက်ဝန်းထဲမှ ရက်စက်ကြမ်းကြုတ်သော အကြည့်များကို ဖုံးကွယ်ထားလိုက်သည်။ အာဏာစက်အောက်တွင် ဦးညွှတ်နေရသည့် ဤမိမိကိုယ်ကိုယ် သူ မည်မျှစက်ဆုပ်ရွံရှာကြောင်းနှင့် တော်ဝင်မင်းသမီးကြီး၏ မြင့်မြတ်လှသော အမူအရာကို သူ မည်မျှမုန်းတီးကြောင်း သိနိုင်မည်မဟုတ်ပေ။

“မင်းကြီးစွန်း... ငါ ခင်ပွန်းရွေးချယ်တုန်းက မင်းကိုလည်း သဘောတူရဲ့လားလို့ မေးခဲ့ဖူးတယ်... အဲဒီတုန်းက မင်းကိုယ်တိုင် ဘာပြောခဲ့လဲဆိုတာ... မှတ်မိသေးရဲ့လား...”

တော်ဝင်မင်းသမီးကြီးသည် ယခုအခါ နိုင်ငံရေးလောကထဲ၌ ကျင်လည်နေသူဖြစ်သော်လည်း အတိတ်က အကြောင်းအရာဟောင်းများကို ပြန်လည်ဖော်ထုတ်တတ်သည့် အလေ့အထကောင်းကိုမူ ထိန်းသိမ်းထားဆဲ ဖြစ်သည်။ မင်းကြီးစွန်းသည် ခေါင်းမော့လိုက်သောအခါ သူ၏မျက်နှာထက်၌ ဖားယားလိုသော အမူအရာများ ပြည့်နှက်နေပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

“မင်းသမီးကြီး... ကျွန်တော်မျိုးက အဲဒီနေ့က ကတိသစ္စာကို ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ... ကျွန်တော်မျိုးက မင်းသမီးကြီးကို အမြဲကြည်ညိုလေးစားပြီး စိတ်နှလုံးအကြွင်းမဲ့... ခစားခဲ့တာပါ...”

ဖြစ်နိုင်သည်မှာ ထိုနှစ်များအတွင်း သူသည် အရက်သောက်ပြီး အချိန်ကုန်လွန်ခဲ့ကာ ကောင်းမွန်သော ဘဝကြောင့် အသက်လတ်ပိုင်းတွင် ဝဖြိုးလာခဲ့သဖြင့် ယနေ့ခေတ် မင်းကြီးစွန်းသည် ယခင်က စာမေးပွဲတွင် ထိပ်ဆုံးမှ အောင်မြင်ခဲ့သည့် ချောမောလှပသော လူငယ်လေး မဟုတ်တော့ပေ။

တော်ဝင်မင်းသမီးကြီးသည် သူ၏ စစ်မှန်လှသည်ဟု ထင်ရသော မျက်နှာပေးကို ကြည့်လိုက်သော်လည်း မည်သို့ပင်ကြည့်ကြည့် ဟန်ဆောင်ပြုံးနေသကဲ့သို့ ခံစားရပြီး သူ၏အဆီများပြည့်နေသော မျက်နှာသည် သူမ၏မျက်စိကို အလွန်အမြင်ကတ်စေသည်။

“ဇနီးကို ခစားရမယ်... သားသမီးတွေကို စောင့်ရှောက်ရမယ်ဆိုတာကို... မင်း ဘာတစ်ခုမှ ဘာလို့ သေချာမလုပ်နိုင်တာလဲ...”

တော်ဝင်မင်းသမီးကြီးက တိုက်ရိုက်ပင် မေးလိုက်သည်။ မင်းကြီးစွန်းသည် ရုတ်တရက် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ သူသည် ယောက်ျားတစ်ဦးဖြစ်ရာ ဤကဲ့သို့သော အိမ်တွင်းမှုကိစ္စများကို မည်သို့လုပ်ဆောင်နိုင်မည်နည်း။

တော်ဝင်မင်းသမီးကြီးသည် စိတ်မရှည်တော့ဘဲ ထိုအဆီတုံးကြီးနှင့် ဆက်လဲစကားများမနေချင်သဖြင့် ပြောလိုက်သည်။

“မင်းက ဖခင်ကောင်းတစ်ယောက် မဖြစ်နိုင်မှတော့ ဖခင်ကောင်းတစ်ယောက်လို ဟန်ဆောင်ဖို့ပဲ မှတ်ထားလိုက်... နောက်တစ်ခါ ကလေးနှစ်ယောက်ကို ထပ်ပြီး ဆူပူကြိမ်းမောင်းရဲရင်... ဧည့်ဂေဟာမှာ နေနေတဲ့ အဲဒီမိဘမဲ့ကလေးကို... ငါ ချက်ချင်းမောင်းထုတ်ခိုင်းလိုက်မယ်... မှတ်မိလား...”

ရှန်ဖူရှန်းသည် မတတ်သာဘဲ ဟန်ဆောင်ပြုံးကာ ပြောလိုက်သည်။

“မင်းသမီးကြီး... မြို့တော်ကို ခေါ်လာပြီးသားလူကို... ဘယ်လိုလုပ်ပြီး ပြန်လွှတ်လို့ ရမှာလဲ... ပြန်လွှတ်လိုက်ရင် ဇာတိရွာကလူတွေက သူ့ကို ဘယ်လောက်တောင်... လှောင်ပြောင်ကြမလဲ...”

တော်ဝင်မင်းသမီးကြီးသည် သားဖြစ်သူ၏ စကားများကို ပြန်လည်တွေးတောရင်း လက်ရှိအချိန်၌ မိမိ၏ခင်ပွန်းကို ကြည့်လိုက်ရာ ကြည့်လေလေ ပို၍ ထူးဆန်းလေလေဟု ခံစားလိုက်ရသည်။

“မင်းက ကိုယ့်သားအရင်းကိုကျတော့ ဂရုမစိုက်ဘဲ... ဆွေမျိုးစုထဲက မိဘမဲ့ကလေးအတွက်ကျတော့... အစစအရာရာ တွေးပေးနေတာလား...”

တော်ဝင်မင်းသမီးကြီး၏ မေးခွန်းကြောင့် ရှန်ဖူရှန်းသည် ချက်ချင်း ထိတ်လန့်သွားကာ အမြန်ရှင်းပြလိုက်သည်။

“ကျွန်တော်မျိုးက... ဇာတိရွာကလူတွေ ကျွန်တော်မျိုးကို... လှောင်ကြမှာစိုးလို့ပါ...”

တော်ဝင်မင်းသမီးကြီးက လှောင်ပြောင်လျက် ပြောလိုက်သည်။

“ဇာတိရွာကလူတွေ လှောင်ချင်ရင်လည်း အဲဒီကလေးကိုပဲ လှောင်ကြမှာပါ... သူ တစ်ခုခုမှားလို့ပဲ အိမ်ပြန်မောင်းထုတ်ခံရတာလို့... အားလုံးက ထင်ကြမှာလေ...”

မင်းကြီးစွန်းသည် ဝတ်ကျေတန်းကျေပင် ပြန်လည်ထူးလိုက်သော်လည်း သူ၏ရင်ထဲ၌မူ အမှောင်ထုများစွာ ကြီးထွားလာတော့သည်။ သူ၏ဇနီးသည်မှာ အမြဲတမ်း ဤကဲ့သို့ပင်။ ကလေးများ၏ ရှေ့တွင်သာ သူ့အား မျက်နှာသာပေးတတ်ပြီး ကွယ်ရာတွင်မူ သူ၏ယောက်ျားသိက္ခာကို တစ်ကြိမ်မျှပင် ဂရုမစိုက်ခဲ့ဖူးပေ။

“မင်းသမီးကြီး... ကျွန်တော်မျိုး ဒီည ဒီမှာပဲ... အတူတူ နေပါရစေ...”

မင်းကြီးစွန်းက သေသေချာချာ မေးလိုက်သည်။ သို့သော် တော်ဝင်မင်းသမီးကြီးသည် လက်ခါပြလိုက်ပြီး သူ့ကို စက်ဆုပ်ရွံရှာစွာ ကြည့်ကာ ပြောလိုက်သည်။

“မင်း သွားတော့...”

မင်းကြီးစွန်းသည် ခါးကိုညွှတ်၍ ဆုတ်ခွာသွားတော့သည်။ သူ မထွက်ခွာမီ တော်ဝင်မင်းသမီးကြီးဘေးမှ အစေခံအဘွားကြီးက အခြားအစေခံများကို မှာကြားနေသည်ကို ကြားလိုက်ရသည်။

“မင်းသမီးကြီး စိတ်အခြေအနေ မကောင်းဘူး... အဲဒါကြောင့် ဟိုင်ထန်ယွမ်က သခင်လေးကို... သွားပင့်ခဲ့ချေ...”

အခန်းထဲရှိ တော်ဝင်မင်းသမီးကြီးသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား မိမိ၏ အနီးကပ်အစေခံမိန်းကလေးအား ပြောလိုက်သည်။

“နောက်လဆန်းမှာကျင်းပမယ့် ပန်းပြပွဲအတွက်... ကုမိသားစုဆီကို ဖိတ်စာ... သွားပို့လိုက်ပါဦး...”

အနီးကပ်အစေခံမိန်းကလေးသည် တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

“မင်းသမီးကြီး... အစက ကုမိသားစုကို ဖိတ်ရင် သူတို့ နေရထိုင်ရခက်မှာစိုးလို့... ဖိတ်စာမပို့ဘူးလို့... ပြောခဲ့တာ မဟုတ်ဘူးလား...”

တော်ဝင်မင်းသမီးကြီးက ပြောလိုက်သည်။

“ဒါက ငါလုပ်ချင်တဲ့ကိစ္စပဲ... ငါက သူတို့ကို မြှောက်စားထားရင် ကျန်တဲ့သူတွေကလည်း လိုက်လုပ်ကြမှာပဲ... ဘယ်သူက သူတို့ကို နေရခက်အောင်... လုပ်ရဲမှာလဲ...”

သူမသည် ခဏမျှ စဉ်းစားလိုက်ပြီး ဆက်ပြောလိုက်သည်။

“ကုမိသားစုနဲ့ စွန်းမိသားစုက ဆက်ဆံရေးကောင်းတယ်လို့ ကြားတယ်... အဲဒါကြောင့် စွန်းမိသားစုကိုပါ... ဖိတ်စာတစ်စောင် ပို့လိုက်ချေ...”

နောက်တစ်ရက် မနက်စောစောတွင် ရှန်ချန်ဖုန်းသည် ကုမိသားစုအိမ်သို့ လာရောက်ပြီး ဤပန်းပြပွဲဖိတ်စာကိုပါ ယူဆောင်လာခဲ့သည်။

“သမီးလည်း ပန်းပွဲသွားလို့ရတာပဲလား... ပြီးတော့ သမီးနာမည်လည်း ပါတယ်... ကုမိသားစုရဲ့ စတုတ္ထမြောက် သမီးလေးတဲ့...”

နျိုနျိုသည် ရွှေစာလုံးပါသော ဖိတ်စာကို ကိုင်ကာ ဝမ်းသာအားရ ပြောလိုက်သည်။

All Chapters