← Chapters

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆ - ရွှေဖီးနစ်ငှက်

ကျန်းယွင်နန်သည် နျိုနျို၏ ခေါင်းပေါ်မှ ဆံထိုးအချို့ကို သေသေချာချာ ပြန်ဖြုတ်လိုက်ပြီး သူမ၏ ညီမဖြစ်သူအား ရှင်းပြလိုက်သည်။

“ငါ အရင်က သခင်မတချို့ကို မေးကြည့်ဖူးတယ် ရတနာတွေက အဖိုးတန်တာ မှန်ပေမဲ့... တကယ်လို့ ရတနာတွေ အပြည့်ဆင်လာရင် သူဌေးအသစ်ဆိုပြီး... လှောင်ပြောင်ခံရတတ်တယ်တဲ့...”

လျူရှောင်ရူသည် စကားနားထောင်တတ်သူ ဖြစ်သဖြင့် ချက်ချင်းပင် ရတနာများကို ဝိုင်းဖြုတ်ပေးလိုက်သည်။

“အစ်မပြောတာ မှန်တယ် နျိုနျိုလေးကို သူဌေးအသစ်လို့ အလှောင်မခံနိုင်ပါဘူး... သူက ငယ်သေးတာလေ... တကယ်လို့ စိတ်ထဲ စွဲသွားရင် သူ့တစ်ဘဝလုံး... စိတ်ဒဏ်ရာ ဖြစ်သွားနိုင်တယ်...”

လျူရှောင်ရူက ထပ်မံပြောလိုက်သည်။

“အစ်မ... အဲဒီသခင်မကြီးတွေက တကယ်လူကောင်းတွေပဲ... အစ်မ မေးတာကို သေသေချာချာ ဖြေပေးကြတယ်... တို့ကိုလည်း လှောင်ပြောင်တာမျိုး... မလုပ်ကြဘူး...”

ကျန်းယွင်နန်သည် လျူရှောင်ရူ ထိုအကြောင်းကို ပြောသည်ကို ကြားရသောအခါ စိတ်ထဲ၌ ပိုမို ဝမ်းနည်းမိသွားသည်။ ယခင်က သခင်မချန်သည် သခင်မလီ၏ အကြံဉာဏ်ကို လိုက်နာပြီးနောက် သူမ၏ ခင်ပွန်းသည် နောက်တစ်ရက်၌ပင် ဝမ်းကွဲညီမဖြစ်သူကို ဇာတိရွာသို့ ပြန်လည်မောင်းထုတ်ခဲ့သည်။ သူမ၏ ယောက္ခမဖြစ်သူက ကန့်ကွက်မှုများစွာ ရှိခဲ့သော်လည်း သားဖြစ်သူ၏ အနာဂတ်နှင့် ပတ်သက်လာလျှင်မူ မတတ်သာဘဲ ခွင့်ပြုခဲ့ရသည်။

သခင်မချန်သည် သူမ၏ ခင်ပွန်းအတွက် ချောမောလှပသော မယားငယ်အချို့ကို ရှာဖွေပေးခဲ့ပြီး ၎င်းတို့၏ ကျွန်စာချုပ်ကို မိမိလက်ထဲ၌ တင်းတင်းဆုပ်ကိုင်ထားသဖြင့် ခင်ပွန်းဖြစ်သူ၏ စိတ်ကို ဖမ်းစားနိုင်ရုံတင်မက ထိုမယားငယ်များ ပြဿနာမရှာနိုင်အောင်လည်း တားဆီးနိုင်ခဲ့သည်။ သခင်မချန်သည် မိမိ၏ သေဘေးကို ဖြေရှင်းနိုင်ခဲ့ပြီးနောက် ကျန်းယွင်နန်ထံသို့ ဖောက်သည်အချို့ကို မိတ်ဆက်ပေးခဲ့သည်။ မူလက သူမသည် ဤအိမ်ရှင်မများ၏ ကျန်းမာရေးကို ပြုစုပျိုးထောင်ပေးရန်သာ ကူညီပေးခဲ့ခြင်းပင်။

သို့သော် အိမ်ရှင်မများ၏ ကျန်းမာရေးချို့တဲ့မှုမှာ အများအားဖြင့် ၎င်းတို့၏ စိတ်ခံစားချက်နှင့် သက်ဆိုင်နေတတ်သည်။ ကျန်းယွင်နန်သည် ပိုမိုပါဝင်ပတ်သက်လေလေ ဤသခင်မကြီးများ၏ ဘဝသည် မိမိထက် ပိုမိုပျော်ရွှင်စရာ မကောင်းကြောင်း တွေ့ရှိလာရလေလေပင်။

ယောက္ခမ၊ မရီးများ၊ မိဘအိမ်၊ ခင်ပွန်းနှင့် သားသမီးများကြားတွင် မည်သည့်နေရာ၌ ပြဿနာရှိနေမှန်း မသိဘဲ စိတ်ဆင်းရဲမှုများကြောင့် ကျန်းမာရေးများ ယိုယွင်းပျက်စီးနေကြရသည်။ အကယ်၍ ဤလူများသည် ရင်တွင်းဝေဒနာကို မကုသနိုင်ပါက ကျန်းမာရေး ပြုစုခြင်းသည် ရောဂါလက္ခဏာကိုသာ ကုသနိုင်ပြီး အမြစ်ပြတ်မည် မဟုတ်ပေ။

“အစ်မ... ဘာလို့ စိတ်မကောင်းဖြစ်နေတာလဲ...”

လျူရှောင်ရူက လှမ်းမေးလိုက်သည်။ ဘေးနားရှိ နျိုနျိုသည် ထိုစကားကို ကြားရသောအခါ မိခင်ဖြစ်သူထံသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ ကျန်းယွင်နန်က သက်ပြင်းချကာ ပြောလိုက်သည်။

“အဲဒီစံအိမ်တွေထဲကို ပိုရောက်လေလေ တို့မိန်းကလေးတွေရဲ့ ဘဝက သိပ်သနားစရာကောင်းပြီး အဆင်ပြေဖို့... သိပ်ခက်ခဲတာပဲလို့... ပိုပြီး တွေးမိလေလေပဲ...”

လျူရှောင်ရူကမူ သူမကဲ့သို့ အများကြီးမတွေးဘဲ ပြောလိုက်သည်။

“အစ်မရယ်... ဒါတွေကို အများကြီး တွေးမနေပါနဲ့... တို့မိသားစုပဲ ပျော်ပျော်ရွှင်ရွှင် နေရရင်... အရာအားလုံးထက်... ပိုအရေးကြီးပါတယ်...”

နျိုနျိုသည်လည်း မိခင်ဖြစ်သူ၏ လက်ကို ဆွဲကာ ပြောလိုက်သည်။

“သူများကိစ္စတွေအတွက်နဲ့... စိတ်မကောင်းမဖြစ်ပါနဲ့နော်...”

ကျန်းယွင်နန်သည် သမီးဖြစ်သူ၏ ခောင်းကို ပွတ်သပ်ပေးကာ ပြောလိုက်သည်။

“မေမေက အလကား သက်ပြင်းချမိတာပါ... ဘာမှလည်း... မကူညီနိုင်ဘဲနဲ့...”

“မေမေက အခု လူတွေကို ကူညီပေးနေတာပဲလေ... ကိစ္စက သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ... အကုန်လုံးက တကယ့်ကို တော်တာပါ...”

နျိုနျိုသည် သူမ၏ ချီးမွမ်းတတ်သော အလေ့အထအတိုင်း ဆက်လက်ပြောဆိုနေသည်။ ကျန်းယွင်နန်သည်လည်း ရုတ်တရက် အမြင်လင်းသွားသည့်အလား သမီးဖြစ်သူ၏ ခောင်းလေးကို ပွတ်သပ်ပေးကာ ပြောလိုက်သည်။

“သမီးလေး ပြောတာ မှန်တယ်... ကိစ္စက ကြီးကြီးသေးသေး... ကိုယ်အတတ်နိုင်ဆုံး ကြိုးစားရင်... ရပြီလေ...”

ကုမိသားစုဝင်များသည် ဝေါယာဉ်နှစ်စီး ခွဲစီးခဲ့ကြသော်လည်း တော်ဝင်မင်းသမီးကြီး စံအိမ်၏ တံခါးဝသို့ မရောက်မီမှာပင် လမ်းပိတ်ဆို့မှုနှင့် ကြုံတွေ့ရတော့သည်။ တော်ဝင်မင်းသမီးကြီး စံအိမ်ရှေ့ရှိ လမ်းမတစ်ခုလုံးတွင် ပန်းပြပွဲသို့ တက်ရောက်ရန် လာကြသော ဝေါယာဉ်များနှင့် ပြည့်နှက်နေသည်။

ကုမိသားစုသည် အချိန်အတော်ကြာ စောင့်ရလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း ဝေါယာဉ်အပြင်ဘက်မှ ရှန်ချန်ဖုန်း၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ဆရာကြီး... အဒေါ်လျူ... သမီးလေး... အရှေ့မှာ လူတွေ သိပ်များနေလို့ ချက်ချင်း ဝင်လို့မရသေးဘူး... အဲဒါကြောင့် လမ်းဆင်းလျှောက်ကြမလား... အဝင်ဝရောက်မှ... ဝေါယာဉ်ပြောင်းစီးတာပေါ့...”

ရှန်ချန်ဖုန်းက အကြံပြုလိုက်သည်။ ကုမိသားစုသည် ကျေးလက်မှ မွေးဖွားလာသူများ ဖြစ်သဖြင့် စည်းကမ်းကြီးမားခြင်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် ဝေါယာဉ်ပေါ်မှ ဆင်းလိုက်ကြသည်။ ရှန်ချန်ဖုန်းသည် အရှေ့မှနေ၍ တက်ကြွစွာ လမ်းပြပေးခဲ့ပြီး လူအချို့ကို တော်ဝင်မင်းသမီးကြီး စံအိမ်၏ အဓိကတံခါးဝမှတစ်ဆင့် အထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

တစ်ဖက်တွင်မူ တန်းစီစောင့်ဆိုင်းနေသော ဝေါယာဉ်ထဲ၌ ရှန့်ကုန်းကတော်သည် မိမိ၏ သမီးဖြစ်သူအား မှာကြားနေသည်ကို သူတို့ လုံးဝ မသိရှိကြပေ။

“သမီးကြီး... လူကြီးလူကောင်း မိန်းကလေးဆိုတာ စည်းစနစ်ကျကျ နေရတယ်... ဟိုလို သာမန်မိသားစုအသိုင်းအဝိုင်းက လူတွေကို အတုမခိုးနဲ့... လူတွေအများကြီးရဲ့ ရှေ့မှာ... ဒီအတိုင်း လမ်းလျှောက်ဝင်သွားကြတယ်...”

ချင်ကျင့်ရှုသည် မိခင်ဖြစ်သူက မည်သူ့ကို သရော်နေမှန်း သိရှိလှသည်။ မိခင်ဖြစ်သူက ဝေါယာဉ်လိုက်ကာထောင့်ကို ဖွင့်လိုက်သောအခါ ကုမိသားစုဝင်များကို ကွက်တိ မြင်တွေ့လိုက်ရသည်။ ယခင်က မြို့တံခါးဝ၌ မိသားစုနှစ်စုကြား ဖြစ်ပွားခဲ့သော အငြင်းပွားမှုမှာ နောက်ဆုံးတွင် မိမိတို့မိသားစု သိက္ခာကျခြင်းနှင့်အတူ ပြီးဆုံးသွားခဲ့သည်။

နောက်ပိုင်း စာမေးပွဲဖြေဆိုချိန်တွင်ပင် ကုမင်တာ့သည် သူမ၏ အစ်ကိုကြီးကို အကြိမ်ကြိမ် ကူညီပေးခဲ့သော်လည်း မိခင်ဖြစ်သူမှာမူ ထိုမိသားစုကို မနှစ်သက်သေးပုံ ရပေသည်။

ချင်ကျင့်ရှုသည် အမှန်စင်စစ် ၎င်းတို့ကို အားကျမိသည်။ အားလုံးက စည်းစည်းလုံးလုံးနှင့် ပျော်ရွှင်စရာကောင်းလှသည်။

မိမိနှင့် သက်တူရွယ်တူဖြစ်သော နျိုနျိုလေးမှာ ကုမင်တာ့၏ ရင်ခွင်ထဲ၌ ချွဲနွဲ့နေပြီး မိဘနှင့် သားသမီးကြားရှိ ရင်းနှီးသော ပတ်ဝန်းကျင်လေထုမှာ ဟန်ဆောင်မှု လုံးဝမရှိပေ။

“မေမေ... သမီး အပြင်ထွက်ရင် ခေါင်းမြှီးခြုံ ပုဝါ ယူလာတတ်တာကို... သတိရလို့ပါ...”

ချင်ကျင့်ရှုက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ ရှန့်ကုန်းကတော်သည် မိမိ၏ သမီးကို ကြည့်လိုက်ရာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြန်သည်။ သူမသည် လက်ကို ဆန့်ထုတ်ကာ သမီးဖြစ်သူ၏ ဆံပင်များကို တမင် ကစားနေမိသည်။

ချင်ကျင့်ရှုသည် ထိတ်လန့်သွားသဖြင့် မလှုပ်ရဲတော့ဘဲ မိခင်ဖြစ်သူ လှုပ်ရှားနိုင်ရန် လည်ပင်းကို အနည်းငယ် ငုံ့ပေးထားလိုက်သည်။ မိန်းကလေးငယ်လေး လည်ပင်းညောင်းလာသည်အထိ ရှန့်ကုန်းကတော်သည် နောက်ဆုံး၌ ကျေနပ်သွားတော့သည်။ သူမသည် သမီးဖြစ်သူကို အထက်အောက် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကောင်းပြီ... ဒါမှ တို့ရှန့်ကုန်းစံအိမ်ရဲ့ သမီးကြီးပဲ... ဒီနေ့လာတဲ့ မိန်းကလေးတွေထဲမှာ... သမီးထက် လှတဲ့သူ... မရှိစေရဘူး...”

ချင်ကျင့်ရှုသည် ဟန်ဆောင်ပြုံးလေးသာ ပြုံးလိုက်မိသည်။ သူမသည် ခုနက တွေ့ခဲ့ရသော မိမိနှင့် သက်တူရွယ်တူ မိန်းကလေးကို တွေးမိလိုက်သည်။ အခုကြည့်ရုံနဲ့တင် သူမက မိန်းမလှလေးတစ်ဦး ဖြစ်လာမည်ကို သိနိုင်ပေသည်။ သူမ၏ စိတ်ထဲ၌မူ မိမိကိုယ်ကိုယ် နျိုနျိုလေးထက် ပိုမိုလှပသည်ဟု မထင်မိပေ။

“အသက်ခုနစ်နှစ်ရှိရင် ကျား၊ မ သီးသန့် နေရတယ်... တကယ်လို့ သမီးနဲ့ သက်တူရွယ်တူ လူငယ်တွေကို တွေ့ရင်... အဝေးက ရှောင်ရမယ်နော်...”

ရှန့်ကုန်းကတော်က ထပ်မံ သတိပေးလိုက်သည်။ ထိုစကားကို ကြားရသောအခါ ချင်ကျင့်ရှုသည် ခေါင်းငုံ့လိုက်မိပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ သူမသည် ခြောက်နှစ်သာ ရှိသေးသည်။ မိခင်ဖြစ်သူက သူမအား အဘယ်ကြောင့် ဤမျှ စည်းကမ်းမရှိသောသူတစ်ဦးကဲ့သို့ ထင်နေရသနည်း။

“ပြီးခဲ့တဲ့ အခေါက်လိုမျိုး ထပ်မလုပ်နဲ့... ကိုယ့်ရဲ့ အဆင့်အတန်းကို... သတိရရမယ်...”

ရှန့်ကုန်းကတော်က တည်ငြိမ်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။ ချင်ကျင့်ရှုက တိုးတိုးလေး ပြောလိုက်သည်။

“မေမေ စိတ်ချပါ... သမီး စိတ်ထဲမှာ... သိပါတယ်...”

ပြီးခဲ့သည့်အကြိမ်က သူမသည် သူမ၏ ဒေါ်လေးဖြစ်သူ၏ ရှစ်နှစ်အရွယ် တူတော်မောင်နှင့် စကားအနည်းငယ် ပိုပြောမိရုံမျှဖြင့် မိခင်ဖြစ်သူ ဒေါသအကြီးအကျယ် ထွက်ခဲ့ခြင်း ဖြစ်သည်။ ရှန့်ကုန်းကတော်က ထပ်မံပြောလိုက်သည်။

“မေမေက သမီးကောင်းဖို့အတွက် လုပ်တာပါ... မေမေ သမီးကို ကိုယ်ဝန်ဆောင်တုန်းက နန်းတွင်းက ကြင်ယာတော်လီနဲ့ အဆက်အသွယ်လုပ်ပြီး နိုင်ငံတော်ဆရာကြီးကို တိတ်တဆိတ် ပင့်ခဲ့ဖူးတယ်... ဆရာကြီးက မေမေ့ဗိုက်ကို ထောက်ပြီး ပြောခဲ့တာ... တို့စံအိမ်ကနေ ရွှေဖီးနစ်ငှက်တစ်ကောင် ပျံထွက်လာလိမ့်မယ်တဲ့... သမီးက အထက်ကောင်းကင်ယံမှာ ပျံသန်းရမယ့် ကံပါလာတာ... ဘာလို့ ဟိုဖုန်မှုန့်တွေနဲ့ သွားရောချင်ရမှာလဲ...”

ချင်ကျင့်ရှုသည် ထိုစကားများကို ကြားရသောအခါ ဝတ်ကျေတန်းကျေပင် ပြန်လည်ပြောလိုက်သည်။

“မေမေ... သမီး သိပါပြီ... အပြောအဆို အမူအရာကို... ဆင်ခြင်ပါ့မယ်...”

ချင်ကျင့်ရှုသည် ခြောက်နှစ်သာ ရှိသေးသဖြင့် မည်မျှပင် ရင့်ကျက်သည်ဖြစ်စေ အနာဂတ်အဝေးကြီးကို မတွေးတောနိုင်သေးပေ။ နောင်တစ်ချိန်၏ စည်းစိမ်ချမ်းသာထက် လက်ရှိမျက်စိရှေ့မှ ခံစားရသော နွေးထွေးမှုကိုသာ သူမ ပိုမိုဂရုစိုက်မိသည်။ ရှန့်ကုန်းကတော်သည် နောင်တစ်ချိန်တွင် မိဖုရားခေါင်ကြီး ဖြစ်လာမည့်သူကို ဖိနှိပ်ထားရသည့် ခံစားချက်ကို နှစ်သက်နေပုံဖြင့် ပြောလိုက်သည်။

“ဘယ်လောက်ပဲ လေသံပျော့ပျော့... စကားကို ခပ်မာမာထန်ထန်... မပြောနဲ့...”

ချင်ကျင့်ရှုသည် မတတ်သာဘဲ ထပ်မံ ထူးလိုက်ရသည်။

“ခဏနေရင် တော်ဝင်မင်းသမီးကြီးကို တွေ့တော့မယ်... မေမေ သင်ပေးထားတဲ့ စကားတွေကို... အကုန်မှတ်မိရဲ့လား...”

ရှန့်ကုန်းကတော်က မိမိ၏သမီးကို ဆက်လက်သင်ကြားနေသည်။

တော်ဝင်မင်းသမီးကြီး စံအိမ်ထဲသို့ ရောက်ရှိလာသော နျိုနျိုသည် ဘေးနားတွင် အသင့်စောင့်ဆိုင်းနေသော ဝေါယာဉ်ကို မြင်တွေ့ရပြီး လမ်းဘေးဝဲယာတွင် ပွင့်လန်းနေသော ပန်းများကို ကြည့်ကာ မေးလိုက်သည်။

“ကိုကိုရှန်... ဒီပေါ်ကို... မဖြစ်မနေ စီးရမှာလား...”

“သမီးလေးက... ဝေါယာဉ်စီးရတာ... မကြိုက်ဘူးလား...”

ရှန်ချန်ဖုန်းက မေးလိုက်သည်။ နျိုနျိုက ပြောလိုက်သည်။

“သမီး လမ်းလျှောက်ချင်လို့... ရမလား...”

ရှန်ချန်ဖုန်းသည် ယနေ့ ဧည့်သည်တော်များစွာ လာရောက်ကြသဖြင့် မိခင်ဖြစ်သူက သူ့အား ကုမိသားစုကို စောင့်ရှောက်ရန်သာ တာဝန်ပေးထားကြောင်း တွေးမိကာ အလျင်မလိုပေ။

“ဒါက ကိုကို့အိမ်ပဲလေ... တို့နှစ်ယောက်ကြားထဲမှာ ဘာအားနာစရာ ရှိလဲ... ဆရာကြီးနဲ့ မေမေက သဘောတူရင်... အစ်ကို သမီးနောက်က လိုက်ခဲ့မှာပေါ့...”

ရှန်ချန်ဖုန်းက ထိုသို့ ပြောလိုက်သည်။ ကုမိသားစုသည်လည်း နျိုနျိုလေးကို အမြဲတမ်း အလိုလိုက်ချစ်ခင်ကြသည်။ သူမသည် အချိုမစားဘဲ နေနိုင်ခဲလှသည့်အပြင် ၎င်းတို့သည်လည်း စံအိမ်ကြီးများထဲ၌ ကြီးပြင်းလာသော မျိုးရိုးမြင့်သူများ မဟုတ်ကြသဖြင့် လမ်းလျှောက်ခြင်းမှာ ပြဿနာမရှိပေ။ နျိုနျိုသည် ကုမင်တာ့၏ ရင်ခွင်ထဲမှ ဆင်းလိုက်ပြီး ရှန်ချန်ဖုန်း၏ လက်ကို ဆွဲကာ အရှေ့သို့ ခုန်ပေါက်လျက် သွားတော့သည်။ လမ်းတစ်လျှောက် လည်ပတ်ကြည့်ရှုရင်း သွားလာနေသဖြင့် ဝေါယာဉ်စီးခြင်းထက် များစွာ နှောင့်နှေးလှသည်။

ကုမိသားစုသည် မူလက တော်ဝင်မင်းသမီးကြီး စံအိမ်သို့ စောစောစီးစီး ရောက်ရှိခဲ့သော်လည်း တော်ဝင်မင်းသမီးကြီးနှင့် တွေ့ဆုံချိန်တွင်မူ တော်တော်လေး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ပင်မခန်းမဆောင်သို့ ရောက်သောအခါ လမ်းနှစ်ဖက် ခွဲရတော့သည်။ တစ်ဖက်မှာ အမျိုးသားဧည့်သည်များ ဖြစ်ပြီး အခြားတစ်ဖက်မှာ အမျိုးသမီးဧည့်သည်များဖြစ်၏။

ရှန်ချန်ဖုန်းသည် နျိုနျိုလေးနှင့်အတူ ဆက်မလိုက်တော့ဘဲ ၎င်းတို့အား တော်ဝင်မင်းသမီးကြီးဘေးမှ အစေခံအဘွားကြီးထံသို့ လွှဲပြောင်းပေးကာ ခေါ်ဆောင်သွားစေခဲ့သည်။

နျိုနျိုသည် အခန်းထဲသို့ မဝင်မီ အတွင်းမှ အမျိုးသမီးများ စကားပြောဆိုနေကြသည့် အသံများကို ကြားလိုက်ရသည်။ သူမ ခြေလှမ်းလှမ်းဝင်လိုက်သောအခါ မိမိနှင့် သက်တူရွယ်တူ ချောမောလှပသော မိန်းကလေးငယ်တစ်ဦးက တော်ဝင်မင်းသမီးကြီးအား ယဉ်ကျေးသိမ်မွေ့စွာ အရိုအသေပေးနေသည်ကို ကွက်တိ မြင်တွေ့လိုက်ရသည်။

“သမီးငယ် ချင်ကျင့်ရှုက တော်ဝင်မင်းသမီးကြီးကို အရိုအသေပေးပါတယ်... မင်းသမီးကြီး သက်တော်ရာကျော် ရှည်ပါစေ...”

All Chapters