အခန်း ၂၅၇
Vol. 26 Ch. 257
အခန်း ၂၅၇ - ချီးမြှောက်ခြင်း
မူလက အနည်းငယ် ဆူညံနေသည့် ခန်းမဆောင်ကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားတော့၏။ ခြောက်နှစ်အရွယ် မိန်းကလေးငယ်လေး၏ မျက်နှာထက်တွင် ကလေးဆန်သော အရိပ်အယောင် လုံးဝမရှိဘဲ အိမ်ထောင်သည် သခင်မကြီးတစ်ဦးကဲ့သို့ တည်ငြိမ်ရင့်ကျက်ကာ ကျက်သရေရှိလှပေသည်။
လူတိုင်းသည် အလိုလိုပေါ်ထွက်လာသော ကလေးများကို မနှစ်သက်ကြသော်လည်း လက်ရှိအချိန်တွင် ချင်ကျင့်ရှု၏ ပုံစံမှာ တကယ်ပင် ထူးဆန်းလွန်းလှချေ၏။
ရှန့်ကုန်းကတော်သည် လူအများ၏ အံ့ဩမှင်သက်နေသော အကြည့်များကို သဘောကျစွာ ခံယူလိုက်ပြီး မိမိကိုယ်ကိုယ် ထူးခြားသော အမှုတစ်ခုကို လုပ်ဆောင်နိုင်ခဲ့သည့်အလား ခံစားနေရတော့သည်။ တော်ဝင်မင်းသမီးကြီးသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိလေသည်။
ဤအချိန်တွင် သူမသည် မိန်းကလေးငယ်လေးတစ်ဦးနှင့် ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ သေသေချာချာ လေ့ကျင့်ပျိုးထောင်ထားသည့် ချွေးမလောင်းတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရခြင်းပင်။
တော်ဝင်မင်းသမီးကြီးသည် ခေါင်းကို ညင်သာစွာသာ ညိတ်ပြလိုက်ပြီး ဘေးနားရှိ အစေခံများကို လက်ဆောင်ပေးရန် အမိန့်ပေးလိုက်ကာ မဆိုင်းမတွပင် ချီးမွမ်းလိုက်သည်။
“ဒီလောက် စည်းစနစ်ကျတဲ့ကလေးကို မတွေ့ရတာ... တော်တော်ကြာပြီ...”
ချင်ကျင့်ရှုသည် မိခင်ဖြစ်သူ၏ သွန်သင်ချက်အတိုင်း မျက်တောင်မခတ်တမ်း ကြည့်ကာ ကျေးဇူးတင်စကား ပြောလိုက်၏။ သူမသည် ဤအရာများကို လုပ်ဆောင်ရန် အကြိမ်ပေါင်း မည်မျှလေ့ကျင့်ခဲ့ရသည်မသိဘဲ စည်းကမ်းများသည် သူမ၏ အရိုးထဲထိ စွဲထင်နေပုံရချေသည်။
ချင်ကျင့်ရှု ထလိုက်ပြီးနောက်တွင် တော်ဝင်မင်းသမီးကြီးသည် ကျန်းယွင်နန်နှင့် လျူရှောင်ရူတို့ နျိုနျိုလေးကို ခေါ်ဆောင်ကာ ဝင်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
“လိမ္မာတဲ့ ကလေးလေး ရောက်ပြီပဲ... အနားကို အမြန်လာဦး... ကြည့်ရအောင်...”
တော်ဝင်မင်းသမီးကြီးက အသံကိုမြှင့်၍ ပြောလိုက်သည်။ ကျန်းယွင်နန်နှင့် လျူရှောင်ရူတို့ ဆွံ့အသွားရတော့၏။ ၎င်းတို့သည် ဖိတ်စာကို လက်ခံရရှိစဉ်က မိမိကိုယ်ကိုယ် သာမန်ဧည့်သည်များအဖြစ်သာ သဘောထားခဲ့ကြပြီး တော်ဝင်မင်းသမီးကြီးသည် သခင်မကြီးများစွာ၏ ရှေ့မှောက်တွင် နျိုနျိုလေးကို ဤမျှ ချီးမွမ်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။
နျိုနျိုလေးနှင့် တော်ဝင်မင်းသမီးကြီးတို့သည် အကြိမ်အများကြီး မတွေ့ဖူးကြသော်လည်း သူမသည် ခြောက်နှစ်သာ ရှိသေးသဖြင့် လူကြီးများကဲ့သို့ စိတ်ထဲ၌ အများကြီး တွေးတောခြင်းမရှိပေ။ သူမ၏ ရင်ထဲတွင် တော်ဝင်မင်းသမီးကြီး၏ အရေးအကြီးဆုံး အဆင့်အတန်းမှာ ရှန်ချန်ဖုန်း၏ မိခင်ဖြစ်ခြင်းသာ ဖြစ်ပေလိမ့်မည်။
နျိုနျိုလေးသည် အပြေးလေး သွားလိုက်လေသည်။ ခန်းမဆောင်အတွင်းရှိ သခင်မကြီးများသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြ၏။ ချင်ကျင့်ရှု၏ စည်းကမ်းများသည် ခုနက လွန်ကဲလွန်းနေသော်လည်း ယခုအခါ နျိုနျိုလေး၏ ပုံစံမှာ စည်းစနစ်မကျသကဲ့သို့ ဖြစ်နေပြန်သည်။
သို့သော် တော်ဝင်မင်းသမီးကြီးမှာမူ ဂရုစိုက်မည့်ပုံ လုံးဝမပေါ်ဘဲ နျိုနျိုလေး အရိုအသေပေးရန် လာသောအခါ သူမက တားဆီးလိုက်ပြီး နျိုနျိုလေး၏ လက်ကို ကိုင်လိုက်တော့သည်။
“အဒေါ် ...”
နျိုနျိုလေးက ကြည်လင်ပြတ်သားစွာ အော်လိုက်သည်။ ကျန်းယွင်နန်နှင့် လျူရှောင်ရူတို့သည် ထိုအခေါ်အဝေါ်ကို ကြားရသောအခါ ရုတ်တရက် ရင်တထိတ်ထိတ် ဖြစ်သွားကြရရှာ၏။ သို့သော် တော်ဝင်မင်းသမီးကြီးသည် ဂရုမစိုက်ဘဲ နျိုနျိုလေး၏ ဖြူစင်နုနယ်သော ကလေးမျက်နှာလေးကို ကြည့်ကာ မရယ်ဘဲမနေနိုင် ဖြစ်သွားလျက် ပြောလိုက်သည်။
“ဘာလို့ ဒီလောက်တောင် နောက်ကျမှ ရောက်တာလဲ... ငါ ကလေးလေးကို စောင့်နေတာ ကြာလှပြီ...”
အကယ်၍ အခြားသူများသာ ဤစကားကို ကြားရပါက ထိတ်လန့်တုန်လှုပ်ကာ ထိုနေရာ၌ပင် အပြစ်ရှိကြောင်း ဝန်ခံကြပေလိမ့်မည်။ သို့သော် နျိုနျိုလေးမှာမူ ဤပြဿနာများကို သတိမပြုမိဘဲ မျက်နှာလေးမော့ကာ ပြောလိုက်လေသည်။
“သမီး လမ်းလျှောက်လာတာလေ... ဝေါယာဉ် မစီးဘူး... ကိုကိုရှန်ရဲ့ ဥယျာဉ်ကို သေသေချာချာ ကြည့်ချင်လို့ပါ... ပန်းတွေအများကြီး ပွင့်နေတာ... တကယ်ကို လှတာပဲ...”
ဤစကားများသည် ယုတ္တိမရှိသကဲ့သို့ ဖြစ်နေသော်လည်း ကလေးငယ်များသာ ဤကဲ့သို့ ပြောဆိုကြမည်မှာ အမှန်ပင်။ တော်ဝင်မင်းသမီးကြီးသည် သူမကြောင့် စနောက်သလို ခံစားရပြီး ထပ်မံရယ်မောကာ ပြောလိုက်တော့သည်။
“သမီးလေး ကြိုက်တယ်ဆိုရင်လည်း... ငါနဲ့ အားလင်ကို အဖော်ပြုပေးဖို့... စံအိမ်ကို ခဏခဏ လာခဲ့လေ...”
နျိုနျိုလေးက ခေါင်းကို အပြင်းအထန် ညိတ်ပြကာ ပြောလိုက်၏။
“သမီးလည်း အားလင်ကို သိပ်ချစ်တာပဲ... ပြီးတော့ အစ်မပေးတဲ့... ကွင်းကိုးကွင်းဆော့စရာကိုလည်း... သဘောကျတယ်...”
“သဘောကျရင် ပြီးတာပါပဲ... သူက သမီးလေးအတွက် ပစ္စည်းတွေအများကြီးကို... အသည်းအသန် ရှာဖွေပေးခဲ့တာလေ...”
တော်ဝင်မင်းသမီးကြီးက ပြုံးလျက် ပြောလိုက်သည်။ သူမသည် နျိုနျိုလေးအား နောက်ထပ် လက်ဆောင်တစ်ခု ထပ်မံပေးအပ်ရန် လူလွှတ်လိုက်ချေ၏။
၎င်းသည် ချင်ကျင့်ရှုအား ပေးခဲ့သည့် လက်ဆောင်နှင့် ပုံစံတူပုံရသော်လည်း အကဲခတ်တတ်သူတိုင်းက တော်ဝင်မင်းသမီးကြီးသည် နျိုနျိုလေးကို အလွန်နှစ်သက်ပြီး ကလေးမလေး၏ လက်ကို ဤမျှကြာအောင် ကိုင်ထားကာ လွှတ်မပေးသည်ကို အထင်အရှား မြင်တွေ့နိုင်ပေသည်။
ဘေးနားရှိ ရှန်လင်ကလည်း ပြောလိုက်ပြန်သည်။
“နျိုနျိုလေး... အစ်မဆီမှာ ဆော့စရာအသစ်တွေ... အများကြီးရှိသေးတယ်... ခဏနေရင် ဆော့ဖို့... ခေါ်သွားမယ်နော်...”
နျိုနျိုလေး၏ မျက်ဝန်းများသည် ရုတ်တရက် လင်းလက်သွားတော့သည်။
“အားလင်နဲ့အတူ... သွားဆော့ချေ...”
တော်ဝင်မင်းသမီးကြီးသည် နျိုနျိုလေးအား ရှန်လင်ထံသို့ လွှဲပြောင်းပေးလိုက်ပြီး ၎င်းအစား ကျန်းယွင်နန်ကို လူတိုင်းအား မိတ်ဆက်ပေးကာ ပြောလိုက်တော့သည်။
“ဒါက ငါ့သား ချန်ဖုန်းရဲ့ ဆရာကတော်... ကုကတော်ပဲ...”
လူတိုင်းသည် ထိုအခေါ်အဝေါ်ကို ကြားရသောအခါ ကျန်းယွင်နန်သည် အရာရှိကတော် မဟုတ်ဘဲ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ခြင်း မခံရဖူးကြောင်း ချက်ချင်း နားလည်သွားကြရုံမျှမက ၎င်းတို့၏ မျက်ဝန်းထဲ၌မူ မတတ်သာဘဲ အထင်သေးသည့် အရိပ်အယောင်များ ပေါ်လွင်နေပေသည်။
“ကုကတော်ရဲ့ ခင်ပွန်းက တကယ့်ကို တော်တဲ့သူပဲ... ငါ့သား ချန်ဖုန်းလို ပြုပြင်ရခက်တဲ့ ကျောက်ရိုင်းကိုတောင်... လူရာဝင်အောင် လုပ်ပေးနိုင်ခဲ့တာလေ... အရင်တုန်းက ဆရာတွေအများကြီး ပင့်ခဲ့ဖူးပေမဲ့... ဘာမှမတတ်ခဲ့ဘူး... အခု ဆရာကြီးကု သင်ပေးလို့သာ... စာပေဗဟုသုတတွေ ရှိလာရုံတင်မက... ပိုပြီးတော့လည်း... အလိုက်သိတတ်လာတာ...”
တော်ဝင်မင်းသမီးကြီးသည် ကုမင်တာ့ကို ချီးမွမ်းနေရုံသာမက တက်ရောက်လာကြသော သခင်မကြီးများအား မိမိ၏သားသည် ယခင်ကကဲ့သို့ စည်းကမ်းမရှိသော လူမိုက် မဟုတ်တော့ကြောင်း ပြောကြားနေခြင်းလည်း ဖြစ်၏။
ရှန်ချန်ဖုန်းသည်လည်း အသက်တစ်ဆယ့်ခုနစ်နှစ် ရှိပြီဖြစ်ရာ တော်ဝင်မင်းသမီးကြီးသည် အိမ်ထောင်ရေးဈေးကွက်တွင် သူ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန် ကူညီလိုခြင်း ဖြစ်ပေသည်။
တက်ရောက်လာကြသူအားလုံးသည် နားထောင်ရင်း ဝတ်ကျေတန်းကျေ ချီးမွမ်းကြသော်လည်း မည်သို့ပင်ဖြစ်စေ ရှန်ချန်ဖုန်းသည် ကြီးမားသော အောင်မြင်မှုတစ်ခုခု ရရှိသည်ကို ကိုယ်တိုင်မမြင်ဖူးကြသဖြင့် မည်သူမျှ အိမ်ထောင်ပြုရန် ဆန္ဒရှိကြောင်း မပြသကြချေ။
တော်ဝင်မင်းသမီးကြီးသည်လည်း ထိုနေရာ၌ပင် ချက်ချင်း အိမ်ထောင်ဖက်ရှာရန် အလျင်မလိုသဖြင့် ထပ်မံပြောလိုက်၏။
“ကုကတော်တို့ လင်မယားက... တကယ့်ကို အရည်အချင်းရှိတဲ့သူတွေပဲ... ကုကတော်က လူတွေကို ပြုစုစောင့်ရှောက်ရာမှာ... တော်ရုံတင်မကဘူး... ကျန်းမာရေး ပြုစုရာမှာလည်း... သိပ်တော်တာပဲ... ကြည့်လိုက်ဦး... သူမ
က ကလေးသုံးယောက် မွေးထားတာတောင်... ခန္ဓာကိုယ်က ဘာမှချို့ယွင်းချက်မရှိဘဲ... သိပ်ကောင်းနေတုန်းပဲ...”
တော်ဝင်မင်းသမီးကြီးက ထိုသို့ပြောလိုက်သည်နှင့် တက်ရောက်လာကြသော သခင်မကြီးများသည် ကျန်းယွင်နန်ထံသို့ မကြည့်ဘဲမနေနိုင် ဖြစ်သွားကြတော့သည်။ ထိုအမျိုးသမီးသည် အသက်နှစ်ဆယ်ကျော်မျှသာ ရှိသေးပုံရပြီး ခြယ်သမှုများ အလွန်အကျွံ မရှိသဖြင့် သူမ၏ မျက်နှာအသားအရေမှာ စိုပြည်ဝင်းပနေကာ အခြားသူများနှင့်မတူသော ကျန်းမာလှပသည့် အလှတရားတစ်မျိုး ရှိနေသည်ကို တွေ့မြင်လိုက်ရလေသည်။
စံအိမ်ကြီးများထဲ၌ နေထိုင်ရသော အမျိုးသမီးများသည် ကျန်းမာရေး ချို့တဲ့မှုများ ရှိနေတတ်ပြီး သမားတော်ကြီးများနှင့် ပြောဆိုရန် အဆင်မပြေမှုများစွာ ရှိနေတတ်သော်လည်း အမျိုးသမီးချင်း ဖြစ်သဖြင့် ပြောဆိုရန် ခက်ခဲခြင်း မရှိတော့ပေ။ ရုတ်တရက် သခင်မကြီးအချို့က ကျန်းယွင်နန်အား ဆွဲကာ စကားပြောဆိုကြတော့၏။
တော်ဝင်မင်းသမီးကြီးသည် လျူရှောင်ရူကိုလည်း လျစ်လျူမရှုဘဲ စကားအနည်းငယ် မေးမြန်းကာ ယခုအခါ မြို့တော်၌ ခေတ်စားနေသော ဖူဝမ် နှပ်ဟင်းနှင့် ပြဇာတ်ရုံ၌ ကပြနေသော "မကောင်းဆိုးဝါးနှိမ်နင်းခြင်း" ပြဇာတ်အကြောင်းကို လူတိုင်းအား ထည့်သွင်းပြောကြားလိုက်လေသည်။
လျူရှောင်ရူသည် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦး ဖြစ်သဖြင့် ဤကဲ့သို့သော အဆင့်အတန်းမျိုးဖြင့် တက်ရောက်လာကြသော သခင်မကြီးများ၏ စိတ်ကို ဆွဲဆောင်ရန် ခက်ခဲလှသည်မှာ အမှန်ပင်။ သို့သော် သူမသည် ပြဇာတ်ထဲမှ အဓိကဇာတ်ကောင် ဖြစ်နေသဖြင့် ပြဇာတ်ကြည့်ရသည်ကို နှစ်သက်သော သခင်မကြီးတစ်ဦးက လျူရှောင်ရူ၏ လက်ကို ကိုင်ကာ အသေးစိတ်အချက်အလက်များကို မမေးဘဲမနေနိုင် ဖြစ်သွားရတော့သည်။
လျူရှောင်ရူသည် တော်ဝင်မင်းသမီးကြီး စံအိမ်သို့ မလာမီကပင် လျစ်လျူရှုခံရမည်ကို ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း လာရောက်ရန် ရွေးချယ်ခဲ့ဆဲ ဖြစ်ပေသည်။ သူမသည် စီးပွားရေးအခွင့်အလမ်းအချို့ကို ရှာဖွေနိုင်မလားဟုလည်း ကြည့်ရှုလိုခြင်း ဖြစ်ပြီး ယခုအခါ ဤရလဒ်မှာ အလွန်ပင် ကောင်းမွန်နေ၏။
ရှန့်ကုန်းကတော်သည် မျက်နှာပျက်သွားကာ မိမိ၏ သမီးဖြစ်သူအား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ တစ်ဆယ့်လေးနှစ်အရွယ် တူမဖြစ်သူကို ခေါ်ကာ ပြောလိုက်၏။
“တခြားအိမ်က သမီးပျိုလေးတွေ... ရေကန်ဆောင်မှာ ဆော့နေကြတယ် ထင်တယ်... မင်းရဲ့ ဝမ်းကွဲညီမကို... အဲဒီကို ခေါ်သွားလိုက်ချေ...”
တူမဖြစ်သူသည် ထိုစကားကို ကြားရသောအခါ လိမ္မာစွာဖြင့် ခေါင်းညိတ်ပြပြီး ချင်ကျင့်ရှုကို ဆွဲကာ ထွက်ခွာသွားလေသည်။ လမ်းခုနစ်ခုတွင် ချင်ကျင့်ရှုသည် ရှန်လင်က အရှေ့မှနေ၍ နျိုနျိုလေးကို ခေါ်ဆောင်သွားသည်ကို လှမ်းမြင်လိုက်ရသဖြင့် မေးလိုက်သည်။
“ဝမ်းကွဲအစ်မ... ညီမက မေမေ့ကို... အရှက်ခွဲမိသွားတာလား...”
ချင်ကျင့်ရှု၏ ဝမ်းကွဲအစ်မသည် ဤအချိန်တွင် ညီမငယ်လေးများနှင့် ဆော့ကစားရန်သာ တွေးတောနေသဖြင့် ထိုစကားကို ကြားရသောအခါ အွန်မတန် အံ့ဩသွားလျက် ပြောလိုက်၏။
“အရှက်ခွဲမိတာ ဟုတ်လား... ညီမက ဘယ်တုန်းက အရှက်ခွဲလို့လဲ... မမ ဘာများ လွတ်သွားလို့လဲ...”
ဝမ်းကွဲအစ်မသည် သေသေချာချာ ပြန်လည်တွေးတောကြည့်ရာ ချင်ကျင့်ရှုသည် စနစ်တကျအတိုင်း တော်ဝင်မင်းသမီးကြီးအား အရိုအသေပေးခဲ့ခြင်းသာ ဖြစ်သည်ဟု ထင်မြင်မိပေသည်။ အရှက်ခွဲမိမည့် အခွင့်အရေး မည်သည့်နေရာ၌ ရှိပါသနည်း။
အလွန်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့သည် မဟုတ်ပါလာယ။
ချင်ကျင့်ရှုသည် စိတ်ဓာတ်ကျနေဆဲဖြစ်ကာ ပြောလိုက်ပြန်သည်။
“ညီမက ခုနက ကုမိသားစုက... မိန်းကလေးငယ်လေးလိုမျိုး... တော်ဝင်မင်းသမီးကြီးကို... ပျော်ရွှင်အောင် မလုပ်ပေးနိုင်ခဲ့ဘူး...”
ဝမ်းကွဲအစ်မက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ချေ၏။
“သူတို့က ရင်းနှီးပြီးသားလေ... ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက်... သိပ်သိနေတဲ့ပုံပဲ... ညီမက ဘာလို့... သူနဲ့ သွားနှိုင်းယှဉ်နေတာလဲ...”
ဝမ်းကွဲအစ်မက ထိုသို့ပြောသော်လည်း ချင်ကျင့်ရှုမှာမူ မျက်နှာလေး ညှိုးငယ်နေဆဲဖြစ်ကာ လုံးဝ မပျော်ရွှင်နိုင် ဖြစ်နေချေသည်။
ရှန်လင်သည် နျိုနျိုလေး၏ လက်ကလေးကို တင်းတင်းကိုင်ကာ ပန်းပင်များနှင့် မိုးကုတ်စက်ဝိုင်းတစ်လျှောက် လမ်းလျှောက်လာရင်း ရေကန်ဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။
သူမ လက်ကို လွှတ်လိုက်သောအခါ ရှန်လင်သည် လွှတ်ပေးရန် အနည်းငယ် နှမြောမိနေဆဲ ဖြစ်၏။ နျိုနျိုလေး၏ လက်ကလေးမှာ အလွန်ပင် နူးညံ့လှသဖြင့် ကိုင်လိုက်သည်နှင့် ကလေးလက်မှန်း သိသာလှပေသည်။ ရှန်လင်သည် နျိုနျိုလေးကို ခေါ်ဆောင်လာရင်း မိမိကိုယ်ကိုယ် လူကြီးတစ်ဦး ဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။
ရေကန်ဆောင်၏ ဘေးနားတွင် ကြာကန်ရှိသော်လည်း ယခုအချိန်မှာ နွေဦးရာသီသာ ရှိသေးသဖြင့် ကြာပန်းများ မပွင့်သေးပေ။ သို့သော် ကောင်းကင်ယံအောက်ရှိ ကြာဖက်များ၏ ရှုခင်းမှာလည်း တစ်မျိုးတစ်ဘာသာ ဆန်းပြားလှပေသည်။
“အားလင်... ဒါ ဘယ်သူ့ညီမလေးလဲ... တစ်ခါမှ မမြင်ဖူးပါဘူး...”
အသက်တစ်ဆယ့်လေး၊ ငါးနှစ်ခန့်ရှိပုံရသည့် လှပသော ဝတ်စုံဆင်ယင်ထားသည့် မိန်းကလေးတစ်ဦးက လျှောက်လာပြီး မေးလိုက်သည်။ သူမသည် လက်ကို ဆန့်ထုတ်ကာ နျိုနျိုလေး၏ မျက်နှာကို ဆွဲညှစ်လိုက်လေသည်။