အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း ၂၅၈ - အရှက်ကွဲခြင်း
ရှန်လင်သည် ထိုမိန်းကလေး၏ လက်ကို ပုတ်ထုတ်လိုက်ပြီး ပြောလိုက်သည်။
“ရုံကျား... လျှောက်မလုပ်နဲ့... ကလေးမျက်နှာကို... ဒီအတိုင်း ဆွဲညှစ်လို့မရဘူး...”
ရုံကျား ခရိုင်သခင်မသည် ရိုင်းစိုင်းစွာဖြင့် ပြုံးလျက် ပြောလိုက်၏။
“ဘာလို့ ညှစ်လို့မရရမှာလဲ... ကလေးမျက်နှာက နုနုလေးမို့လို့... ညှစ်လို့ အကောင်းဆုံးပဲလေ... တို့အိမ်က မယားငယ်တွေတောင်မှ... တို့ညှစ်တာကို... မတားရဲပါဘူး...”
ရုံကျား ခရိုင်သခင်မသည် ဂရုမစိုက်ဘဲ လက်ကိုဆန့်ထုတ်ကာ ထပ်မံဆွဲညှစ်ရန် ပြင်ဆင်ပြန်သည်။ နျိုနျိုလေးသည် ထိတ်လန့်သွားသဖြင့် ရှန်လင်၏ နောက်ကွယ်သို့ ပုန်းကွယ်လိုက်ပြီး ရှန်လင်ကလည်း သူမကို တင်းတင်းကျပ်ကျပ် ကာကွယ်ထားလိုက်လေသည်။ ရုံကျား ခရိုင်သခင်မသည် သူမ၏ပုံစံကို မြင်တွေ့သောအခါ မျက်လုံးအဝိုင်းသားဖြင့် ပြောလိုက်၏။
“ပျင်းစရာကောင်းလိုက်တာ... ဘယ်သူမှလည်း... ဆော့လို့မရဘူး...”
ရှန်လင်သည် မျက်နှာပျက်သွားကာ ပြောလိုက်သည်။
“ရုံကျား... နျိုနျိုက ငါ့သူငယ်ချင်းပဲ... နင့်ရဲ့ကစားစရာ မဟုတ်ဘူး...”
သို့သော် ရုံကျား ခရိုင်သခင်မမှာမူ ဂရုမစိုက်သည့် ပုံစံဖြင့် ပြုံးလျက် ပြောလိုက်၏။
“သာမန်မိသားစုက မိန်းကလေးတစ်ယောက်က... တို့တွေနဲ့ ပတ်သက်ခွင့်ရရင်ပဲ... ပျော်စရာကောင်းနေပြီလေ... နင်က သူ့ကို တကယ်ပဲ... သူငယ်ချင်းလို့ သဘောထားနေတာလား...”
ရုံကျား ခရိုင်သခင်မ၏ နောက်ကွယ်မှ တစ်စုံတစ်ယောက်က ထပ်ဆင့်ပြောလိုက်ပြန်သည်။
“သူမက ဆင်းရဲတဲ့အိမ်က သမီးတစ်ယောက်ပဲလေ... ထူးခြားတဲ့ အဆင့်အတန်းလည်း မဟုတ်ပါဘူး... အားလင်... နင်က သူ့ကို... အမွှမ်းတင်လွန်းနေပြီ...”
ရှန်လင်သည် ယင်ကောင်တစ်ကောင်ကို ညှပ်ထားနိုင်လောက်သည်အထိ မျက်မှောင်ကို အပြင်းအထန် ကြုတ်လိုက်မိသည်။ ရှန်လင်၏ နောက်ကွယ်၌ ပုန်းနေသော နျိုနျိုလေးသည် ရုတ်တရက် ရှန်လင်၏ အင်္ကျီလက်စကို ဆွဲလိုက်၏။
ရှန်လင်သည် မိန်းကလေးငယ်လေးကို ငုံ့ကြည့်လိုက်ရာ မိန်းကလေးငယ်လေးသည် ထိတ်လန့်နေဆဲ ဖြစ်သော်လည်း သူမ၏နောက်ကွယ်၌ ပုန်းမနေတော့ဘဲ မတ်မတ်ရပ်ကာ ရုံကျား ခရိုင်သခင်မအား ရင်ဆိုင်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်လေသည်။
“သမီးရဲ့ ဖေဖေက သာမန်လူတစ်ယောက် ဖြစ်တာမှန်ပေမဲ့... ဖြောင့်မတ်ပြီး ကောင်းမွန်တဲ့သူပဲ... မိဘတွေကို သိတတ်ပြီး... ဇနီးနဲ့ သားသမီးကိုလည်း ချစ်တယ်... အရာရာတိုင်းကို အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ပေးတာ... သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးလူပဲ... သမီး ဖေဖေ့ကို အဲဒီလိုပြောတာကို... လုံးဝခွင့်မပြုဘူး...”
ရုံကျား ခရိုင်သခင်မသည် ထိုစကားကို ကြားရသောအခါ ကြောင်အမ်းသွားပြီး သူမ၏ စနောက်လိုသော မျက်ဝန်းများသည် တဖြည်းဖြည်း အေးစက်သွားတော့သည်။
“ဆင်းရဲတဲ့ မိသားစုက သမီးတစ်ယောက်က... တို့ကို ဒီလိုစကားပြောရဲအောင်... ဘယ်သူက သတ္တိပေးလိုက်တာလဲ... ဒူးထောက်စမ်း...”
ရုံကျား ခရိုင်သခင်မက ဆူပူကြိမ်းမောင်းလိုက်သည်။ နျိုနျိုလေးသည် လွန်ခဲ့သည့် တစ်နှစ်ကျော်က ကျန်းမိသားစုအိမ်၌ ရှိစဉ် ဤကဲ့သို့ ခြိမ်းခြောက်ခံခဲ့ရသည့် အတိတ်ကို ပြန်လည်သတိရလိုက်ချေ၏။
မိန်းကလေးငယ်လေးသည် အလွန်ထိတ်လန့်သဖြင့် တစ်ကိုယ်လုံး တုန်ရင်နေပြီး မျက်ရည်များ ဝဲနေသော်လည်း ထိုနေရာ၌ပင် ခိုင်မာစွာ မတ်မတ်ရပ်လျက် ပြောလိုက်သည်။
“သမီး ဘာမှမမှားဘူး... ဘာလို့ ဒူးထောက်ရမှာလဲ...”
သမီးသည် မိဘများ သင်ကြားပေးခဲ့သည်များကို မှတ်မိလှသဖြင့် ခုနက တော်ဝင်မင်းသမီးကြီးကို တွေ့စဉ်ကပင် အရိုအသေ မပေးခဲ့ရာ မိမိအရှေ့မှ အဓိပ္ပာယ်မရှိသော လူဆိုးအား ဘာကြောင့် ဒူးထောက်ရမည်နည်း။ ရုံကျား ခရိုင်သခင်မက ပြောလိုက်၏။
“တို့က ခရိုင်သခင်မဖြစ်ပြီး... နင်က သာမန်အရပ်သူမမို့လို့ပဲ...”
နျိုနျိုလေးသည် ဒူးမထောက်ဘဲ ပြောလိုက်ပြန်သည်။
“မင်းစိုးရာဇာ ဆရာသမားဆိုတဲ့ အထဲမှာ... နင်က ဘယ်အချက်နဲ့ ငြိလို့လဲ... သမီးက ဘာလို့ နင့်ကို ဒူးထောက်ရမှာလဲ...”
ယခုခေတ်တွင် အမတ်ကြီးများပင် ဧကရာဇ်နှင့် တွေ့ဆုံပါက ဒူးထောက်အရိုအသေပေးရခြင်း ကြုံခဲလှသဖြင့် နျိုနျိုလေးသည် ဤကဲ့သို့ ပြောဆိုရန် ယုံကြည်ချက် ရှိနေခြင်း ဖြစ်ပေသည်။ ရုံကျား ခရိုင်သခင်မသည် တော်ဝင်မိသားစုမှ ဖြစ်သော်လည်း နျိုနျိုလေး၏ စကားကို ပြန်လည်မချေပရဲချေ။ သူမသည် မိမိကိုယ်ကိုယ် ဧကရာဇ်မင်းမြတ်နှင့် တန်းတူအဆင့်အတန်း ရှိသည်ဟု မပြောရဲသောကြောင့် ဖြစ်သည်။
ဘေးနားရှိ ရှန်လင်သည် မျက်လုံးအဝိုင်းသားဖြင့် နျိုနျိုလေးကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ မိန်းကလေးငယ်လေးသည် ကိုယ်လုံးသေးငယ်သဖြင့် အနိုင်ကျင့်ရန် အလွန်လွယ်ကူပုံရသော်လည်း ရှန်လင်သည် သူမအား ဤမျှသတ္တိရှိအောင် မလုပ်ဆောင်ပေးနိုင်ခဲ့ပေ။ ရှန်လင် ကူညီရန် အချိန်မရမီမှာပင် နျိုနျိုလေးကိုယ်တိုင် ရုံကျား ခရိုင်သခင်မအား ပြန်လည်တုံ့ပြန်လိုက်ခြင်း ဖြစ်လေသည်။
“ကောင်းပြီ... နင်က အသက်ဘယ်လောက်ရှိသေးလို့... ဒီလောက် အပြောကောင်းနေရတာလဲ... တကယ့်ကို လည်တဲ့ ကလေးမလေးပဲ... နင့်မိဘတွေကိုယ်စား... တို့ သင်ခန်းစာပေးရမယ်...”
ရုံကျား ခရိုင်သခင်မက ထိုသို့ပြောပြီးနောက် နျိုနျိုလေးကို ရိုက်နှက်ရန် အရှေ့သို့ ပြေးဝင်လာခဲ့သည်။ ရှန်လင်သည် ရုံကျား ခရိုင်သခင်မကို အမြန်ပင် ကြားဖြတ်တားဆီးလိုက်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
“ရုံကျား... နင် လွန်သွားပြီနော်... ငါ မေမေ့ကို သွားတိုင်မယ်...”
ရုံကျား ခရိုင်သခင်မသည် ထိုစကားကို ကြားရသောအခါ ဆက်လက်၍ မရန်ရှာရဲတော့ဘဲ သူမက ရှန်လင်ကို ပြောလိုက်၏။
“တို့တွေက ဝမ်းကွဲတွေလေ... နင်က ဒီကလေးမလေးကိုပဲ... အသည်းအသန် ကာကွယ်နေတာလား...”
ရှန်လင်သည် ရုံကျား ခရိုင်သခင်မကို ယခင်က ဤမျှ စိတ်ပျက်စရာကောင်းသည်ဟု မထင်ခဲ့ဖူးဘဲ ပြောလိုက်ချေသည်။
“ရုံကျား... နင် လာပြီးရမ်းကားရမယ့်နေရာ မဟုတ်ဘူး... ရမ်းကားချင်ရင် တခြားနေရာသွား...”
ရုံကျား ခရိုင်သခင်မသည် မျက်နှာပျက်သွားကာ ရှန်လင်နှင့် နျိုနျိုလေးတို့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။ နျိုနျိုလေးက လှမ်းခေါ်လိုက်၏။
“အားလင်...”
နျိုနျိုလေး စကားမဆုံးမီမှာပင် သူမ၏ မျက်လုံးများ ပြန်လည်ဝိုင်းစက်သွားပြန်သည်။ အကြောင်းမှာ ခုနက မောက်မာထောင်လွှားနေသော ရုံကျား ခရိုင်သခင်မသည် မြေပြန့်ပေါ်တွင် တက်ကြွစွာ လျှောက်လှမ်းနေရင်းက အမှတ်မထင် တစ်စုံတစ်ယောက်၏ နင်းမိခြင်းကို ခံလိုက်ရပြီး အရှေ့သို့ လဲကျသွားသောကြောင့် ဖြစ်၏။
ရုံကျား ခရိုင်သခင်မသည် လဲကျစဉ်တွင် အလိုလို အခြားသူများကို လှမ်းဆွဲလိုက်မိရာ ဤသို့ လဲကျခြင်းကြောင့် သူမ၏ နောက်ကွယ်မှ ခြံရံလာကြသော အစေခံမိန်းကလေးများကိုပါ ဆွဲလဲမိသွားကာ ရောင်စုံဝတ်စုံ ဆင်ယင်ထားကြသော မိန်းကလေးအုပ်စုမှာ တစ်နေရာတည်း၌ တိုက်မိကြပြီး ချက်ချင်းပင် ရှုပ်ထွေးသွားတော့သည်။
ရုံကျား ခရိုင်သခင်မက ခတ်ထန်စွာ အော်ဟစ်လိုက်၏။
“ဘယ်သူ ငါ့လက်ကို နင်းတာလဲ... အကုန်ဖယ်စမ်း...”
အမှန်စင်စစ် ရှန်လင်သည် ရုံကျား ခရိုင်သခင်မကို မနှစ်သက်သော်လည်း ဤကဲ့သို့သော မတော်တဆမှုကိုမူ ဝင်ရောက်ကူညီပေးရမည် ဖြစ်သည်။ သူမသည် လက်ခါပြလိုက်ရာ အစေခံမိန်းကလေးအချို့ ပြေးလာကြပြီး မြေပြင်ပေါ်လဲကျနေသော မိန်းကလေးများကို ကူညီတွဲထူပေးကြတော့သည်။ ကံကောင်းထောက်မစွာဖြင့် မည်သူမျှ ထိခိုက်ဒဏ်ရာ မရရှိကြပေ။
ဆံပင်များ ရှုပ်ပွသွားသော်လည်း ရုံကျား ခရိုင်သခင်မသည် သူမ၏ အမူအရာကို သန့်ရှင်းအောင် ပြုလုပ်ရန် ရှန်လင်၏ အကြံပြုချက်ကို လုံးဝလျစ်လျူရှုထားလိုက်သည်။ ၎င်းအစား သူမသည် ခေါင်းလှည့်လိုက်ပြီး အခြားမိန်းကလေးငယ်များအား ဓားသွားကဲ့သို့ စူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ပြီး ပြောလိုက်၏။
“ဘယ်သူလဲ... ဘယ်သူ ငါ့ဝတ်ရုံအနားသတ်ကို နင်းတာလဲ... ငါ့ရှေ့ကို ထွက်ခဲ့စမ်း...”
ရုံကျား ခရိုင်သခင်မကဲ့သို့ ရန်ရှာတတ်သောသူ၏ ရှေ့မှောက်သို့ မည်သူမျှ မထွက်ရဲကြသည်မှာ သဘာဝပင် ဖြစ်ချေသည်။ သို့သော် ရုံကျား ခရိုင်သခင်မကို လှည့်စားရန် မလွယ်ကူသဖြင့် သူမသည် မျက်ဝန်းများကို ဝေ့ဝဲကြည့်ကာ ပြောလိုက်ပြန်၏။
“ဘယ်သူ ငါ့ဝတ်ရုံအနားသတ်ကို နင်းတာလဲ... မြင်တဲ့သူရှိလား... နင်... အမြန်ပြောစမ်း...”
ရုံကျား ခရိုင်သခင်မသည် ညွှန်ပြခြင်းခံရသော မိန်းကလေးကို ရက်စက်စွာ စိုက်ကြည့်လိုက်ရာ ကျီဟွေ့ယီသည် ခေါင်းကို အပြင်းအထန် ခါယမ်းလျက် ပြောလိုက်လေသည်။
“ခရိုင်သခင်မ... သမီးမဟုတ်ပါဘူး... တကယ်သမီးမဟုတ်ပါဘူး...”
သို့သော် တစ်စုံတစ်ယောက်က စတင်ပြောဆိုလိုက်သဖြင့် အခြားသူများကလည်း ကျီဟွေ့ယီထံသို့ ချက်ချင်း လက်ညှိုးထိုးကြတော့၏။
“သူပါပဲ... ငါလည်း မှတ်မိပြီ...”
ကျီဟွေ့ယီ၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားတော့သည်။ နျိုနျိုလေးသည် လူအုပ်ကြားထဲတွင် ရပ်နေရင်းက တစ်စုံတစ်ယောက်က သူမ၏ နားအနား၌ တိုးတိုးလေး ပြောနေသည်ကို ကြားလိုက်ရလေသည်။
“ကျီဟွေ့ယီက ရုံကျားခရိုင်သခင်မရဲ့ နောက်ကွယ်မှာ မကောင်းတာတွေအများကြီး လုပ်ခဲ့တာ... အခုမှ ကံဆိုးတာ... ထိုက်တန်ပါတယ်...”
“ဘာလို့ မကောင်းတာလဲ... ရုံကျားခရိုင်သခင်မနဲ့... အတူတူ လျှောက်သွားနေရတာကိုး...”
“ဘာလို့လဲဆိုတော့... ရုံကျားခရိုင်သခင်မရဲ့ မောင်လေးက လွန်ခဲ့တဲ့ရက်ပိုင်းက ဧကရာဇ်မင်းမြတ်ရဲ့ ချီးမွမ်းခြင်းကို ခံခဲ့ရလို့လေ... အားလုံးက သူ့ကို အိမ်ရှေ့စံအဖြစ် မွေးစားတော့မယ်လို့ ထင်နေကြတာ... အဲဒါကြောင့် ခရိုင်သခင်မကို... မလွန်ဆန်ရဲကြတာပေါ့...”
နျိုနျိုလေးသည် မျက်လုံးအဝိုင်းသားဖြင့် အတင်းအဖျင်းများကို စိတ်ဝင်တစား နားထောင်နေမိပြီး မိမိ၏ အခြေအနေကိုမူ လုံးဝမတွေးတောမိပေ။ သူမသည် ရုံကျား ခရိုင်သခင်မကို စော်ကားမိခဲ့ရာ အကယ်၍ သူမ၏ မောင်လေးသည် နောင်တစ်ချိန်တွင် ဧကရာဇ် ဖြစ်လာပါက ကုမိသားစုကို ကလဲ့စားချေမည် မဟုတ်ပါလား။
ဤအချိန်တွင် ရုံကျား ခရိုင်သခင်မသည် ကျီဟွေ့ယီကို ဆွဲကာ ရေကန်ဆောင်၏ အကာအရံများဆီသို့ တိုက်ရိုက် ခေါ်ဆောင်သွားတော့သည်။ သူမသည် ကျီဟွေ့ယီကို လက်မောင်းအောက်သို့ ရက်စက်စွာ ဖိနှိပ်လိုက်ရင်း ပြောလိုက်ချေ၏။
“တောက်... နင်က ငါ့ကို အရှက်ကွဲအောင်... လုပ်ရဲတယ်ပေါ့... ငါ နင့်ကို အခုပဲ ရေထဲပစ်ချပြီး... ငါးစာကျွေးလိုက်မယ်...”
ကျီဟွေ့ယီသည် ရုံကျား ခရိုင်သခင်မ ဤမျှ ရက်စက်လိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ပြောလိုက်ရှာသည်။
“ခရိုင်သခင်မ... သမီး မှားပါပြီ...”
အရေးကြီးသော အချိန်တွင် ရှန်လင်က ထရပ်လိုက်ကာ ပြောလိုက်၏။
“ရုံကျား... နင် ဘာတွေထပ်ပြီး ရမ်းကားနေတာလဲ... စံအိမ်ထဲမှာ လူသတ်ချင်နေတာလား...”
ရုံကျား ခရိုင်သခင်မသည် မည်သည့်အခါမျှ ဆင်ခြင်တုံတရားမရှိဘဲ လုပ်ဆောင်တတ်သူ ဖြစ်ရာ ဤအချိန်တွင် သူမ၏ မျက်နှာထက်၌ ခတ်ထန်မှုများ ပြည့်နှက်နေသည်။ သူမသည် ရှန်လင် ကာကွယ်ထားသော နျိုနျိုလေးကို ရန်မရှာရဲသော်လဲ အရာရှိငယ်တစ်ဦး၏ သမီးဖြစ်သော ကျီဟွေ့ယီကိုမူ ဘာကြောင့် ရန်မရှာရဲရမည်နည်း။ သို့သော် အပေါ်ယံတွင်မူ သူမက ပြောလိုက်၏။
“အားလင်... ငါလည်း စံအိမ်ထဲမှာ ပြဿနာမရှာချင်ပါဘူး... ဒါပေမဲ့ စိတ်မကောင်းပါဘူး... ငါ့လက်တွေက တုန်နေလို့ပါ...”
ရုံကျား ခရိုင်သခင်မသည် ပြောပြီးသည်နှင့် ကျီဟွေ့ယီကို ရေထဲသို့ တွန်းချလိုက်တော့သည်။ သို့သော် သူမ မထင်မှတ်ထားသည်မှာ လူကို တွန်းချပြီးနောက် မိမိကိုယ်ကိုယ်ပါ ဟန်ချက်ပျက်သွားခြင်း ဖြစ်ပြီး သူမ မတ်မတ်မရပ်နိုင်မီမှာပင် လေထဲ၌ လွင့်မျောသွားသကဲ့သို့ ခံစားလိုက်ရကာ ရေထဲသို့ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။