အခန်း ၂၆၀
Vol. 26 Ch. 260
အခန်း ၂၆၀ - အထောက်အထားများစွာ
နားထဲ၌ လေတိုက်သံများ ကြားနေရဆဲဖြစ်ကာ ဤကဲ့သို့သော ရက်စက်လှသော စကားများကြောင့် နားထောင်နေသူများ၏ ရင်ထဲ၌ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ကျောက်တောင်အတု၏ လိုဏ်ဂူအတွင်းရှိ ဤထူးခြားသော အခြေအနေကြောင့် ကြားရသောအသံမှာ ရှင်းလင်းသကဲ့သို့ ဝေဝါးနေပြန်သည်။
စကားလုံးတိုင်းကို သေသေချာချာ ကြားရသဖြင့် ရှင်းလင်းနေသော်လည်း လိုဏ်ဂူကြောင့် အသံအရည်အသွေး ပြောင်းလဲသွားသဖြင့် စကားပြောသူမှာ မည်သူဖြစ်ကြောင်းကိုမူ ခဏမျှ ခွဲခြားရန် ခက်ခဲလှပေသည်။
“သူက ကျွန်တော်လကို တကယ်ပဲ မောင်းထုတ်မှာလား... ဖေဖေ... ကျွန်တော် မြို့တော်ကနေ... မထွက်ခွာချင်ဘူး...”
“စိတ်ချပါ... ဖေဖေ မင်းကို ဒီလိုအခြေအနေမျိုး... လုံးဝမကြုံစေရဘူး... ဖေဖေ ရာထူးတိုးမလာရင်တောင်... မင်းကို မြှောက်စားနိုင်အောင်... အတတ်နိုင်ဆုံး ကြိုးစားမှာပေါ့...”
“ဖေဖေက... ကျွန်တော့်ပေါ်... သိပ်ကောင်းတာပဲ...”
“ဒါပေါ့... ဖေဖေ့ရဲ့ ကလေးသုံးယောက်ထဲမှာ...မင်းကို အချစ်ဆုံးပဲလေ... တကယ်လို့ မင်းရဲ့ အနာဂတ်အတွက် အဲဒီမိန်းမယုတ်နဲ့... အိမ်ထောင်မပြုခဲ့ရင်... မင်းနဲ့ မေမေ ဒီလောက် ဒုက္ခရောက်မှာ မဟုတ်ဘူး...”
ရှန်ချန်ဖုန်းသည် ထိုစကားကို ကြားရသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။
“ဘယ်သူစကားပြောနေလဲဆိုတာ... ငါ သွားကြည့်လိုက်မယ်...”
ရှန်ချန်ဖုန်းသည် ဤကျောက်တောင်အတု၏ ဖြတ်လမ်းအတိုင်း အကြိမ်ပေါင်းများစွာ လျှောက်လှမ်းခဲ့ဖူးသဖြင့် ဤလမ်းပေါ်၌ စကားပြောသံ ကြားရခြင်းမှာ ပမထဆုံးအကြိမ် မဟုတ်ပေ။ ထို့ကြောင့် မိမိ မည်သည့်နေရာ၌ ရပ်နေပါက စကားပြောသံကို ယခုကဲ့သို့ ရှင်းလင်းစွာ ကြားရမည် ဖြစ်ကြောင်း သိရှိသည်။
ရှန်ချန်ဖုန်းသည် အသာအယာ ခြေဖွဖွလှမ်းကာ အရှေ့သို့ လျှောက်လှမ်းခဲ့ပြီး ကျောက်တောင်၏ အပေါက်တစ်ခုမှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ သူသည် အဆင့်အတန်း မြင့်မားသူနှင့် နိမ့်ပါးသူ သားအဖနှစ်ဦး၏ ကျောပြင်ကိုသာ မြင်တွေ့လိုက်ရ၏။ ၎င်းတို့သည် စိမ်းပြာရောင် ဝတ်စုံရှည်များကို ဆင်ယင်ထားကြပြီး အဝတ်အထည် အမျိုးအစားတစ်မျိုးဖြင့် ပြုလုပ်ထားပုံရသည်ကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။
သူသည် ကျောက်တောင်အတုထဲမှ အမြန်ထွက်ကာ စကားပြောဆိုရာနေရာသို့ သွားရောက်ခဲ့သော်လည်း မည်သူ့ကိုမျှ မတွေ့ရတော့ဘဲ လမ်းအဆုံးတွင် လမ်းခွဲများစွာ ရှိနေသဖြင့် ထိုလူများ မည်သည့်နေရာသို့ သွားသည်ကို ခဏမျှ ခွဲခြားရန် ခက်ခဲလှပေသည်။
ရှန်ချန်ဖုန်းက တရားမျှတမှုအပြည့်ဖြင့် ပြောလိုက်၏။
“တောက်... အကွယ်အရာမှာ အတင်းပြောနေတဲ့... အဲဒီလူနှစ်ယောက်ကို မိပါစေဦး... လူတိုင်း သူတို့ရဲ့ တကယ့်မျက်နှာဖုံးကို မြင်စေရမယ်... သူက ကွယ်ရာမှာ ကိုယ့်ဇနီးကို... သတ်ချင်တယ်လို့ တိုးတိုးပြောနေတာလေ...”
ရှန်လင်က မတတ်သာဘဲ ပြောလိုက်ချေ၏။
“ကိုကို... လျှောက်ပြီး စိတ်မပူပါနဲ့... သူတို့ပြောတာက အနှေးနဲ့အမြန် သတ်မှာလို့ ပြောတာလေ... အခုချက်ချင်း သတ်နေတာမှ မဟုတ်တာ... ဖြစ်နိုင်တာက စိတ်ဆိုးလို့ ပြောတာနေမှာပါ... တကယ်လုပ်မှာ မဟုတ်ပါဘူး...”
ရှန်ချန်ဖုန်းက ဒေါသတကြီး ပြောလိုက်ပြန်၏။
“စိတ်ဆိုးလို့ ပြောတာတောင်... အဲဒီလို မပြောသင့်ဘူး...”
သူသည် နျိုနျိုလေးကို ဆွဲကာ မေးလိုက်သည်။
“နျိုနျိုလေး... ညီမလေးကော... အဲဒီလို ထင်လား...”
နျိုနျိုလေးက လိမ္မာစွာဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်ချေ၏။
“သမီးရဲ့ မေမေ ပြောဖူးတယ်... လင်မယားဖြစ်ရတာက အတိတ်ဘဝက ရေစက်ကြောင့်တဲ့... အဲဒါကြောင့် တန်ဖိုးထားပြီး တစ်ယောက်ကိုတစ်ယောက် ကူညီရမယ်လေ... တကယ်လို့ ဒီလူက တကယ်မရည်ရွယ်ဘဲ စိတ်ဆိုးလို့ ပြောတာဆိုရင်တောင်... ကိုယ့်ဇနီးကို ကွယ်ရာမှာ အဲဒီလို ပြောတာက... တကယ့်လူဆိုးပဲ...”
ရှန်ချန်ဖုန်းသည် နျိုနျိုလေး၏ ထောက်ခံမှုကို ရရှိပြီးနောက် ချက်ချင်းပင် ခေါင်းမော့ကာ ပြောလိုက်၏။
“ယောက်ျားကောင်းဆိုတာ... ကိစ္စတချို့ကိုတော့ လုပ်ပြီး... တချို့ကို မလုပ်ဘူးလေ... ဒီလူက တို့အိမ်ထဲမှာ လာပြီး ကွယ်ရာမှာ စကားပြောရဲမှတော့... ငါ အဲဒီလူကို အသေအချာ ရှာဖွေမှာပဲ...”
ရှန်လင်ကမူ သူမ၏ ကိုကိုသည် စိတ်မြန်လွန်းသည်ဟု ထင်မြင်မိသဖြင့် တားဆီးရန်သာ စဉ်းစားလိုက်ပြီး ရှန်ချန်ဖုန်းက ထပ်မံပြောလိုက်သည်။
“လူပုံအလယ်မှာ အရှက်မခွဲရင်တောင်... ဒီလူက ဘယ်သူလဲဆိုတာ သိရမယ်... နောင်ကျရင် သတိထားလို့ရတာပေါ့... အဲဒီသားအဖနဲ့... ဝေးဝေးမှာ နေရအောင်လေ...”
ရှန်လင်သည် ထိုစကားကို ကြားရသောအခါ တားဆီးလျက် မေးလိုက်သည်။
“ဒါဆို ကိုကို... အဲဒီလူနှစ်ယောက်ကို... ဘယ်လိုရှာမှာလဲ...”
ရှန်ချန်ဖုန်းသည် ချက်ချင်း တရားသူကြီးတစ်ဦးအလား ခံစားလိုက်ရပြီး ပြောလိုက်၏။
“ဆရာကြီး သင်ပေးဖူးတယ်... ကိစ္စတစ်ခုခုလုပ်ပြီးရင်... အထောက်အထား ကျန်ခဲ့တာပဲလေ... ငါ ဒီနေရာကနေ... သဲလွန်စ ရှာဖွေရမယ်...”
လူတိုင်းတွင် စုံထောက်ဖြစ်လိုသော အိပ်မက် ရှိကြသည်မှာ သဘာဝပင် ဖြစ်ရာ နျိုနျိုလေးသည် ထိုစကားကို ကြားရသောအခါ မျက်ဝန်းလေးများ လင်းလက်သွားကာ ပြောလိုက်ပြန်၏။
“သမီး ကူညီမယ်...”
မောင်နှမနှစ်ဦးစလုံးသည် ကုန်းကုန်းကွကွဖြင့် ထိုနေရာ၌ သဲလွန်စများကို စတင်ရှာဖွေကြတော့သည်။ ရှန်ချန်ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ချေ၏။
“ခြေရာတွေပဲ... တကယ့်ကို ထင်ရှားတဲ့ ခြေရာတွေပဲ...”
မနေ့ကမှ မိုးရွာထားသဖြင့် မြေပြင်မှာ စိုစွတ်နေကာ အလွန်ရှင်းလင်းသော ခြေရာများ ကျန်ရှိနေခြင်း ဖြစ်ပေသည်။ နျိုနျိုလေးသည်လည်း အလွန်စိတ်လှုပ်ရှားနေပြီး သူမ၏လက်ဖြင့် အချိန်အတော်ကြာ တိုင်းထွာနေကာ အလွန်ကျွမ်းကျင်သော ပုံစံရှိသော်လည်း အမှန်စင်စစ် သူမက စိတ်ဝင်တစား မေးမြန်းလိုက်သည်။
“ဒါက... ဒါက... ခြေထောက် ဘယ်လောက်ကြီးလဲ...”
ရှန်ချန်ဖုန်းမှာမူ ရှင်းမပြနိုင်ဘဲ သူသည် မည်သည့်အရာကိုမျှ သေသေချာချာ မသိသော သခင်လေးတစ်ဦး ဖြစ်သဖြင့် ခြေထောက်၏ အရွယ်အစားကို မခွဲခြားတတ်ပေ။ နောက်ဆုံးတွင် ရှန်လင်က မတတ်သာဘဲ ပြောလိုက်သည်။
“နင်တို့နှစ်ယောက် ဒီမှာ ခဏစောင့်... ငါ လူလွှတ်ပြီး ခြေရာတွေကို... ပုံတူကူးခိုင်းလိုက်မယ်...”
နျိုနျိုလေးသည် သူမ၏ သတိပေးမှုကြောင့် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“ဟုတ်သားပဲ... ပုံတူကူးတာပေါ့... ဖေဖေ့ပုံပြင်ထဲမှာလည်း... အဲဒီလိုပဲ ပါတယ်...”
ရှန်ချန်ဖုန်းသည်လည်း ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်လေသည်။ ရှန်လင်သည် တည်ငြိမ်သော မျက်နှာပေးဖြင့် ပြောလိုက်ချေ၏။
“ဆရာကြီးကုက နင့်ကို ပုံပြင်တွေတောင် ပြောပြတာကိုး... ကိုကိုကတော့ ငါ့ကို တစ်ခါမှ... မပြောပြဖူးဘူး...”
ရှန်ချန်ဖုန်းသည် မိမိ၏ခေါင်းနောက်စေ့ကို ပွတ်သပ်ရင်း ရိုးအစွာ ပြုံးလျက် ပြောလိုက်ပြန်၏။
“ငါက... ငါက အလုပ်များလို့... မေ့သွားတာပါ...”
ခြေရာများကို ပုံတူကူးပြီးနောက် ရှန်လင်က ၎င်းတို့နှစ်ဦးအား ဤနေရာမှ ထွက်ခွာရန် တိုက်တွန်းလိုက်သည်။ ရှန်ချန်ဖုန်းက အလေးအနက် ပြောလိုက်ချေ၏။
“မလောပါနဲ့ဦး... မလောပါနဲ့ဦး... တခြားသဲလွန်စတွေ ရှိဦးမှာပါ... ဆရာကြီးက အနည်းဆုံး သဲလွန်စနှစ်ခုကို တိုက်ဆိုင်စစ်ဆေးပြီးမှ... အတည်ပြုရမယ်လို့ ပြောဖူးတယ်...”
နျိုနျိုလေးသည် ဝဲယာသို့ ကြည့်ရှုရင်း ပြောလိုက်၏။
“ပန်းပွင့်တွေ... ပန်းပွင့်ဖတ်တွေပဲ...”
ဤနေရာ၏ ဝန်းကျင်တွင် ဟိုင်ထန်ပန်းပင်အချို့ကို စိုက်ပျိုးထားပြီး ရဲရဲနီနေသော ဟိုင်ထန်ပန်းများမှာ အလွန်လှပစွာ ပွင့်လန်းနေကြကာ လေတိုက်ခတ်သောအခါ ပန်းပွင့်ဖတ်များ ကြွေကျနေခြင်း ဖြစ်သည်။ နျိုနျိုလေးသည် ရှန်ချန်ဖုန်း၏ ခေါင်းပေါ်သို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ကိုကိုရှန်... ဒီမှာ... ပန်းပွင့်ဖတ်တွေ ကပ်နေတယ်...”
ရှန်ချန်ဖုန်းသည် မိမိ၏ဆံပင်ကြားထဲမှ ရဲရဲနီနေသော ပန်းပွင့်ဖတ်နှစ်ခုကို ဖယ်ရှားလိုက်ချေ၏။ ရှန်လင်က ပြောလိုက်၏။
“တို့တွေ ဒီနေရာမှာ သံမဏိ ဟိုင်ထန်ပန်းပင်တချို့ စိုက်ထားတာလေ... အနီရောင် ရဲနေတာပဲ... တခြားနေရာတွေမှာတော့ ပန်းရောင်နဲ့အဖြူရောင် ရှီးဖူဟိုင်ထန်ပန်းနဲ့ ဆွဲလဲဟိုင်ထန်ပန်းတွေပဲ ရှိတာ... အဲဒီလူနဲ့ တွေ့ချင်ရင်တော့... ခွဲခြားရတာ လွယ်ကူပါတယ်...”
နျိုနျိုလေးက ခေါင်းငုံ့ကာ ထပ်မံပြောလိုက်ပြန်၏။
“ဒီနေရာက မြေကြီးကလည်း... နီနေတာပဲ...”
ရှန်လင်က ရှင်းပြလိုက်ချေ၏။
“ဒီနေရာက မြေဆီလွှာက မေမေက တမင်တကာ တူးယူထားတာလေ... စံအိမ်ထဲက တခြားနေရာတွေနဲ့ မတူဘူး... သံမဏိ ဟိုင်ထန်ပန်းပင်တွေကို... ပျိုးထောင်ဖို့အတွက် သီးသန့်ပဲ...”
နျိုနျိုလေးက ပြောလိုက်၏။
“သဲလွန်စတွေ... ပိုပိုပြီး များလာပြီ...”
ရုတ်တရက် မိန်းကလေးငယ်လေး၏ မျက်ဝန်းများ ဝေ့ဝဲသွားပြီး ရှန်ချန်ဖုန်း၏ အနောက်ဘက် မလှမ်းမကမ်းရှိ မြက်ခင်းဆီသို့ လက်ညှိုးထိုးကာ ပြောလိုက်ချေ၏။
“အဲဒီမြက်တောထဲမှာ... တစ်ခုခု ရှိနေသလိုပဲ...”
၎င်းတို့သုံးဦးစလုံး လျှောက်လှမ်းသွားကြရာ မြက်ခင်း၏ အနားသတ်တွင် ငြိမ်သက်စွာ ကျောခိုင်းလျက် ရှိနေသော ပိုက်ဆံအိတ်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။ ထိုပိုက်ဆံအိတ်မှာ အလွန်ဟောင်းနွမ်းပုံရပြီး ဝါးစိမ်းပင်တစ်ပင်ကို သေသေချာချာ ချုပ်လုပ်ထားကာ စာလုံးနှစ်လုံး ပါရှိသည်မှာ အေးချမ်းခြင်း ဖြစ်၏။ နျိုနျိုလေးက မေးလိုက်သည်။
“ဒါက ခုနက သားအဖ... ကျန်ခဲ့တာလား...”
ရှန်လင်က ခေါင်းညိတ်ပြကာ ပြောလိုက်၏။
"ဒီလိုဆိုရင်တော့... ရှာရတာ ပိုလွယ်သွားပြီ..."
နျိုနျိုလေးက ချက်ချင်းပင် လက်ခုပ်တီးကာ ပြောလိုက်ပြန်၏။
“ကိုကိုရှန်... အားလင်... ဒါဆိုရင် တို့တွေဆီမှာ သဲလွန်စ လေးခုရှိသွားပြီ... အဲဒီသားအဖကို ရှာရတာ... အများကြီး ပိုလွယ်သွားပြီပေါ့...”
ရှန်လင်က ပြောလိုက်ချေ၏။
“အမှန်ဆို သူတို့ပြောခဲ့တာတွေကို သေသေချာချာ စဉ်းစားရင်... ရှာရတာ မခက်ခဲပါဘူး... လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်... ဒီနေ့ စံအိမ်ကိုလာတဲ့ သားအဖတွေထဲက... ဘယ်သူ့မှာ မယားငယ် ရှိလဲဆိုတာပေါ့...”
သို့သော် နျိုနျိုလေးက ခေါင်းလေးစောင်းကာ မေးလိုက်သည်။
“တကယ်လို့ မယားငယ် မဟုတ်ဘဲ... အပြင်က တရားမဝင်မွေးတဲ့ ကလေးဆိုရင်ကော...”
ရှန်ချန်ဖုန်းကလည်း ထပ်လောင်းပြောဆိုလိုက်၏။
“တကယ်လို့ စံအိမ်အပြင်ကလူ မဟုတ်ဘဲ... တို့စံအိမ်ထဲကလူ ဖြစ်နေရင်ကော...”
ရှန်လင်က မတတ်သာဘဲ ပြောလိုက်ချေ၏။
“ဖြစ်နိုင်ခြေတွေက ဘာလို့ ဒီလောက်များနေရတာလဲ... တို့စံအိမ်ထဲမှာ လူတွေအများကြီး ရှိတာမှ မဟုတ်တာ... စံအိမ်မှာ နေတဲ့ ဆရာတွေတောင်မှ မိသားစု ခေါ်မလာကြဘူးလေ... အဲဒီလို သားအဖမျိုးက ဘယ်ကနေ ရောက်လာမှာလဲ... ဒါ့အပြင် ဘယ်သူက တရားမဝင်မွေးတဲ့သားကို... တို့ပွဲကို ခေါ်ရဲမှာလဲ...”
ရှန်ချန်ဖုန်းနှင့် နျိုနျိုလေးတို့မှာ ဆွံ့အသွားရတော့သည်။ ရှန်လင်က နျိုနျိုလေးအား ထပ်မံမေးမြန်းလိုက်ပြီး နျိုနျိုလေးသည် ထိုသားအဖကြောင်းကို စုံစမ်းလိုသော်လည်း လှပသော ရှုခင်းများကိုလည်း လက်လွတ်မခံချင်သဖြင့် သူမ၏ မျက်နှာလေးမှာ ချက်ချင်းပင် ဝေခွဲမရ ဖြစ်သွားတော့သည်။ သို့သော် ရှန်ချန်ဖုန်းက လက်ခါပြကာ ပြောလိုက်၏။
“နှစ်လှမ်းလောက်ပဲ လျှောက်ရတော့မှာလေ... သွားမကြည့်ရင် နှမြောစရာကြီး ဖြစ်လိမ့်မယ်...”
သူသည် နျိုနျိုလေးအား ကျောက်တောင်အတု၏ ဖြတ်လမ်းအတိုင်း ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ သို့သော် ၎င်းတို့သုံးဦးစလုံး နှစ်လှမ်းမျှပင် မလျှောက်ရသေးမီ စိမ်းပြာရောင် ဝတ်စုံ ဆင်ယင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့် ကွက်တိ တိုးမိတော့သည်။
ထိုအမျိုးသားသည် ခေါင်းငုံ့ကာ ဝဲယာသို့ ကြည့်ရှုနေပြီး မြေပြင်ပေါ်တွင် တစ်စုံတစ်ခုကို ရှာဖွေနေသည့်ပုံစံ ဖြစ်နေချေသည်။
ရှန်လင်က တုံ့ဆိုင်းစွာဖြင့် လှမ်းခေါ်လိုက်၏။
“ဖေဖေ...”