← Chapters

အခန်း ၉၄၆

Vol. 64 Ch. 946

အခန်း ၉၄၆

Vol. 64 Ch. 946

အခန်း ၉၄၆ - မင်း ဘယ်တစ်ခုကို ပြောနေတာလဲ

"ရီထျန်းဂိုဏ်းပဲ။ ရီထျန်းဂိုဏ်းက တစ်ယောက်ပဲ"

"သူက ဘာလို့ ဒီကိုရောက်နေတာလဲ"

"အချိန်ကိုက်ပဲဟေ့။ ငါတို့အရှင်ဧကရာဇ်က သူတို့ကိုသာ ရှင်းပစ်နိုင်ရင် တစ်ယောက်ကို မျိုးနွယ်စုဂြိုဟ်ပေါင်းတစ်သောင်းစီ ဆုချမယ်လို့ ပြောထားတယ်"

"ရီထျန်းဂိုဏ်းက လူတိုင်းက ပါရမီရှင်တွေလို့ ကြားဖူးတယ်နော်။ သူတို့ ဘယ်လောက်တောင် သန်မာလဲဆိုတာ သိချင်နေတာ"

"ဟားဟားဟား.. အဆင့်ငါး အခြေခံအဆင့် သက်ရှိလား။ သူက ဟာသလုပ်ဖို့ ရောက်လာတာလား.. အဆင့်မြင့်သက်ရှိတွေရဲ့ အထောက်အပံ့မပါရင် ရီထျန်းဂိုဏ်းက ဘာမှမဟုတ်ပါလား"

"ဒီလိုသက်ရှိအဆင့်မျိုးဆိုရင် ဒီရတနာတိုက်ထဲမှာ သူက အောက်ဆုံးအဆင့်ပဲ ဖြစ်မှာပါ။ မဟုတ်ဘူးလား"

...

ကျန်းမုန့်လောင် ပေါ်လာသောကြောင့် ချက်ချင်းဆိုသလို ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး လူတိုင်းက ရီထျန်းဂိုဏ်းအကြောင်း ဆွေးနွေးကြလေတော့သည်။

ရီထျန်းဂိုဏ်းမှာ ဆေးဖော်စပ်ခြင်းနှင့် သတင်းအချက်အလက်နည်းပညာတွင် အားကောင်းကြောင်း လူတိုင်း သိထားကြသော်လည်း သူတို့၏ လူငယ်မျိုးဆက်မှာမူ ထိုမျှအထိ အစွမ်းမထက်လှဘဲ အလယ်အလတ်တန်းစားအဆင့် အဆင့်ငါးသက်ရှိတစ်ယောက်ကိုပင် ပျိုးထောင်နိုင်ဟန်မတူပေ။

အခြေခံအကျဆုံး အဆင့်ငါးမျိုးနွယ်စုပင်လျှင် အဆင့်ငါးအထွတ်အထိပ် သက်ရှိပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာကို အလွယ်တကူ ရှာဖွေနိုင်သည် မဟုတ်ပါလော။

"ဒီနေ့ မင်း ကံကောင်းသွားတယ်မှတ်"

ဤမြို့ကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သော ဂေးလ်က ပြောလိုက်သည်။ သူတို့သည် မြို့အတွင်း၌ ရတနာရှာဖွေရန် အလုပ်များနေသဖြင့် ကျန်းမုန့်လောင်အတွက် အချိန်မဖြုန်းလိုကြပေ။

"အမြန်ထွက်သွားစမ်း။ နောက်တစ်ခါ ငါတို့နဲ့ ထပ်တွေ့ရင် မင်း ဒီလောက်ကံကောင်းမှာ မဟုတ်တော့ဘူး"

"ဪ... ကဲပါဗျာ"

ကျန်းမုန့်လောင်က နောက်ပြောင်လေဟန် အပြုံးဖြင့် ပြောလိုက်သည်။

"'အရင်ရှာတွေ့တဲ့လူက ပိုင်ရှင်ပဲ'ဆိုတဲ့ စကားရှိတယ်လေ။ ပြီးတော့ မင်းတို့ အချက်ပြလွှတ်လိုက်လို့သာ ငါ နည်းနည်းနောက်ကျပြီး ရောက်လာတာပါ.. ငါ့ကိုယ်ငါ ရုပ်ချောမှန်း သိပါတယ်။ ဒါပေမဲ့ အဲ့လောက်ကြီးလည်း အချစ်မျက်ဝန်းတွေနဲ့ မကြည့်ကြနဲ့လေ"

"အရှက်မဲ့ချက်"

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ချက်ချင်းပင် ဆဲရေးတိုင်းထွာလိုက်သည်။

"ငါတို့ ဒီနေရာမှာ အရိပ်စစ်သည် အစောင့်အကြပ်တွေကို ရင်ဆိုင်နေရတာ ရက်အတော်ကြာပြီ။ ငါတို့ထဲက တစ်ဝက်နီးပါး ဒဏ်ရာရခဲ့တယ်။ ပြီးတော့ အကာအကွယ်ဒိုင်းကာကို ဖွင့်နိုင်ဖို့ ညမအိပ်ဘဲ တိုက်ခိုက်ခဲ့ရတာကွ။ အခုကျမှ မင်းက ဘာမှမပေးဆပ်ဘဲနဲ့ အကျိုးအမြတ်လာယူချင်နေတာလား"

"မှန်တယ်။ ငါတို့ ဒီလောက်အများကြီး ပေးဆပ်ထားရတာကို ဘာမှမပေးဘဲနဲ့ ဝင်ချင်နေတာလား.. ငါတို့ သဘောတူမတူ အရင်မေးဦးမှပေါ့"

"ရီထျန်းဂိုဏ်းက လူတွေက မောက်မာတယ်ဆိုတာ သိပေမဲ့ ဒီလောက်အထိ အရှက်မဲ့လိမ်မယ်လို့တော့ မထင်ထားဘူး"

"ငါတို့ ပင်ပင်ပန်းပန်းနဲ့ ရှာထားရတဲ့မြို့ကို ဘာလို့ မင်းနဲ့ ခွဲဝေပေးရမှာလဲ။ မင်းက ဘာများ ကူညီပေးခဲ့လို့လဲ"

"ထွက်သွားစမ်း"

"ဝေးဝေးသွားလိုက်တော့"

ထိုကဲ့သို့သော ရိုင်းစိုင်းလှသည့် ဆဲရေးတိုင်းထွာမှုများကို ရင်ဆိုင်ရသော်လည်း ကျန်းမုန့်လောင်၏ စိတ်ထဲတွင် လှုပ်ခတ်မှုတစ်စုံတစ်ရာ မရှိပါဘဲ ပျော်စရာကောင်းသည်ဟုပင် ခံစားနေရ၏။

"အားလုံးပဲ... အရင်ဆုံး စိတ်အေးအေးထားကြပါ"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။

"မင်းတို့ တစ်ခုခုအထင်မှားနေပုံရတယ်"

ထိပ်သီးစာရင်းဝင် ပါရမီရှင်များမှာ လက်ပိုက်၍ ကျန်းမုန့်လောင်၏ ပြဇာတ်ကို ကြည့်နေကြသည်။ သူတို့၏ မျက်လုံးထဲတွင် ကျန်းမုန့်လောင်သည် အာရုံစိုက်ခံချင်သော လူပြက်တစ်ဦးသာသာပင်။

"မင်းတို့က ဒီမြို့ထဲက ရတနာတွေကို ငါနဲ့ ခွဲဝေရမှာ မဟုတ်ဘူး။ ငါကသာ ဒီရတနာတွေကို မင်းတို့နဲ့ ခွဲဝေပေးဖို့ ဆန္ဒရှိနေတာ"

ကျန်းမုန့်လောင်က ပြုံးလျက် ဆက်ပြောလိုက်သည်။

"ငါ့ရဲ့ရက်ရောမှုအတွက်တောင် မင်းတို့က ကျေးဇူးတင်သင့်တာ။ ဒါပေမဲ့ မင်းတို့က ငါ့စေတနာကို လက်မခံချင်ကြဘူးထင်တယ်"

"မင်း ဘာပြောလိုက်တယ်"

"ဟားဟားဟား.. သူ ရူးသွားတာပဲ ဖြစ်ရမယ်ကွ။ သူက ဒီရတနာတွေကို ငါတို့နဲ့ခွဲမယ် ဟုတ်လား.. အဲ့တော့ ပြောချင်တာက ဒီမြို့ထဲက ရတနာတွေက သူ့ပိုင်ဆိုင်မှုပါပေါ့လေ..."

"ဒါက ငါ နှစ်ပေါင်းရာချီအတွင်း ကြားဖူးသမျှထဲမှာ အကောင်းဆုံးဟာသပဲ"

"ရီထျန်းဂိုဏ်းက လူတွေက တကယ်ရူးနေကြတာပဲ"

လူတိုင်းက ကျန်းမုန့်လောင်၏ စကားများကို လှောင်ပြောင်သရော်နေကြလေသည်။

"ဟူး..."

ကျန်းမုန့်လောင်လည်း သက်ပြင်းချလိုက်၏။

"မင်းတို့ ဒီမှာ အကြာကြီး ပင်ပင်ပန်းပန်းလုပ်ခဲ့ရတာကို ကြည့်ပြီး လက်ဗလာနဲ့ ပြန်လွှတ်လိုက်ရတာ မကောင်းဘူးလို့ထင်လို့ ငါက ရတနာတွေကို ကြင်ကြင်နာနာ ခွဲဝေပေးဖို့ ဆုံးဖြတ်ခဲ့တာ။ ဒါပေမဲ့ မင်းတို့က အခုလို ငါ့စေတနာကို ငြင်းလိုက်တော့ တကယ် စိတ်မကောင်းဖြစ်ရတယ်"

"တကယ့်အရူးကောင်ပဲ။ သူ့ကို လျစ်လျူရှုထားလိုက်။ မြို့ထဲကိုပဲ သွားကြစို့"

ဘယ်လ်ရုမှာမူ ကျန်းမုန့်လောင်နှင့် အချိန်ဖြုန်းရန် စိတ်မပါတော့ပေ။

"ဟုတ်တယ်။ မြို့ထဲမှာ ဘာတွေရှိလဲ အရင်ကြည့်ရအောင်"

"သူသာ ဒီမြို့ထဲကိုဝင်ရဲရင် ငါတို့ လှုပ်ရှားစရာတောင် မလိုဘူး။ တစ်ယောက်ယောက်က သူ့ကို ရှင်းပေးလိမ့်မယ်"

ထိပ်သီးစာရင်းဝင် ပါရမီရှင်များမှ ကျန်းမုန့်လောင်အား လူပြက်တစ်ဦးထက် မပိုသော အကြည့်ဖြင့် ကြည့်ကာ အချင်းချင်း ရယ်မောနေကြသည်။

"နေဦး"

ကျန်းမုန့်လောင်သည် မြို့ဝင်ပေါက်၏ အထက်သို့ ပျံတက်သွားလေသည်။

"ဒီမြို့ကို ငါ တစ်ယောက်တည်း ကန်ထရိုက်ယူထားပြီးပြီ။ မင်းတို့က မြို့ကိုဖွင့်ဖို့ ကူညီပေးခဲ့တာမို့ ငါ မင်းတို့ကို ဒုက္ခမပေးတော့ဘူး။ အခုချက်ချင်း ထွက်သွားကြတော့"

ယင်ကောင်မောင်းထုတ်သည့်အလား လက်ကို ဝှေ့ယမ်း၍ ကျန်းမုန့်လောင်က ဆက်ပြောပြန်သည်။

"မင်းတို့ရဲ့ အမှိုက်တွေကိုလည်း တစ်ခါတည်း ယူသွားဖို့ မမေ့နဲ့ဦး.. ငါ့နယ်မြေထဲမှာ ရှုပ်ပွနေတာကို ငါ မလိုချင်ဘူး"

"မင်းကတော့ သေချင်နေပြီပဲ"

ရတနာရှာဖွေသူတစ်ဦးက နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။ ကျန်းမုန့်လောင်၏ သက်ရှိအဆင့်မှာ အဆင့်ငါးအခြေခံအဆင့်သာ ဖြစ်၏။

ဤကဲ့သို့သော အဆင့်မျိုးမှာ အဆင့်သုံးမျိုးနွယ်စုတစ်ခု၏ အုပ်ချုပ်သူသာ ဖြစ်နိုင်လေရာ သူ့ရှေ့တွင် ပြားပြားဝပ်နေရမည့်သူ ဖြစ်၏။ အဆင့်လေး မျိုးနွယ်စုအုပ်ချုပ်သူပင်လျှင် သူ့ရှေ့တွင် အသံကျယ်ကျယ် မပြောရဲပေ။ သို့တိုင် ဤရီထျန်းဂိုဏ်းသားကမူ လူအများရှေ့တွင် ဘာကြောင့် ကြွားလုံးထုတ်ဝံ့ရသလဲ။

ထိုရတနာရှာဖွေသူက လှံတံကို ကိုင်ဆောင်ထားသည်။ ထိုလက်နက်မှာ အဆင့်ငါး သိုင်းလက်နက် ဖြစ်ကြောင်း ထင်ရှားလှသည်။ လှံသွားမှ ထွက်ပေါ်လာသော စကြဝဠာနိယာမစွမ်းအင်များမှာ ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်နိုင်စွမ်း ရှိဟန်ပင်။ ထိုနေရာရှိ လူပေါင်းသောင်းဂဏန်းထဲတွင် သူ့ခွန်အားမှာ ပျမ်းမျှအဆင့်ထက် သာလွန်ပေ၏။

"ဒါပဲလား"

ကျန်းမုန့်လောင်က လှောင်ပြောင်လိုက်၏။ ထို့နောက် သူ့လက်ထဲတွင် ငွေဖြူရောင် လှံတစ်စင်း ပေါ်လာချေသည်။ လှံတံပေါ်လာသည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော လှိုင်းတစ်ခုကြောင့် လေထုတစ်ခုလုံး တုန်ခါသွားသည်။

"အေးစက်အလင်းတန်း ဖြာထွက်စေ။ လှံသွားထက်က နဂါးထွက်ပေါ်စေ"

ကျန်းမုန့်လောင်သည် သူ၏သုန်းချီကို အသုံးပြု၍ မြင်းတစ်ကောင်ကို ဖန်တီးပြီး တိုက်ခိုက်သူထံသို့ လှံတံဖြင့် ထိုးလိုက်သည်။

စွပ်!

လှံနှစ်စင်း ထိပ်တိုက်တွေ့ဆုံချိန်ဝယ် ရတနာရှာဖွေသူ၏ လှံတံမှာ ထိပ်ဖျားမှစ၍ တို့ဖူးအလား တစစီ ကြေမွသွားသည်။ ကျန်းမုန့်လောင်၏ လှံတံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ခွန်အားကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားရချေ၏။ ဤသည်မှာ အမှန်တကယ်ပင် အဆင့်ငါးအခြေခံအဆင့် သက်ရှိတစ်ယောက်၏ ခွန်အားပင်။

"မလုပ်နဲ့"

သူ မအော်ဟစ်နိုင်ခင်မှာပင် ကျန်းမုန့်လောင်၏ လှံတံက သူ့ရင်ဘတ်ကို ထိုးဖောက်သွားပြီ ဖြစ်၏။ သူလည်း ရုပ်သေးရုပ်အလား မြေပြင်ပေါ်သို့ မကျခင်မှာပင် အသက်ပျောက်သွားရသည်။

ကျန်းမုန့်လောင်မှာ သူ့ဦးခေါင်းပေါ်ရှိ မီးလျှံထဲသို့ ဆန်းကြယ်သော စွမ်းအားတစ်ရပ် ပေါင်းစပ်သွားသည်ကို ခံစားလိုက်ရသည်။ မီးလျှံကလည်း ပိုမို တောက်လောင်လာ၏။

"ငါ ကြည့်ကောင်းတယ်မလား"

ကျန်းမုန့်လောင်က လှံကို လှည့်၍ကစားရင်း သူကိုယ်တိုင် စတိုင်ကျသည်ဟု ထင်ရသော ပုံစံတစ်ခုကို ပုံဖမ်းလိုက်သည်။

"အဆင့်ခြောက်သိုင်းလက်နက်ပဲ။ သူ့ဆီမှာ အဆင့်ခြောက်သိုင်းလက်နက်တစ်ခု ရှိတယ်"

"အဆင့်ငါးအခြေခံအဆင့် သက်ရှိတစ်ယောက်က အဆင့်ငါးအထွတ်အထိပ် သက်ရှိတစ်ယောက်ကို ချက်ချင်းသတ်နိုင်တယ်ဆိုတော့ ဒါက သေချာပေါက် အဆင့်ခြောက်သိုင်းလက်နက်ပဲ ဖြစ်ရမယ်"

"ဟုတ်တယ်။ ရီထျန်းဂိုဏ်းမှာ အဂ္ဂိရတ်ပညာရှင်တစ်ယောက် ရှိတယ်မဟုတ်လား.. သူတို့က အဆင့်ခြောက်သိုင်းလက်နက်လုပ်မယ့် ပစ္စည်းတွေနဲ့ အဆင့်ခုနစ်သိုင်းလက်နက်ကိုတောင် အသာလေး ဖော်စပ်နိုင်တယ်လေ။ သူတို့ရဲ့ ရတနာရှာဖွေသူမှာ အဆင့်ခြောက်သိုင်းလက်နက် ရှိနေတာ အံ့သြစရာ မဟုတ်ပါဘူး"

"သူ ဒီလောက်အထိ မောက်မာနေတာ မဆန်းတော့ဘူး။ သူက တကယ့်ရတနာကြီးကို ပိုင်ထားတာကိုး"

"ဟမ့်... သူ ဒါတွေကို မထုတ်ပြခဲ့သင့်ဘူး"

တစ်စုံတစ်ယောက်က ချက်ချင်း ဝင်ပြောလိုက်သည်။

"သူသာ ဒီအတိုင်း ထွက်သွားရင် အဆင်ပြေမှာကို။ အခုတော့ သူ့မှာ ဒီလိုရတနာတွေရှိနေမှန်း လူတွေ သိသွားပြီဆိုတော့ သူ ထွက်သွားနိုင်ပါဦးမလား"

အမှန်ပင်။ ထိပ်သီးစာရင်းဝင် ရတနာရှာဖွေသူများမှာ ကျန်းမုန့်လောင်အား လောဘတကြီးအကြည့်များဖြင့် ကြည့်လိုက်ကြသည်။

အဆင့်ခြောက်သိုင်းလက်နက် ဆိုသည်မှာ အဆင့်ခြောက်အထွတ်အထိပ် သက်ရှိအများစုပင် မပိုင်ဆိုင်နိုင်သော အရာဖြစ်ပြီး တန်ဖိုးကလည်း သာမန်အဆင့်ငါးမျိုးနွယ်စုပေါင်းများစွာထက် သာလွန်ပေရာ နောက်နောင်တွင် တစ်စုံတစ်ခုကို ရရှိချင်လျှင်ပင် ကြီးမားလှသော တန်ဖိုးကို ပေးဆပ်ရပေလိမ့်မည်။

ယခုမူ ထိုကဲ့သို့သော ရတနာမှာ သူတို့၏ ရှေ့တည့်တည့်တွင် ရှိနေချေသည်။ ဤသည်မှာ ဇူဒါမျိုးနွယ်စု၏ မြို့တော်ထက်ပင် ပိုဆွဲဆောင်မှုရှိနေတော့သည်။

"ငါ မင်းကို အထင်သေးမိသွားတယ်"

ဟယ်နွန်က ကျန်းမုန့်လောင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်းရဲ့ အဆင့်ခြောက်သိုင်းလက်နက်ကို လွှဲပေးစမ်း။ ဒါဆိုရင် မင်း ထွက်သွားဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်.. မဟုတ်ရင်တော့ မင်းရဲ့ ရတနာရှာဖွေရေးခရီးစဉ်က ဒီမှာတင် အဆုံးသတ်သွားလိမ့်မယ်"

"မင်းက ငါ့ရဲ့အဆင့်ခြောက်သိုင်းလက်နက်ကို လိုချင်တာလား"

ကျန်းမုန့်လောင်က ခေါင်းတကုတ်ကုတ်လုပ်လိုက်ပြီးနောက် မရေတွက်နိုင်သော လူများ အံ့အားသင့်နေသည့်ကြားက လှံတံထက်မနိမ့်သော ဆန်းကြယ်သည့် ထွင်းစာများနှင့် စွမ်းအင်လှိုင်းများဖြင့် ဖုံးလွှမ်းထားသည့် အနက်ရောင်တုတ်တစ်ချောင်းကို ထုတ်ယူလိုက်ပြန်သည်။

"နောက်ထပ်အဆင့်ခြောက်သိုင်းလက်နက်တစ်ခုဟ"

"သူက ဒီလိုရတနာမျိုးကို နှစ်ခုတောင် ပိုင်ထားတာလား"

"ခဏစောင့်ဦး"

ကျန်းမုန့်လောင်က သူ့ခန္ဓာကိုယ်ပေါ်တွင် ရှာဖွေကြည့်ပြီးနောက် နှစ်မီတာနီးပါး ရှည်လျားသော ဧရာမ ဓားကြီးတစ်လက်ကို ထုတ်လိုက်ပြန်သည်။

ထို့နောက် မီးခိုးရောင်တိုက်ခိုက်ရေးဓားတစ်လက်။

ချပ်ဝတ်တန်ဆာတစ်ခု။

လက်အိတ်တစ်စုံ။

လေးနှင့် မြှား။

ဆယ်ခု၊ အခုနှစ်ဆယ်၊ အခုသုံးဆယ်...

သိုင်းလက်နက်များကို ဆိုင်ဖွင့်၍ ရောင်းချနေသည့်အလား အရှေ့တွင် တစ်ခုပြီးတစ်ခု ခင်းကျင်းလိုက်လေသည်။

"ငါ့မှာ ဒီလိုအတုအပတွေ အများကြီးရှိတာနော်။ မင်းက ဘယ်တစ်ခုကို ပြောနေတာလဲ"

****************************

All Chapters