← Chapters

အခန်း ၉၄၇

Vol. 64 Ch. 947

အခန်း ၉၄၇

Vol. 64 Ch. 947

အခန်း ၉၄၇ - အားလုံးတစ်ပြိုင်တည်း လာကြစမ်း။ ငါ အလျင်လိုနေတယ်

"တစ် နှစ် သုံး... ၃၇ခု... အဆင့်ခြောက်သိုင်းလက်နက် ၃၇ခုတောင်"

ကျန်းမုန့်လောင်တစ်ယောက် စကြဝဠာအင်ပါယာတစ်ခု၏ အရှင်သခင်များကိုပင် ရူးသွပ်သွားစေနိုင်သည့် ပစ္စည်းများကို ထုတ်ယူနေပုံမှာ ဒိုရေမွန်၏ နေရာလွတ်အိတ်ကပ်ကို ဆောင်ထားသည့်အလားပင်။ သူသည် ထိုကဲ့သို့သောပစ္စည်း စုစုပေါင်း ၃၇ခုကို ထုတ်ယူခဲ့သည်။

ပြီးခဲ့သည့်တစ်ခေါက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားစဉ်က ကျန်းမုန့်လောင်သည် အဆင့်ခြောက်နှင့် အထက်ရှိ သက်ရှိများကို လျော်ကြေးပေးမည်ဟု ကတိပေးထားသည်ဖြစ်ရာ ကတိတည်စေရန်အတွက် ထိုပစ္စည်းများကို ပြင်ဆင်ရန် အချိန်အတော်အတန် ပေးခဲ့ရသည်။

ထိုစဉ်က သူသည် ခန့်မှန်းခြေဖြင့်သာ တွက်ချက်ခဲ့သောကြောင့် ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို ဝယ်ယူခဲ့သည်။ မည်သို့ပင်ဆိုစေ သူသည် ထိုကုန်ကြမ်းများအတွက် ပိုက်ဆံမပြတ်လပ်သဖြင့် လိုအပ်သည်ထက်ပို၍ ပြင်ဆင်ခဲ့ခြင်း ဖြစ်လေရာ အားလုံးကို သန့်စင်ပြီးနောက် ကုန်ကြမ်းပစ္စည်း အမြောက်အမြား ပိုလျှံနေခဲ့လေသည်။

မဖြုန်းတီးရေးဟူသော စံနှုန်းနှင့်အညီ ကျန်းမုန့်လောင်လည်း ပိုလျှံနေသော ထိုကုန်ကြမ်းများဖြင့် သိုင်းလက်နက်များနှင့် ဆေးရည်အချို့ကို ဖန်တီး၍ သူ့ကိုယ်ပေါ်၌ သိမ်းဆည်းထားခဲ့၏။

ဤသိုင်းလက်နက် ၃၇ခုထဲတွင် ၃၂ခုမှာ အဆင့်ခြောက်သိုင်းလက်နက်များ ဖြစ်ပြီး ကျန်ငါးခုမှာမူ အဆင့်ခုနစ်သိုင်းလက်နက်များပင်။

ဤပစ္စည်းများကြောင့် ဟယ်နွန်တို့လို လူများပင် သွားရည်ကျလုမတတ် ဖြစ်သွားရသည်။ အကယ်၍ ဤသိုင်းလက်နက်များထဲမှ တစ်ခုခုကိုသာ ပိုင်ဆိုင်ထားမည်ဆိုလျှင် သူတို့အနေနှင့် ပိုအားနည်းသော အဆင့်ခြောက်သက်ရှိတချို့နှင့် မတော်တဆ ကြုံတွေ့ရသည့်အခါတွင် ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်ပေ၏။

"သူက တကယ်ကြီး ဒီပစ္စည်းတွေကို အမှိုက်လို့ ပြောလိုက်တာလား"

"မရှိသူအတွက် ရွှေ၊ ရှိသူအတွက် ရွှံ့ပဲ.. အဆင့်ငါးမျိုးနွယ်စုရဲ့ အရှင်သခင်ဆီမှာတောင် ဒီလိုလက်နက်မျိုး ရှိချင်မှရှိမှာ။ ဒါပေမဲ့ သူ့မှာတော့ ၃၇ခုတောင် ရှိနေတယ်.. ရီထျန်းဂိုဏ်းက တကယ်ချမ်းသာတာပဲ"

"တောက်... သူ ထပ်ကြွားနေပြန်ပြီ"

သို့သော် ပြန်စဉ်းစားကြည့်လျှင် ဤသည်မှာ သူတို့အတွက် အခွင့်အရေးတစ်ခု ဖြစ်မနေပေဘူးလော။

"ဟမ့်... ဒီလိုရတနာတွေကို ပိုင်ဆိုင်ထားတာတောင် နည်းနည်းလေးမှ ဖုံးကွယ်မထားဘူးဆိုတော့.. သူက လမ်းလျှောက်နေတဲ့ ရတနာသိုက်ကြီးအတိုင်းပဲ"

"သူ့ကိုယ်ပေါ်မှာ မရေတွက်နိုင်တဲ့ ရတနာတွေ ရှိနေရင်တောင် သူက အဆင့်ငါးအခြေခံသက်ရှိအဆင့်ပဲ ရှိသေးတာ.. ဟိုကောင့်ကို သတ်လိုက်နိုင်တာကလည်း ဒီသိုင်းလက်နက်တွေရဲ့ စွမ်းအားကြောင့်ပဲ။ ဒါပေမဲ့ သူ့တကယ့်ခွန်အားနဲ့ဆိုရင် အဆင့်ခြောက်သိုင်းလက်နက်ရဲ့ စွမ်းအားအလုံးစုံကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး"

"ဟုတ်တယ်။ ငါတို့ဆီမှာ လူပေါင်းသိန်းဂဏန်းလောက် ရှိတာ။ သူ့တစ်ယောက်လေးကို မရှင်းနိုင်စရာ ရှိမလား"

"မင်းတို့ရော ဘယ်လိုထင်လဲ"

ဟယ်နွန်က ထိပ်သီးစာရင်းဝင် အခြားပါရမီရှင်များကို ကြည့်ကာ မေးလိုက်၏။

"ဒီလိုအခွင့်အရေးမျိုးကိုတော့ လက်လွှတ်ခံလို့ မဖြစ်ဘူး"

ဘယ်လ်ရုက နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ပြောလိုက်သည်။

"ကံတရားက ငါတို့ဘက်မှာ ရှိနေတာပဲ.. ငါက အဆင့်ခြောက်သိုင်းလက်နက်တစ်ခုကို အခုလေးတင် ရထားတာ။ အခုတော့ ပိုကောင်းတဲ့ပစ္စည်းတွေ ငါတို့ဆီ ဝင်လာပြီဟေ့"

ကျန်းမုန့်လောင် ထုတ်ယူလိုက်သော အနက်ရောင်တုတ်ကို မြင်လိုက်ရသည့်အခါ သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။

ထိပ်သီးစာရင်းဝင် ပါရမီရှင်တစ်ယောက် ဖြစ်သည့်အားလျော်စွာ သူသည် အဆင့်ခြောက်သက်ရှိများနှင့် ထိတွေ့ဆက်ဆံရန် အခွင့်အရေးများစွာ ရှိခဲ့လေသည်။ သူ့စွမ်းရည်များမှာလည်း သူ့အား အလွန်သဘောကျသော အဆင့်ခြောက်သက်ရှိတစ​်ယောက်က သင်ကြားပေးခဲ့ခြင်းပင်။

သူ့ဆရာ အသုံးပြုသောတုတ်မှာ အဆင့်ခြောက်သိုင်းလက်နက် အဆင့်အတန်းရှိပြီး ယခုမူ ဤတုတ်မှာ သူ့ဆရာ၏တုတ်ထက်ပင် ပိုမိုအစွမ်းထက်ကြောင်း သူ ခံစားမိသည်။

"တခြားပစ္စည်းတွေကို မင်းတို့ ဘယ်လိုခွဲခွဲ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ အဲ့ဒီတုတ်ကိုတော့ ငါ လိုချင်တယ်"

ဘယ်လ်ရုက ပြောလိုက်သည်။

သူသည် အခြားပစ္စည်းများကို မက်မောမိသော်လည်း ဤမျှများပြားလှသော လူအုပ်ကြီးအကြား သူတို့၏ ခွန်အားတစ်ခုတည်းဖြင့် အခြားရတနာရှာဖွေသူများ၏ အရူးအမူးလုယက်မှုအောက်၌ အကျိုးအမြတ်များများစားစား ရလိမ့်မည်မဟုတ်ပေ။

"ဒါဆိုရင် ငါက အဲ့ဒီလေးနဲ့မြှားကို လိုချင်တယ်"

"အဲ့ဒီချပ်ဝတ်တန်ဆာကိုတော့ ငါ ယူမယ်"

...

ထိပ်သီးစာရင်းဝင် ပါရမီရှင်ဆယ့်နှစ်ယောက်က ထိုပစ္စည်းများမှာ သူတို့၏လက်ထဲသို့ ရောက်နေသည့်အလား သိုင်းလက်နက်၁၅ခုကို ချက်ချင်းပင် ခွဲဝေလိုက်ကြတော့သည်။

"ဟေး... ရီထျန်းဂိုဏ်းကကောင်... မင်းက ငါတို့ရှေ့မှာ ဒီပစ္စည်းတွေကို ထုတ်ပြရဲတာ တော်တော်သတ္တိရှိတာပဲ.. မင်း ငါတို့ ဘယ်သူဆိုတာကိုရော သိရဲ့လား"

ဤနေရာရှိ ထိပ်သီးစာရင်းဝင်များထဲ၌ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်သဖြင့် ဘယ်လ်ရုသည် မိမိကိုယ်ကိုယ် လူတိုင်း၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ထား၏။

"ပထမအချက်အနေနဲ့ ဒါက သတ္တိရှိတာ မဟုတ်ဘူး။ မောက်မာတယ်လို့ ခေါ်တာ"

"ဒုတိယအချက်အနေနဲ့ ငါ့နာမည်က 'ဟေး'မဟုတ်ဘူး.. ငါက ချူ... ငါက ကျန်းမုန့်လောင်... 'မောက်မာတဲ့' ကျန်းမုန့်လောင်ပဲ"

"တတိယအချက်အနေနဲ့ မင်းတို့ကရော ငါ ဘယ်သူလဲဆိုတာ သိကြလို့လား"

ကျန်းမုန့်လောင်၏ စကားသုံးခွန်းကြောင့် လူတိုင်း ဆွံ့အသွားကြရလေသည်။

"ငါ ပြောပြမယ်။ ငါက ရီထျန်းဂိုဏ်းကို တည်ထောင်သူပဲ"

ကျန်းမုန့်လောင်သည် သူ့ဝတ်ရုံကို တစ်ဖန် ခါယမ်းလိုက်ပြန်၏။

"ဒီစာလုံးတွေကို မြင်လား.. ပထမမျိုးဆက် ရီထျန်း"

"သူက ရီထျန်းဂိုဏ်းကို တည်ထောင်သူ ဟုတ်လား"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ပြီးခဲ့တဲ့ နေရာလုပွဲတုန်းက ရီထျန်းဂိုဏ်းမှာ အဆင့်ကိုးသက်ရှိတစ်ယောက် ပေါ်လာခဲ့တယ်လို့ ငါတို့ဘုရင်ဆီကနေ ကြားထားတယ်လေ"

"ဘာ.. အဆင့်ကိုးသက်ရှိ ဟုတ်လား.. စကြဝဠာတစ်ခုလုံးမှာတောင် အဆင့်ကိုးသက်ရှိက ဆယ်ယောက် မပြည့်ဘူးမလား.. သူတို့ ဝင်ခွင့်နေရာပေါင်း ငါးသောင်းကို အရယူနိုင်တာ မဆန်းတော့ပါဘူး"

"ဒါက လုံးဝယုတ္တိမရှိဘူး.. တကယ်လို့ သူသာ တည်ထောင်သူဆိုရင် အဲ့ဒီအဆင့်ကိုးသက်ရှိပဲ ဖြစ်ရမှာ မဟုတ်ဘူးလား.. သူက ဘယ်လိုဖြစ်ပြီး အဆင့်ငါးအခြေခံသက်ရှိ ဖြစ်နေရတာလဲ"

"ငါထင်တာကတော့ ဖြစ်နိုင်တယ်ပဲ.. မဟုတ်ရင် သူ့တစ်ယောက်တည်းနဲ့ ဒီလောက်များတဲ့ ရတနာတွေကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားမှာလဲ"

"ဟုတ်တယ်။ အဖွဲ့အစည်းတစ်ခုကို တည်ထောင်တဲ့လူက အစွမ်းအထက်ဆုံးခွန်အား ရှိရမယ်လို့ မဆိုလိုဘူးလေ။ သူ့မှာ ခေါင်းဆောင်မှု စွမ်းရည် ဒါမှမဟုတ် ထူးခြားတဲ့ တခြားစွမ်းရည်တွေ ရှိနေလို့ပဲ ဖြစ်လိမ့်မယ်။ သူတို့ရဲ့ အဂ္ဂိရတ်ပညာရှင်ကိုပဲ ကြည့်လေ။ အဆင့်လေးသက်ရှိပဲ ရှိသေးတာ.. ဒါပေမဲ့ သူ့ရဲ့ အဂ္ဂိရတ်ပညာကို မှီခိုပြီး လူတိုင်းရဲ့ ထောက်ခံမှုကို ရထားသေးတာပဲ"

ကျန်းမုန့်လောင်၏ သရုပ်မှန်ကား အမှန်တကယ်ပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သော်လည်း သူတို့ကို ကြောက်ရွံ့သွားစေခြင်း သို့မဟုတ် နောက်ဆုတ်သွားစေခြင်း မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့ ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။

အကယ်၍ သူသည် ရီထျန်းဂိုဏ်းကို တည်ထောင်သူသာ ဖြစ်ရိုးမှန်ပါက သူ့ခန္ဓာကိုယ်ပေါ်ရှိ ရတနာများမှာ ဤမျှကမည်မဟုတ်ပေ။

လူတိုင်း အသည်းအသန် လိုချင်နေကြသော စွမ်းအင်ဆေးလုံးများ၊ နတ်စွမ်းအင်ဆေးလုံးများ သို့မဟုတ် အန္တိမစွမ်းအင်ဆေးလုံးများကိုပင် သူ့ကိုယ်ပေါ်၌ ရှာဖွေတွေ့ရှိနိုင်သည်။

စွမ်းအင်ဆေးလုံးတစ်လုံးတည်းဖြင့်ပင် အဆင့်ငါးအထွတ်အထိပ် သက်ရှိတစ်ယောက်ကို အဆင့်ခြောက်သက်ရှိအဖြစ်သို့ အဆင့်မြှင့်တင်ပေးနိုင်သည်ဖြစ်ရာ ဤသည်မှာ ရတနာရှာဖွေသူတိုင်းအတွက် ကြီးမားလှသော ဆွဲဆောင်မှုတစ်ခုပင်။ သူတို့ အဆင့်ခြောက်သက်ရှိ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ကုန်ခမ်းခြင်းမရှိသော သက်တမ်းနှင့် အတိုင်းအဆမရှိသော ကြီးပွားချမ်းသာမှုများကို ပိုင်ဆိုင်ရမည်သာ။

"ကျန်းမုန့်လောင်..မင်း ထိပ်သီးစာရင်းအကြောင်း ကြားဖူးလား"

ဘယ်လ်ရုက မေးလိုက်သည်။

"ထိပ်သီးစာရင်း.. အဲ့ဒါက ဘာကြီးလဲ"

ကျန်းမုန့်လောင်သည် ထိုဝေါဟာရနှင့် အမှန်တကယ်ပင် စိမ်းနေချေသည်။

"​ကျောင်းအုပ်ကြီး... ထိပ်သီးစာရင်းဆိုတာက လွယ်လွယ်ပြောရရင် စကြဝဠာတစ်ခုလုံးမှာရှိတဲ့ သက်ရှိအဆင့်တစ်ခုချင်းစီရဲ့ အသန်မာဆုံးသက်ရှိအယောက်တစ်သောင်းနဲ့ ဖွဲ့စည်းထားတဲ့ အဆင့်သတ်မှတ်ချက်စာရင်းပါ"

ကောထန်က ကျန်းမုန့်လောင်အား ချက်ချင်း ရှင်းပြလိုက်သည်။

"ဪ.."

ကျန်းမုန့်လောင်လည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်လေသည်။

"ဒါဆိုရင် မင်းတို့က ဒီထိပ်သီးစာရင်းထဲက လူတွေပေါ့.."

"ငါနဲ့ ဟောဒီက ၁၁ယောက်လုံးက အဆင့်ငါးသက်ရှိတွေထဲက ထိပ်သီးစာရင်းဝင်တွေပဲ"

"ဪ... ဪ"

ကျန်းမုန့်လောင်က အံ့အားသင့်သွားလေဟန် အမူအရာကို ပြသလိုက်သည်။

ကျန်းမုန့်လောင်၏ အမူအရာကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာထက်တွင် မောက်မာသော အရိပ်အယောင်များ ချက်ချင်း ထင်ဟပ်လာကြသည်။

"အဲ့တော့ ဘာဖြစ်လဲ"

"အဲ့တော့ ဘာဖြစ်လဲတဲ့လား"

ဤစကားလုံးများကြောင့် ဘယ်လ်ရု ချက်ချင်း ဆွံ့အသွားရသည်။ သူတို့သည် ကျန်းမုန့်လောင်က အော်ဟစ်စိန်ခေါ်ခြင်း သို့မဟုတ် ပြင်းထန်သော အခြားလှုပ်ရှားမှုများ ပြုလုပ်လာမည်ကို မကြောက်သော်လည်း ယခုလို တည်ငြိမ်အေးဆေးလွန်းသော လေသံက သူတို့ကို အလွန်အမင်း စော်ကားခံရသလို ခံစားရစေသည်။

"မင်းက ဘာကို ဆိုလိုတာလဲ.. ငါတို့ကို လာနှိမ်နေတာလား.. မင်း ထိပ်သီးစာရင်းရဲ့ ဂုဏ်သတင်းကိုရော သိရဲ့လား"

"စကားအပိုတွေ ပြောမနေနဲ့တော့။ ငါ အရင်ဆုံး သူ့ရဲ့ခြေလက်တွေကို ရိုက်ချိုးပစ်မယ်"

ဟယ်နွန်က ရှေ့သို့ အရင်ထွက်လာသည်။

"မင်းရဲ့ချပ်ဝတ်တန်ဆာနဲ့ ခေါင်းဆောင်းကို ဝတ်ထားလိုက်စမ်း။ မဟုတ်ရင် ငါ့ရဲ့ တိုက်ကွက်တစ်ကွက်ကိုတောင် မင်း ခံနိုင်မှာမဟုတ်ဘူး"

အဆင့်ခြောက်သိုင်းလက်နက်များမှာ အမှန်တကယ်ပင် အစွမ်းထက်သော်လည်း ထောက်ပံ့ပေးနိုင်ရန်အတွက် ခိုင်မာသော စွမ်းဆောင်ရည်ကိုလည်း လိုအပ်သည်။ သူတို့၏ မျက်လုံးထဲတွင် ကျန်းမုန့်လောင်၌ ထိုကဲ့သို့သော ခွန်အားမျိုး မရှိပေ။

သို့သော် ကျန်းမုန့်လောင်သည် ထိုပစ္စည်းများကို တိတ်တဆိတ် ပြန်သိမ်းလိုက်ပြီးနောက် လက်ညှိုးကွေး၍ အချက်ပြလိုက်သည်။

"လာကြလေ'

"ငါ စိတ်ပြောင်းသွားပြီ"

ဟယ်နွန်က ရှေ့သို့ လျှောက်လှမ်းရင်း ပြောလိုက်လေရာ ရက်စက်ကြမ်းကြုတ်သော သူ့အရှိန်အဝါများမှာ တဖြည်းဖြည်း မြင့်တက်လာသည်။

"ငါက မင်းရဲ့ခြေလက်တွေကို ရိုက်ချိုးရုံတင်မကဘူး။ အမှုန့်ဖြစ်အောင် ချေမွပစ်မယ်။ ပြီးရင် မင်းကို စကြဝဠာသားရဲမျိုးစိတ်ခွဲတွေရဲ့ အသိုက်ထဲကို ပစ်ထည့်လိုက်မယ်"

"နေဦး"

ကျန်းမုန့်လောင်က ရုတ်တရက် ပြောလိုက်ချေသည်။

"ဘာလဲ။ ကြောက်သွားပြီလား"

ဟယ်နွန်က ရက်စက်သော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ ထိပ်သီးစာရင်းဝင် ပါရမီရှင်ဟူသော သူ့ဂုဏ်ပုဒ်သည် ရီထျန်းဂိုဏ်း၏တည်ထောင်သူအား ခြိမ်းခြောက်နိုင်ဆဲ ဖြစ်ဟန်တူသည်။

"ကြောက်တယ် ဟုတ်လား.. ငါ့အဘိဓာန်ထဲမှာ အဲ့ဒီစကားလုံး မရှိဘူး"

ကျန်းမုန့်လောင်က ခေါင်းခါလိုက်သည်။

"ဪ... ဟုတ်သားပဲ။ ငါ့မှာ အဘိဓာန်လည်း မရှိဘူး.. ငါ ဆိုလိုချင်တာက တစ်ယောက်ချင်းစီ လာမနေနဲ့.. အားလုံးတစ်ပြိုင်တည်း လာကြ.. အချိန်တွေ အများကြီး ကုန်သွားပြီ။ ငါ အလျင်လိုနေတယ်ကွ"

************************

All Chapters