← Chapters

အခန်း ၉၄၈

Vol. 64 Ch. 948

အခန်း ၉၄၈

Vol. 64 Ch. 948

အခန်း ၉၄၈ - ထိပ်သီးစာရင်းဝင် ပါရမီရှင်တွေရဲ့ အရည်အချင်းက ဒါပဲလား

"အရမ်းတွေ မောက်မာမနေနဲ့ဦး.. ဒီသခင်ကြီးကိုယ်တိုင် တိုက်ပေးတာနဲ့တင် မင်းကို တော်တော်ထောက်ထားရာကျနေပြီ"

ထိပ်သီးစာရင်းဝင်တစ်ယောက်ဖြစ်သော ဟယ်နွန်သည် သာမန်အဆင့်ငါးအထွတ်အထိပ်သက်ရှိ ရာပေါင်းများစွာကို အသာလေး ကိုင်တွယ်နိုင်သူဖြစ်ပြီး သူ့လက်သီးတစ်ချက်မှာ လူပေါင်းထောင်ဂဏန်းကိုပင် ပြိုလဲသွားစေနိုင်၏။

အဆင့်ငါးအထွတ်အထိပ်သက်ရှိတစ်ယောက်၏ အရှိန်အဟုန်မှာ အသံ၏အရှိန်ထက် အဆပေါင်းများစွာ သာလွန်လုနီးပါးပင်။ လူအများစုမှာ သူ လှုပ်ရှားသွားသည်ကိုပင် မမြင်လိုက်ရပါဘဲ သူကတော့ ကျန်းမုန့်လောင်၏ ရှေ့တည့်တည့်သို့ ရောက်နေချေပြီ။

"ဒီအရှိန်က ငါ့ရဲ့အမြင်အာရုံ ဖမ်းယူနိုင်စွမ်းကိုတောင် ကျော်နေပြီ"

သူတို့သည် အစောပိုင်းက အရိပ်စစ်သည်များနှင့် တိုက်ခိုက်နေရသဖြင့် အလုပ်ရှုပ်နေခဲ့ကြရာ ယခုအချိန်မှာမူ ထိပ်သီးစာရင်းဝင် သိုင်းပညာပါရမီရှင်တစ်ဦး၏ တိုက်ပွဲကို ပထမဆုံးအကြိမ် အနီးကပ်လေ့လာခွင့်ရခြင်း ဖြစ်လေသည်။

"သူ ထိပ်သီးစာရင်းထဲ ပါနေတာ မဆန်းပါဘူး.. ငါသာဆိုရင် သူ့ရဲ့လက်သီးတစ်ချက်ကိုတောင် ခုခံနိုင်မှာ မဟုတ်ဘူး"

"ဟားဟားဟား... ကျန်းမုန့်လောင်ဆိုတဲ့ ကောင်ကို ကြည့်ဦး။ ကြောက်လွန်းလို့ တောင့်တောင့်ကြီး ဖြစ်နေရှာပြီ"

"ငါတို့တောင် ဟယ်နွန်ရဲ့ လှုပ်ရှားမှုကို မမြင်ရတာ။ အဆင့်ငါးအခြေခံသက်ရှိပဲ ရှိသေးတဲ့ ကျန်းမုန့်လောင်ဆိုရင် ပိုဝေးတာပေါ့.. ဟယ်နွန်ကိုယ်တိုင် လှုပ်ရှားတာက သူ့သိက္ခာကိုချသလိုတောင် ဖြစ်နေတယ်လို့ ငါ ခံစားရတယ်"

"ခံရပါစေ။ ဒီလိုလူတွေကို အလွယ်တကူရန်စလို့ရတယ်လို့ ထင်နေတာလား"

"အားလုံး ပြင်ဆင်ထားကြ.. ကျန်းမုန့်လောင်ကို ရှင်းပြီးတာနဲ့ ငါတို့ ချက်ချင်းဝင်လုမယ်. သိုင်းလက်နက် တစ်ခုပဲရရ ငါတို့အတွက် အမြတ်ပဲ။ ပြီးရင် ဒီမြို့ကနေ ချက်ချင်းထွက်ကြမယ်"

စကြဝဠာအင်ပါယာတစ်ခုတည်းမှ လာသော ရတနာရှာဖွေသူများမှာ အချင်းချင်း တိုးတိုးတိတ်တိတ် တိုင်ပင်လိုက်ကြသည်။

"ငါတို့ မြို့ထဲ မဝင်တော့ဘူးလား"

"ဒီမှာ လူတွေ ဒီလောက်အများကြီးရှိတာ။ ငါတို့ ဘယ်လိုလုပ်ပြီး အကျိုးအမြတ်ရမှာလဲ.. အဆင့်ခြောက်သိုင်းလက်နက်တစ်ခုလောက် လုနိုင်ခဲ့ရင်တောင် ငါတို့ရဲ့အရှင်ဧကရာဇ်က ငါတို့ကို အကြီးအကျယ် ဆုချမှာ"

"အဓိပ္ပာယ်တော့ ရှိသားပဲ"

လူတိုင်းက ကျန်းမုန့်လောင်ကို စိုက်ကြည့်ကာ ခုန်အုပ်ရန် အသင့်ပြင်နေကြသော်လည်း ထိုလူကမူ ကြောက်လွန်း၍ ဆွံ့အလျက် မတ်တတ်ရပ်နေပုံရသည်။

"အလကားကောင်"

ဟယ်နွန်သည် ကျန်းမုန့်လောင်၏ ပခုံးရိုးကို ထိုးနှက်ရန် လက်သီးကို မြှောက်လိုက်သည်။ ကျန်းမုန့်လောင်က မည်သည့်ကာကွယ်ရေးပစ္စည်းကိုမှ ဝတ်ဆင်ထားခြင်း မရှိသဖြင့် ဤလက်သီးချက်မှာ သူ့လက်မောင်းကို ကြေမွသွားစေမည်ဟု သူ ယုံကြည်နေပေသည်။

သို့သော် အရာအားလုံးမှာ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ ဤလက်သီးချက်မှာ ထူထဲလှသော သံတံခါးကြီးကို ထိုးနှက်လိုက်ရသလို ခံစားရစေပြီး သူ့လက်သီးကတစ်ဆင့် စူးရှသော နာကျင်မှုတစ်ခုကလည်း လှိုင်းထန်လာခဲ့သည်။

လက်သီးချက်မှာ ကျန်းမုန့်လောင်၏ ပခုံးရိုးပေါ်သို့ တည့်တည့်ကျရောက်လာသော်လည်း သူကတော့ အနောက်သို့ တစ်ချက်မျှပင် ယိုင်လဲမသွားခဲ့သလို ခန္ဓာကိုယ်လည်း တုန်လှုပ်ခြင်း မရှိခဲ့ပေ။

ဂျွတ်!

ကျန်းမုန့်လောင်က လည်ပင်းကို လှည့်ရင်း ပြောလိုက်သည်။

"ဘာဖြစ်တာလဲ.. ထမင်းစားမလာဘူးလား.. လူတစ်ယောက်ကိုတောင် သေသေချာချာမထိုးနိုင်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေတာလား.. ငါ့ကို အကြောလာလျှော့ပေးတာလား.. လာလေ... ငါ မင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးဦးမယ်"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဟယ်နွန်၏ မျက်နှာမှာ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။ သူ့ဘက်က ခွန်အားအပြည့်ထုတ်သုံးခြင်း မဟုတ်သော်လည်း ခြောက်ဆယ်မှ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် အသုံးပြုခဲ့ခြင်းပင်။ ဤလက်သီးချက်မျိုးဖြင့်ဆိုလျှင် သာမန်အဆင့်ငါးအထွတ်အထိပ် သက်ရှိတစ်ယောက်မှာ ထိုနေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားနိုင်ပေသည်။

"သူ့ကိုယ်ပေါ်မှာ တခြားရတနာတစ်ခုခု ရှိနေတာပဲဖြစ်ရမယ်"

ဟယ်နွန်သည် ဤအကြောင်းအရင်းကို ကျန်းမုန့်လောင်၏ ပိုင်ဆိုင်မှုများအပေါ် အပြစ်ပုံချလိုက်၏။

"ကောင်းတယ်။ သိပ်ကောင်းတာပေါ့"

ဟယ်နွန်၏ ခန္ဓာကိုယ်မှ ထူထပ်လှသော စကြဝဠာ အရင်းအမြစ်စွမ်းအင်များ လှိုင်းထန်လာလေသည်။ ၎င်းမှာ မျက်စိဖြင့် မြင်တွေ့နိုင်လောက်သည်အထိ ပြင်းထန်လှသဖြင့် ပတ်ပတ်လည်တွင် ရှစ်မီတာခန့် မြင့်သော ပုံရိပ်ယောင်တစ်ခုအသွင် ပုံပေါ်လာသည်။

"ဟယ်နွန်က တကယ်အတည်လုပ်တော့မှာလား"

အခြားထိပ်သီးစာရင်းဝင် ပါရမီရှင်တစ်ယောက်က အံ့အားသင့်လေဟန် အမူအရာဖြင့် ပြောလိုက်သည်။

"ဒါက အဆင့်ခြောက်သိုင်းပညာ လျှို့ဝှက်နည်းစနစ်ပဲ.. သူက စွမ်းအားအပြည့်အဝ မထုတ်ဖော်နိုင်သေးပေမဲ့ တစ်ခါက ပုံရိပ်ယောင်ကွန်ရက်ထဲမှာ အဆင့်ခြောက်သက်ရှိတစ်ယောက်ကို စိန်ခေါ်ခဲ့ဖူးတယ်လို့ ပြောကြတယ်.. ဒီလျှို့ဝှက်နည်းစနစ်ကို သုံးပြီး အဲ့ဒီ အဆင့်ခြောက်သက်ရှိ သတ်တာကို ခံခဲ့ရပေမဲ့ သူကလည်း အဲဒီသက်ရှိကို ဒဏ်ရာအပြင်းအထန် ရအောင်တော့ လုပ်နိုင်ခဲ့တယ်တဲ့"

"ငါ တစ်ခါက သူနဲ့ထိပ်တိုက်တွေ့ဖူးတယ်"

ဘယ်လ်ရုက ပြောလိုက်သည်။

"ငါကြားတာတော့... သူ့ရဲ့သိုင်းပညာလျှို့ဝှက်ကျင့်စဉ်က အဆင့်၇သက်ရှိဖြစ်တဲ့ သူ့ဆရာက စကြာဝဠာသားရဲကြီးတစ်ကောင်နဲ့ တိုက်ခိုက်ရင်း ဉာဏ်အလင်းပွင့်သွားခဲ့တာတဲ့.. အဲဒါကို ပြီးပြည့်စုံအောင်လုပ်ဖို့ နှစ်ပေါင်းသိန်းဂဏန်းလောက် အချိန်ယူခဲ့ရတာ.. စွမ်းအားကတော့ ကြောက်စရာကြီး... ငါနဲ့သူတိုက်ခဲ့တဲ့ ပွဲတုန်းကဆိုရင် ငါတောင် ရှုံးလုနီးပါးဖြစ်သွားခဲ့တာ"

"သားရဲသတ်ဖြတ်ခြင်းလက်သီးချက်"

ဧရာမသားရဲကြီးတစ်ကောင်၏ ပုံရိပ်ယောင်မှာ လွှမ်းမိုးချုပ်ကိုင်ထားသော စကြဝဠာနိယာမစွမ်းအင်များနှင့်အတူ ကျန်းမုန့်လောင်ထံသို့ ပြင်းထန်စွာ တိုးဝင်သွားပြီး ခိုင်မာသော မြေပြင်ပေါ်တွင် ခြေရာများ ထင်ကျန်ရစ်စေခဲ့သည်။

"ကျောင်းအုပ်ကြီး... ဒီလူက တကယ်စွမ်းသားပဲ.. အကယ်၍ ထူးရှယ်နတ်ဘုရားကျောင်းတော်က လူတွေသာ အခွင့်အာဏာမရှိဘဲ သူ့ကို ရင်ဆိုင်ရမယ်ဆိုရင် ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်"

ကောတန်က ကျန်းမုန့်လောင်အား သတိပေးလိုက်သည်။

"အပေါ်ယံကြွားလုံးတွေပါကွာ"

ကျန်းမုန့်လောင် ရှေ့သို့ တစ်လှမ်းတိုးလိုက်လေရာ သူ့အရှိန်အဝါများမှာ ရုတ်ခြည်း မြင့်တက်လာသည်။

သက်ရှိအဆင့်အရ သူသည် ဟယ်နွန့်လောက် မသန်မာသည်မှာ ထင်ရှားသော်လည်း သူ့ထံတွင် ကလိမ်ကကျစ်နည်းလမ်းများ ရှိနေချေသည်။ သူ့သက်ရှိအဆင့်မှာ အနည်းငယ် လိုအပ်ချက် ရှိနေသော်လည်း သူသည် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ဆရာများထံတွင် ရေတွက်၍မရနိုင်သော ခန္ဓာကျင့်စဉ်များကို သင်ယူထားပြီးဖြစ်၏။

မဟာနေမင်း မိုးကြိုးခန္ဓာ၊ နိဗ္ဗာန်ရွှေရောင်ခန္ဓာ၊ ကောင်းကင်နှင့်မြေပြင် လွှမ်းမိုးချုပ်ကိုင်မှု လျှို့ဝှက်ချက် စသည့်အရာများကြောင့် လက်ရှိတွင် စစ်မှန်သော သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ မည်မျှအထိ အစွမ်းထက်နေကြောင်း သူကိုယ်တိုင်ပင် မသိနိုင်တော့ချေ။

"နဂါးလက်သီး"

ကျန်းမုန့်လောင်၏ ခန္ဓာကိုယ်အတွင်းမှ ဟိန်းဟောက်နေသော နဂါးတစ်ကောင်၏အသံ ထွက်ပေါ်လာပြီး လက်သီးမှ ရွှေရောင်နဂါးတစ်ကောင် ထွက်ပေါ်လာသည်။ ထိုနဂါး၏ ဟိန်းဟောက်သံမှာ ဟယ်နွန်၏ 'သားရဲသတ်ဖြတ်ခြင်းလက်သီး' စွမ်းအား၏ တစ်ဝက်ခန့်ကို တစ်ခါတည်း ဖြိုခွဲဖျက်ဆီးပစ်လိုက်လေ၏။

"ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး"

ဟယ်နွန်၏ စိတ်ထဲ ပျာယာခတ်သွားချေသည်။ သူ့သိုင်းပညာလျှို့ဝှက်နည်းစနစ်မှာ သူ့ဆရာ စကြဝဠာသားရဲနှင့် တိုက်ခိုက်ရာမှ ရရှိခဲ့ခြင်းဖြစ်ပြီး သူ့တိုက်ပွဲများတွင်လည်း အမြဲလိုလို အနိုင်ရရှိခဲ့သည်။ ဤကဲ့သို့သော ဟိန်းဟောက်သံ တစ်ချက်တည်းဖြင့် စွမ်းအားထက်ဝက်ခန့် ဖျက်ဆီးခံလိုက်ရသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

"နဂါးပဲ။ အဲ့ဒီအသံက အသန်မာဆုံး သားရဲမျိုးနွယ်စု ဖြစ်တဲ့ နဂါးမျိုးနွယ်စုရဲ့ အသံပဲ"

"ဒါက အနည်းဆုံးတော့ အဆင့်ရှစ်သိုင်းပညာ လျှို့ဝှက်နည်းစနစ်ပဲ.. အဆင့်ငါးသက်ရှိအဆင့်ပဲ ရှိသေးတဲ့လူက ဒါကို ဘယ်လိုလုပ်ပြီး ထုတ်သုံးနိုင်တာလဲ"

"ဟယ်နွန်တော့ ဒုက္ခရောက်ပြီ"

"ငါ့ရဲ့ နဂါးလက်သီးကို ဆိုင်ယန်တစ်ယောက်ဆီကနေ သင်ယူခဲ့တာ.. တစ်စက္ကန့်စာပဲရှိတဲ့ စွမ်းအားရဲ့ လက်သီးချက်ကိုတောင် မင်း တောင့်ခံနိုင်ပါ့မလား"

ကျန်းမုန့်လောင်သည် ထိုအရာကို အမှန်တကယ်ပင် တစ်စက္ကန့်အတွင်း သင်ယူခဲ့ခြင်းဖြစ်၏။ ကောတန်၏ ကူးယူနိုင်စွမ်းဖြင့် သူသည် နယ်ပယ်ကွာဟချက်များကို လျစ်လျူရှု၍ သိုင်းပညာများကို အပြည့်အဝ နားလည်သဘောပေါက်ပြီး ပေါင်းစပ်နိုင်ခဲ့သည်။

ပုံရိပ်ယောင်နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားပြီးနောက် သားရဲပုံရိပ်ယောင်မှာ ချက်ချင်းကြေမွသွားသည်။ ရွှေရောင်နဂါးမှာ ဟယ်နွန်၏ ရင်ဘတ်ကို ထိမှန်သွားသည်။ နဂါးလက်သီး၏ တွန်းကန်အားကြောင့် သူ့ခမျာ မီတာတစ်ထောင်ခန့် လွင့်ထွက်သွားပြီး တောင်တစ်လုံးပေါ်သို့ ပြင်းထန်စွာ ဝင်ဆောင့်မိသွားခဲ့၏။

ဖုန်မှုန့်များ လွင့်စင်သွားသည့်အခါ ဟယ်နွန်၏ ဒဏ်ရာအပြင်းအထန် ရထားသော ခန္ဓာကိုယ် ပေါ်ထွက်လာလေသည်။ သူ့အဝတ်အစားများမှာ စုတ်ပြတ်နေပြီး သာမန်အဆင့်ငါးသက်ရှိတစ်ယောက်၏ စွမ်းအားအပြည့်ကို တောင့်ခံနိုင်သော အထူးတိုက်ခိုက်ရေးဝတ်စုံမှာလည်း အပိုင်းပိုင်းပြတ်လုနီးပါး ဖြစ်နေချေပြီ။

သူ့ရင်ဘတ်မှာ တွန့်လိပ်ဝင်နေပြီး တစ်ကိုယ်လုံးတွင်လည်း သွေးချင်းချင်းနီလျက် ခြေလက်များမှာ ပုံပျက်ပန်းပျက် ကွေးကောက်နေတော့သည်။ အကယ်၍ သက်ရှိစွမ်းအင် အကြွင်းအကျန်များသာ မရှိပါက အခြားသူများအနေနှင့် သူ့ကို သေဆုံးသွားပြီဟုပင် မှတ်ယူကြပေလိမ့်မည်။

"ကဲပါ... ငါက အားတောင် မစိုက်ရသေးဘူး။ မင်းက မတောင့်ခံနိုင်တော့ဘူးလား.. ဒါပဲလား.. ထိပ်သီးစာရင်းဝင် ပါရမီရှင်ဆိုတာ ဒါပဲလား"

ကျန်းမုန့်လောင်က အဆုံးစွန်အထိ လှောင်ပြောင်လိုက်သော်လည်း ဟယ်နွန်မှာမူ စကားတစ်ခွန်းပင် ပြန်မပြောနိုင်တော့ပေ။

"ငါတို့ သူ့ကို အထင်သေးမိသွားတာပဲ.. သူ့ရဲ့ခွန်အားအစစ်အမှန်က ပြထားတာထက် အများကြီး ပိုသန်မာတယ်ဟ"

ဘယ်လ်ရုသည် သူ့စွမ်းအင်တိုင်းထွာစက်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ ထိုလက်သီးချက်မှ ထွက်ပေါ်လာသော စွမ်းအားမှာ သူ့စွမ်းအားထက်ပင် ပိုမို သန်မာနေခဲ့သည်။

"ဒါက ရီထျန်းဂိုဏ်းကို တည်ထောင်သူရဲ့ ခွန်အားလား"

"သူ့ခွန်အားက သာမန်အဆင့်ခြောက်အခြေခံအဆင့် သက်ရှိတစ်ယောက်ကို စိန်ခေါ်ဖို့တောင် လုံလောက်နေပြီ"

"လက်မနှေးကြနဲ့တော့။ အားလုံး အတူတူတိုက်ခိုက်ကြစို့"

ယခုအချိန်တွင် ဘယ်လ်ရုအပါအဝင် ကျန်ထိပ်သီးစာရင်းဝင် ပါရမီရှင်၁၁ယောက်စလုံးသည် ပူးပေါင်းရန် ဆုံးဖြတ်လိုက်ကြသည်။ ဟယ်နွန်၏ ကျရှုံးမှုကို မြင်တွေ့ပြီးနောက် ကျန်းမုန့်လောင်ကို အထင်သေးခြင်းမှာ လူမိုက်လုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။

သူတို့လည်း အချိန်ဆွဲမနေဘဲ သူတို့၏ အစွမ်းထက်ဆုံး သိုင်းပညာလျှို့ဝှက်နည်းစနစ်များကို ချက်ချင်း ထုတ်ဖော်လိုက်ကြလေသည်။

"အားလုံး နောက်ဆုတ်ကြစမ်း"

"သူတို့ ရူးသွားကြပြီပဲ"

"နတ်ဘုရားတွေ တိုက်ပွဲဖြစ်နေတာနော်။ ငါတို့ ဝင်ပါလို့ရတဲ့ ကိစ္စမဟုတ်ဘူး"

ထိပ်သီးစာရင်းဝင် ပါရမီရှင်၁၁ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများမှာ သာမန် အဆင့်ငါးအထွတ်အထိပ် သက်ရှိများပင် တောင့်မခံနိုင်လောက်အောင် ပြင်းထန်လှပေသည်။

"အော်... အုပ်စုလိုက် တိုက်မလို့ပေါ့ ဟုတ်လား"

ကျန်းမုန့်လောင်သည် နောက်သို့ တစ်လှမ်းဆုတ်ကာ လက်နှစ်ဖက်ကို ခေါင်းပေါ်သို့ မြှောက်၍ နှစ်ပတ်ခန့် လှည့်လိုက်ပြီးနောက် သူ့လက်ဖဝါးနှစ်ဖက်ကို ခါးဘေးသို့ ဆွဲယူလိုက်သည်။

"ဟား... မိုင်... ဟား... မိုင်... ဟား"

တောက်ပသော အပြာရောင်အလင်းတန်းကား ကြယ်တစ်ပွင့်အလား လူတိုင်း၏ မျက်လုံးများကို စူးရှသွားစေသည်။ ထိုစွမ်းအားမှာ လူတိုင်း၏ စိတ်နှလုံးအတွင်းရှိ ကြောက်ရွံ့မှုကို နှိုးဆွပေးခဲ့သည်။

"ဒါ... ဒါက ဘာလျှို့ဝှက်နည်းစနစ်ကြီးလဲ"

"အဆင့်ရှစ်လား။ အဆင့်ကိုးလား"

"သွားပြီ... ငါတို့တော့ မိစ္ဆာတစ်ကောင်နဲ့ တိုးပြီ"

ဤသည်မှာ ထိပ်သီးစာရင်းဝင်ပါရမီရှင်၁၁ဦး၏ နောက်ဆုံးအတွေးပင်။

ဘုန်း!

အချင်းမီတာရာပေါင်းများစွာ ရှိသော အပြာရောင် မှိုပွင့်ပုံစံ တိမ်တိုက်ကြီးတစ်ခုက မြို့ပြင်ပတ်ပတ်လည် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ပြင်းထန်လှသော လေစီးကြောင်းများကြောင့် ပိုမိုအားနည်းသော ရတနာရှာဖွေသူများမှာ သွေးအန်၍ အော်ညည်းသွားကြရသည်။ ပေါက်ကွဲမှု၏ ဗဟိုချက်တွင် အချင်း မီတာနှစ်ရာခန့်ရှိသော ချောက်ကြီးတစ်ခုကို မြင်တွေ့နိုင်သည်။

ပါရမီရှင်၁၁ဦးစလုံးမှာမူ မြေပြင်ပေါ်တွင် လဲကျနေကြပြီး သူတို့ အသက်ရှင်ခြင်းရှိမရှိပင် မသေချာတော့ပေ။

"ကျစ်"

ကျန်းမုန့်လောင်က မြေပြင်ပေါ်သို့ တံတွေးထွေးရင်း ပြောလိုက်လေသည်။

"တစ်ယောက်မှလည်း အသုံးမကျဘူး"

***********************

All Chapters