← Chapters

အခန်း ၉၅၀

Vol. 64 Ch. 950

အခန်း ၉၅၀

Vol. 64 Ch. 950

အခန်း ၉၅၀ - ကျေးဇူးပြုပြီး ကာကွယ်စောင့်ရှောက်ခ ပေးကြပါဦး

လုံလောက်သော စွမ်းအင်ကျောက်တုံးများနှင့် ကြယ်စင်ဗဟိုချက်များ ရှိနေသရွေ့ ကျန်းမုန့်လောင်သည် လူပေါင်းတစ်သန်းရှိသော မဟာတပ်မတော်ကြီးတစ်ရပ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ရာ စကြဝဠာတစ်ခုလုံးတွင် မည်သည့်မျိုးနွယ်စုက အဆင့်ခြောက်သက်ရှိပေါင်း တစ်သန်းကျော်ပါဝင်သော တပ်မတော်တစ်ရပ်ကို စေလွှတ်နိုင်လေသလဲ။

အကယ်၍ ဇူဒါမျိုးနွယ်စုသာ အချိန်နည်းနည်း ရခဲ့မည်ဆိုလျှင် သမိုင်းစာမျက်နှာမှာ ပြောင်းလဲသွားနိုင်သည်။ သူတို့ ပျက်သုဉ်းသွားရခြင်းမျိုး မဟုတ်ပါဘဲ ကျူးကျော်သူများကသာ သူတို့၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရပေလိမ့်မည်။

"ကံကောင်းလို့ ငါ့မှာ ထူးရှယ်နတ်ဘုရားကျောင်းတော် ရှိနေလို့သာပေါ့။ မဟုတ်ရင် ဒီပစ္စည်းတွေကို အပြင်သယ်ဖို့ ခက်လိမ့်မယ်"

ကျန်းမုန့်လောင်က လက်ဝှေ့ယမ်းလိုက်လေရာ တစ်သန်းခန့်ရှိသော တပ်မတော်တစ်ခုလုံးမှာ အခြားထောက်ပံ့ရေးပစ္စည်းအမျိုးမျိုးနှင့်အတူ ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ဟင်းလင်းပြင်ကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။

ကျန်းမုန့်လောင်သည် ဓားပြတစ်ယောက်အလား ပြုမူတတ်ပြီး ရောက်လေရာ၌ ဘယ်အရာကိုမှ ချန်ထားလေ့မရှိပေ။ ဤရုပ်သေး တစ်သန်းအတွက် တပ်ဆင်ပေးထားသည့် ချပ်ဝတ်တန်ဆာများနှင့် လက်နက်များအပြင် သူတို့ကို စွမ်းအားအပြည့်ဖြင့် အချိန်အကြာကြီး အသုံးပြုနိုင်ရန် လုံလောက်သော စွမ်းအင်ကျောက်တုံးများလည်း ရှိနေသေးသည်ဖြစ်ရာ ထိုပစ္စည်းများ စုစည်းထားသည့်အဖြစ်မှာ ဂိုဒေါင်အတွင်း သိုလှောင်ထားသည်ထက်ပင် ပိုမိုများပြားနေသေးသည်။

"ကျောင်းအုပ်ကြီး.. တစ်ယောက်ယောက် မြို့ဘက်ကို လာနေပါတယ်"

ကောတန်က ကျန်းမုန့်လောင်အား ရုတ်တရက် အကြောင်းကြားလိုက်သည်။

"ဪ... တခြားရတနာရှာဖွေသူတွေလား"

ကျန်းမုန့်လောင်က မေးလိုက်၏။ ရတနာရှာဖွေရေးနယ်မြေက မည်မျှအထိ ကျယ်ဝန်းကြောင်း သူ မသိသော်လည်း ဤကဲ့သို့ သိသာထင်ရှားလှသော မြို့တစ်မြို့ကို တစ်စုံတစ်ယောက်က သတိပြုမိသွားခြင်းမှာမူ အံ့သြစရာမဟုတ်ပေ။

"အလိုအလျောက်ကာကွယ်ရေးစနစ်ကို ဖွင့်လိုက်.. သူတို့ နှစ်ပေါင်းများစွာ တိုက်ခိုက်ရင်တောင် အထဲဝင်နိုင်မှာ မဟုတ်ဘူး"

အစောပိုင်းက ရတနာရှာဖွေသူများ ဤမြို့ကို ဖွင့်နိုင်ခဲ့ခြင်းမှာ မြို့တော်၏ ကာကွယ်ရေးစနစ်က စွမ်းအင်ကို အလိုအလျောက် ပြန်လည်မဖြည့်တင်းနိုင်သောကြောင့်သာ။ ယခုအခါ ကောတန် စောင့်ကြပ်နေပြီဖြစ်ရာ လုံးဝဥဿုံ ကာကွယ်ရေးစနစ်တစ်ခုအလား ဖြစ်နေချေပြီ။

"ကြည့်ရတာ စောစောက လူအုပ်ကြီးပဲ ထင်တယ်"

"သူတို့ ပြန်လာကြတာလား"

ကျန်းမုန့်လောင်က လှောင်ပြောင်လိုက်၏။

"သူတို့က သူတို့ခေါင်းပေါ်က မီးတောက်တွေကို ငြီးငွေ့သွားလို့ အစိမ်းရောင်ပြောင်းချင်နေကြတာလား"

"အဲ့လိုတော့ ဟုတ်ပုံမရဘူး"

ကောထန်က ပြောလိုက်သည်။

"အရမ်းဝေးနေသေးလို့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ သူတို့ ပြန်လာတဲ့အရှိန်က ထွက်သွားတုန်းကထက် အများကြီး ပိုမြန်ပြီး တော်တော်လေးလည်း ပရမ်းပတာ ဖြစ်နေတယ်..သူတို့ကို တစ်ခုခုက အမဲလိုက်နေတာလို့ သံသယဖြစ်မိပါတယ်"

"ဪ... သွားကြည့်ကြတာပေါ့"

ကျန်းမုန့်လောင်လည်း မြေအောက်ဂိုဒေါင်မှ ထွက်ခွာပြီး မြေပြင်ပေါ်သို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက် မြို့ရိုးအထက်သို့ အေးအေးလူလူ လျှောက်သွားချေသည်။

ယခုအချိန်တွင် ပထမအသုတ် ရတနာရှာဖွေသူများမှာ မြို့တံခါးဝသို့ ရောက်ရှိနေကြပြီ ဖြစ်၏။ တစ်ဖန်ပြန်လည် နိုးထလာသော ကာကွယ်ရေးဒိုင်းလွှာကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာထက်တွင် ချက်ချင်းပင် အားကိုးရာမဲ့သော အမူအရာများ ထင်ဟပ်သွားသော်လည်း မြို့ရိုးထက်ရှိ ကျန်းမုန့်လောင်ကို မြင်လိုက်ရချိန်တွင်မူ သူတို့၏ မျက်လုံးထဲ၌ မျှော်လင့်ချက်အလင်းရောင်တစ်ခု ပြန်လည်တောက်လောင်လာခဲ့လေသည်။

"ငါ မင်းတို့ကို ထွက်သွားဖို့ ပြောခဲ့တယ် မဟုတ်လား.. ဘာလို့ ဒီကို ပြန်ရောက်လာတာလဲ"

ကျန်းမုန့်လောင်က လက်ဖျောက်တစ်ချက် တီးလိုက်လေရာ မြို့ရိုးပေါ်ရှိ သိပ်သည်းစွာ တပ်ဆင်ထားသော လက်နက်များမှာ ထိုလူများထံသို့ ချက်ချင်းပင် ဦးတည်ချိန်ရွယ်လိုက်ကြသည်။

ဤလက်နက်များမှာ ထိပ်တန်းစစ်သင်္ဘောအဆင့် လက်နက်များ ဖြစ်ပြီး အဆင့်ခြောက်နှင့် အဆင့်ခုနစ်သက်ရှိများကိုပင် ထိခိုက်ဒဏ်ရာရစေနိုင်စွမ်း ရှိ၏။ အဆင့်ငါးအထွတ်အထိပ် ရတနာရှာဖွေသူတစ်ယောက်က ဤတိုက်ခိုက်မှုကို တစ်ချက်မျှခံရရုံဖြင့် ပွဲချင်းပြီးသေဆုံးသွားနိုင်ပေသည်။

"မစ္စတာကျန်း... ကျွန်တော်တို့ကို ကယ်ပါဦး"

ရတနာရှာဖွေသူအုပ်စုသည် ကျန်းမုန့်လောင်အား မျက်ရည်စက်လက်ဖြင့် ရုတ်တရက် တောင်းပန်တိုးလျှိုးလိုက်ကြသည်။

"ဘာတွေဖြစ်နေတာလဲ"

ကျန်းမုန့်လောင်မှာ အံ့အားသင့်သွားရ၏။

ထိုအချိန်ကျမှသာ သူသည် ဤရတနာရှာဖွေသူများမှာ ဖရိုဖရဲ ဖြစ်နေကြပြီး အချို့မှာ သွေးချင်းချင်းနီနေကြောင်း သတိထားမိတော့သည်။

ဤဒဏ်ရာများသည် သူကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ သတ္တဝါတစ်ကောင်ကောင်၏ လက်သည်းရာများနှင့် တူညီနေပြီး အမည်မသိ သားရဲတစ်ကောင်က သူတို့၏ အတွင်းချပ်ဝတ်တန်ဆာကို ဆုတ်ဖြဲပြီး အရိုးအထိ နက်ရှိုင်းသော ဒဏ်ရာများကို ပေးထားသလိုပင်။

"မင်းတို့ စကြဝဠာသားရဲတွေနဲ့ တွေ့ခဲ့တာလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

ဇူဒါမျိုးနွယ်စု၏ အရှင်သခင်မှာ ဤရတနာရှာဖွေရေးကမ္ဘာကို ဖန်တီးစဉ်က ရတနာများကို စောင့်ကြပ်ရန်အတွက် သားရဲအမြောက်အမြားကို ဖမ်းဆီးခဲ့ကြောင်း သူ တခြားသူများထံမှ ကြားဖူးသည်။

လူသားများ၏ ခြိမ်းခြောက်မှု မရှိတော့သည့်နောက် ဤနေရာသည် စကြဝဠာသားရဲများနှင့် သူတို့၏ မျိုးစိတ်ခွဲများအတွက် ကောင်းကင်ဘုံတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။ ရတနာသိုက်၏ ထောင့်အသီးသီးတွင် မရေတွက်နိုင်သော သားရဲများ ပျံ့နှံ့နေခဲ့ကြလေရာ အချို့မှာ အားနည်းပြီး အဆင့်သုံးနှင့် အဆင့်လေး သက်ရှိများသာ ဖြစ်ကြသော်လည်း အဆင့်ငါးသက်ရှိများမှာမူ အများဆုံးပင်။

အကယ်၍ ကံဆိုးပါက အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ်သားရဲများနှင့် ကြုံတွေ့ရခြင်းမှာလည်း မဖြစ်နိုင်သည်တော့ မဟုတ်ပါချေ။

သာမန်မျိုးနွယ်စုများမှ လာကြသော ဤရတနာရှာဖွေသူများသည် အဆင့်ငါးစကြဝဠာသားရဲတစ်ကောင်ကိုပင် ရင်ဆိုင်ရန် ရုန်းကန်ရသည်ဖြစ်ရာ သူတို့ကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ထိုသားရဲများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်တန်ရာ၏။

"တစ်ကောင်နှစ်ကောင်တည်းတောင် မဟုတ်ဘူး။ အုပ်လိုက်ကြီးကိုမှ အများကြီးပဲ"

ရတနာရှာဖွေသူတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

"အစတုန်းက ကျွန်တော်တို့ သားရဲအသိုက်တစ်ခုနားမှာ ကံစမ်းဖို့ စီစဉ်ထားတာ။ ကျွန်တော်တို့မျိုးနွယ်စုရဲ့ စီနီယာတွေက သားရဲအသိုက်တွေပေါ်မှာ အမှတ်အသားတွေ အများကြီး ချန်ထားခဲ့ကြတယ်လေ"

"အင်း"

ကျန်းမုန့်လောင်က ခံစားချက်မရှိဘဲ ခေါင်းညိတ်လိုက်၏။ အိုတစ်ကလည်း သူ့အား ထိုကဲ့သို့သော မှတ်တမ်းတစ်ခုကို ပေးဖူးသည်။ ထိုအထဲတွင် အန္တရာယ်ရှိသော နေရာများ၊ ရှာဖွေတွေ့ရှိပြီးသား ဒေသများနှင့် အချို့သတ္တဝါများ၏ နေထိုင်ရာဒေသများကို အသေးစိတ် ဖော်ပြထားသည်။

သို့သော်လည်း ကျန်းမုန့်လောင်ကမူ ထိုအရာကို တစ်ချက်မျှမကြည့်ဘဲ ဘေးသို့ ပစ်ထားခဲ့သည်။

"ဒါပေမဲ့ စောစောက အဲ့ဒီနေရာကနေ ရုတ်တရက်ကြီး မျက်စိတစ်ဆုံး မမြင်နိုင်လောက်အောင်များတဲ့ သားရဲအုပ်ကြီး ပေါ်လာတယ်.. အဲ့ဒါက သန်းပေါင်းများစွာလား။ ဒါမှမဟုတ် ဘီလီယံပမာဏလောက်ရှိလားဆိုတာတောင် မခွဲခြားနိုင်ဘူး။ ပြီးတော့ အဆင့်ခြောက်နဲ့ အထက်ရှိတဲ့ သက်ရှိတွေရဲ့ တုံ့ပြန်မှုတွေကိုလည်း အများကြီးတွေ့ရတယ်။ ကြည့်ရတာ သူတို့ နေရာရွှေ့ပြောင်းနေကြတာထင်တယ်"

"ဪ... နွေဦးရာသီ ရောက်ပြီဆိုတော့ အရာအားလုံး နိုးထလာပြီး လေထုထဲမှာ ဟော်မုန်းတွေနဲ့ ပြည့်နှက်နေတော့ တိရစ္ဆာန်တွေ မျိုးပွားပြီး မိတ်လိုက်ရမယ့်ရာသီ ရောက်နေလို့လား"

ကျန်းမုန့်လောင်သည် 'တိရစ္ဆာန်ကမ္ဘာ' အစီအစဉ်၏ အကျော်ကြားဆုံး နိဒါန်းစကားစုကို ရုတ်တရက် သတိရလိုက်မိသည်။

"မစ္စတာကျန်း... ဒီအနီးအနားမှာ ပုန်းစရာ နေရာမရှိလို့ပါ။ စကြဝဠာနာရီ တော်တော်ကြာအောင် အမဲလိုက်ခံထားရလို့ ကျွန်တော်တို့ထဲက ဘယ်သူမှ ခွန်အားတွေ ပြန်ဖြည့်ဖို့ အချိန်မရခဲ့ကြဘူး။ ခင်ဗျားအနေနဲ့ ကျွန်တော်တို့ကို မြို့ထဲပေးဝင်ပြီး ခဏလောက် ပုန်းခွင့်ပြုဖို့ မျှော်လင့်ပါတယ်။ သားရဲဒီရေလှိုင်းကြီး ပြီးသွားတာနဲ့ ကျွန်တော်တို့ ချက်ချင်းထွက်သွားပါ့မယ်"

ထိုအချိန်တွင် အနည်းငယ် စုတ်ပြတ်သတ်နေကြသော ရတနာရှာဖွေသုအဖွဲ့ပေါင်းများစွာ ထပ်ပေါ်လာကြပြန်သည်။

မြို့တော်ရှေ့တွင် လူအများအပြား ပိုမိုစုဝေးလာကြပြီး စောစောကထက်ပင် ပိုမိုများပြားလာလေရာ ပတ်ဝန်းကျင်ဒေသရှိ ရတနာရှာဖွေသူအားလုံးမှာ ဤသားရဲဒီရေလှိုင်းကြီးကြောင့် ဤအရပ်သို့ မောင်းနှင်ခံလိုက်ရသည့်အလား ဖြစ်နေလေတော့သည်။

အမှန်ပင် မိနစ်အနည်းငယ်ကြာပြီးနောက် တပ်မတော်ပေါင်း ထောင်သောင်းချီ၍ ဤအရပ်သို့ ဒုန်းစိုင်းမောင်းနှင်လာသလို မြေပြင်မှာ အနည်းငယ် တုန်ခါလာသည်ကို ခံစားလိုက်ရသည်။ ကောင်းကင်ယံ၏ တစ်ဖက်ခြမ်းတွင်လည်း ဧရာမအရိပ်မည်းကြီးတစ်ခု ပေါ်ထွက်လာချေရာ ဤသားရဲဒီရေလှိုင်းကြီးတွင် မြေပြင်ပေါ်၌ ပြေးလွှားနေသော သတ္တဝါများနှင့် ကောင်းကင်တွင် ပျံသန်းနေသော သတ္တဝါများ နှစ်မျိုးစလုံး ပါဝင်နေကြောင်း ဖော်ပြနေပေသည်။ သူသည် မြင်းတစ်ကောင်ကို ဖန်တီး၍ ပျံသန်းရန်အတွက် သုန်းချီကို အသုံးပြုနိုင်သော်လည်း ဤကဲ့သို့သော ကြီးမားလှသည့် တပ်မတော်ကြီးကို ရင်ဆိုင်ရခြင်းမှာ အလွန်အန္တရာယ်များပေလိမ့်မည်။

"ဘုရားရေ... ဒါက အစစ်ကြီးပဲ"

ကျန်းမုန့်လောင်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားပြီး မေးလိုက်ပြန်သည်။

"ကောတန်... မင်း ဒီသားရဲဒီရေလှိုင်းရဲ့ အတိုင်းအတာကို မြင်နိုင်လား"

"တစ်စိတ်တစ်ပိုင်းပဲ မြင်ရပါတယ်။ ကျန်တဲ့အပိုင်းက ကျွန်တော့်ရဲ့ထောက်လှမ်းမှု အကွာအဝေးကို ကျော်လွန်နေတယ်"

ကောတန်က ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ ထောက်လှမ်းမှုဘောင်အတွင်းမှာတင် အနည်းဆုံးတော့ ထရီလီယံချီတဲ့ သားရဲလှိုင်းကြီး ဖြစ်နေပါပြီ။ အများစုက အဆင့်လေးနဲ့ အဆင့်ငါးသက်ရှိတွေပါ။ အဆင့်ခြောက်ကတော့ တစ်သောင်းပုံတစ်ပုံလောက် ရှိပြီး အဆင့်ခုနစ်က နှစ်ရာကျော်နဲ့ အဆင့်ရှစ်စကြဝဠာသားရဲအဆင့် သတ္တဝါငါးကောင်အထိ ပါဝင်နေပါတယ်"

"သေစမ်း.. ဒါက ဘာကြီးလဲ။ မောင်းထုတ်နေတာလား"

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အခင်းအကျင်းကြောင့် ကျန်းမုန့်လောင်ပင် တုန်လှုပ်သွားရသည်။ အရေးအကြီးဆုံးအချက်မှာ ဤအရာများသည် သားရဲလှိုင်းတစ်ခုလုံး မဟုတ်သေးဘဲ ဆယ်ပုံတစ်ပုံ သို့မဟုတ် တစ်ရာပုံတစ်ပုံမျှသာ ဖြစ်နိုင်သဖြင့် သူ ဆက်မတွေးဝံ့တော့ပေ။

"ကောတန်... ဒီမြို့က တောင့်ခံနိုင်ပါ့မလား"

"ပြဿနာမရှိပါဘူး"

ကောတန်က ပြန်ဖြေလိုက်သည်။

"လောလောဆယ်တော့ ကာကွယ်ရေးစနစ်က အခြေခံအဆင့်မှာပဲ ရှိနေတာဆိုတော့ တကယ်လို့ စွမ်းအားအမြင့်ဆုံးအထိ တွန်းတင်လိုက်ရင် အဆင့်ရှစ်သက်ရှိတွေရဲ့ တိုက်ခိုက်မှုကိုတောင် တောင့်ခံနိုင်စွမ်း ရှိပါတယ်.. ဒါပေမဲ့ စွမ်းအင်သုံးစွဲမှုကတော့ အဆမတန် မြင့်တက်သွားပါလိမ့်မယ်.. ကျွန်တော်ကတော့ စွမ်းအင်ချွေတာရေးမုဒ်ကို ဖွင့်ထားဖို့ အကြံပြုချင်ပါတယ်"

"တောင့်ခံနိုင်ရင် ရပါပြီ"

ကျန်းမုန့်လောင်က ခေါင်းညိတ်လိုက်သည်။

"ကျောင်းအုပ်ကြီး... ဒါဆို ဒီလူတွေကိုရော ဘယ်လိုလုပ်လိုက်ရမလဲ"

"သူတို့ကို ပေးဝင်လိုက်။ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်တာက ကွန်ချာခုနစ်ထပ် စေတီတည်တာထက် မြတ်ပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒါနဲ့ နေပါဦး... ဘာလို့ ထူးရှယ်နတ်ဘုရားကျောင်းတော်က ကောင်အချို့ ဒီကိုရောက်နေရတာလဲ။ ကြည့်ရတာ သနားစရာကောင်းနေလိုက်တာ။ ငါ့မျက်နှာကို တကယ်အိုးမည်းသုတ်နေကြတာပဲ"

ကျောင်းအုပ်ကြီးက အမှန်တကယ်ပင် လူကယ်တင်နေသောကြောင့် ကောတန်မှာ အံ့သြသွားရသည်။

ကျန်းမုန့်လောင်၏ ပုံမှန်အပြုအမူမှာ လဲသူကို ထပ်ဆင့်ထိုးနှက်တတ်ခြင်းသာဖြစ်ပြီး ဤကဲ့သို့ ကြင်နာမှုမျိုးကို ပြသလေ့မရှိပေ။

လူပေါင်းနှစ်သန်းနီးပါး မြို့ထဲသို့ တိုးဝှေ့ဝင်ရောက်လာကြပြီး သားရဲလှိုင်းကြီးကလည်း နောက်ဆုံးတွင် အင်အားပြလာလေရာ သိပ်သည်းလှသော အုပ်စုကြီးမှာ အသက်ရှူကျပ်လုမတတ် ခံစားချက်ကို ပေးစွမ်းနေလေသည်။

လူတိုင်း အသက်အောင့်ထားမိကြသည်။ ဤမြို့တော်မှာ သားရဲဒီရေလှိုင်းကြီး၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်ခြင်းရှိမရှိ သူတို့၏ စိတ်ထဲတွင် မသေချာလှပေ။

သို့သော်လည်း သူတို့ ကံကောင်းကြသည်။ စကြဝဠာသားရဲများမှာ ကာကွယ်ရေးဒိုင်းလွှာကို တစ်ကောင်ပြီးတစ်ကောင် ဆောင့်မိသွားကြသည်။ လှိုင်းတံပိုးကဲ့သို့ လှိုင်းတွန့်များ ဖြစ်ပေါ်လာခဲ့သော်လည်း မြို့တော်မှာမူ တုန်လှုပ်ခြင်းမရှိဘဲ ခိုင်မာစွာတည်ရှိနေလေရာ

ဤရလဒ်ကို မြင်တွေ့လိုက်ရသည့်အခါမှသာ သူတို့ သက်ပြင်းချနိုင်တော့သည်။

"မစ္စတာကျန်း... ကျေးဇူးတင်ပါတယ်"

ဤလူမှာ မြို့ကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သော ဂေးလ်ပင်။

"အတိတ်က ရန်ငြိုးတွေကို စိတ်ထဲမထားဘဲ ကျွန်တော်တို့ကို ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"

"မစ္စတာကျန်း... ဒီကိစ္စပြီးသွားရင် ကျွန်တော်တို့ရဲ့ ဘုရင်ဆီ သေချာပေါက် အစီရင်ခံပေးပါ့မယ်"

"မစ္စတာကျန်း... စောစောက ကျွန်တော်တို့အမှားပါ။ တောင်းပန်ပါတယ်"

"ကဲပါ... ရပါပြီ။ ရပါပြီ။ အားလုံး ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေကြတာလဲ"

ကျန်းမုန့်လောင်က နှိမ့်ချလေဟန် အမူအရာဖြင့် လက်ဝှေ့ယမ်းလိုက်သည်။

"ငါက အဲ့ဒီလောက်အထိ မြင့်မြတ်တဲ့လူ မဟုတ်ပါဘူး။ ငါက မင်းတို့ကို အလကား ကယ်မယ်လို့ မပြောခဲ့ဘူးလေ.. ကဲ... အားလုံးပဲ။ ကျေးဇူးပြုပြီး ကာကွယ်စောင့်ရှောက်ခလေး ပေးကြပါဦး"

************************

All Chapters