အခန်း ၉၅၃
Vol. 64 Ch. 953
အခန်း ၉၅၃ - စံပြအခွန်ပေးဆောင်သူအားလုံးကို ကျေးဇူးတင်ပါတယ်
"ကျောင်းအုပ်ကြီးရဲ့ မျက်နှာကို ကြည့်ဦး။ သူ အဲဒီလို ဝမ်းချုပ်နေတဲ့မျက်နှာမျိုး လုပ်ပြတိုင်း တစ်ယောက်ယောက်ကို ထောင်ချောက်ဆင်တော့မှာ"
"အဲဒီမြေခွေးအိုကြီး ကျောင်းအုပ်ကတော့ လူတစ်ယောက်ဆီကနေ နောက်ဆုံးတစ်ပြားပဲ ကျန်တော့တဲ့အထိ ညှစ်မထုတ်ရရင် နေသာထိုင်သာရှိမယ့်လူ မဟုတ်ဘူး"
"သူက လူတိုင်းရဲ့ခေါင်းပေါ်က မီးတောက်ကို အစိမ်းရောင်ပြောင်းသွားအောင် မလုပ်ရမချင်း ရပ်မှာမဟုတ်ဘူး။ သူ နောက်ထပ် ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ အကြံတွေ ထပ်ထုတ်ဦးမလဲဆိုတာ ကြည့်ချင်စမ်းပါဘိ"
ကျန်းမုန့်လောင်တစ်ယောက် အခြားလူများကို လိမ်လည်လှည့်ဖြားတော့မည်ဖြစ်ကြောင်း ရိပ်မိလိုက်သဖြင့် ထိုသုံးယောက်မှာ ကျန်းမုန့်လောင်ကိုယ်တိုင်ထက်ပင် ပိုစိတ်လှုပ်ရှားနေကြတော့သည်။
"သိပြီ"
ကျန်းမုန့်လောင်က သူ့ပေါင်သူ ရိုက်လိုက်၏။
"ကိုယ့်လူတို့ရေ.. ကာကွယ်စောင့်ရှောက်ခအပြင် ထပ်တိုးအခွန်လေး ထပ်တိုးလိုက်ရင် ဘယ်လိုလဲ"
"ကာကွယ်စောင့်ရှောက်ခတပ်တိုးအခွန် ဟုတ်လား"
ရတနာရှာဖွေသူများမှာ ဇဝေဇဝါဖြစ်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့အနေနှင့် "ကာကွယ်စောင့်ရှောက်ခ"နှင့် "အခွန်" အကြောင်း သိကြသော်လည်း ထိုနှစ်ခုကို ပေါင်းစပ်လိုက်ခြင်းမှာမူ သူတို့၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားသည်။
"ဒီကာကွယ်စောင့်ရှောက်ခတပ်တိုးအခွန်အကြောင်း ငါ သေချာရှင်းပြမယ်"
ကျန်းမုန့်လောင်က လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
"ဥပမာ မင်းက အဆင့်လေးသက်ရှိတစ်ယောက်ပဲ ဆိုပါစို့။ ဒီရတနာတိုက်ထဲမှာ ခြေတစ်လှမ်းလှမ်းဖို့ဖြစ်ဖြစ်၊ ရတနာတစ်ခုခု ရှာတွေ့ဖို့ဖြစ်ဖြစ် တော်တော်ခက်ခဲလိမ့်မယ် မဟုတ်ဘူးလား။ တခြားသူတွေနဲ့ ဆုံရင်တောင် မင်းရဲ့ကံကြမ္မာမီးတောက်ကို လုယူသွားနိုင်သေးတယ်"
"ဒါပေမဲ့ မင်းက သန်မာတဲ့ အဆင့်ငါးအထွတ်အထိပ် သက်ရှိတစ်ယောက်ဆိုရင်တော့ တခြားလူရဲ့ ကံကြမ္မာမီးတောက်က မင်းရဲ့အိတ်ကပ်ထဲကိုရောက်ပြီးသား ရတနာတစ်ခုလို ဖြစ်နေမှာ။ သားရဲတွေရဲ့ နယ်မြေထဲမှာတောင် လွတ်လွတ်လပ်လပ် လှည့်လည်သွားလာပြီး သူတို့ရဲ့ကံကြမ္မာမီးတောက်တွေနဲ့ ရတနာတွေကို အရူးအမူးလုယူနိုင်တယ်။ ငါပြောတာ ဟုတ်တယ်မလား"
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
ဤစကားနှစ်ခွန်းမှာ အလွန် ယုတ္တိရှိလှပေသည်။ အင်အားကွာခြားချက် ကြီးမားသော ရတနာရှာဖွေသူနှစ်ယောက်မှာ ရတနာတိုက်အတွင်း ရရှိမည့် အခွင့်အရေးများတွင်လည်း ကွာခြားချက်အကြီးအကျယ် ရှိပေလိမ့်မည်။
အင်အားနည်းသော ရတနာရှာဖွေသူတစ်ဦးမှာ ဘာမှမရလိုက်ဘဲ ထုတ်ပယ်ခံရနိုင်သော်လည်း အင်အားကြီးမားသော ရတနာရှာဖွေသူတစ်ဦးအတွက်မူ ဤနေရာမှာ နတ်ဘုံနတ်နန်းတစ်ခုပင်။
"ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာဆိုရင် အဆင့်နိမ့်သက်ရှိပဲဖြစ်ဖြစ် အဆင့်မြင့်သက်ရှိပဲဖြစ်ဖြစ် အဆုံးသတ်က အတူတူပဲ"
ကျန်းမုန့်လောင်က မြို့ပြင်ရှိ သားရဲများကို လက်ညှိုးထိုးပြလိုက်၏။
"မင်းတို့ အပြင်ကို ခြေတစ်လှမ်းလှမ်းလိုက်တာနဲ့ အရိုးစုပဲ ကျန်တော့မှာ"
"မင်းတို့ကို ကာကွယ်ပေးဖို့အတွက် ကုန်ကျစရိတ်က အတူတူပဲဆိုပေမဲ့ ဒီရတနာတိုက်ထဲမှာ ရတနာဆက်ရှာခွင့်ရမယ်ဆိုရင် မင်းတို့အားလုံးအတွက် အဓိပ္ပာယ်ချင်းတူသေးရဲ့လား"
"အဓိပ္ပာယ်ချင်းတူသေးရဲ့လား"
လူတိုင်း ကိုယ့်ကိုယ်ကိုယ်ပြန်မေးခွန်းထုတ်ကြည့်လိုက်ကြသည်။
သေချာပေါက် မတူနိုင်ပေ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် စကြဝဠာထဲရှိ ဒဿနပညာရှင်များက သက်ရှိတိုင်း၏ တန်ဖိုးမှာ အနှစ်သာရအားဖြင့် ကွာခြားမှုမရှိဘဲ လူတိုင်းမှာ တန်းတူညီမျှသည်ဟု ဟောပြောကြသော်လည်း လူတစ်ယောက်က ပိုမိုအင်အားကြီးမားလေလေ သူ့သက်ရှိတန်ဖိုးကလည်း ပိုမြင့်မားလေလေပင်။
အနည်းငယ်အင်အားနိမ့်သော အဆင့်ငါး အထွတ်အထိပ် သက်ရှိတစ်ယောက်သည် ဤရတနာတိုက်ထဲတွင် ခဏမျှနေထိုင်ပြီးနောက် သူ့ကံကြမ္မာမီးတောက်ကို လိမ္မော်ရောင်အထိ မြှင့်တင်နိုင်ပြီး ကောင်းမွန်သောအရာများစွာ ရရှိနိုင်သော်လည်း အနည်းငယ်ပိုမိုအင်အားကြီးသော အဆင့်ငါး အထွတ်အထိပ်သက်ရှိတစ်ဦးမှာမူ ထိုမီးတောက်ကို အနီရောင်အထိ မြှင့်တင်နိုင်ပြီး ကံကောင်းပါက အဆင့်ခြောက်သက်ရှိအဖြစ်သို့ ဖောက်ထွက်နိုင်မည့် အခွင့်အရေးကိုပင် ရနိုင်ပေလိမ့်မည်။
ဤနေရာတွင် သူတို့၏တန်ဖိုးများက အတူတူပင်လော။ သေချာပေါက် မဟုတ်ပေ။
"ဒါကြောင့် အမှန်တော့ မင်းတို့ရဲ့ အသက်တန်ဖိုးက မတူကြဘူး"
ကျန်းမုန့်လောင်က သူတို့ခေါင်းပေါ်ရှိ ကံကြမ္မာမီးတောက်များကို လက်ညှိုးထိုးပြလိုက်သည်။
"သူတို့ကို ကြည့်လိုက်။ သူတို့က ကြက်ပေါက်လေးတွေအုပ်စုမို့ သူတို့ရဲ့အသက်က စကြဝဠာဒင်္ဂါးလေးဆယ်ဘီလီယံပဲ တန်တယ်။ ဒါပေမဲ့ မင်းတို့ကျတော့ မတူဘူး။ မင်းတို့က ပိုသန်မာပြီး ရမယ့် အခွင့်အရေးတွေကလည်း မတူဘူး။ မင်းတို့ဆီကနေ စကြဝဠာဒင်္ဂါးလေးဆယ်ဘီလီယံပဲ ကောက်တာက မင်းတို့ကို စော်ကားရာရောက်တယ်လို့ ငါထင်တယ်"
"သောက်ကျိုးနည်း.. ငါ့ရဲ့ စဉ်းစားတွေးခေါ်မှုပိုင်းဆိုင်ရာ ယုတ္တိဗေဒတွေတော့ ပြိုလဲသွားပြီ"
"ဝိုး... ကျောင်းအုပ်ကြီးရဲ့ ပါးစပ်ကတော့ ပြိုင်ဘက်ကင်းတယ်ဟ။ သူက ကြမ်းပိုးကိုတောင် လိပ်ဖြစ်အောင် ပြောနိုင်တယ်နော်။ ငါတောင် တကယ်ထပ်ပေးချင်စိတ် ပေါက်လာပြီ။ သူ ဆင့်ပွားစီးပွားရေးမလုပ်တာ အံ့ဩဖို့ကောင်းတယ်"
"ပိုက်ဆံပိုကောက်ချင်ရင်လည်း ပိုကောက်ချင်တယ်လို့ တည့်တည့်ပြောပါလား။ ဘာလို့ လှည့်ပတ်ပြောနေတာလဲ။ ငါတို့တွေအားလုံးက အရွယ်ရောက်ပြီးသား လူကြီးတွေပဲဟာကို။ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ"
ထိုရတနာရှာဖွေသူတစ်သိုက်လည်း တစ်ယောက်ကိုတစ်ယောက် ငဲ့ကြည့်လိုက်ကြသည်။ ရိုးရိုးသားသားပြောရလျှင် ကျန်းမုန့်လောင်ပြောသည့် စကားမှာ အလွန်ယုတ္တိရှိသည်ဟု သူတို့ ထင်မိသည်။
သူတို့ကိုယ်တိုင်ကလည်း သူတို့၏ အသက်တန်ဖိုးမှာ အခြားသူများထက် ပိုတန်ဖိုးရှိသည်ဟု အမှန်တကယ် ယုံကြည်ထားကြသည်။ ဤအချက်ကလည်း အမှန်တရားပင်။ သူတို့အားလုံး ရတနာတိုက်ထဲသို့ တစ်ချိန်တည်း ဝင်လာခဲ့ကြသော်လည်း သူတို့ရရှိထားသော အရာများက အခြားသူများထက် သိသိသာသာ ပိုများလေသည်။
အသိအမှတ်ပြုခံရခြင်းမှာ သူတို့ကို ပျော်ရွှင်စေသော်လည်း ပိုက်ဆံပိုပေးရမည်ကိုမူ အလိုမရှိကြပေ။ ဤကဲ့သို့သော အသိအမှတ်ပြုမှုမျိုးမှာ လုံးဝ မလိုအပ်လှပါချေ။
"စဉ်းစားကြည့်... စိမ်းလန်းတဲ့ တောင်တန်းတွေ ရှိနေသရွေ့ ထင်းအတွက် ပူစရာမလိုဘူး"
ကျန်းမုန့်လောင်က သူတို့ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆက်လက် ပုံသွင်းပေးနေသည်။
"ရတနာရှာဖွေပွဲက အခုမှ အစပဲ ရှိသေးတယ်။ သွားရမယ့်လမ်းက အဝေးကြီး ကျန်သေးတယ်။ အသက်ရှင်နေသရွေ့ မင်းတို့ မရနိုင်တဲ့အရာ ဘာရှိမှာလဲ"
"ပြီးတော့ ငါ ခုနက ပြောခဲ့သလိုပဲ.. ငါ့မှာ စွဲလမ်းလွန်ရောဂါ ရှိတယ်။ ကြည့်လိုက်.. တခြားလူတွေရဲ့ ခေါင်းပေါ်က မီးတောက်တွေက အစိမ်းရောင် တောက်နေပြီ။ ဒါပေမဲ့ မင်းတို့ကျတော့ အဝါရောင် ဖြစ်နေတုန်းပဲ။ ကြည့်ရတာ ဘယ်လောက်တောင် ကသိကအောက် ဖြစ်ဖို့ကောင်းလဲ။ ငါတို့တွေအားလုံးက မိသားစုတွေပဲလေ။ မိသားစုဖြစ်တဲ့အတွက်ကြောင့် အားလုံးက ညီညီညာညာနဲ့ သေသပ်နေရမယ် မဟုတ်ဘူးလား"
"ဒါပေမဲ့..."
"ကြည့်လေ.. ငါ့ရဲ့စွဲလမ်းလွန်ရောဂါက တော်တော်ပြင်းထန်တာ။ အဲဒါကို ငါ မဖြေရှင်းနိုင်ရင် စိတ်တိုမိလိမ့်မယ်။ ရူးတောင်သွားနိုင်တယ်။ ငါ စိတ်လွတ်သွားရင် ငါ့ကိုယ်ငါတောင် ပြန်ရိုက်မိတတ်တာ။ အဲဒါကြောင့် ငါ စိုးရိမ်မိတာက..."
အရိပ်စစ်သည်တော် ဆယ်ရုပ်ကလည်း ကျန်းမုန့်လောင်၏ ဆိုလိုရင်းကို နားလည်သွားသည့်အလား ရန်လိုလေဟန် အမူအရာဖြင့် အရှေ့သို့ နှစ်လှမ်းတိုးလာကြသည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ။ ငါက ရိုးသားတဲ့ ကုန်သည်တစ်ယောက်ပါ။ မင်းတို့က ငါ့ကို ဓားပြတစ်ယောက်လိုဖြစ်အောင် လုပ်နေကြတာပဲ"
"ဒီလူတွေ ဇာတ်တိုက်ပြီး ဘာတွေလုပ်နေတာလဲ။ ခင်ဗျားရဲ့အမိန့်မပါဘဲ အဲဒီအမှောင်စစ်သည်တော်တွေက ရှေ့တိုးလာပါ့မလား"
သူတို့ခမျာ ကျန်းမုန့်လောင်၏ မျက်နှာပြောင်တိုက်မှုကြောင့် စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြန်သည်။
"ကျွန်တော်တို့ အခွန်ပေးပါ့မယ်"
သူတို့တစ်သိုက်လည်း ကျန်းမုန့်လောင်၏ အရိပ်အမြွက်ကို သဘောပေါက်သွားကြပြီဖြစ်၏။
သောက်ကျိုးနည်း.. လှည့်ပတ်ပြီး ပြောနေတာတွေအကုန်လုံးက ငွေညှစ်ချင်လို့ပဲ မဟုတ်လား။ သူတို့ နောက်ထပ် ဘာလုပ်နိုင်ဦးမှာမို့လို့လဲ။ အထုတ်မခံချင်ရင်တော့ အရင်းရှင်စနစ်ရဲ့ ခေါင်းပုံဖြတ်မှုကိုပဲ မငြင်းဆန်ဘဲ နာခံမှုရှိရှိ လက်ခံရတော့မှာပေါ့။ မဟုတ်ဘူးလား...
"ငါ အများကြီး မတောင်းပါဘူး။ နောက်ထပ် စကြဝဠာဒင်္ဂါးနှစ်ဆယ်ဘီလီယံလောက်ပဲ"
ရတနာရှာဖွေသူရာပေါင်းများစွာမှာ ဤကာကွယ်စောင့်ရှောက်ခထပ်တိုးအခွန်ကို ပေးဆောင်ပြီးနောက် ခေါင်းပေါ်တွင် အစိမ်းရောင်အလင်းများ ရုတ်ခြည်း တောက်ပလာသော်ငြား အများစုမှာ အဝါရောင်ဖြစ်နေဆဲပင်။ ဤသည်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့ရရှိထားသော အကျိုးအမြတ်များမှာ အနည်းငယ်မျှ ရှိနေသေးကြောင်း၊ အနည်းဆုံးတော့ ကျန်းမုန့်လောင် အခွန်ကောက်ခံလိုက်သည့် ပမာဏထက် မနည်းကြောင်း သက်သေပြနေလေသည်။
"ဪ.. မင်းတို့က ဝါနေတုန်းပဲလား။ နောက်ထပ် နှစ်ဆယ်ဘီလီယံ ထပ်ဖြည့်လိုက်တာ ပိုကောင်းမယ်"
"ဘာ"
ကျန်လူများမှာ မကျေမနပ် ဖြစ်သွားကြသည်။
"မစ္စတာကျန်း... ကျွန်တော်တို့ အခွန်ဆောင်ပြီးပြီလေ"
"မင်းတို့ လှေကားထစ်ခုနစ်ဆင့် အခွန်ကောက်ခံမှု စနစ်အကြောင်း မသိဘူးလား"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါတို့ ရီထျန်းဂိုဏ်းမှာ မတူညီတဲ့ လူတန်းစားတွေကြားထဲ ဝင်ငွေအဆင့်အတန်းကွာဟချက် အကြီးကြီး ရှိတယ်။ လူ့အဖွဲ့အစည်းတစ်ခုက အများပြည်သူ အတူတကွချမ်းသာကြွယ်ဝဖို့ ဖော်ဆောင်ချင်တယ်ဆိုရင် ဝင်ငွေမြင့်မားသူတွေကို လျှော့ချရမယ်။ ဝင်ငွေမြင့်မားသူတွေကို ကူညီရမယ်။ ဝင်ငွေများတဲ့လူတွေကို အခွန်ပိုပေးခိုင်းပြီး ဝင်ငွေနည်းတဲ့လူတွေကို အခွန်သက်သာခွင့် ပေးရမယ်။ မင်းတို့ဆီမှာ ကြီးမားတဲ့ အလားအလာတွေကို ငါမြင်နေရတယ်။ ဒါကြောင့် မင်းတို့ကတော့ မြင့်မားတဲ့စံနှုန်းတွေအတိုင်း သွားဖို့ လိုအပ်တယ်"
"နောက်ထပ် ဥပမာတစ်ခုပေးရရင်.. ငါတို့ဆီမှာ ဝင်ငွေ၅၀၀၀အောက်ရှိတဲ့ လူတွေကို အခွန်မကောက်ဘူး။ ဒါပေမဲ့ ၅၀၀၀ကျော်သွားရင်တော့ ၃ ရာခိုင်နှုန်းကနေ ၄၅ရာခိုင်နှုန်းအထိရှိတဲ့ လှေကားထစ်ခုနစ်ဆင့် အခွန်နှုန်းထားစံနှုန်းမျိုး ရှိတယ်"
ကျန်းမုန့်လောင်က ပထမအသုတ်ရှိ လူများကို လက်ညှိုးထိုးပြလိုက်၏။
"သူတို့က အင်အားနည်းလွန်းလို့ ကာကွယ်စောင့်ရှောက်ခထပ်တိုးအခွန်ကောက်ခံမယ့် အနိမ့်ဆုံးသတ်မှတ်ချက်အဆင့်ကိုတောင် မမီကြဘူး။ အစောပိုင်းက လူတွေကတော့ အခွန်ကောက်ခံတဲ့ စံနှုန်းကို သီသီလေးမီရုံပဲ ရှိသေးတယ်။ မင်းတို့ကတော့ အထက်တန်းလွှာ လူတန်းစားတွေပဲ။ အဆင့်မြင့် အခွန်လှေကားထစ်ကို ရောက်ရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်"
ကျန်းမုန့်လောင်၏ ဤလုပ်ရပ်ကြောင့် ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ကျောင်းသားသုံးဦးမှာ လုံးဝ ဆွံ့အသွားကြတော့သည်။
"သောက်ကျိုးနည်း.. ကျောင်းအုပ်ကြီးက အခွန်စနစ်ကို ဒီလောက်အထိ ပိုင်နိုင်ကျွမ်းကျင်တာပဲ။ သူ တက္ကသိုလ်တုန်းက စီးပွားရေးမေဂျာနဲ့ ဘွဲ့ရခဲ့တာလား"
"ငါကြားတာတော့ ကျောင်းအုပ်ကြီးက ပေါ်လီမာကုန်ကြမ်းဘာသာရပ်ကို လေ့လာခဲ့တာတဲ့။ ဒီအရာတွေက လူတွေကို လိမ်လည်လှည့်ဖြားဖို့အတွက် သီးသန့်လေ့လာထားတာ ဖြစ်ရမယ်"
"ပြီးတော့ သူက သူတို့ကို ဂုဏ်တောင် ပြုလိုက်သေးတယ်။ ပိုက်ဆံပိုပေးရတာက ဘာလို့ ဒီလောက်အထိ ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စမျိုး ဖြစ်သွားရတာလဲ"
"တကယ်လို့ ရွေးချယ်ရမယ်ဆိုရင် တစ်လကို ငါးထောင်ရပြီး အခွန်မဆောင်ရတာကို ရွေးမလား။ ဒါမှမဟုတ် တစ်လကို ဘီလီယံပေါင်းများစွာရပြီး ၄၅ ရာခိုင်နှုန်း အခွန်ဆောင်ရတာကို ရွေးမလား"
"ငါတော့ သေသာသေလိုက်ချင်တော့တယ်"
...
"ဒုတိယအဆင့် လှေကားထစ်စံနှုန်းကို ရောက်ရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်။ နောက်ထပ်တစ်ဆယ်ဘီလီယံထပ်ပေးရင်ရော"
"ဝိုး.. မင်းတို့က အဝါရောင်ဖြစ်နေတုန်းပဲလား။ အခုကတော့ တတိယအဆင့်လှေကားထစ် ကာကွယ်စောင့်ရှောက်ခထပ်တိုးအခွန်စံနှုန်းဖြစ်သွားပြီ။ နောက်ထပ်တစ်ဆယ်ဘီလီယံ ထပ်ပေး"
"ကိုယ့်လူ.. ခင်ဗျားကတော့ တကယ် အထင်ကြီးချင်စရာပဲ။ ဒီလူတွေထဲမှာ ခင်ဗျားကို အသန်မာဆုံးလို့ သတ်မှတ်ပေးချင်တယ်။ နောက်ထပ်နှစ်ဆယ်ဘီလီယံလောက် ထပ်ပေးလိုက်ရင်ရော မကောင်းဘူးလား။ ခင်ဗျားက ဒီနှစ်ရဲ့ စံပြအခွန်ပေးဆောင်သူဖြစ်သွားမှာမို့ နောက်မှ ခင်ဗျားအတွက် ဂုဏ်ပြုဆုတံဆိပ်တစ်ခု လုပ်ခိုင်းပေးမယ်"
ကျန်းမုန့်လောင်သည် ဤလူထောင်ပေါင်းများစွာထံမှ စကြဝဠာဒင်္ဂါးလေးဆယ်ဘီလီယံမှ တစ်ရာ့သုံးဆယ်ဘီလီယံအထိ ရှိသော ကာကွယ်စောင့်ရှောက်ခထပ်တိုးအခွန်များကို ကောက်ခံလိုက်ပြန်သည်။
ဤငွေများကို ကောက်ခံပြီးနောက် ကျန်းမုန့်လောင်နှင့် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားသုံးယောက်ကလွဲ၍ ကျန်လူအားလုံး၏ ခေါင်းများမှာ လုံးဝဥဿုံ အစိမ်းရောင်အဖြစ် ပြောင်းလဲသွားလေတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းမုန့်လောင်လည်း နောက်ဆုံးတွင် ကျေနပ်အားရစွာ ခေါင်းတညိတ်ညိတ်လုပ်လိုက်၏။
"ပူးပေါင်းပါဝင်ပေးကြတဲ့ စံပြအခွန်ပေးဆောင်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ သူတို့အတွက် လက်ခုပ်တီးပေးလိုက်ကြရအောင်"
"ဘာရပ်ကြည့်နေကြတာလဲ။ လက်ခုပ်တီးကြလေ"
*********************