အခန်း ၉၅၄
Vol. 64 Ch. 954
အခန်း ၉၅၄ - ချမ်းသာကြွယ်ဝခြင်းဆီသို့
"ကဲ.. ကဲ.. အားလုံးပဲ ကာကွယ်စောင့်ရှောက်ခလည်း ပေးပြီးကြပြီဆိုတော့ ဒီမြို့ထဲမှာ စိတ်ကြိုက် လှည့်ပတ်သွားလာနိုင်ပါပြီ"
ကျန်းမုန့်လောင်က အရင်းအမြစ်များ သိုလှောင်ထားသည့် အပိုင်းအားလုံးကို ပိတ်ပစ်ရန် ကောထန်ကို ညွှန်ကြားလိုက်သည်။ ထိုလူများက တိတ်တဆိတ် ကောက်ကျစ်စဉ်းလဲရန် ကြံစည်လျှင်ပင် သူ့အနေနှင့် စိုးရိမ်ပူပန်ခြင်း မရှိပေ။ သူတို့အတွက်မူ ဤမြို့မှာ ရှင်သန်ရာ အခြေစိုက်စခန်းတစ်ခုမျှသာ။
"ကောထန်.. တကယ်လို့ ငါက ဒီအရိပ်စစ်သည်တော်တွေကို အပြင်လွှတ်ပြီး သားရဲတွေကို သတ်ခိုင်းရင် ကံကြမ္မာမီးတောက်တွေကို ငါ့အပိုင်အဖြစ် သတ်မှတ်မှာလား"
ပြင်ပရှိ တောင်တန်းနှင့်ပင်လယ်ပမာ များပြားလှသော သားရဲဒီရေလှိုင်းကြီးကို ကြည့်ရင်း ကျန်းမုန့်လောင်က တွေးဆဆဖြင့် မေးလိုက်သည်။
"ကံကြမ္မာဆိုတာ ဒီရတနာရှာဖွေရေးနယ်ပယ်ထဲမှာ ရရှိမယ့် အကျိုးအမြတ်တွေနဲ့ ဆက်စပ်နေတာပါ။ တစ်နည်းပြောရရင် အဲဒါက ရရှိလာမယ့် ပစ္စည်းတွေနဲ့ပဲ ဆိုင်ပါတယ်။ သားရဲတွေကို ဘယ်သူသတ်လဲဆိုတာ အရေးမကြီးပါဘူး"
ကောထန်က ပြောလိုက်သည်။
"ကျောင်းအုပ်ကြီးရဲ့ခေါင်းပေါ်က မီးတောက်က ခရမ်းရောင်ပြောင်းသွားတာကို သတိမထားမိဘူးလား"
"ဟမ်"
ကျန်းမုန့်လောင် စစ်ကြည့်လိုက်သောအခါ သူ့ခေါင်းပေါ်ရှိ မီးတောက်မှာ အမှန်တကယ် ခရမ်းရင့်ရောင် ပြောင်းလဲသွားကြောင်း မြင်လိုက်ရသည်။
"ကျောင်းအုပ်ကြီး ဒီအရိပ်စစ်သည်တော်တွေကို ရလိုက်လို့ဖြစ်မယ်။ ဒီလိုအင်အားစုမျိုးက မျိုးနွယ်စုတစ်ခု ဒါမှမဟုတ် မျိုးနွယ်စုတွေအများကြီးရဲ့ အခြေအနေကိုတောင် ပြောင်းလဲပစ်နိုင်တယ်။ အဲဒါကြောင့် ဆက်စပ်နေတဲ့ ကံကြမ္မာကလည်း အရမ်းများနေတာပေါ့"
"အမလေး.. ဒါက အချိန်နှောင့်နှေးပြီးမှ ပြတာကိုး"
ကျန်းမုန့်လောင် မျက်လုံးပြူးသွားလေသည်။ အစောပိုင်းက ကာကွယ်စောင့်ရှောက်ခ ကောက်ခံစဉ်တုန်းက သူ ဤအချက်ကို ထည့်မတွက်ခဲ့မိပေ။ ထိုအရိပ်စစ်သည်တော်များနှင့် ဆက်စပ်နေသော ကံကြမ္မာစံနှုန်းကို တွက်ချက်ရန် ခက်ခဲခြင်းကြောင့် ဖြစ်နိုင်သလို ဇူဒါမျိုးနွယ်စု၏ အရှင်သခင်ကလည်း တစ်စုံတစ်ယောက်က အရိပ်စစ်သည်တော်တပ်ဖွဲ့ တစ်ခုလုံးကို ရရှိသွားလိမ့်မည်ဟု လုံးဝထင်ထားမည်မဟုတ်ပေ။
"ထွက်လာခဲ့စမ်း ပီကာချူး"
ကျန်းမုန့်လောင်က အရိပ်စစ်သည်တော်တစ်ယောက်ကို ထုတ်လိုက်သည်။ ထိုစစ်သည်မှာ အဆင့်မြင့်အရိပ်စစ်သည်တော်တစ်သောင်းထဲမှ တစ်ယောက်ဖြစ်ပြီး သူ့ကိုယ်ပေါ်ရှိ အဆင်တန်ဆာများမှာ အခြားလူများထက် ပိုအဆင့်မြင့်ကာ ငွေပုံအောသုံးထားသည့် အထူးကစားသမားတစ်ယောက်အလား ခံစားချက်မျိုး ပေးစွမ်းနေပေသည်။
ဤအရိပ်စစ်သည်တော်သည် အမြင့်၂.၄မီတာခန့် ရှိပြီး ထူးခြားသည့် ကုန်ကြမ်းပစ္စည်းအမျိုးမျိုးဖြင့် ပြုလုပ်ထားသော်လည်း လူသားများ၏ အရေပြားနှင့် ကြွက်သားဖွဲ့စည်းပုံများ ရှိနေသည့်အလား ခံစားရစေသည့်အပြင် လူသားကိုယ်ငွေ့အနည်းငယ်ပင် ရှိနေလေသည်။
ကျန်းမုန့်လောင်က ကြယ်တာရာအမြုတေတစ်ခုကို ထုတ်လိုက်သည်။ ၎င်းမှာ ကြယ်တစ်လုံး၏ စွမ်းအင်နှင့် ညီမျှသော စွမ်းအင်များပါဝင်သည်ဟု ဆိုကြသည့် တွင်းထွက်ပစ္စည်းတစ်ခု ဖြစ်ပြီး စကြဝဠာ၏ အစောပိုင်းကာလ အလွန်အမင်းပြင်းထန်လွန်းသော ပတ်ဝန်းကျင်များတွင်သာ ဖြစ်တည်ခဲ့ခြင်းပင်။ ယခုအခါ ထိုကဲ့သို့သော အခြေအနေမျိုး မရှိတော့သဖြင့် တစ်ခုချင်းစီတိုင်းမှာ အလွန်အမင်း ရှားပါးလှပေသည်။
ကျန်းမုန့်လောင်သည် ဤကြယ်တာရာအမြုတေများကို စကြဝဠာကုန်သွယ်ရေးစျေးကွက်တွင် မြင်တွေ့ခဲ့ဖူးသည်။ ၎င်း၏စျေးနှုန်းမှာ အဆင့်ငါးမျိုးနွယ်စုတစ်ခုလုံး၏ တန်ဖိုးနှင့် နှိုင်းယှဉ်နိုင်သည်။ စူးစမ်းလိုစိတ်ဖြင့် သူလည်း ဤအရာများကို ရာဂဏန်းခန့် အမှတ်မထင် ဝယ်ယူထားခဲ့သည်။ ယခုလိုအသုံးဝင်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
"ကြယ်တာရာအမြုတေ.. အဲဒါ ကြယ်တာရာအမြုတေပဲ"
ကျန်းမုန့်လောင် ကိုင်ထားသည့် အရာကို မြင်သောအခါ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
"ဒီလိုအရာတစ်ခုတည်းတင် စကြဝဠာဒင်္ဂါးထရီလီယံ ရာဂဏန်းလောက် တန်တယ်။ အဆင့်ငါးမျိုးနွယ်စုတစ်ခုရဲ့ တန်ဖိုးနဲ့ ညီမျှတယ်ကွ"
"ဒီအရိပ်စစ်သည်တော်တွေ လည်ပတ်ဖို့အတွက် ကြယ်တာရာအမြုတေတွေ လိုအပ်တာလား။ သူတို့က ဘယ်လောက်တောင် အင်အားကြီးမားလို့လဲ"
ကျန်းမုန့်လောင်လည်း အမှောင်စစ်သည်တော်၏ ခွကြားကို ကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး ကြယ်တာရာအမြုတေကို ထည့်သွင်းလိုက်သည်။ မည်သည့် ကောက်ကျစ်ယုတ်မာသော ဒီဇိုင်နာကများ စွမ်းအင်အခန်းကို ထိုနေရာတွင် သွားထားသလဲဆိုသည်ကိုမူ မည်သူမှမသိကြပေ။
တိုးဖျော့ဖျော့အသံတစ်သံနှင့်အတူ ရွှေရောင်ဖိုတွန်သွေးများမှာ အရိပ်စစ်သည်တော်၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဆင်းသွားလေတော့သည်။ ကျန်းမုန့်လောင်သည် ဤအရိပ်စစ်သည်တော်များကို သူ့ဦးနှောက်အာရုံကြောများနှင့် ချိတ်ဆက်ထားသောကြောင့် သူသည် စစ်သည်တော်များ၏ အရှင်သခင်ပင်တည်း။
"အရှင်သခင်.. အမိန့်ပေးတော်မူပါ"
အရိပ်စစ်သည်တော်က ကျန်းမုန့်လောင်၏ ရှေ့တွင် ဒူးတစ်ဖက်ထောက်၍ ဂါရဝပြုလိုက်သည်။
"အဆင့်ရှစ်သက်ရှိရဲ့အင်အားနဲ့တောင် ယှဉ်နိုင်တာပဲ"
ကျန်းမုန့်လောင်က မေးစေ့ကို ပွတ်သပ်လိုက်၏။
"ကောင်းကင်ပေါ်က အဲဒီအကောင်တွေကို သွားရှင်းပစ်လိုက်။ တကယ်လို့ လက်နက်ကိရိယာတွေ ကျလာရင် ကောက်ခဲ့ဦး"
မြို့အထက်ရှိ ကောင်းကင်တွင် အလျားမီတာ၃၀၀ကျော်ရှိပြီး အနောက်တိုင်း ဒဏ္ဍာရီလာ နဂါးများနှင့် တူသော အတောင်ပံပါသည့် သားရဲကြီးတစ်ကောင် ဝဲပျံနေသည်။
သို့သော်လည်း စကြဝဠာ၏ နဂါးအစစ်ကဲ့သို့သော သားရဲများမှာ ဟွာရှားနိုင်ငံ၏ မြင့်မြတ်သော နဂါးများနှင့် ပိုနီးစပ်သည်။ နဂါးမျိုးနွယ်စု၏ မျိုးစိတ်ခွဲတစ်ခု ဖြစ်ပုံရသည်။
"အမိန့်အတိုင်းပါ"
အရိပ်စစ်သည်တော်မှာ ထိုသားရဲကြီးကို ခဏမျှ စောင့်ကြည့်ပြီးနောက် မြို့ပြင်ဘက်သို့ ဦးတည်ထွက်ခွာသွားတော့သည်။
မြို့၏ ကာကွယ်ရေးစနစ်မှာ တစ်ဖက်သတ်ဆန်၏။ ပြင်ပမှ သားရဲများ အတွင်းသို့ မဝင်ရောက်နိုင်သော်လည်း အတွင်းရှိ လူများမှာမူ အချိန်မရွေး အပြင်သို့ ထွက်ခွာနိုင်သည်။
"ကြည့်လိုက်ဦး.. တစ်ယောက်ယောက် အပြင်ကို ထွက်သွားပြီ"
"အဲဒါ မြို့စောင့်စစ်သည်တော်.. အဲဒီအရိပ်စစ်သည်တော် မဟုတ်ဘူးလား"
"ဒီအရိပ်စစ်သည်တော်က တခြားကောင်တွေနဲ့ မတူဘူးနော်။ ဟိုကောင်တွေက မျက်လုံးနီတွေ။ ဒီတစ်ကောင်ကတော့ ရွှေရောင်မျက်လုံးတွေနဲ့"
"သူ ဘာလုပ်မလို့လဲ။ အပြင်မှာ သားရဲတွေ ဒီလောက်အများကြီး ရှိနေတာကို.. အရိပ်စစ်သည်တော်နည်းနည်းလောက်ရဖို့တင် မလွယ်တာကို။ သူက ဒါကို ဖျက်ဆီးပစ်ဖို့ ကြံနေတာလား"
"ဒီလောက်ကောင်းတဲ့ပစ္စည်းကို.. နှမြောစရာကြီးကွာ"
ရတနာရှာဖွေသူများသည် အရိပ်စစ်သည်တော်တစ်ယောက်ချင်းစီ၏ စွမ်းအားမှာ အဆင့်ခြောက် အထွတ်အထိပ်သက်ရှိတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသဖြင့် ထိုအရိပ်စစ်သည်တော်ကို ကြည့်ရင်း နှမြောတသဖြင့် ညည်းတွားနေကြသည်။
သို့သော် အပြင်ဘက်ရှိ သားရဲဒီရေလှိုင်းထဲတွင် အဆင့်ခုနစ်နဲ့ အဆင့်ရှစ်သက်ရှိများက အများကြီးရှိနေပေသည်။ အရိပ်စစ်သည်တော်များပင် ကြံ့ကြံ့ခံနိုင်မည် မဟုတ်ချေ။
"ဒိုင်း"
အရိပ်စစ်သည်တော်သည် ဒုံးကျည်တစ်စင်းအလား ကောင်းကင်ယံသို့ ပျံတက်သွားပြီး အကြီးမားဆုံး သားရဲကြီးဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။
"အဲဒါ ကိုမိုရို့စ်နဂါးပဲ။ နှစ်ပေါင်းဘီလီယံပေါင်းများစွာကတည်းက မျိုးတုံးသွားခဲ့တဲ့ နဂါးမျိုးစိတ်ခွဲတစ်ခု"
တစ်စုံတစ်ယောက်က ဇီဝဗေဒစွယ်စုံကျမ်းကို အသုံးပြု၍ ထိုသားရဲကို ချက်ချင်း အမျိုးအစားခွဲခြားလိုက်သည်။
"အလျားမီတာ၃၀၀ကျော်ရှိတယ်ဆိုတော့ ဒါက အကောင်ကြီးဖြစ်နေပြီပဲ။ မျိုးစိတ်ခွဲတစ်ခု ဖြစ်ရင်တောင်မှ အနည်းဆုံးတော့ အဆင့်ခုနစ် အထွတ်အထိပ်သက်ရှိရဲ့ မျိုးရိုးဗီဇအဆင့်နဲ့ တိုက်ခိုက်ရေးစွမ်းအားမျိုး ရှိတယ်"
"နှမြောစရာကြီး... အရိပ်စစ်သည်တော်တစ်ကောင်ကို ရောင်းလိုက်ရင် စကြဝဠာဒင်္ဂါးထောင်ပေါင်းများစွာကို အသာလေးရနိုင်တယ်"
သို့သော်လည်း နောက်ထပ် ဖြစ်ပျက်လာသည့် အရာကား သူတို့ကို လုံးဝအံ့အားသင့်သွားစေသည်။
အရိပ်စစ်သည်တော်၏ လက်သီးချက်မှာ ဥက္ကာခဲတစ်ခုအလား ကိုမိုရို့စ်နဂါး၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ထိမှန်သွားပြီး ထွက်ပေါ်လာသော လေလှိုင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိ သားရဲပေါင်းများစွာ အပိုင်းပိုင်းပြတ်သွားခဲ့သည်။
ဤသားရဲများထံမှ ကျဆင်းလာသော ပစ္စည်းများနှင့် အရင်းအမြစ်များဖြစ်သည့် အလင်းစက်အနည်းငယ်ကား ကောင်းကင်ထက်မှ ကျဆင်းလာခဲ့သည်။
"အူးးး"
ထိုလက်သီးချက်၏ ပြင်းအားကို မည်သူမှ မသိသော်လည်း ကိုမိုရို့စ်နဂါးကြီးမှာမူ ဝမ်းဗိုက်အကြေးခွံများ တစစီကြေမွသွားကာ ခန္ဓာကိုယ်တစ်ခုလုံး ကွေးညွတ်သွားတော့သည်။
အရိပ်စစ်သည်တော်က သူ့ကျောပေါ်သို့ ခုန်တက်၍ အမြီးကို ဆွဲကိုင်လိုက်သည်။ ဧရာမကိုမိုရို့စ်နဂါးကြီးမှာ သူ့လက်ထဲတွင် ကြက်ပေါက်စလေးတစ်ကောင်နှယ် ဖြစ်သွားလေသည်။ ထို့နောက် သူ့ကို ကြာပွတ်တစ်ချောင်းနှယ် လွှဲယမ်းပစ်လိုက်သည်။
ကြီးမားလှသော ခန္ဓာကိုယ်ကြီးကြောင့် မြောက်မြားလှစွာသော သားရဲများမှာ သွေးမြူမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး တိုက်ပွဲ၏ အလယ်ဗဟိုတွင် လေဟာနယ်ဇုန်တစ်ခုပင် ဖြစ်ပေါ်သွားသည်။
"အဲဒါက တကယ်ပဲ အံ့ဖွယ်သက်ရှိအထွတ်အထိပ် ကိုမိုရို့စ်နဂါးကြီးလား"
"အဲဒါ ကြက်ပေါက်စလေးလား"
"အဲဒီအရိပ်စစ်သည်တော်က အနည်းဆုံးတော့ အဆင့်ရှစ်သက်ရှိရဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားတာပဲ"
"ရှူးးး"
လူတိုင်း အလွန်မနာလိုဖြစ်သွားကြသည်။ အဆင့်ရှစ် သက်ရှိအဆင့်ရှိ အရိပ်စစ်သည်တော်တစ်ယောက်မှာ သံသယဖြစ်ဖွယ်မရှိပါဘဲ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင်။ စကြဝဠာအင်ပါယာ၏ အရှင်သခင်များပင် ၎င်းကို အရူးအမူး လုယူကြပေလိမ့်မည်။ ၎င်းမှာ အင်ပါယာတစ်ခု၏ အဆင့်အတန်းကိုပင် ပြောင်းလဲပစ်ရန် လုံလောက်ချေသည်။
"ဒုန်း"
"ဒုန်း"
တစ်ဖက်သတ်သတ်ဖြတ်မှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ကိုမိုရို့စ်နဂါးကြီးလည်း ဒဏ်ရာဗရပွနှင့် သွေးသံတရဲရဲ ဖြစ်သွားခဲ့ရသည်။
"ဝုန်း"
၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် အရိပ်စစ်သည်တော်က ကောင်းကင်မှ ဆင်းသက်ကာ သူ့ဦးခေါင်းကို နင်းခြေပစ်လိုက်သည်။
ကိုမိုရို့စ်နဂါးကြီးခမျာ အသက်ဓာတ် လုံးဝချုပ်ငြိမ်းသွားပြီး သူ့အလောင်းဘေးတွင် ရွှေရောင်စက်လုံးတစ်ခုသာ လွင့်မျောကျန်ရစ်ခဲ့တော့သည်။
အရိပ်စစ်သည်တော်လည်း စက်လုံးအားလုံးကို သိမ်းဆည်း၍ ကိုမိုရို့စ်နဂါးကြီး၏ အလောင်းကို မြို့စွန်သို့ ဆွဲယူလာခဲ့သည်။
ကောထန်က ကာကွယ်ရေးစနစ်တွင် နေရာလွတ်အနည်းငယ် ဖွင့်ပေးလိုက်သဖြင့် အရိပ်စစ်သည်တော်လည်း မြို့ထဲသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့သည်။
"အရှင်သခင်"
အရိပ်စစ်သည်တော်က ကျန်းမုန့်လောင်ထံသို့ စက်လုံးများကို လွှဲပြောင်းပေးအပ်လိုက်သည်။
"ကြယ်တာရာအမြုတေတစ်ခုပဲ.. ဟဲဟဲ.. အရင်း တန်းကျေသွားတာပဲ"
"ဒါက ဘာလဲ.. ဆေးဝါးလား"
"အင်း.. အဆင့်ခုနစ်သိုင်းလက်နက်တစ်ခုပဲ။ သိပ်တော့ အသုံးမဝင်ပါဘူး။ သစ်စေ့ခွဲတဲ့ကိရိယာအဖြစ်ပဲ ထားလိုက်တော့မယ်"
ကျန်းမုန့်လောင်မှာ သူ့ခေါင်းပေါ်ရှိ မီးတောက်များ ပိုမိုပြင်းထန်စွာ လောင်ကျွမ်းလာသည်ကို သိသိသာသာခံစားလိုက်ရသည်။
"တကယ်ကြီးအလုပ်ဖြစ်တာပဲ"
ကျန်းမုန့်လောင်က ကျေနပ်အားရစွာ ပြုံးလိုက်လေသည်။ သားရဲဒီရေလှိုင်းက အချိန်အတန်ကြာအောင် ဆက်ရှိနေဦးမည်ဖြစ်ရာ ဤနေရာကား သူ့အတွက် နတ်ဘုံနတ်နန်းပင် မဟုတ်လော။
ကျန်းမုန့်လောင်သည် သူ့ဝှက်ဖဲအားလုံးကို လွယ်လွယ်ကူကူ ထုတ်မပြချင်သဖြင့် နောက်ထပ်အရိပ်စစ်သည်တော်ဆယ်ရုပ်ကို ထပ်မံ ဆင့်ခေါ်လိုက်သည်။ ဆယ်ရုပ်ဆိုလျှင်ပင် လုံလောက်စွာ လွှမ်းမိုးချုပ်ကိုင်နိုင်နေပြီဖြစ်၏။
"နောက်ထပ်ရှိသေးတယ်လား။ သူ့မှာ ဒီလိုအရိပ်စစ်သည်တော် ဆယ်ယောက်တောင် ရှိတာလား"
"လူယုတ်မာ.. ဒီပစ္စည်းတွေက ငါတို့ပိုင်ဆိုင်ရမှာကွာ။ သူ ကံကောင်းသွားတယ်"
"ဒီအရိပ်စစ်သည်တော်တွေနဲ့ဆိုရင် သူ ဒီရတနာတိုက်ကြီးကို သူ့ရဲ့ကိုယ်ပိုင်နယ်မြေအဖြစ် ပြောင်းလဲပစ်နိုင်တယ်"
"ငတုံး.. မင်းမှာ ဒီအရိပ်စစ်သည်တော်တွေ ရှိရင်တောင်မှ သူတို့ကို စွမ်းအားဖြည့်ဖို့ ကြယ်တာရာအမြုတေတွေ ရှိလို့လား"
"တကယ် မနာလိုဖြစ်ဖို့ကောင်းလိုက်တာ"
************************